Tuesday, June 30, 2009

မြန်မာဘလော့ကာ

ဘ၀မှာ

အရိပ်တကြည့်ကြည့်

ကြည့်စရာငါ့ဆီမှာ Blog နှစ်ခုတောင်ရှိရှာတယ်။

ဘ၀မှာ

အသက်လို တန်ဖိုးထားစရာ

ငါ့ဆီမှာ Blog နှစ်ခုရှိရှာတယ်။

(အမှန်တကယ်လည်း အသက်လောက်တန်ဖိုးတကြီး)

ပဲနိဝက်လောက် ၀င်ငွေနဲ့

အင်တာနက်ကော်နက်ရှင်သုံးခွင့်ရရင်

နွားလိုရုန်းရလည်း ငါမမှုခဲ့ဘူး

အဲဒီလိုကြိုးကြိုးစားစားအတွက်

သခင်ပေါက်စထောင်ခြောက်လဆိုတဲ့

အကြည့်မျိုးတွေလည်းရတယ်

ကီးဘုတ်ဂျပိုးတွေဆိုတဲ့

ဘွဲ့ထူးတွေလည်းရတယ်

အဲဒီလိုချီးမြှောက်မှုတွေကြားက

မမွေးသေးတဲ့ ဆိုင်ဘာအိ့ခ်ျတွေဖတ်ဖို့

ဘာမှန်းမသိ၊ ထင်ရာမြင်ရာ

အင်တာနက်ပေါ့

ကောက်ကောက်တင်တတ်ပေါ့

ငါ့ကို မြန်မာဘလော့ကာလို့

တချို့ကခေါ်ကြတယ်…။


mOehlAingnYa


Saturday, June 27, 2009

၂၀၀၉/၂၉ ထောင့်မကျိုးတဲ့ ကမ္ဘာ

လက်ခုပ်သံတဖြောင်းဖြောင်းတော့
မပါဘူးပေါ့အစ်ကို...။
ကျွန်တော်တို့ အစ်ကို့အတွက် ဆုတောင်းနေတယ်...။
ပြီးတော့ ကျွန်တော်တို့ တစ်နိုင်ငံလုံးအတွက်ဆုတောင်းနေတယ်
ပြန်ပေးသမားလက်ကနေ
ကျွန်တော်တို့ တရားဥပဒေတွေလွတ်မြောက်ဖို့
ကျွန်တော်တို့ နိုင်ငံတော် လွတ်မြောက်ဖို့
၂၀၀၉ မှာ အစ်ကို့အသက် ၂၉ နှစ်ပြည့်ပြီ
အစ်ကိုနဲ့ ကျွန်တော်တို့ ချစ်မက်ခဲ့တဲ့ ကမ္ဘာကြီးကတော့
၂၀၀၉ အထိဒေါင့်မကျိုးသေးဘူးအစ်ကို
ကမ္ဘာဟာ ကျွန်တော်တို့အတွက် ဘယ်တုန်းကမှမပြားသေးပါဘူး
အစ်ကိုကတော့ အမှောင်တိုက်ထဲမှာ တိတ်တိတ်ဆိတ်ဆိတ်
ရင့်ကျက်နေမယ်...
ကျွန်တော်တို့ က အလင်းတစ်ဝက် အမှောင်တစ်ဝက်
ဘ၀ကို ပြာယာခတ်နေတုန်း...
တာဝန်မကြေတာကို မုန်းတယ်အစ်ကို
တာဝန်မသိတာကို ပိုမုန်းတယ်
အဲဒီထက်အဆိုးဆုံးကတော့
တသုံးလုံးသမားတွေပါပဲ...
အဲဒါကို အစ်ကိုလည်းရေးခဲ့ဖူးတယ်
ကျွန်တော်လည်းရေးနေတုန်းပဲ
(မိုးလှိုင်ညရေ ... ကျည်ဆန်တွေပလူပျံနေတဲ့ ကောင်းကင်မှာ မင်းတို့ငါတို့ရဲ့ ကလောင်သွားတွေက အသက်ခန္ဓာမြဲနေသရွေ့ ရေးသင့်တဲ့စာသားတွေကို ရေးခြစ်နေဦးမှာပါ ...။ ဓါးသွားထက် ကလောင်သွားက ပိုထက်တယ်တဲ့ ... ဒါဆို စစ်သေနတ်တွေထက်ရော ... ငါတို့ကလောင်သွားတွေ ပိုပြီးထက်မြက်နိုင်ဦးမလား ။ ဘာပဲဖြစ်ဖြစ် အမဲရောင် ကားချပ်မှာ တစ်ချက်လေးပဲဖြစ်ဖြစ် အလင်းစစ်တွေကို ငါတို့ ဆက်လက်ရေးခြစ်ကြမယ် ...။)
အလင်းစစ်စစ်တွေအတွက်လားအစ်ကို
အစ်ကိုအတွက် ကဗျာတစ်ပုဒ်၊ အက်ဆေးတစ်ပုဒ်၊
ဝတ္ထုတစ်ပုဒ်အတွက် တန်ဖိုးကြီးကြီးပေးထားခဲ့ရပြီလား...
ကမ္ဘာမကြေမပါဘူး ...
အနင်းခံရတဲ့မြက်တွေပိုသန်သလို...
ခေတ်ကြီး ခါးချိုးချလည်း
ကျွန်တော်တို ဦးခေါင်းတွေဘယ်တော့မှ
ဦးညွှတ်မကျစေရဘူးအစ်ကို....။


မိုးလှိုင်ည

(ဘားအံအကျဉ်းထောင်ထဲမှာ တစ်ကိုယ်တော်မွေးနေ့ပွဲကျဉ်းပနေရတဲ့ ကိုနေဘုန်းလတ်သို့)

Thursday, June 25, 2009

ပိုစ်မော်ဒန်ကဖေးမှာ မြင်လိုက်တယ်

ပိုစ်မော်ဒန်ကဖေးမှာ မြင်လိုက်တယ်

ပို့စ်မော်ဒန်ကဖေးမှာ ထိုင်နေတဲ့ သူတယောက်ကို မြင်လိုက်တယ်။

ကိုယ်ယောင် ကိုယ်ဝါမတောက်ပ ပေမယ့်

မျက်ဝန်းထဲမှာ တော့ လင်းလက်မှုတွေရှိနေတယ်။

ပိုစ်မော်ဒန်ကဖေးမှာ ထိုင်နေတဲ့ သူတယောက်ကို မြင်လိုက်တယ်။

လေနီကြမ်းတွေတိုက်နေလဲ ရင်ထဲမှာ ထက်သန်မှုတွေ ရှိနေတယ်။

ပိုစ်မော်ဒန်ကဖေးမှာ ထိုင်နေတဲ့ သူတယောက်ကို မြင်လိုက်တယ်။

အပြုံးရဲ့နောက်က ကြေကွဲမှုတွေ ရှိနေတယ်။

ပိုစ်မော်ဒန်ကဖေးမှာ ထိုင်နေတဲ့ သူတယောက်ကို မြင်လိုက်တယ်။

- - - - - - - - - ရှိနေတယ်။

ဦးလေးအတွက် အမှတ်တယ


ဘလာဂေါက်

Wednesday, June 24, 2009

ကြွက်ထောင်ချောက်တွေ လိုအပ်နေတဲ့မြို့

မြို့တစ်မြို့မှာ

မြို့တော်ဝန်တစ်ယောက်ပဲလိုအပ်ပေမယ့်

ကြွက်ထောင်ချောက်တွေအများကြီးလိုအပ်တယ်

ဒါမှမဟုတ်လည်း

ကြွက်ပစ်သမားတွေဖြစ်ဖြစ်ပေါ့…

တချို့မြို့တွေက

စားနပ်ရိက္ခာလိုအပ်နေသလို

တချို့မြို့တွေက

သောက်သုံးရေလိုအပ်သလို

တချို့မြို့တွေက

အင်တာနက်

တချို့မြို့တွေက

………

လိုအပ်နိုင်သလို

အဲဒီမြို့မှာလည်းကြွက်ထောင်ချောက်တွေလိုအပ်နေတယ်

ကြွက်တွေက သိပ်သောင်းကျန်းတော့

ထုံးစံအတိုင်း

သူတစ်ပါးစပါးကျီတွေလိုက်ဖောက်လိုဖောက်

သူတစ်ပါးဒိန်ခဲတွေခိုးစားလိုစားနဲ့

သူတစ်ပါးအ၀တ်အစားတွေကိုက်လိုကိုက်နဲ့

အဆိုးဆုံးက

ခြေထောက်တွေကိုလမ်းလျှောက်လို့မရအောင်

လိုက်ကိုက်တတ်တာပဲ…

ကြွက်တွေသောင်းကျန်းတော့

အဲဒီမြို့က တချို့လူတွေထွက်ပြေးကုန်ကြတယ်

အဲဒီကြွက်တွေကို ပုံပြင်ထဲကပုလွေသံနဲ့တော့

မြို့ပြင်ချောက်ကမ်းပါးထဲ ခေါ်ချသွားလို့မရဘူး

ကြွက်တွေက ဟစ်ဟော့နဲ့လည်းယဉ်ပါးနေပြီး

ဒီဂျေတွေနဲ့လည်း ကတတ်နေပြီ

တချို့ကြွက်တွေက နိုက်ကလပ်တက်ပြီး

တချို့ကြွက်တွေက ၀ီစကီသောက်တတ်နေပြီ

တချို့ကြွက်တွေက

ကြွက်ကြီးကြွက်ကောင်းဆန်ဆန်

ဂေါက်တွေဘာတွေရိုက်လို့ပေါ့…

သူတို့ဂေါက်ကွင်းမှာ ပြောတဲ့စကားက

သူတစ်ပါးစပါးခင်းတွေဘယ်လောက်များများဖျက်ဆီးပြီးပြီဆိုတာ

သူတစ်ပါးတွေဝိုင်အရက်ကို ခိုးသောက်ဖူးတာရယ်

သူတစ်ပါးအိပ်ရာတွေ ၀င်အိပ်ပြီးပြီဆိုတာရယ်…

အဲဒီမြို့ကတော့

ကြွက်ထောင်ချောက်တွေများများလိုနေတာပေါ့

ကမ္ဘာအရပ်ရပ်က ကြွက်ထောင်ချောက်တွေ

အဲဒီမြို့ကို တင်ပို့ပေးကြတာပေါ့…

ကြွက်တွေကတော့ မနက်ဖြန်ကိုမမြင်ပဲ

ပျော်နေကြတုန်းပေါ့….။

မိုးလှိုင်ည

Monday, June 22, 2009

မွေးနေ့ဆုတောင်း

သူငယ်ချင်း
အားလုံးအတွက်မှောင်နေတဲ့
အနာဂါတ်တွေကို
ငါတစ်ယောက်တည်းစွမ်းအားနဲ့
လင်းပေးနိုင်မှာမဟုတ်ပါဘူး
ဒါပေမယ့် ဒီနေ့လေးမှာ
မင်းဆီကိုပျော်ရွှင်ခြင်းစစ်စစ်ဆိုက်ရောက်ပါစေ...။


သူငယ်ချင်း
မင်းဘ၀အတွက်၂၇ နှစ်ကြိမ်မြောက်
မုတ်သုန်...လေ
ကောင်းကင်ကခက်ထန်နေလည်း
စိတ်မပျက်ပါနဲ့
ဒီနေ့အတွက်မင်းဆီကို
ပျော်ရွှင်မှုစစ်စစ်တွေဆိုက်ရောက်ပါစေ...။


သူငယ်ချင်း
ဒီကနေ့မနက်စောစော
ဗုဒ္ဒဆင်းတုတော်အောက်မှာ
မင်းဝပ်ဆင်းပူဇော်နေမှာငါသိတယ်
မေတ္တာတရားတွေနဲ့ငြိမ်းအေးမှုအောက်
ရှင်သန်နေတဲ့နှစ်ပေါင်းများစွာ
မင်းဆီကိုသက်ရောက်ပါစေ...။


ငါဆုတောင်းလိုက်ပါတယ်
ရပ်ပြစ်ရှစ်ပါးနဲ့အဝေး
ကပ်သုံးပါးနဲ့အပ
မင်းဘ၀လှပမယ့်နေ့တွေကို
အမြဲတမ်းရရှိနိုင်ပါစေလို့...။



မိုးလှိုင်ည
မွေးနေ့အတွက် ဆုတောင်းမပေးဘူးလို့ပြောတဲ့ သူငယ်ချင်းအတွက်။

Wednesday, June 17, 2009

နောင်လာမယ့် နှစ်နှစ်ဆယ်

သေချာတာက ကမ္ဘာကြီးရှိရင်လည်နေဦးမှာပဲ
စကြာင်္ဝဠာထဲက အမှောင်တွင်းဆုံးကျနေတဲ့
ငါတို့ကလည်း ဘယ်ဘ၀ရောက်နေမှာလည်း
Web 2.0 ခေတ်က ဂန္တ၀င်ဖြစ်သွားပြီလား…
အာကာသတစ်ပိုင်းသွား
လျှပ်ပြေးယာဉ်ပေါ်မှာ မင်းယွန်းသစ်ကိုတွေ့လိုက်သေးတယ်…
လူလုပ်သစ်တောထဲမှာ လူလုပ်တဲ့သတ္တ၀ါတွေကို
မွေးမြူထားတယ်…
သဘာဝမကျတဲ့ သဘာဝတရားကို
ဈေးကြီးပေးကြည့်ရတယ်ဖန်လုံအိမ်ပြတိုက်တွေနဲ့
ကောင်းကင်ပေါ်မှာ လျှပ်ပြေးယာဉ်တွေ တိုက်တဲ့သတင်းက
နေ့စဉ်သတင်းတွေ၊
ဘယ်ရွေးကောက်ပွဲမှမရှိတော့ရင်ကောင်းမယ်
တစ်နှစ်တစ်ခါ မဲပေးရတာအချိန်ကုန်အလုပ်ရှုပ်
ကွန်မြူနစ်တော်လှန်းရေးနဲ့ အရင်းရှင်စနစ်တွေကို
သမိုင်းဖတ်စာအုပ်ထဲကထုတ်ထားလိုက်ကြပြီ
ဒီမိုကရေစီဆိုတာ…
နာမည်ကြီး ကော်ဖီဆိုင်…
လူတန်းစားတရပ်ပဲရှိတော့…
ဘုရားသခင်ကိုပါ ပင်စင်ပေးထားလိုက်ကြတယ်…။
ဂြိုလ်ဝါကြီးမှာ ခေါင်းမာကျန်ခဲ့တာ
ကဗျာဆရာတွေနဲ့ ပန်းချီဆရာတွေပဲ…
သူတို့ကို ပြန်လေ့လာဖို့..
အာကာသ၀တ်စုံနဲ့လူတွေ ပြန်ပြန်ရောက်လာတယ်…
သူတိုက ၀တ်စုံမချွတ်ပဲ မေးကြစမ်းကြနဲ့
ကမ္ဘာပေါ်က အောက်ဆီဂျင်ကိုသူတို့အဆုတ်က
လက်မခံနိုင်တော့ဘူး…
လိပ်ပြာတောင်ပံခတ်သံ သီအိုရီနဲ့ မြေကြီးကိုထိစမ်းရင်း
နှစ်နှစ်ဆယ်အတွင်း
အပြောင်းအလဲတွေဗြောင်းဆန်သွားခဲ့တယ်လို့
တချို့ကရေရွှတ်လို့…
တချို့ကတော့ ထုံးစံအတိုင်း အရက်ထဲရေရောမလား
ရေထဲကိုအရက်ရောမလား…
အနံ့ခံပိုက်နဲ့ ဗောဒကာပုလင်းကိုစမ်းသပ်နေလေရဲ့


မိုးလှိုင်ည

Monday, June 15, 2009

ဇွန် ၁၅ ထဲက မြို့

၁၉၄၀ ဇွန် ၁၅

ပါရီကို နာဇီတွေသိမ်းပိုက်လိုက်တယ်။

မာရှယ်ဖဲလစ်ပီတိန်းက

ဇူလိုင်လထဲမှာ သူ့ကိုယ်သူသမ္မတတဲ့

ဗီရှီမြို့ကို အစိုးရုံးတချို့နဲ့ သံရုံးတွေရွှေ့ပြောင်း

အဲဒီအခင်းအကျင်းမှာ

အီလျာအာရင်ဘတ်ရဲ့ ပါရီကျဆုံးခန်းကို

တစ်ကမ္ဘာလုံးဖတ်လိုက်ရတယ်…

ပါရီက သမိုင်းစာမျက်နှာပေါ်ကို

ဝင့်ဝင့်ထည်ထည်ပြန်ပေါ်လာခဲ့ပေါ့

(ဟောလိဝုဒ်လိုကြော်ငြာထိုးရရင်

အားလုံးမျှော်လင့်စောင့်စားနေတဲ့

The Ragoon Return ကိုဆက်လက်တင်ဆက်ဖို့ရှိတယ်…)

ကောက်ချက်နှစ်ခုဆွဲကြည့်မိတယ်…

ဖက်ဆစ်တွေဟာ မြို့တော်သစ်တည်ရတာဝါသနာပါတယ်

နောက်ပြီး ဘယ်တော့မှလည်းမအောင်မြင်ဘူး….။


မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...