Pages

Tuesday, April 28, 2009

နာဂစ်အလွန် ၃၆၅


နာဂစ်တဲ့
အဖြစ်အပျက်အလွန်
၃၆၅ရက်ထဲ….

နှလုံးသားကိုဆွဲဖွင့်
ဇာတ်လမ်းတိုတစ်ပုဒ်လို
အမြန်ဆွဲရစ်ကြည့်တော့

မနှစ်က ဒီအချိန်
လေတိုက်နှုန်းကမိုင်တစ်ရာ့နှစ်ဆယ်
ဒီလှိုင်းကအမြင့်၁၂ပေနဲ့
ငါတို့ အားလုံးရဲ့
မြစ်ဝကျွန်းပေါ်စုံးစုံးမြုပ်ခဲ့ရတယ်

လူဦးရေသုံးသိန်း
မုန်းတိုင်းဒီရေထဲမှာ စတေးခဲ့ရတယ်
မြို့တွေရွာတွေ
အကုန်ပျက်လို့
နာဂစ်ဟာငါတို့ ဘ၀ထဲက
ကမ္ဘာစစ်….

အနာဂါတ်ဆိုတာ
ပင်လယ်ထဲပျောက်ကျသွားတဲ့
ပုလဲတစ်လုံး…

ကမ္ဘာအရပ်ရပ်က
မြန်မာလူငယ်တွေ
မြန်မာပြည်အနှံ့အပြားကလူငယ်တွေ

ဧရာတိုင်းထဲက ချောင်းမြောင်းတွေထဲ
ဝင်ရောက်လာခဲ့…
စက်လှေတွေပေါ်မှာပဲ ညအိပ်ညနေ
မုန်းတိုင်းထဲက ကျန်ရစ်သူတွေ
ဆက်လက်ရှင်သန်ဖို့…

အစားအစာ ရေသန့်
ဆေးဝါး အ၀တ်အထည်
တတ်နိုင်သလောက်ကူ
ကိုယ်ထိလက်ရောက်ဖေးမ…

နာမကျန်းဖြစ်သူတွေကိုကုသ
စိတ်ကျနေသူကိုအားပေး…
ဘယ်သူမှမပေးတဲ့တာဝန်ကို
အနစ်နာခံပေးဆပ်လို့

ကမ္ဘာကြီးထဲက ဆရာကြီးတွေက
အိုက်တင်ကြီတခမ်းတနားနဲ့
ဖိုက်စတားဟိုတယ်ကြီးတွေမှာ
ငြင်းခုံနေတုန်း…
နာဂစ်ကြောင့် လူငယ်တွေရောက်လာတယ်
အဲဒါ မြန်မာလူငယ်တွေပဲ
အမျိုးသားရေးမို့ အမျိုးသားချင်းဖေးမ
အဲဒီ့မျိုးဆက်ကို ငါဦးညွတ်ခဲ့ပါတယ်…

မြစ်ဝကျွန်းပေါ်ချောင်းကျဉ်းထဲက
ဆန်တင်ဖားကူးကို အတင်းဆင်းတွန်းနေတဲ့
လူငယ်တွေ…
ခြေသလုံးသားအထိ ဗွက်ထိနေတဲ့ကွင်းထဲ
အိမ်ဆောက်ပေးနေတဲ့ လူငယ်တွေ…

ကံဆိုးတဲ့ဇာတ်လမ်းတစ်ပုဒ်ထဲ
မေတ္တာတရားတွေလင်းလက်လို့
အခု ကမ္ဘာကြီးမေ့တော့မယ့်အချိန်
ငါတို့ နာဂစ်ကို မမေ့ခဲ့ဘူး…။
ငါတို့ကမ္ဘာစစ်ကို ငါတို့မမေ့ဘူး…။
ပင်လယ်ကခေါ်သွားတဲ့ရုပ်နာမ်နှစ်ပါးတွေအတွက်
ကောင်းမှုတွေပေးဝေဖို့
နာဂစ်ကြောင့် သင်ကိုယ်တိုင်လှုဒါန်းဖြစ်ခဲ့ရင်
ဒီကဗျာနဲ့ အမျှဝေပါ….။

မိုးလှိုင်ည