Pages

Tuesday, January 31, 2012

စက်ချုပ်သမား ရန်ကုန် (မောင်ချောနွယ်)

မနက်မိုးလင်းပြီဆိုတာနဲ့ပဲ

လူတွေကတော့ သူတို့အလုပ် သူတို့ဒုက္ခတွေ

ခါးထစ်ခွင်ကျ၊

ခေါင်းပေါ်က ခံတောင်းထဲထည့်ကျ၊

ဟော ခံတောင်းထဲက ငါးအရှင်လတ်လတ်တစ်ကောင်

ကားပေါ် ထွက်ကျ၊

ခါးထစ်ခွင်ပေါ်က ကလေးကငို

ကောင်မလေးတွေက ခုန်ရှောင်

လူကြီးတွေက ရယ်ကြ

လမ်း ၅၀ မှာ

ငါးက ကားပေါ်က ဆင်းမလို့ ထင်ပါရဲ့

ဂေါ်ကီရပ်ကွက်က လာကြတာတွေလေ

လန်ဒန်အရှေ့ပိုင်းကလည်း ဖြစ်နိုင်ပေသေးရဲ့

ကိုကိုကလေ

မနက်မျက်နှာသစ် ရေမိုးသန့်စင်ပြီးရင်

ကိုကာကိုလာ တစ်ဗူးသောက်မယ်

အဲဒါမှ အာခံတွင်းကနေ ကြာညိုနံ့သင်းနေမယ်

ပြီးရင် ဂွတ်မောနင်းကိတ် စားမယ်

ကမ္ဘာကြီးအတွက်ပါ ကိုကို့အတွက် မဟုတ်ပါဘူး

ဟား ဟား ဟား

ဒီလိုအတွဲကလေးကလည်း

မြို့တော်ကို စိုပြေစေသလိုပေါ့လေ

ပန်းကလေးတွေကတော့

ပျော်လို့ပေါ့လေ

မကြာခင် သခင်မဆီရောက်မယ်၊

မကြာခင် ဘုရားသခင်ဆီမှာ ဆည်းကပ်ရမယ်၊

. . . ကတော့ ပျော်တယ်

လိပ်စာပေးထားနော်

နောက်လည်း ဆုံကြရအောင်

တီးတိုးကလေးများ

စကားတွေဖွဲ့ကြလို့သာ

ပျော်ကြရှာ။

ရုန်းထား ရုန်းထား

ရုံးသမားရေ

ရုန်းထားရမှာပဲ

ရုံးသမားတွေလည်းပါရဲ့။

ဒါ ရန်ကုန်လေ

မြို့ကြီးသား ရန်ကုန်လေ၊

ကဖီးဆိုင်တွေ ဖွင့်ကုန်ကြပြီ

စက်ချုပ်သမား ရန်ကုန်လည်း

သူ့စက်ခေါင်းကို ဖွင့်ပေါ့၊

မနေ့ညက အပ်ထည်လေးကို ဘယ်လိုညှပ်မယ်

ဘယ်လို ချုပ်သီမယ်

ဘယ်လို ဘီတင်ဖောက်မယ်၊

ဘယ်လို ဇာနားကွပ်မယ်၊

စက်ချုပ်သမားရန်ကုန်

စဉ်းစားပြီး

လူတွေကပဲ ကူစဉ်းစားသလိုလို

စဉ်းစားပြီးရင်း စဉ်းစား

စိတ်ကူးဒီဇိုင်းရရင်

ရင်ထဲပျော်

ရှေ့က နက်စ်ကော်ဖီကို တစ်ငုံငုံ

လန်ဒန်စီးကရက်ကို တစ်ကိုက်ခဲ

ဆိုင်ရှေ့က ဖြတ်သွားကြတဲ့ ခေတ်လူငယ်

အပျိုကလေးတွေကိုကြည့်

လက်ဖက်ရည်သုံးခွက်ဗျို့လို့ အော်လိုက်တဲ့

စားပွဲထိုး ခေတ်လူငယ်ကလေးရဲ့ အသံမှာ

ရန်ကုန်မျက်လုံးပွင့်ပြီးကျယ်သုဉ်း

အော်

မြို့ကြီးကို စားပွဲထိုးနေရပြီပေါ့ကွယ်။

အရောင်စုံ အသွေးစုံ အသားစုံ အသံစုံ

ရန်ကုန်၊

ရန်ကုန်ဟာ ရန်ကုန်မှာပဲ မွေးတယ်

ရန်ကုန်ဟာ ရန်ကုန်မှာပဲ ကြီးတယ်

ရန်ကုန်ဟာ ကမ္ဘာ့မြို့ကြီးတွေနဲ့

ရင်ဘောင်တန်းပြီး ရပ်တည်တယ်

ရန်ကုန်ဟာ သွေးကြီးတယ်

သူ့ကိုယ်သူ မြို့ကြီးသားလို့ အမြဲတမ်း ခံယူတယ်

မီးသီးအဝါတွေ

မီးသီးအပြာတွေ

မီးသီးအဖြူတွေ

မီးသီးအနီတွေဟာ

လူတွေလို့ ရန်ကုန်က ခံယူတယ်

နေ့ရော ညရော ထွန်းလင်းတယ်

သူသဘောကျတယ်

ရန်ကုန်က သူ့ရင်ဘတ်ကြီးထဲ

လူမီးသီးတွေ လာထွန်းလင်းဖြာဝေတာကို

ပီတိဖြစ်တယ်၊ သဘောကျတယ်၊

တုန်ခါမယ်

မိုးခါမယ်

ရန်ကုန်မိုးဟာ

ရန်ကုန်လို သာယာသွားမယ်

ရန်ကုန်မှာ ဆောင်းမရှိဘူး

ရန်ကုန်မှာ နွေမရှိဘူး

ရန်ကုန်မှာ မိုးပဲရှိတယ်

ရန်ကုန်မှာ မိုး

မန္တလေးမှာ နွေ

ပြည်မှာဆောင်းလို့ ဆိုကြတယ် မဟုတ်လား

တကယ်ပဲ

ရန်ကုန်မိုးကတော့

မူယာမာယာတွေများတယ်

ရွာတာတောင်မှ ဥာဏ်နီဥာဏ်နက်တွေ

ဥာဏ်ပြာဥာဏ်ဝါတွေများတယ်

မိုးမှမိုး

ရန်ကုန်အရသာဟာ မိုးမှမိုးပါပဲ။

သိပါတယ် ရန်ကုန်

ငြိပါတယ် ရန်ကုန်ရယ်

ဗိုက်ခေါက်ထူထူ ဝတ်ကောင်းစားလှတွေ

ဆိုင်ထဲဝင်လာကြပြန်ပြီ၊

ရောင်စုံကာလာပေါ့၊

ဘဲသားဖတ်၊ ဆိတ်သားဖတ်တွေ မှာစားကြ

မုန့်ဘူးလေးထဲထည့်

ခေတ်လူငယ် ကျောင်းသားလေးတွေ

ခုန်ပေါက်လို့၊

မေမေ ဆရာမဖို့ မုန့်ဝယ်သွားရအုံးမယ်လေ

အေး အေး သား

ဂွတ်တမောနင်း ကိတ်တစ်လုံးဆို

လုံလောက်ပါပြီ

ဒါမှမဟုတ် အေအန်တီကိတ်

တစ်လုံးလုံးပေါ့လေ

မေမေ ဝယ်ခဲ့ပြီ သားတို့ရေ တဲ့

အောင်မြင်တဲ့ လေသံမှာ

ရန်ကုန်မြို့ကြီးလည်း တံခါးဖွင့်ပြီ

ဂျိမ်း ဂျိမ်း ဂျိမ်း ဂျိမ်း

ဂျုံး ဂျုံး ဂျုံး ဂျုံး

ရထားဥဩမှုတ်သံလည်း ချလာပြန်ပြီ

မြို့ကြီးထဲ

မြို့ကြီးကို ဝယ်ခဲ့တဲ့ မီးရထားတွေ

အဝေးရပ်က တင်လာတဲ့ မီးရထားသံတွေ

ကုမ္ပဏီတံခါးဖွင့်သံတွေ

ဈေးတွေ၊ ဈေးတွေမှာလဲ

ဈေးသည် ဈေးဝယ်တွေ

ငှက်အုပ် ဆင်အုပ်တွေ

ပြိုဆင်းလာသလို ပြိုဆင်းလာကြ

ဂျပန်ဖိနပ် နောက်မြီးပြတ်နဲ့

ကုန်ထမ်းသမား အပြေးအလွှား

စည်ပင်တံမြက်လှည်းသမား

အပြေးအလွှား

နက်ကတိုင်တွေ အင်္ကျီတွေ

အထည်တွေ၊ ဘွတ်ဖိနပ်တွေ

ကတ္တီပါစတွေ၊ ခက်ရင်းနဲ့ ဇွန်းတွေ

ပန်းကန်တွေ၊ ပိတ်သားရောင်စုံတွေ

အသံတွေ မြန်လာကြပြီ

အရုပ်တွေ မြန်လာကြပြီ

လူ၏ထင်ရှားမှုတွေ မြန်လာကြပြီ

အောင်ဇေယျ ထွက်ခွာမယ်

ဗန္ဓုလ ဆိုက်ကပ်မယ်

လူတွေ လူတွေ အပြေးအလွှား

ပန်းဆိုးတန်းဆိပ်ကမ်းမှာ

ချီတက်လာကြ

ပြေးဆင်းသွားကြ

ဝမ်းစာဆီကပ်ပွဲ

ဝမ်းစာပြေးပြိုင်ပွဲ

ပင်လယ်ကူး သင်္ဘောကြီးတွေ ရပ်တချို့

ဝင်လာခုတ်မောင်းတချို့

တည်ငြိမ်လို့၊

ဒီလိုနဲ့ ရန်ကုန်စက်ချုပ်သမား

တစ်နေကုန် တဂျုန်းဂျုန်းချုပ်

တစ်နေကုန် တကုန်းကုန်းချုပ်

ဟော ညနေရီ မိုးချုပ်စပြုလာပြီ

မာကျူရီမီးတွေ ထွန်းကား

ကားမီးရောင်စုံတွေ ထွန်းကား

အရက်ဘားတွေ ကျူးရင့်ဖွင့်သီ

နိုက်ကလပ်တွေ ဖူးပွင့်တင့်ပြီ

ကဲ

မြို့ကြီးသား စက်ချုပ်သမားရန်ကုန်ရေ

ညမြို့ကြီးကို ဘီတင်ဖောက်လိုက်ပါတော့

နို့မို့ဆို

မင်းကို အမှောက်သောက်သွားပေလိမ့်မယ်

ဟော

ရွှေပေါက္ကံကို အရောက်ပြန်မယ်

ဘတ်စ်ကားကို ရဲရဲတိုးစီး

ဘတ်စ်ကားကို မီးဖိုကြီးလိုလှုံကာ

ရန်ကုန်ရေ တာ့ တာနော် တဲ့ ။ ။

မောင်ချောနွယ်

Sunday, January 29, 2012

လူအ


ကိုယ်က ဘ၀မှာ ရောင်းစရာလည်း

ဘာမှမပါသလို

ဝယ်စရာလည်း ဘာမှမရှိဘူး

ကိုယ့်ထုတ်လုပ်မှုတွေဟာ

နံရံပေါ်ချိတ်ဆွဲလို့မရသလို

ပြတိုက်ထဲထည့်သိမ်းဖို့လည်း

အရာမ၀င်ဘူး

ကိုယ့်တည်ဆောက်မှုတွေဟာ

တစ်ကိုယ်ရည်တစ်ကာယတောင်

မလုံခြုံတတ်လို့

ကိုယ်ဟာ သစ်တစ်ပင်ကောင်းမဟုတ်ခဲ့ဘူး

မတတ်သာလို့ ခြုံနွယ်ပိတ်ပေါင်းလို

ခုတ်ထွင်ခံခဲ့ရတာလည်း ခဏခဏ

ကိုယ့်အရသာဟာ

လျှာဖျားနဲ့ နားနဲ့ မျက်စိပသာဒနဲ့

ထိစမ်းလို့မရ

နှလုံးသားနဲ့ စိတ်လုံခြုံရေး

ကိုယ်ဝန်ဆောင်မှုဟာ

ဘယ်လိုတန်ကြေးမှလည်း မရှိပြန်ဘူး

ကိုယ်က တခြားသူတွေအတိုင်းပဲ

ရူးသွပ်တတ်တယ် မိုက်မဲတတ်တယ်

ဖြောင့်မတ်တတ်တယ် ခိုင်မြဲတတ်တယ်

ဒါပေမယ့်

ကိုယ်က ရွှေမဖြစ် ငွေမဖြစ်

ဝါကျလေး တစ်ကြောင်းတစ်လေ

ထားပစ်ခဲ့ရုံသာ…။


မိုးလှိုင်ည

ရထား (မောင်ချောနွယ်)




အမြဲတမ်း နောက်ကျသူ နာရီအိုကြီးလို့
အမြဲတမ်း နောက်ကျနေသူ နာရီအိုကြီးကို တင်ဆောင်ကာ
ရထားထွက်ခဲ့ပြီ။
ကုန်းဘောင်ခေတ် ဘူတာကို
ထားခဲ့၊
အထီးကျန်ရဲတိုက်ကို
ထားခဲ့၊
လေတွေနဲ့အိမ်ထောင်ရက်သားကျသူ
တောင်သမန်အင်းကို
ထားခဲ့၊
သားပျက်ကျသူ သပြေတန်းကို
ထားခဲ့၊
စစ်ပင်ကြီးကိုင်းပြီး တံတားဖြစ်နေတာကို
ထားခဲ့၊
ရထားလာခဲ့ပြီ။

လောကီကြောင်းသမားလေး ရထားလေ
ရထားသွားမှာက
မြစ်မောင်နှံ သစ္စာထားတဲ့အရပ်၊
အဲသည်မှာက
နေဟာလည်း မျက်ဖြူလန်လို့၊

အဲသည်မှာက
တချို့မြစ်တွေဟာလည်း
အနားယူလို့ပေါ့။

အဲသည်မှာက
တောင်ခိုးနဲ့တိမ်တွေ
လင်ခန်းမယားခန်း အနေအထိုင်တွေကလည်းရှိ၊

အဲသည်မှာက
လဟာပြင်
တောင်တန်းနဲ့မြူတွေ
လူလိုသူလို အနေအထိုင်တွေကလည်းရှိ၊

အဲသည်မှာက
အောင်မြင်စွာ ဆုတ်ခွာခြင်းနဲ့ ကမ္ဘာကျော်ခဲ့
ခုတော့ မုဆိုးမလေးဘ၀ရောက်ရသူ
ကမ္ဘာကျော် လီဒိုလမ်းမလည်းရှိ၊

အဲသည်မှာက
ကမ္ဘာမြေ ရင်ဘတ်ထဲက အသည်းနှလုံးဟာ
အစိမ်းရောင် အသွေးအသားရှိ
သခင်ရှာ သခင်ရှားတဲ့ ရတနာတွေ ဘာတွေဖြစ်
အဲသည် ရတနာတွေက
အပျိုဖော်ဝင်ကြ
အပျိုသွေးကြွကြ
ရည်းစားသနာထားကြ
(ကမ္ဘာနဲ့ လူသားနဲ့ပေါ့)
ပြီး -
လင်ယူကြ သားမွေးကြ
မြွေတွေ တွင်းဝင်ဖြောင့်သလို
လျောခနဲ၊
ကြောင်တွေ ပေါ့ပါးသလို ပေါ့ပါးကြ၊
ဆင်တွေလို ခွန်အားဗလ ပြည့်ဝကြတာလည်း
ရှိသပေါ့၊

အဲသည်မှာ
လောကဓံတရားကလည်း ဂျပ်ခုတ်ပုဆိုးယက်နေသမို့
ရထားဟာ
အဲသည်ကို ချစ်တယ်ပေါ့၊

ရထားက
အဲသည်ကို စွဲလမ်းတယ်ပေါ့ ၊

ရထားက
အဲသည်မှာ ပျော်တယ်ပေါ့ ၊

ရထားရင်ခေါင်းထဲ
ဘယ်လိုရာသီဥတု ရောက်နေသလဲ
လူတွေ လူတွေ
မသိကြချေဘူး၊

ရထားအပေါ် ဗိုလ်ကျစိုးမိုးပြီး
ကိုယ်လိုရာခရီး ရောက်ဖို့ပဲ
စိတ်တွေ
စောနေကြ
ရထားလာခဲ့ပြီလေ။

ရထားပေါ်မှာ
ဗုံသံတွေထဲ
ကျွံကျခဲ့သူ လူငယ်တစ်ယောက်လည်းပါရှိ၊

အဲသည်လူငယ်က ဖြားယောင်းခဲ့လို့မို့
ဆရာဝန်ဘ၀ မေ့ခဲ့ရသူ
ကောင်မလေးတစ်ယောက်လည်းပါရှိ

ရထားတွဲတစ်တွဲလုံး
ငေါက်ငမ်းသူလည်းပါရှိ၊

နွားပွဲပြန် အရက်မူးတောသား
စကားတဖောင်ဖောင်လည်းပါရှိ၊

မြို့တစ်မြို့လုံး
ဝယ်ချမ်း စားသောက်ခဲ့သူလည်းပါရှိ

ဆယ်ဘ၀ပြောင်းလည်း
သစ္စာမရနိုင်သူလည်းပါရှိ

အရက်မသောက်လိုက်ရတဲ့
မြို့တစ်မြို့လည်းပါရှိ၊

“ငွေကို ရေချိုးချမှ ရောဂါပျောက်တယ်ဗျ” လို့ပြောပြီး
အမှန်တကယ်
နလန်ထလာသူလည်း ပါရှိ၊

ကားလည်းမရှိ အိမ်လည်းမရှိ
အင်္ကျီလည်းမရှိ
မရှိသူလည်းပါရှိ

မကောင်းမပြောချင်ပေမယ့်
ပြောလိုက်မိပါရဲ့
သုံးလင်ပြောင်းလိုက်တဲ့ မိန်းမလည်းပါရှိ၊
သုံးကျောင်းပြောင်းတဲ့ ရဟန်းလည်းပါရှိသပေါ့၊

ဘယ်တောဝင်ဝင်
ဘယ်တောင်တက်တက်
အရောင်မပြောင်းဘူးဆိုတဲ့
ကင်းလိပ်ချောလည်းပါရှိ၊

ကိုယ်ကျိုးစွန့်သူ
သူဆင်းရဲသားလေးလည်းပါရှိ
ဒေသထွက် ရာသီစာလေးတွေလည်းပါရှိ
ကမ္ဘာသုံး ဘာသာစကားပြောတတ်ရုံနဲ့
အနုပညာရပြီလို့
ဘ၀င်မြောက်နေတဲ့သူလည်းပါရှိ၊

ကြေးစားဘ၀မှာ နူဝဲသူနဲ့
သူ့ရဲ့ကိုယ်နံ့လည်းပါရှိ

မုဆိုးခြုံက မယားနဲ့ကွဲနေသူလည်းပါရှိ

နွားခိုးဘိန်းစားနဲ့ ဘုရားတကာလည်း
ပါရှိခဲ့တယ်ပေါ့
ရထားလာခဲ့ပြီ။

ရေနစ်နေတဲ့ ကျောက်ခဲရဲ့
တသွင်သွင် မျက်ရည်လည်းပါရှိ

ခါးတောင်းကျိုက်ပြုတ်ကျတဲ့
ချောတိုင်တက်သမားလည်းပါရှိ

ရထားဟာ
ကုန်သည်လေမှန်တွေကိုလည်း
သယ်ဆောင်လာခဲ့ရ

ရထားဟာ
ရွှေဘိုမြင်းပေါက်စတွေကိုလည်း
သယ်ဆောင်လာခဲ့ရ

ရထားဟာ
ကြက်ခြင်းနဲ့ကြက်ခြင်းထဲက ကြက်တွေကိုလည်း
သယ်ဆောင်လာခဲ့ရ

ရထားဟာ
သဲကန္တာရ အသွင်ပြောင်း နေထိုင်တဲ့
ပင်လယ်ကိုလည်း
သယ်ဆောင်လာခဲ့ရ

ရထားဟာ
မြို့အရက် တောအရက်တွေကို
အားပေး သောက်သုံးခဲ့ရ
သယ်ဆောင်လာခဲ့ရ

ရထားဟာ
ညအနေအထိုင်နဲ့ နေ့တွေကို
သယ်ဆောင်လာခဲ့ရ

ရထားဟာ
သူဖြတ်ကျော် နင်းမိသမျှ
တံတားတွေကိုလည်း
သူပြန်တင်ဆောက်လာခဲ့ရ

ရထားဟာ
သူကြည့်မိသမျှ
ရှုမျှော်ခင်းတွေ
အဲသည် ရှုမျှော်ခင်းတွေကိုပါ
သူပြန်တင်ဆောင်ခဲ့ရ

ရထားဟာ
သူ့ခေါင်းပေါ်က
ကိလေသာတိမ်တိုက်တွေကိုလည်း
တင်ဆောင်လာခဲ့ရ

ရထားဟာ
သူ့အောက်က
သိမ်ငယ်စိတ်မွေးတဲ့ ချောင်းပေါက်စတွေကိုလည်း
တင်ဆောင်လာခဲ့ရ

ရထားဟာ
သူ့ဘေးဝဲယာက
လောကပါလ တောင်တန်းတွေကိုလည်း
တင်ဆောင်လာခဲ့ရ

ရထားဟာ
လောကီကြောင်းသမားဆိုတော့
မိုင်းမနင်းမိအောင်လည်း
ခမျာမှာ သတိကထားရသေးသပေါ့၊

ဒါပေမယ့်
ရထားလာခဲ့ပါတယ်။

သည်လိုနဲ့
ရထားဟာ
ရုပ်ရည် သနားကမားမြို့တွေ
ချိုင်းချွေးစော်နံတဲ့ အိုးအိမ်တိုက်တာတွေ
အသံကောင်းတဲ့ တောအုပ်တွေ
အမြဲစိမ်းတောနဲ့ ရွက်ကြွေတော
ကိုယ်လက်နှီးနှောကြ ဒေသတေါ
ဖားတို့ရဲ့ သြဂတ်စတာ လယ်ကွင်းတွေ
သစ်ခုတ်သမား လက်စွမ်းပြ
တောပြောင်ပြောင်တွေ
ပေါင်မုန့်မီးကင်ထားသလို
မြို့တွေ
မုန့်လေပွေလို ရွာတွေ
ရထားဟာ
ဘဏ်စာရေးတစ်ယောက် ငွေတွေရေတွက်သလို
တစ်မြို့ပြီး တစ်မြို့ ရေတွက်
တစ်ခုပြီးတစ်ခု ရေတွက်
တစ်တောင်ပြီးတစ်တောင်ရေတွက်
အားလုံးကို ရေတွက်
ရထားခရီးဆက်ခဲ့တယ်ပေါ့။

သည်လိုနဲ့
ရထားဟာ
နဘားဆိုတဲ့
အပ်နဖားပေါက်ကလေးတစ်ပေါက်မှာ
မျက်နှာသစ်ပြီးတဲ့နောက်
ရှေ့ခရီးဆက်မယ်လို့
ရေထိတဲ့ကြောင် အမွှေးခါသလို
သူ့ကိုယ်ကို လှုပ်ခါလိုက်ချိန်မှာ

နှစ်သုံးဆယ်လုံးလုံး ပျောက်ဆုံးနေတဲ့
မြို့တစ်မြို့
ဘီးလှိမ့်စ ရထားပေါ်
ဖျတ်ခနဲ ခုန်တက်လိုက်ပါ
ရထားပေါ် ရထားပါလာခဲ့တာကိုပဲ
ရထားပေါ် ရထားတင်ခဲ့ရတာကိုပဲ

ရထား
စိတ်ပျက်ခဲ့တယ်
ရထားလာခဲ့ပြီ။ ။
မောင်ချောနွယ်
၁၉၉၀

Saturday, January 28, 2012

အရသာမရှိတဲ့ အချိန်တွေ..

လက်ထဲက စီးကရက်မီးခိုးတွေက..

တဝေ့ဝေ့ တက်သွားတယ်

စားပွဲပေါ်က ကော်ဖီခွက်က

ရေခိုးတွေက တငွေ့ငွေ့တက်လာတယ်

ဘာကိုမှ မခံစားရတော့ဘူး

လူဘ၀နဲ့ပါတ်သတ်လို့….

တကယ်ဆို ဒီလိုနေ့တွေ တည့်တည့်ဆုံမိရက်သားပေါ့

လူသားဆန်တယ်ဆိုတာ လူမဆန်ချင်တတ်တာလည်း

ပါချင်ပါမှာပေါ့…

စီရင်ချက်တွေအတိုင်းဆို…

ဆိုင်းငံ့ သေဒဏ်တွေနဲ့ချည်း ဘ၀ပါ

လွတ်မြောက် ငြိမ်းချမ်းရာဆီ အသွား

လမ်းညွှန်ဆိုင်းဘုတ် အမှားတွေများတယ်…

ပိုက်ဆံ လူသားဘ၀ စိုးရိမ်သောကများ

သေရည်သေရည် လိင်မှုကိစ္စစည်းစိမ်များ

ဒုက္ခ ဒဏ်ရာ ဘ၀အဓိပါယ်…

ပစ်ပယ်ထားတဲ့ အတ္တသန်မာထွားကျိုင်းပြီးတဲ့နောက်

ခံစားမှုမဲ့လာတဲ့ ဘဝ

မလွတ်မြောက်နိုင်တဲ့ သေခြင်းနဲ့ အကြိမ်ကြိမ်သေခဲ့ပြီး…။


မိုးလှိုင်ည

Tuesday, January 24, 2012

ဓါတ်တိုင်ဝင်စားတဲ့ လူ

လမ်းတွေကိုထွန်းလင်းပြဖို့ပါပဲ

ဘယ်ခရီးမှငါမသွားဖူးဘူး…

တချို့ကမသိလိုက်မသိဘာသာပေါ့

ငါ့အောက်ကဖြတ်လျှောက်တယ်

တချို့က ငါ့ကိုမော့ကြည့်ပြီးမှ

ငါ့ထက်ပိုလင်းတဲ့အရပ်ကို

ထွက်ခွာသွားပေါ့….။

တခါတရံ

ငါ့ကိုယ်ငါ မှောင်မိုက်မိတဲ့အခါ

တချို့ရဲ့ဆဲရေးသံတွေ လွင့်ပျံလာခဲ့တယ်

ငါဟာဓါတ်တိုင်ပါ….

ဘယ်ခရီးမှငါမသွားဘူး…

လမ်းတွေကိုထွန်းလင်းပြဖို့ပဲ

ငါ့ဆီမှာအသက်ရှိတယ်လို့

တစ်ယောက်ယောက်ကယူဆလိုက်တဲ့နေ့မှာ

ငါသေဆုံးသွားခဲ့တယ်

ငါဟာဓါတ်တိုင်ဝင်စားတဲ့လူဖြစ်လို့…။


မိုးလှိုင်ည