Monday, February 20, 2012

အချိန်တွေက ရပ်နေတယ်


ကမန်းကတမ်း နံရံပေါ်က နာရီကို

လှမ်းကြည့်လိုက်တော့….

နာရီကရပ်နေတယ်…

ဒါဆို ဘယ်အချိန်ရှိမှန်း မသိနိုင်တော့ဘူးပေါ့

နာရီက အကြောင်းတခုခုနဲ့ ရပ်သွားတာနဲ့

အကျိုးအရ အချိန်ဟာ အဲဒီမှာမရှိတော့ဘူး

သေချာတယ်…

မသေချာဘူး…

အချိန်ဆိုတာ မသေချာတဲ့ သေချာခြင်းတစ်ခုပဲလား

“ အချိန်ဆိုတာ ရပ်နေတဲ့ အရာ

လူတွေက ရွေ့နေတာ

ခေတ်တွေ အဖြစ်အပျက်တွေ ရွေ့နေတာ

စင်္ကြာဝဠာကြီးကရွေ့နေတာလို့”

ဘန်အိုခရီရေးဖူးတယ်

အချိန်ဟာ နာရီမှာ မရှိတော့ရင်လို့

ငါဆက်စဉ်းစားတယ်

ပြကဒိန်ပေါ်မှာလား

စင်္ကြာဝဠာပေါ်မှာလား

အချိန်ဟာ ၀ိဥာဉ်လိုပဲ

ဟိုနေရာမှာ တွယ်မှီလိုက်

ဒီနေရာမှာ တွယ်မှီလိုက်နဲ့

အချိန်ဟာ တစ်နေရာနဲ့တစ်နေရာ ကွာခြားနေပြန်တယ်

ဘ၀၊ အချိန်၊ လောကဟာ ခက်တယ် ငါနားမလည်နိုင်ဘူး…။

နားမလည်နိုင်ဘူးဆိုတာကို နားလည်လိုက်မိတဲ့ ခဏ

ခဏဟာလည်း အချိန်တစ်မျိုးပဲ

“ အချိန်အကြောင်းဆို ပညာရှင်တွေ သိပ်ဖွင့်ဆိုချင်တယ်တဲ့

ရစ်ချတ်ဖိုင်းမန်းတစ်ယောက်ပဲ နားမလည်ဘူးလို့ ၀န်ခံသတဲ့

ထွန်းဝေမြင့်ရေးခဲ့ဖူးတယ်”

အဲဒါဘယ်တုန်းကလဲ…

အဲဒီအချိန်ဟာ ကျန်ခဲ့ပြီလား

ပြန်လာဦးမှာလား

သံသရာလည်သလို အချိန်ဟာလည်းလည်လို့

အချိန်ကိုယ်တိုင်က သံသရာပဲလား

ညနေခင်းလင်းနေတဲ့ နေရာင်ထဲမှာ

လည်နေတဲ့ နာရီတစ်လုံးကို

အစိမ်းရောင် ကန်ရေပြင်ထဲပြစ်ချလိုက်တယ်…။


နွေအာရုံဦး

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...