Saturday, June 20, 2020

ဘူတာအိုလေး


 လမ်းဆုံလမ်းခွက ဘူတာအိုလေးတစ်ခုလေ

ခေတ်ကာလ ဖြတ်သွားဖြတ်လာ ရထားတွေကို

ထိုင်ငေးနေခဲ့တာပေါ့

ကူးစက်ရောဂါကြောင့် အေးစက် တိတ်ဆိတ်

ဆိုက်ကပ်ရထားတွေမရှိတဲ့အချိန်

ဖြတ်သွားဖြတ်လာ ရထားတွေအကြောင်း တွေးတောမိခဲ့ပေါ့

 

ပုံမှန်ဆိုရင် သံသရာ ရထားပေါ်က

ရောင်စုံဘဝတွေတင်ဆောင်ထားတဲ့ လော်ကယ်ရထားတွေ ဖြတ်သွားနေကျ

မနက်စောစော ကုန်စိမ်းရထားပေါ်က ‌ဈေးသည်တွေရဲ့ ဆူညံသံ

မျှစ်စို့ဖြူဖြူဖွေးဖွေးတွေကို စိတ်ထဲက လှမ်းတွေးလိုက်မိသေးတယ်

တစ်ပါတ်တစ်ခါ တအိအိ လေးလံနေတတ်တဲ့ စာပို့ရထားကြီး

ကွမ်းယာတွေ ပလုပ်ပလောင်းဝါးလို့…

တချို့အချိန်တွေတုန်းက မှိုင်းမှိုင်းဝေဝေ အရက်မူးနေတတ်တဲ့

သစ်လုံးတင်ရထားကြီး တစ်နေ့နှစ်ကြိမ်သုံးကြိမ်ဖြတ်လို့

ဘူတာအိုလေးအတွက် လက်ဆောင်တွေ ထားထားခဲ့တတ်တယ်

နယ်စပ်မြို့လေးက အမောတကော ပြေးလာတတ်တဲ့

ဝန်နဲ့အားမမျှတဲ့ မှောင်ခိုရထားလေးတွေ ပျောက်ချက်သား ကောင်းနေပြန်ပြီ

တစ်ခါတရံ မာကျောက်ကစားတတ်တဲ့

လမ်းခင်းကျောက် ရထားကြီးလည်း ရောက်ရောက်လာတတ်တယ်…

တချို့အချိန်တွေမှာတော့ ဟွန်းသံတွေ ဆူဆူညံညံနဲ့

မီးတောက်မီးလျှံ တော်လှန်ရေးရထားတွေ ဖြတ်သန်းသွားဖူးတယ်…

အာဏာရှင် ဗိုလ်ချုပ်တွေရဲ့ သံမဏိ ကြက်ခြေ အထူးရထားတွေ

ဘဝင်မြင့်မြင့် ဖြတ်သွားတာလည်း မြင်ခဲ့ဖူးတယ်

တွဲပြောင်းတွဲဆိုင်းတွေနဲ့ ချောင်ထိုးထားတဲ့ ချိတ်ပိတ်ရထားတွေလည်း

ဘူတာအိုလေးအရိပ်မှာ နေခဲ့ဖူးတယ်…

သွေးသံတရဲရဲနဲ့ အသားတွဲ ရထားတွေလည်း

ညီဟောက်နေအောက် ဘူတာအိုလေးအောက်မှ ရပ်ဖူးတယ်…

ဘူတာအိုလေးကတော့ ဘယ်သူ့ကိုမှ မောင်းမထုတ်ရက်ခဲ့ဘူး

ခြေချစရာ နေရာလပ်မရှိအောင်မှာ ဒုကသည်တွေ ပြည့်ကျပ် အိပ်စက်ခဲ့ဖူးတယ်

 ဗုံးဆံ အမြှောက်ဆံတွေ ဘူတာအိုလေး နံကြား ထိုးစိုက်ခဲ့ဖူးတယ်

 မုန်တိုင်းတွေကြား ခိုက်ခိုက်တုန်ခဲ့ဖူးသလို

 နှင်းမှုန်တွေကြား မှိုင်းဝေ လွမ်းလျှဖူးတယ်…

 တောင်တန်းတွေပေါ်က ပန်းရထားလေး အပြုံးဝေဝေနဲ့

 ရောက်ခဲ့ဖူးသလို…..

 တွန်းလွှတ်ရှန်တိန် မပြုလုပ်ရဆိုတဲ့ သဘာဝဓါတ်ငွေ့ရထားလည်း ရောက်ခဲ့ဖူးတယ်…

 လောကဓံ အတက်အဆင်းများတဲ့ ဘဝသံသရာ ရထားကြီးကတော့

 တစ်နေ့ကျ မင်းကိုပါ တင်ဆောင်သွားမယ်ဆိုပြီး ပြုံးဖြီးဖြီးနဲ့ ထွက်ခွာသွားလေရဲ့…။

 

မိုးလှိုင်ည


Thursday, June 18, 2020

တစ်ကိုယ်တော် မူဝါဒ


 

စာနာခြင်းအတွက် သစ်ပင်တွေစိုက်မယ်

မြို့ကြီးတွေနဲ့ဝေးဝေးနေမယ်

အငြင်းအခုန်တွေ စွန့်လွှတ်လိုက်မယ်

ထွေထွေပြားပြား အမှန်တရားတွေရှာမနေတော့ဘူး

ကိုယ်က ဘာမှပိုကောင်းအောင် မလုပ်နိုင်ပေမယ့်

ဘာမှ ပိုမဆိုးအောင်လဲ လုပ်နိုင်သေးတယ်

နေရောင်ခြည်အောက်မှာ

အရောင်ပြောင်းလဲတတ်တဲ့ တိမ်တွေကို

ဘာမှမတွေးပဲငေးမယ်...

သဘာဝတရားကို ပန်းချီကားတွေ

ဓါတ်ပုံတွေထဲကပဲ မကြည့်တော့ဘူး

အနီးစပ်ဆုံး မြက်ပင်လေးကအစ

ကိုယ်နားလည်ဖို့ကြိုးစားမယ်…

တောင်ပေါ်က လွင့်ပျံ့လာတဲ့

တရားသံတွေ နားထောင်ရင်း

မနက်ခင်းတိုင်းမှာ အေးအေးလူလူစာဖတ်မယ်

သွားနှင့်သူတွေလဲ ငြိမ်းငြိမ်းချမ်းချမ်းသွားကြပါစေ

ကျန်ရစ်ခဲ့သူတွေလဲ ငြိမ်းငြိမ်းချမ်းချမ်း ကျန်ခဲ့ပါစေ

ရေရေရာရာ ကိုယ်နားမလည်ပေမယ့်

ဘဝကနေပျော်မှာပါ…။

 

မိုးလှိုင်ည

 

 

 


Tuesday, June 2, 2020

အိမ်တွင်းအောင်းရင်း..။



ဖတ်လက်စ စာအုပ်ကိုချထားပြီး
ကော်ဖီထဖျော်တယ်
ရေနွေးဆူဆူထဲ လက်ဖက်ခြောက်ထပ်ထဲ့တယ်
ဘာရေးရင်ကောင်းမလဲ စဉ်းစားတယ်
ဘာမှမရေးတာ ပိုကောင်းတယ်လို့
တွေးရင်းပြုံးမိတယ်
မိတ်ဆွေတစ်ယောက်က ဖုန်းဆက်ပြီး လှမ်းမေးတယ်
ဘာလုပ်နေလဲတဲ့
အရင်အလုပ်ပဲလေလို့ ဖြေလိုက်တယ်
အရင်က ဘာလုပ်လဲဆိုတော့ ဘာမှမလုပ်ဘူး
စာရေးတဲ့ ကြွက်တစ်ကောင်လို့
ကိုယ့်ကိုယ်ကို ခေါ်ခဲ့ဖူးတယ်
အခုတော့ ကြွက်အိုကြီးလေ
တီဗွီချန်နယ်တွေ တစ်ခုပြီး တစ်ခုလျှောက်ပြောင်းတယ်
ကိုယ်တစ်ယောက်တည်း ဟောင်းမြင်းသွားတာလား
လမ်းပေါ်မှာ မျက်နှာဖုံးစွပ်နဲ့လူတွေ
တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်ဖို့ ကြောက်နေရတယ်
ယဉ်ကျေးမှုတွေ ပုံစံပြောင်းသွားပြီလား
နေရောင်ခြည်ဟာ နည်းနည်းတော့ နောက်ကျနေပါပြီ…။

မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...