Friday, June 27, 2008

သူငယ်ချင်း…သို့

သူငယ်ချင်းအိမ့်ခိုင်ဦးရေ

ဘာတတ်နိုင်မှာလည်းဆိုတဲ့စကားတစ်ခွန်းကို

မင်းဘယ်တော့မှ

မကျေနပ်နိုင်ဘူးဆိုတာ..ငါသိတယ်။


သူငယ်ချင်းမင်းက

နာဂစ်ကိုမြွေဟောက်လိုပြန်ပေါက်ပြီး

ပန်းပွင့်လိုနူးညံ့ပေးတယ်…။

မိုးသည်းလေသည်းထဲမှာ

စိုစိုရွှဲရွှဲနေတဲ့ မင်းဆံပင်တွေ

တလက်လက်ထနေတဲ့မင်းမျက်ဝန်းတွေ

မင်းရဲ့တက်ကြွမှုမျိုး

မင်းရဲ့တာဝန်ယူရဲပုံမျိုး

မင်းရဲ့သူရဲကောင်းဆန်မှုမျိုးထဲမှာ

ငါ့နှလုံးသားကရှက်ရွံ့နေရဖူးတယ်…။


အခုမင်းမရှိတော့တဲ့လမ်းမမှာ

မင်းရဲ့တာဝန်တွေလက်ဆင့်ကမ်းယူလို့

ကမ္ဘာမကြေဘူးဆိုတဲ့ သီချင်းကို

အံကြိတ်ပြီး အထပ်ထပ်ဆိုငြီးရင်း

မင်းအတွက်ငါ

ဂုဏ်ယူကျေနပ်နေမယ်…သူငယ်ချင်း။


မိုးလှိုင်ည

မပျော်တတ်ရင်ထီထိုး

အဲဒီနေ့က

ထီလတ်မှတ်တစ်စောင်နဲ့

ယောင်တီးယောင်န


ခြောက်သယောင်းနေတဲ့

မျော်လင့်ချက်တွေကိုအသက်ဆက်ဖို့

အဲဒီနေ့ကထီထိုးတယ်….


ကိုယ့်ဘ၀ထဲကထွက်ပြေးသွားတဲ့

ငှက်ပြာလေးကို

မိုးအဆုံးမြေအဆုံးလိုက်ရှာဖို့

အဲဒီနေ့ကထီထိုးတယ်…


ကျေးဇူးတရားနဲ့ချည်နှောင်

အနိုင်ကျင့်တတ်တဲ့လူယဉ်ကျေးတွေကို

လက်စားချေဖို့

အဲဒီနေ့ကထီထိုးတယ်…


လူလူသူသူအိပ်မက်တွေကို

လူတန်းစေ့မက်နိုင်အောင်

အဲဒီနေ့ကထီထိုးတယ်…


ကိုယ့်အတွက်ဘယ်တော့မှ

အလေးမသာတဲ့ကံတရားအပေါ်

သံဝေဂတွေထပ်ယူတတ်ဖို့

အဲဒီနေ့ကထီထိုးတယ်…


ပေါက်မဲနဲ့အမြဲလွဲတဲ့

အဲဒီထီလက်မှတ်ကိုပဲ

ဖတ်ပြီးသားစာမျက်နှာတွေကို

မှတ်သားဖို့

ကဗျာစာအုပ်လေးကြားညှပ်ထားလိုက်တယ်

အဲဒီညနေပေါ့

ငါ့စိတ်တွေလွတ်လပ်ပေါ့ပါးပုံက

မိုးပျံပူဖောင်းတွေထက်မြင့်မားလို့

မိုးလှိုင်ည

Thursday, June 26, 2008

ဟာသ

နာနာကျင်ကျင်ဆိုတော့လည်း

ရယ်မောခြင်းက

ပိုမိုခါးသက်လို့

ဟာသတဲ့…

ဘ၀မှာကိုယ့်ကိုယ်ကို

ပြန်လှောင်ပြောင်ရတာကိုပဲ…

မိုးလှိုင်ည

ငါ့စီးကရက်ကို မလုပါနဲ့


ဆေးသားညံ့တဲ့ စီးကရက်ဗူးမှာမှ

ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို

ဆိုးရွားစွာထိခိုက်နိုင်တယ်တဲ့

စာတန်းကပြူးတူးပြဲတဲ…

မသောက်ဘဲ လွှင့်ပစ်လိုက်ဖို့က

ငါချစ်တဲ့ နီကိုတင်းတွေကိုအားနာတယ်…။

အသည်းကင်ဆာ ၊အဆုတ်ကင်ဆာ

လည်ချောင်းကင်ဆာ

သွေးကြောစီးဆင်းမှုနှေးကွေးမယ်

အမောမခံနိုင်ဘူး…

နှလုံးသွေးကြောပိတ်မယ်

စီးကရက်ကိုလူသတ်သမားလို့

စွပ်စွဲကြတာတော့ တစ်ဘက်သက်ဆန်လွန်းတယ်

စီးကရက်မသောက်တဲ့ လူတွေကောမသေတော့ဘူးလား

ကျန်းမာရေးအတွက်

လေကောင်းလေသန့်အရေးကြီးတယ်

ဟာဝိုင်ရီကမ်းခြေမှာ အိမ်ကြီးရခိုင်နဲ့

စက်မှုလုပ်ငန်းရှင်သူဌေးကြီးကပြောတယ်

သူက စီးကရက်ဆန့်ကျင်ရေးသမားတဲ့

သူ့စက်ရုံတွေက

ကာဗွန်မိုနော့ဆိုဒ်တန်ချိန်သန်းနဲ့ချီ

လေထုထဲစွန့်ပစ်ခဲ့တာထည့်ပြောမသွားဘူး…။

ဟစ်တလာက စီးကရက်မသောက်ဘူး

ဝင်စတန်ချာချီက ဆေးပြင်းလိပ်မပြတ်တမ်းဖွာတယ်

ကမ္ဘာကြီးကို ဘယ်သူကယ်တင်ခဲ့လဲ...

ခရစ်တော်ရဲ့

၁၃ယောက်မြောက်သာဝက

မာယာကော့စကီးတစ်ယောက်ကတော့

ကဗျာတစ်စရဖို့

စီးကရက်အလိပ်တစ်ရာလောက်ဖွာရတယ်လို့

အခွန်တော်မင်းနဲ့ စကားပြောခန်းမှာ

ထည့်သွင်းပြောခဲ့ဖူးတယ်…။

တစ်ခါတစ်လေတော့

ကမ္ဘာကြီးက လူပေါ်ကျော့တွေစကား

နားယောင်ပြီး

ငါ့စီးကရက်ကိုမှလာလုတယ်

ကမ္ဘာကြီးရေ

ကျွန်တော်စီးကရက်ဖြတ်မယ်…

ကျွန်တော်ဆီကတော့ကဗျာထပ်ရဖို့

မသေချာနိုင်တော့ပါ……….။

ကျွန်တော်ကို ဆေးလိပ်ဖြတ်ခိုင်းပြီး ခဏခဏပစ်ထားခဲ့တဲ့ ကောင်မဆိုးလေးတစ်ယောက်ကို ရည်ညွှန်းပါသည်။

မိုးလှိုင်ည


Wednesday, June 25, 2008

ဒီပရင်္ဂ

ပုံပြင်ထဲက မြို့လည်းမဟုတ်
ဒဏ္ဍာရီထဲက မြို့လည်းမဟုတ်
ရာဇ၀င်ထဲက မြို့တစ်မြို့
ပုဂံခေတ်ထဲက ရှိတဲ့ မြို့တစ်မြို့
လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀၀ကျော်တည်းက ရှိတဲ့မြို့တစ်မြို့
သမိုင်းဝင် မြို့တစ်မြို့။

ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်ကနတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့
ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။

အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးဝေးမှာ မူးမြစ်နဲ့
စိုက်ပျိုးရေးလုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။
သာသနိက အဆောက်အအုံတွေပေါများ
ရဟန်းပညာရှိ လူပညာရှိတွေ ထွန်းကား
တခြားမြို့တွေနဲ့ စီးပွားကူသန်းသွားလာဖို့ လွယ်ကူ
ဘိုးတော်ဘုရားလက်ထက် စစ်တမ်းတွေအရ
အစည်ကားဆုံးမြို့ ၁၂မြို့ထဲက မြို့တစ်မြို့။
အလောင်ဘုရားလက်ထက်မှာ
အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကိုစားရ
ဘိုးတော်ဘုရားလက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့မြို့ဝန်
ဘုံခန်းပျို့ဆရာ အရှင်အဂ္ဂသမာဓိ
စစ်သူကြီး မဟာဗန္ဓုလ
မုံတိုင်ပင် ဆရာအရှင်ဝံသ
အတုလ ဆရာတော် အရှင်ယသ
မြသိန်းတန် ဆရာတော်အရှင်ဇိန
အယူတော်မင်္ဂလာဦးနိုး
ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ

ဒီမြို့မှာ
မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ်
ဒီမြို့ကနေ
ကောက်ကျစ်ယုတ်မာတဲ့ မြို့ဝန်ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်
ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်
ဒီမြို့မှာ
သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်
ဒီမြို့မှာ
လူငယ်လေးတစ်ယောက်
သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်
ဒီမြို့မှာ
အမျိုးသမီးတစ်ယောက်
သေကံမရောက် သက်မပျောက်ဖြစ်ခဲ့ရတယ်
ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိခဲ့တယ်။
တစ်နေ့တော့
မိုးနည်းတဲ့ ဒီဒေသ
ဆောင်းတွင်းအခါ သမယမှာ
မိုးရွာဖို့ မဆိုထားနဲ့
မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမဲ့
ရုတ်တရက် မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကောပပျောက်သွားအောင်ရွာတဲ့ မိုးမို့
အညာအခေါ် ဆင်ရာတိမ်းမိုးတဲ့လေ။

မုံရွာ-ရေဦးလမ်းကို ဖြတ်သန်းရင်း
ဒီမြို့ကို ကားပေါ်က လှမ်းကြည့်မိတဲ့အခါ
အတိတ်တစ္ဆေက ငါ့ကို ခြောက်လှန့်နေလေရဲ့။ ။

ကြည်မောင်သန်း
ချယ်ရီမဂ္ဂဇင်း၊ဇွန်လ၊၂၀၀၈

ကဗျာဝိညာဉ် ကိုတည်ရ ဘလော့မှကူးယူဖော်ပြပါတယ်။

Wednesday, June 18, 2008

မွေးနေ့လက်ဆောင်

မဖြစ်နိုင်ဘဲ တိုက်ဆိုင်ခဲ့ကြတယ်

သူငယ်ချင်းမရေ….

အမှတ်ရခြင်းများသာထင်ကျန်ရစ်လို့

မွေးနေ့ရောက်ပြီ…

ပန်းတစ်ခင်း

သီချင်းတစ်ပုဒ်

ကော်ဖီတစ်ခွက်

ကဗျာတစ်အုပ်

မင်းဆီကိုရည်ညွှန်းပြီး

ကမ္ဘာကြီးဆီကိုပေးထားတယ်…

အဆင်ပြေတဲ့နေ့ လမ်းကြုံဝင်ယူလှည့်ပေါ့…।သူငယ်ချင်း ။


မိုးလှိုင်ည


Monday, June 16, 2008

သူဟာ

သူဟာ

ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းထဲက ရရှိလာတဲ့

ဒဏ်ရာတွေကို ကဗျာနဲ့ ကျင့်ယူသူပါ…..

သူဟာ

ဆေးရောင်စုံတဲ့ ရန်ကုန်မှာ

ဒြာဟာ ဒြာဖြစ်သလို

ဒြာဟာ ကဗျာဖြစ်တယ်လို့ ကြွေးကြော်ခဲ့ဖူးတယ်…

သူဟာ

ရိုက်ပုတ်ကြိမ်းမောင်းနေတဲ့ မိုးစက်တွေကြား

အခါခါလည်း ဟန်တင်းဖူးတယ်…

သူဟာ

လေနှင်ရာမျောပါခဲ့ရတဲ့

နွေးထွေးတဲ့ မေမေ့ရဲ့တိမ်ဆိုင်လေးလည်းဖြစ်တယ်….

သူဟာ

ကဗျာတစ်ပုဒ်ရယ် ကြီးမြတ်တဲ့ နှလုံးသားတစ်စုံရယ်နဲ့

ဖေဖော်ဝါရီ အတွက်ပေးဆပ်ခဲ့သူပါ…

သူဟာ

မိုးတိမ်တွေ ညိုမည်းတဲ့ညမှာ

လူမသိအောင် ကဗျာတွေရေးရင်း ရှိုက်ကြွေးနေသူပါ…

သူဟာ

အေးစက်တဲ့ လက်ဖျားလေးများအတွက်

အနွေးဓါတ်နဲ့ ပေးဆပ်တတ်သူလည်းဖြစ်တယ်…

သူဟာ

………..

သူဟာ

…………………

သူဟာ

…………………………………..

နှစ်ချို့ကော်ဖီတစ်ခွက်နဲ့

မြို့ပျက်ညတွေကြားက `မိုးလှိုင်ည´ သာဖြစ်တယ်..။

မိုးချစ်သူ

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...