Sunday, July 18, 2010
အာဇာနည်နေ့ တို့ မေ့သွားခြင်း
ဟိုး ... နှစ်ပေါင်းများစွာ ... ကျန်ခဲ့ပါပြီ
စာတစ်ကြောင်း ကဗျာတစ်ပုဒ် ဆောင်းပါးတစ်အုပ်ကြီးနဲ့
ရင်ဘက်ပေါ် တက်တက်လွမ်းပြနေလိုက်ရတာ
အာဇာနည်နဲ့ Rဇာနည် ဘယ်သူ့ကို အလွမ်းပိုကြမလဲ
ဘာကို လွမ်းကြရမှာလဲ
ဗိုလ်ချုပ်ရဲ့ ဆဲသံဆိုသံ ဂရုဏာဒေါသောသံတွေကိုလား
သွေးနဲ့ ရေးတဲ့လွတ်လပ်ရေးကိုလား
လူမျိုးချင်း မေးကြောတင်းပြီး တိုက်ခိုက်သံတွေကိုလား
သူတလူ ငါတမင်းဆိုတဲ့ ကိုယ့်မင်းကိုယ်ချင်းကိုလား
သေချာတာကတော့ ငါတို့ လူနည်းစု
တစ်နှစ်မှာ တစ်ခါ ထထလွမ်းပြကြသေးရဲ့
လူတစ်ချို့ ဘ၀ရေယာဉ်ကြောမှာ
ပေါလောကြီး မျောပြီး
ရင်ခုန်သံတွေ မောဟိုက်သွားကြပြီ။
ကိုဖြိုး
Friday, July 16, 2010
အာဇာနည်တွေအကြောင်းကို ဖတ်တယ်..။
ဂျော့ဝါရှင်တန်အကြောင်းဖတ်တယ်
ဝင်စတန်ချာချီအကြောင်းကိုဖတ်တယ်
အေဗရာဟင်လင်ကွန်းအကြောင်းကိုဖတ်တယ်
နယ်ဆင်မင်ဒဲလားအကြောင်းကိုဖတ်တယ်
ချားဒီဂေါအကြောင်းဖတ်တယ်
ငုရင်ဟိုချီမင်းအကြောင်းကိုဖတ်တယ်
မော်စီတုန်းအကြောင်းဖတ်တယ်
ချေဂွေဗားယားအကြောင်းဖတ်တယ်
ဖီဒယ်ကတ်စထရိုအကြောင်းကိုဖတ်တယ်
မဟာသီအကြောင်းဖတ်တယ်
ဂျဝါလာနေရူးအကြောင်းကိုဖတ်တယ်
ဂန္ဒီအကြောင်းဖတ်တယ်
ဟိုဆေးရီဇာအကြောင်းကိုဖတ်တယ်
ဒေါက်တာဆွန်ယက်ဆင်အကြောင်းဖတ်တယ်
ပါမောက္ခပရီဒီအကြောင်းကိုဖတ်တယ်
မစ္စဘူတိုအကြောင်းဖတ်တယ်
ဒေါ်အောင်ဆန်းစုကြည်အကြောင်းကိုဖတ်တယ်
ရွှေတိဂုံကို ဘယ်နေရာကလှမ်းတွေ့တွေငါ လက်အုပ်ချီမိတယ်
ငါဟာ… မြန်မာ..။
ရွှေတိဂုံဘေးပါတ်လည်မှာ…
သခင်ကိုယ်တော်မှိုင်းရှိတယ်
ဦးသန့်ရှိတယ်
ရဲဘော်ကိုထွေးရှိတယ်
မိုင်းပွန်စော်ဘွားကြီးစပ်စံထွန်းရှိတယ်
ဦးရာဇတ်ရှိတယ်
ဒီးဒုတ်ဦးဘချိုရှိတယ်
ဦးဖိုးကျားရှိတယ်
မန်းဘခိုင်ရှိတယ်
ဦးအုန်းမောင်ရှိတယ်
ဦးဘ၀င်းရှိတယ်
သခင်မြရှိတယ်…
ပြီးတော့ သခင်အောင်ဆန်း(ဗိုလ်တေဇ)ရှိတယ်…
ရန်ကုန်ကို ရန်သူ့လက်ထဲမှာ ငါတို့ ဘယ်လိုစိတ်ချထားရက်မလည်း…
ရွှေတိဂုံကိုမြင်တာနဲ့ ငါဟာ လက်အုပ်ချီရှီခိုးမိတုန်းပဲ…။
မိုးလှိုင်ည
Tuesday, July 13, 2010
တစ်ယောက်တည်း ပျောက်ဆုံးသွားတဲ့ အဓိပ္ပါယ်===
အဓိပ္ပါယ်မရှိဘူး။ အဓိပ္ပါယ်မရှိဘူး။ အဓိပ္ပါယ်မရှိဘူး။
အဓိပ္ပါယ်မရှိဘူးလို့ အထပ်ထပ်စဉ်းစားရင်း
အဓိပ္ပါယ်မရှိဘူး ဆိုတဲ့အဖြေပဲထွက်ထွက်လာတယ်
တကယ်ဆို အဲဒီ အဓိပ္ပါယ်တွေဟာရှိနေဖို့လိုလို့လား…
ဒါလည်း အဓိပ္ပါယ်မရှိတဲ့မေးခွန်းပဲ
အဓိပ္ပါယ်မရှိမှန်းသိသိနဲ့ အဓိပ္ပါယ်ရှိရှိစဉ်းစားနေရတာ
အဓိပ္ပါယ်ရှိသယောင်ဟန်ဆောင်နေရတာ
အဓိပ္ပါယ်မရှိမှန်းသိသိနဲ့ သံတမန်ဆန်ဆန်
အဓိပ္ပါယ်မဲ့ပြုံးပြနေရတာ…
အဓိပ္ပါယ်ဟာ ပေါ်လိုက်ပျောက်လိုက်
ဖြစ်လိုက်ပျက်လိုက် အဓိပ္ပါယ်မရှိပဲ သံသရာလည်လို့
နေတိုင် အဓိပ္ပါယ်ရှိရှိနေထိုင်ဖို့
နေ့တစ်နေ့ရဲ့ အဓိပ္ပါယ်ကို ဘာတွေနဲ့ လိုက်ဝယ်နေရမှာလည်း
အဓိပ္ပါယ်ဟာဈေးကြီးလား
အဓိပ္ပါယ်ဟာ ဒီဂျစ်တယ်ပစ္စည်းလား၊ လူသုံးကုန်လား
အဓိပ္ပါယ်ဟာ လူမသုံးကုန်လား
လူတွေမှာ အဓိပ္ပါယ်ရှိလား
ကိုယ့် အဓိပ္ပါယ်နဲ့ကိုယ်ဆို
သူများ အဓိပ္ပါယ်တွေဟာကိုယ်နဲ့ မတော်ဘူးလား
အဓိပ္ပါယ်ကိုစုဆောင်းထားနိုင်သလား
အဓိပ္ပါယ်ကိုရောင်းဝယ်ဖောက်ကားလို့ရသလား
အဓိပ္ပါယ်ဟာကမ္ဘာပါတ်တတ်သလား
အဓိပ္ပါယ်ဟာအွန်လိုင်းတက်တတ်သလား
အဓိပ္ပါယ်ကိုဘယ်လိုခေါ်ရမလည်း
အဓိပ္ပါယ်မရှိရင် အဓိပ္ပါယ်ဆင်းရဲတယ်လို့ခေါ်မလား
ဆင်းရဲတဲ့ အဓိပ္ပါယ်ကိုကော အဓိပ္ပါယ်ကသိသလား
အဓိပ္ပါယ်ဟာဖျားတတ်နာတတ်သလား
အဓိပ္ပါယ်ဟာအသက်အာမခံထားသလား
တစ်နေ့လုံး အဓိပ္ပါယ်နဲ့ အဓိပ္ပါယ်မရှိငြင်းခုန်နေရင်း
အဓိပ္ပါယ်ဟာ အဓိပ္ပါယ်မဲ့စွာပျောက်ဆုံးသွားပါတယ်…။
မိုးလှိုင်ည
Saturday, June 26, 2010
နောက်တစ်နေ့အစီအစဉ်…
ငါတို့မသိတဲ့ ရာသီဥတုအခြေအနေရှိတယ်
မသေချာတဲ့ မတော်တဆတွေရှိတယ်
အရေးကြီးတဲ့လမ်းမှာ ဘီးပေါက်မယ့်
ခရီးစဉ်တွေရှိတယ်…
အဲဒီတော့ နောက်တစ်နေ့အစီအစဉ်တွေထဲ
တစ်ယောက်ယောက်က ရောက်သွား
သင့်အတွက်မနက်ဖြန်တွေ ခဏခဏချန်ထား
မကြာမှီလာမည်
အထူးအစီအစဉ်တွေနဲ့
အထူးတလည်နှုတ်ခွန်းဆက်
နောက်ကျရကောင်းမှန်းမသိတဲ့ညတွေ
ဘယ်လိုစိတ်သောကမျိုးနဲ့ အမေမျှော်နေမှာလည်း
မဖွံ့ဖြိုးသေးတဲ့ဘ၀ကို ဖွံ့ဖြိုးပြီးနိုင်ငံကြီးမှာချောင်ပိတ်
တိတ်တိတ်ဆိတ်ဆိတ်ညတွေထဲ
ဆူဆူညံညံ အိမ်အပြန်ကိုလွမ်းတယ်
ဘာကြောင့်မှန်းမသိ
ဘာအတွက်မှန်းမသိ
မရေမရာပါပဲ
နောက်တစ်နေ့အစီအစဉ်ထဲမှာလည်း
အိမ်ပြန်လမ်းတွေ မရှိသေးဘူးတဲ့…။
မိုးလှိုင်ည
Thursday, June 24, 2010
နောက်ထပ် အမျိုးအမည်မသိ ယာဉ်တစ်စီး
ပထမဆုံးတွေ့ရှိသူက ၂၀ရာစုအလယ်ပိုင်းသား
တောင်ပေါ်မြို့လေးက စက်ပြင်ဆရာတစ်ဦးပါ
သူက ဆံပင်အရှည် မုတ်ဆိတ်မွှေးအရှည်နဲ့
ဝပ်ရှော့ဝတ်စုံကို အမြဲတစေ၀တ်ဆင်ထားတတ်သူလို့ဒေသခံတွေပြောပြပါတယ်..။
နောက်တော့ ပဟေဠိတစ်ခုလိုအဲဒီမြို့ မှာကျန်ခဲ့တယ်
သူ့ကိုနာဆာက ခေါ်ယူသွားသလို ပင်တဂွန်ကပဲ ထိန်းသိမ်းထားသလို
အထူးအေးဂျင့်စ်တွေက ပဲ အစဖျောက်လိုက်သလို...
ယာဉ်ရဲ့ ထူးခြားချက်က အခြား အမျိုးအမည်မသိယာဉ်တွေလို
ရပ်နားထားတဲ့နေရာမှာ မီးကျွမ်းထားတဲ့ စက်ဝိုင်း
ဒါမှမဟုတ်လေးထောင့်လက်တံသုံးချောင်းထောက်ပုံစံမျိုး
မြေပြင်မှာ ထင်ရှားတွေ့ရတာမျိုးမရှိဘူး..
အဲဒီအချိန်မှာ စစ်အေးက အရှိန်ရနေတော့
တောင်ပေါ်မြို့ကလေးမှာ.. ထောက်လှမ်းရေးတွေ ခြေချင်းလိမ်ကုန်တယ်
တခြားဂြိုလ်တွေပေါ်မှာနေထိုင်တဲ့ သက်ရှိတွေနဲ့ ဆက်သွယ်ရန်ကြိုးပမ်းချက်တွေဟာ
လူသားတွေအတွက် အန္တရာယ်ရှိနိုင်တယ်လို့ စတီဖင်ဟော့ကင်း
သတိပေးစကားဆိုနေပါတယ်…။
ဈေးကွက်ဘောဂဗဒသမားတွေကတော့
ရူပဗေဒပညာရှင်ရဲ့စကားကို နားဝင်မှာမဟုတ်ပါဘူး..
အဲဒီယာဉ်ကို ပြန်လည်လေ့လာဖို့ နှစ်ပေါင်းသုံးဆယ်ကြာပြီးမှာဆုံးဖြတ်ချက်ချလိုက်တယ်
သမ္မတနစ်ဆင်က အဲဒီယာဉ်ပျံနဲ့ စစ်ရေးပြဖို့ နှစ်ကြိမ်တိတိကြိုးစားခဲ့တယ်လို့
အတည်မပြုနိုင်တဲ့ သတင်းတွေက တချို့ကဆိုပါတယ်..
ဘာလင်တံတိုင်းပြိုကျချိန်မှာ ဂိုဘာချော့ခ် အိပ်ပျော်နေပါတယ်
စီအိုင်အေ အဲဒီအချိန်အထိ ၁၇နှစ်ကြာအောင် အရှေ့ ဥရောပမှ
အေးဂျင့်စ်တစ်ယောက်မှမရှိဘူးလို့ ၀န်ခံခဲ့ရတယ်
နှစ်ဘက်စစ်တပ်တွေက လှိုဏ်ခေါင်းတွေ ဖောက်နေမယ့်အစား
တံတိုင်းကြီးဖြိုချလိုက်တာပဲ အေးပါတယ် ဆိုပြီး လုပ်လိုက်တာပဲ
တရုတ်ပြည်က အနူမြူလက်နှက် ပိုင်ဆိုင်တယ်လို့မကြေငြာခင်မှာ
နောက်ထပ် အမျိုးအမည်မသိယာဉ်တစ်စီးထပ်တွေ့ သလိုပြောဖြစ်ကြသေးတယ်
တောင်ပေါ်မြို့ ကလေးကို လူစိမ်းတွေ ထပ်ရောက်လာတယ်
အများစုက သုတေသနသမားတွ .. သိပံပညာရှင်တွေ..
သူတို့က စက်ပြင်ဆရာတစ်ယောက်များ တွေ့မိသလားလို့ တောင်ပေါ်မြို့ကလေးမှာလိုက်ရှာနေကြတယ်…။
မိုးလှိုင်ည
Tuesday, June 22, 2010
နေ့များ
နွေတစ်ခု မိုးတစ်ခု ဆောင်းတစ်ခု
အကြိမ်ကြိမ်ဟောင်းနွမ်း
အကြိမ်ကြိမ်အသစ်ဖြစ်
ဖြတ်သန်းပစ်ခဲ့မိပြီ…
နောက်ထပ်… နောက်ထပ်
နောက်ထပ်
ဘယ်လိုနှစ်ကာလတွေလက်ခံရမလည်း
သေချာတာက ရင်ထဲကမေတ္တာတရားတွေ
အချင်းချင်းကူးဆက်တည်ဆောက်.
မနက်ဖြန်ဟာ မင်းရှေ့မှောက်မှာ
အေးချမ်းငြိမ်သက်နေပါစေ..။
မိုးလှိုင်ည
ဇွန် ၂၂ အတွက် အမှတ်တရ...။
Monday, June 21, 2010
အရိုင်းတေး
အရိုင်းတေး
ငါ့ဘ၀က ပျံကျဆိုရင်
ငါ့အနုပညာက ခေါင်းရွက်ဗျက်ထိုး
ကျပျောက်လိုက် ပြန်ကောက်လိုက်နဲ့ပဲ
ခရီးစဉ်တိုင်းဟာ တေ့လွဲ
တစ်နေ့တစ်နေ့
မမြဲခြင်းတရားကိုရှုလို့
မျက်နှာမူရာအရပ်က
နေမထွက်တော့တာလည်း ကြာပြီ
အကုသိုလ်သိပ်ကြီးတဲ့အလုပ်
ငါးအချင်းချင်း ဘယ်တော့မှ ပြန်မမျှားလေနဲ့
ဒီမှာ…
ဘ၀ကို ချစ်တတ်ဖို့ပဲလိုတယ်
အသက်ကို အသစ်ပွင့်လိုက်..။
ညိမ်းညို
၂၀၀၇ ကတည်းက ညိမ်းညိုနဲ့ ကျွန်တော် သိကျွမ်းရင်းနှီးခဲ့ရတယ်… သူကဗျာတွေ ကိုယ်ဖတ် ကိုယ့်ကဗျာတွေ သူလာဖတ်နဲ့ သူနဲ့အတူ ကျွန်တော်တို့ အွန်လိုင်း ကနေ ဘလော့ကဗျာကဏ္ဍတွေကို အတူတူ ကြိုးစားတည်ဆောက်ခဲ့ကြတဲ့ ကျွန်တော်တို့နဲ့ အလှမ်းဝေးကွာနဲ့ မဂ္ဂဇင်း စာမျက်နှာတွေပေါ်ကို ကျွန်တော်တို့ မရောက်ရှိနိုင်ခဲ့ပေမယ့် ညိမ်းညိုရဲ့ ဆိုဒ်လေး ထဲမှာ သူ့ကဗျာဖတ်ပရိတ်သတ် ခိုင်ခိုင်မာမာနဲ့ ရပ်တည်နေနိုင်တာကို တွေ့ရပါတယ်.. သူ့ပရိတ်သတ်တွေထဲမှာလည်း ကျွန်တော် ကိုယ်တိုင်ပါဝင်ခဲ့ပါတယ်..။ အခု သူ့ကဗျာစာအုပ်လေးထွက်လာတော့ အမှတ်တရသိမ်းဆည်းစရာ ကျွန်တော် စာအုပ်စင်လေးမှာ ဂုဏ်ယူစရာ ကဗျာစာအုပ်တစ်အုပ်ထပ်တိုး လာပါတယ်…။ သူ့စာအုပ်လေးကို ကျော်မွှေးစာပေကထုတ် ဝေပြီး ဆရာစိုင်းဝင်းမြင့် ကအမှာစာရေးထားပါတယ်.. ကဗျာပုဒ်ရေ ၇၂ပုဒ်ပါဝင်ပြီး ညိုမ်းညိုနဲ့ သူ့ပရိတ်သတ်တွေ အတွက် အမြဲတမ်းရှိနေမယ့် အမှတ်တရပဲ ဖြစ်ပါတော့တယ်..။
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
အစိုးရကိုယ်၌ ကသောင်းကနင်းနှင့် အဓိပ္ပါယ်မရှိ ဖြစ်နေလျှင်၊ မကူညီဘဲ စိုးမိုးအုပ်ချုပ်နေလျှင်၊ ဦးမဆောင်ဘဲ အမိန့်များသာပေးနေလျှင်၊ဤ...
-
အဆုံးမရှိအောင်ကျယ်ဝန်းတဲ့ အမှားထဲ တိမ်တွေကလှလိုက်တာ ကိုယ်မှာတရားနဲ့ဖြေရတယ်။ မောင်သိန်းဇော်
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...