Saturday, July 11, 2009

ဂျက်ဆင်မရှိတဲ့ ကမ္ဘာ

ဂျက်ဆင်မရှိတဲ့ ကမ္ဘာမှာ we are the world

စာသားကို ကျွန်တော်တို့မရနိုင်ဘူး…။

ခင်ဗျားက နာမည်ကြီး .. ဂျက်ဆင်

ခင်ဗျားက နာမည်ပျက်လည်းများတယ်

MTV တစ်ခေတ်လုံးရဲ့ ပိုင်အိုနီးယား

၁၉၈၂မှာ Thriller ထွက်လာတော့

လျှပ်စီးလက်သလိုအကနဲ့

Billie Jeanဟာ ကျွန်တော်တို့နှလုံးသားတွေကို

ရှော့ရိုက်သွားတယ်…။

ခင်ဗျားရဲ့ Thriller က စံချိန်တင်ဂီတ

ခင်ဗျားကိုယ်တိုင်က ပေါ့ပ်ဘုရင်

ခင်ဗျားက အမေရိကန်အိပ်မက်

၁၉၈၅မှာ we are the world ကို

အာဖရိက အငတ်ဘေးအတွက်

ခင်ဗျားရှာတွေ့ခဲ့တယ်

ခင်ဗျားအတွက် ကမ္ဘာတစ်ခုလုံး

ကမ္ဘာတစ်ခုလုံးအတွက် ခင်ဗျား

နောက်ပိုင်းတော့

ကလေးတစ်ယောက်ရဲ့ စိတ်ဝိညာဉ်နဲ့ခင်ဗျား

ဘာတွေနာကျင်နေရလည်း

ခင်ဗျားက ခဏခဏ မျက်နှာခွဲစိတ်ပြုပြင်သူ

ဖန်ပေါင်းချောင်ထဲက ခပ်ကြောင်ကြောင်လူသား

ကယ်လီဖိုးနီးယားခြံကျယ်ကြီးထဲမှာ

စိတ်ကူးယဉ်ကာတွန်းဇာတ်ရုပ်တွေနဲ့

ခင်ဗျား အမှားတွေလုပ်ခဲ့တယ်…။

ခင်ဗျားလူတွေကြားထဲ သိပ်မလာတော့ဘူး

ခင်ဗျားမှာ အကြွေးတွေခေါင်ခိုက်နေပြီ…။

ဥရောပဖျော်ဖြေပွဲ ခရီးမစခင်ပဲ

ခင်ဗျား ကောင်းကင်ဘုံကို ထွက်ခွာသွားတယ်

မိုက်ကယ်ဂျက်ဆင်

ခင်ဗျားက လူပီပီသသ

အနုပညာလည်းရတယ်၊

နာမည်ပျက်စေမယ့်စွဲချက်တွေလည်းရတယ်

ခင်ဗျားအပေါ်စွဲချက်တွေက ခင်ဗျားအနုပညာနဲ့ခြေဖျက်ခဲ့ရ

ကမ္ဘာကြီးက ခင်ဗျားကိုအမှန်တကယ်မမုန်းခဲ့နိုင်ဘူး

ခင်ဗျားကယ်တင်ခြင်းခံရပါစေ…အာမင်။

မိုးလှိုင်ည


မေငြိမ်း said...

အင်းး ကဗျာအနေနဲ့တော့ ကျစ်ကျစ်လျစ်လျစ်နဲ့ တကယ့် ကဗျာပါပဲ..။ ဒါပေမဲ့ မိုက်ကယ်ဂျက်ဆင်နဲ့ ပတ်သက်တာလေးမှာတော့ အမမှာ ပြောစရာရှိတယ်။ လူမည်းကို ရှုတ်ချစိတ် ရှိနေဆဲ အမေရိကဟာ လူမည်းတယောက်ရဲ့ တဟုန်ထိုးကြော်ကြားမှုကို အလွယ်တကူ လက်မခံချင်ခဲ့ကြပါဘူး။ ဒါကြောင့်ပဲ သူ Black or White ကို ရေးခဲ့ ဆိုခဲ့။ နောက် သူ့ပြစ်မှုလို့ စွပ်စွဲသူတွေ ဘသူကမှ သူ့ကို အပြစ်ရှိကြောင်း သက်သေမတင်နိုင်ခဲ့။ (အမေရိကဟာ အပြစ်ရှိရင် ရှိကြောင်း မရအရ ထုတ်ဖော်တဲ့ နိုင်ငံ)။ ပြီးတော့ သူလုပ်ခဲ့တဲ့ ကုသိုလ်တွေကို ဘသူမှ အုတ်အော်သောင်းတင်း မလုပ်ခဲ့ကြ။ သူဟာ အများကြီး နစ်နာခဲ့ရှာတယ်။ ဒါမဲ့ သူဟာ ကမ္ဘာကြီးအပေါ် အများကြီး တာဝန်ယူခဲ့သူ။ Heal the world, We are the world.......... အဲဒီအခါ အပြစ်တွေလည်း ရှိတယ်ဆိုတာဟာ သူများ စွပ်စွဲတာတွေကို မှတ်ယူပြီး ဆုံးဖြတ်တာမျိုး မဖြစ်စေချင်တာမျိုး ခံစားမိတယ်။ အမစိတ်ထင်တော့ ကလေးတွေကို abuse လုပ်တယ်ဆိုတာမျိုးက တကယ်သာ ဖြစ်ရင် အမှုမှန်ပေါ်မှာပဲလို့သာ ထင်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာကြီးက သူ့ကို မမုန်းခဲ့တာ... သနားပါတယ်..။



ဆရာမမေငြိမ်းခင်ဗျာ
တခြားဘက်က စဉ်းစားရန်အကြောင်းများနဲ့ ခွဲခြားဝေဖန်ပေးမှုအတွက်
အထူးတလည်ကျေးဇူးတင်ရှိပါသည်။

ခင်မင်လေးစားစွာဖြင့်
မိုးလှိုင်ည


စနေ့ရဲ့စနေ

စနေ့ရဲ့စနေဟာ
လမ်းဆုံလမ်းခွမှာရပ်နေတယ်
ဘယ်ချိုးမလား
ညာချိုးမလား
စနေ့ရဲ့စနေဟာ လမ်ဆုံလမ်းခွမှာ
စနေ့ရဲ့စနေဟာ လူရာဝင်အရိပ်ထိုးလို့
စနေ့ရဲ့စနေဟာ အရိပ်မနေသလို အခက်မချိုးဘူး
စနေ့ရဲ့စနေဟာ နေ့တစ်နေ့ရဲ့
အချိုးအကွေ့
စနေ့ရဲ့စနေဟာ လမ်းတစ်ခုရဲ့ ထောင့်ဖြတ်ချိုး
စနေ့ရဲ့စနေဟာ ရေ၂ခါမချိုးတဲ့ မြစ်
စနေ့ရဲ့စနေဟာ အတ္တကို စားသုံးတယ်
စနေ့ရဲ့စနေဟာ အနတ္တကိုလည်း သုံးသပ်တယ်
စနေ့ရဲ့စနေဟာ မာနကို ခလုပ်ကန်သင်း
စနေ့ရဲ့စနေဟာ လူတွင်ကျယ်မဟုတ်ဘူး
စနေ့ရဲ့စနေဟာ အမြစ်လန်သွားတဲ့ သစ်ပင်
စနေ့ရဲ့စနေဟာ ဖြန့်ခင်းထားတဲ့ ကြိုးတစ်ချောင်း
စနေ့ရဲ့စနေဟာ အစ၀ှက်ထားသော အပ်ချည်
စနေ့ရဲ့စနေဟာ ကျောက်ချထားသော သစ်ပုပ်ပင်
စနေ့ရဲ့စနေဟာ လူသားစစ်စစ်
စနေ့ရဲ့စနေဟာ………စနေရဲ့စနေ။


စနေ့ရဲ့စနေ


ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့ စနေနေ့မှာ မနိုင်းနိုင်းစနေ ဘလော့ထဲက စနေရဲ့စနေ ဆိုတဲ့ကဗျာလေးကို သဘောကျလို့
ကော်ပီကူးပြီးကောက်တင်လိုက်တာ မနိုင်းနိုင်းစနေ ခွင့်ပြုမယ်ထင်ပါတယ်။

မိုးလှိုင်ည

Friday, July 10, 2009

ငါဘာမှမပြောချင်တော့ဘူး။

၁၉ရာစု အရက်ပြင်းတွေနဲ့

မင်းမူးနေတုန်းလားသူငယ်ချင်း

ငါတို့က အနီရောင်မုန်တိုင်းကိုလည်း

ဖောက်ထွက်ခဲ့ပြီးပြီ

လက်ယာလက်တွေကိုလည်း

ယဉ်ကျေးအောင်သင်ကြားတတ်ခဲ့ပြီးပြီ။

ငယ်ငယ်က ဖော်ရွေတတ်တဲ့မင်း

စစ်စိတ်စစ်မာန်နဲ့

အခုခက်ထန်နေပြီလား

ကျောင်းတုန်းက ဆေးလိပ်သောက်တာမိရင်

အားလုံးအတွက် တစ်ယောက်တည်း

ဒဏ်ပေးခံတဲ့မင်း..

ငါတို့တွေ လူပျိုပေါက်ဘဝ

အရက်ခိုးသောက်ကြမယ်ဆိုရင်

မင်းကိုယ်တိုင်အရက်စပ်

မင်းကိုယ်တိုင်အမြည်းလုပ်

သူငယ်ချင်းတွေကိုဂရုစိုက်ဖို့ဆိုရင်

ချစ်သူရည်းစားထက်တောင်

ပိုလေးနက်တတ်တဲ့မင်း

အခုတော့ အစိမ်းရောင်ဝတ်စုံနဲ့ မင်းကို

ကေသုံးလုံးဂိုဏ်သားတွေကို မုန်းသလို

ငါတို့ မုန်းနေရမှာလား

ငယ်ငယ်က မင်းရည်ရွှယ်ချက်ကောင်းခဲ့တယ်

ငယ်ငယ်က မင်းမျှော်လင့်ချက် သန့်စင်ခဲ့တယ်

အခုမင်းအကြောင်းကို

ငါတို့တွေ ဘာဆက်ပြောရမှန်းမသိဘူး

အခု

ငါတို့ကို မင်းဘာမှ ပြောခွင့်မပေးဘူး

မင်းလွှဲရမ်းလိုက်တဲ့ လက်ကိုင်တုတ်က

ညီအစ်ကိုအရင်းလည်းမသိဘူး

ဘာသာတရားလည်းမရှိဘူး….

အခုတော့

ငါတို့လည်း ဘာမှဆက်မပြောချင်တော့ဘူးသူငယ်ချင်း…။


မိုးလှိုင်ည

Wednesday, July 8, 2009

တစ်ယောက်တည်းခရီး

သေချာရင်

စကားလုံးတွေထဲဝင်ပုန်းမနေပါနဲ့

အမှန်တရားဟာ

လူမုန်းများတဲ့လိပ်စာ…

သေခြင်းလိုပဲ

မျက်နှာမရွေးဘူး

လက်သိပ်မထိုးဘူး

၃၂ ကောဠာသနဲ့

မင်းငါ့ကိုဆွဲဆောင်လို့မရနိုင်ပါ…

နေခဲ့လေ…

အနုပညာနဲ့ သစ္စာလေးပါးဟာ

နံရံမခြားဘူး

ငါအဲဒီကိုသွားနေတာ


မိုးလှိုင်ည

မြစ်ကျိုးအင်း

Wednesday, July 11, 2007

မြစ်ကျိုးအင်း

ပင်လယ်ဆီမသွားတော့ဘူး
ဟောဒီမှာ
ကိုယ်ရပ်နားခဲ့တဲ့ချိုင့်ဝှမ်းလေးကိုခင်တွယ်လို့
ရင်ဘတ်ထဲကရင်ခုန်သံရယ်
ရေကြည်မြက်နုရာရှင်သန်မှု
ကိုယ်ပြုစုရမယ့်ပတ်ဝန်းကျင်မှာ
တန်ဖိုးတစ်ခုတင်ကျန်ခဲ့ရင်ပဲကျေနပ်လှပြီ…။
မေးခွန်းများစွာကိုဖြေကြားဖို့မလိုတော့ဘူး
ထုံအချင်ယောင်ဆောင်လိုက်တော့မယ်
ကိုယ်ကိုယ်တိုင်မမျော်လင့်တော့တဲ့
လှိုင်းတံပိုးတွေအတွက်
မာနတက်နေဖို့မလိုတော့….။

မိုးလှိုင်ည

Sunday, July 5, 2009

အလွမ်းများရဲ့ အိတ်ဖွင့်ပေးစာ

Friday, June 22, 2007

အလွမ်းများရဲ့အိတ်ဖွင့်ပေးစာ

မြူခိုးတွေဝေနေတဲ့မနက်မှာ ကံ့ကော်တွေကသူရဲ့ရနံ့တွေနဲ့
နွေဦးကိုပစ်ပေါက်လိုက်တယ်…..။
ဖြည်းညင်းစွာတိုက်ခတ်လာတဲ့လေပြည်တွေရဲ့နောက်မှာတော့
ရွက်ဝါတွေလှုပ်လီလှုပ်လဲ့ပေါ့…..။
အဲဒီလိုနဲ့မကံ့ကော်ကိုသတိရခြင်းတွေသီးပွင့်လာခဲ့ပြန်ပြီ…..။

ဘယ်လိုမှသီးပွင့်ခွင့်မရခဲ့တဲ့ မကံ့ကော်နဲ့ကျွန်တော်တို့ချစ်ခြင်းကို
လွန်ခဲ့တဲ့အတိတ်တစ်ခုမှာ ကျွန်တော်တို့အတူစိုက်ပျိုးခဲ့ကြဖူးတယ်..။
ရှင်သန်လှုပ်ရှားခဲ့ဖူးတဲ့ရင်ခုန်သံကိုယ်စီနဲ့ ကျွန်တော်တို့မျက်ဝန်းတွေက
အဓိပ္ပါယ်ပြည့်စုံခဲ့တာပဲ...မကံ့ကော်။

ဘ၀ကိုဘ၀နဲ့ရင်းဝယ်ဖို့ကျွန်တော်တို့တွေလက်တွန့်ခဲ့ကြလို့
ခံစားချက်ဘေးဖယ်ပြီးလူသားပြီတဲ့ဝါဒလိုက်လျောညီထွေနေတတ်ကြတာပဲ
ဘယ်တော့မှပြန်မရနိုင်တော့မှသာ သတိရခြင်းသေတ္ပ္တာကိုမကြာခဏထုတ်
ဖွင့်ကြည့်တတ်ကြပေါ့…..။မသင်ပဲတတ်ခဲ့ရတဲ့ အသက်မကချစ်ခြင်းဆိုရင်မမြင်ပဲ
သိခဲ့ရတဲ့အသိကအလွမ်းတွေပဲရှိမှာပါ မကံ့ကော်……..။နွေဦးကတော့ဖိတ်စာမပါပဲ
ရောက်ရှိလာပြန်ပြီ…..ကျွန်တော်ကဘယ်လိုများနှင်ထုတ်ငြင်းဆန်ရက်မှာလဲ
ကျွန်တော့်ရင်ထဲမှာလည်း နှလုံးသားကိုထမ်းပိုးထားခဲ့ရတယ်လေ…..။

ရှင်သန်ခဲ့တဲ့ရာစုနှစ်တွေကဆင်ခြင်မှုတွေနဲ့အဆိပ်သင့်ခဲ့ရတယ်…..မကံ့ကော်
ဘယ်သူ့မှာတာဝန်ရှိမှန်းမသိပေမဲ့
ကျွန်တော်တို့ဆီမှာတော့အိပ်မက်တွေမရှိတော့ဘူး။
တကယ်တော့မကံ့ကော်ရယ် ချစ်ခြင်းဆိုတာကြယ်တံခွန်လိုပါပဲ……..
ခဏလေးမြင်တွေ့ရဖို့နှစ်ပေါင်းများစွာစောင့်စားခဲ့ရပြီး…….
ကိုယ်ဆီကကျော်ဖြတ်သွားတဲ့အခါ ဘယ်တော့မှပြန်မရနိုင်ဘူးဆိုတာ
သေချာနေခဲ့ပြန်ပြီ…..ကျွန်တော့်ရင်ထဲမှာတော့အလွမ်းနဲ့ရင့်မှည့်ခဲ့တဲ့
နှလုံးသားဆိုတဲ့သစ်သီးတစ်လုံး မကံ့ကော်စာသုံးဖိုအတွက်တဲ့
ချိုမချိုဆိုတာကြီုတင်မပြောပြနိုင်ပေမယ့် မကံ့ကော်အတွက်
သီးသန့်ဖြစ်ကြောင်းကိုတော့ ကျွန်တော်ဘ၀တစ်ခုလုံးကို
လောင်းကြေးထားဖို့အသင့်ပါ…….။ဇုခွဲခြမ်းပြီးကတည်းက
ကျွန်တော့်ကိုယ်တစ်ခြမ်းဟာမကံ့ကော်ဖြစ်လာတာပါ
မကံ့ကော်ရင်ထဲကိုပြန်မေးကြည့်ပါ...
နှလုံးသားထဲမှာကျွန်တော်အမည်ရှိနေလိမ့်မယ်…။

ဒါဆိုရင်သေချာသွားပြီ
အချစ်ဆိုတာထောင်ချောက်တစ်ခုသာမဟုတ်ပါစေနဲ့
ကျွန်တော်ဆီမှာနွေဦးနဲ့အတူလွမ်းနေခွင့်တွေရှိသေးတယ်………….


မိုးလှိုင်ည

Friday, July 3, 2009

ပန်းပုဆရာ အဘိုးအို

သူဟာ ကျောက်သားထဲက

အမှောင်ကိုဖဲ့ထုတ်ချင်နေတယ်

မြင်နေရတဲ့ကျောက်တုံးထဲက

အနုပညာကိုသူမြင်နေရတယ်

ဒါပေမယ်…

ပန်းပုရုပ်တစ်ခုကိုထပ်မံထုလုပ်ဖို့

အင်အားသိပ်မရှိတော့ဘူး

သူအများကြီးထုလုပ်ခဲ့ဖူးပြီးပြီ

တချို့ပန်းပုရုပ်တွေကို

လူတွေကိုးကွယ်နေကြပြီး

တချို့ပန်းပုရုပ်တွေကို

လူတွေလေးစားကြည်ညိုနေကြတယ်

တချို့ပန်းပုရုပ်တွေကိုတော့

ခါးခါးသီးသီးမုန်းတီးနေကြပြီး

တချို့ပန်းပုရုပ်တွေနဲ့

ဓါတ်ပုံတွဲရိုက်ခံချင်နေကြတယ်

သူ့အမြင်မှာတော့

ပန်းပုရုပ်တွေဟာအတူတူပါပဲ

သစ်သားတွေ၊ ကျောက်တုံးတွေ

ဖရောင်းပြားတွေ၊ သဲသောင်တွေပါပဲ…

အခုသူလုပ်ချင်နေတာက

ပန်းပုရုပ်ထဲက

အမှောင်ချည်းသက်သက်ဖဲ့ထုတ်ဖို့…

အဲဒီအတွက်ဘယ်အရာနဲ့

ပန်းပုထုရမယ်သူမသိတော့ဘူး…

သူအင်အားသိပ်နည်းနေပြီ…

အမှောင်ကို စိတ်နဲ့ဖဲ့ချလိုက်တယ်

အဲဒီပန်းပုကို သူကလွဲလို့

ဘယ်သူမှမမြင်ရတော့ဘူ…।။


မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...