Thursday, January 2, 2014

ဘီလူးဂမုန်း




မအောင်မြင်တဲ့ဘူတာစဉ်တွေနဲ့
မဆုံးနိုင်တဲ့ဇလီဖားတုံးတွေကို
ခေါင်းငိုက်စိုက်ဖြတ်သန်း
ကိန်းစစ်မျဉ်းတန်းဘယ်ဘက်ခြမ်းကို
ဆုတ်ခွာနေရတဲ့ကိန်းဂဏ္ဍန်းတစ်လုံး

လိပ်တကောင်လို
ဖြစ်ခြင်း အခွံကြီးကိုလည်း စွပ်မထားလို…
အရေပြားရောဂါသည်တယောက်လို
ပျက်ခြင်း အရေပြားကြီးကိုလည်း ခြုံမထားလို..

ငါဟာ သွေးနဲ့လောင်းစိုက်ရတဲ့
အပင်တပင်…
ငါဟာ မကောင်းဆိုဝါးအထပ်ထပ်စောင့်ကြပ်တဲ့
အပင်း တပင်း…

ငါ့ သင်္ဘောပျက်ထဲ ငါငုပ်ခဲ့တယ်
ငါ့ ရေတွင်းပျက်ထဲ ငါဆင်းခဲ့တယ်။ 
 

သစ်ကောင်းအိမ်
( ဇန္နဝါရီ။ ၂၀၁၄ )

မင်္ဂလာပါနှစ်သစ်




နံနက်လင်းတော့
ရေပုပ်မြောင်းထဲ
ကွန်ဒုံးအဟောင်းလို
ပေါလောမျောလို့….

ပြီးခဲ့တဲ့နှစ်က
ဆဒမ်ဟူစိန်ကို ကြိုးမိန့်ပေးခဲ့တယ်
အာဏာရှင်စနစ်ကို ကြိုးမပေးနိုင်သေးဘူး
ငွေကြာရံမှာ သွေးပွက်ပွက်လျှံခဲ့တယ်
ငမိုးရိပ်ချောင်းမှာ
သံဃာတော်ရုပ်အလောင်းတွေ
မျောခဲ့တယ်

တိရိစ္ဆာန်ရုံထဲက
တောရိုင်းသတ္တ၀ါတွေကို
လွတ်ငြိမ်းချမ်းသာခွင့်ပေးချင်တယ်
လူ့တိရိစ္ဆာန်တွေကို ခြံခတ်ပြီး ပြပွဲလုပ်မယ်

မပြီးသေးဘူး
လမ်းပေါ်က
လိင်တူအခွင့်အရေး ချီတက်ပွဲတွေ
မပြီးသေးဘူး
အီရတ်စစ်ပွဲ မပြီးသေးဘူး
ရွှေဝါရောင်တော်လှန်ရေး မပြီးသေးဘူး
ပိရမစ်ကပြီးပြီ
ဆေးစီရင်လို့မပြီးသေးဘူး။

ဆိုဟာတို ရှောသွားတာ အကြောင်းမဟုတ်ဘူး
ငါတို့ရှင်သန်နေတာက ပြဿနာ။

အနာမျိုး ၉၆ ပါး မကပေမယ့်
နာရေးကြော်ငြာက ၉၆ပါးသာဆန့်ခဲ့

အနှစ်မဲ့နှစ်တွေထဲ နှစ်ခဲ့
နှစ်များ
မနှစ်ကနဲ့လည်း မတူခဲ့
မနှစ်ကနဲ့လည်း တူခဲ့…..

အသေခံဖောက်ခွဲရေးသမားရဲ့
ဂျာကင်အောက်က
အမောဖောက်နေတဲ့
ဗုံးတစ်လုံးရဲ့ ဒုလ္လဘမှာ
ခင်ဗျားနဲ့ ကျွန်တော်ဆုံခဲ့ကြတာ
ဝမ်းသာမဆုံး ဖြစ်ရတယ်။ ။

သစ်ကောင်းအိမ်
(၁-၂-၂၀၀၈ မှာ အဆုံးသတ်ဖြစ်တယ်)

Tuesday, December 31, 2013

ဒီဇင်ဘာ ၃၁။





ဖြစ်ပြန်ပြီ…
ဒီလို ဒီဇင်ဘာ ၃၁ဆိုရင် ကိုယ်ကအူလည်လည်နဲ့
သူတို့ကပဲ ခေတ်မကုန်တာလား
ကိုယ်ကပဲ အသက်မကုန်တာလည်း
အားလုံး အော်အော်နေကြတဲ့
ဟက်ပီးနယူးရီးယားဆိုတာ
ကိုယ်တွေအတွက် တကယ်ဟက်ပီးလို့လား…
ကဗျာကို စာရွက်ပေါ်မှာမရေးတာထက်
ဘာပိုထူးခြားလာမှာလည်း…
လက်ဆွဲလည်းမနှုတ်ဆက်ချင်
ဖန်ခွက်နှုတ်ခမ်းချင်းလည်းမတေ့…
ပြက္ခဒိန်တွေကို ကိုယ်မေ့နေချင်တယ်…
အပြောင်းအလဲတွေရွေ့သွားတာလား
သံသရာတွေလည်နေတာလား…
ကိုယ်ကတော့ အစကတည်း
အကြံအဖန်များတဲ့ ရန်ကုန်မှာနေတယ်
အရင်တုန်းကတော့ တောသားတွေမြို့တက်လာတာပဲ
အခုတော့ ဂျပန်တွေရွာထဲဝင်လာသလိုလို
အင်္ဂလိပ်တွေတက်သိမ်းသလိုလို…
တရုတ်ကိုပြေးပြေးဖက်တဲ့
တရုတ်ပြေးဖက်တွေနဲ့…
အမေရိကန်တွေရောက်လာရင်တပြုံးပြုံး
အမေရိကန်ပြုံးပြုံးတွေနဲ့
၂၀၁၃လည်းပြီးသွားပြီ…
၂၀၁၄ကော ပြီးသွားမှာပါ…
၂၀၁၅ကော အင်း ပြီးသွားမှာပါ..
တအင်းအင်းနဲ့ ပြီးသွားမှာတွေ ပြီးသွားပြီးတဲ့နောက်…
ကိုယ့်ဖျာလေးကိုယ်လိပ် ကိုယ့်အခေါင်းထဲကိုယ်ဝင်
စိတ်ဝိဥာဏ်မှာမှတ် နောက်မြန်မာပြည်ဘက် စုမတေနဲ့ဆိုတာ…။


မိုးလှိုင်ည

Saturday, December 21, 2013

အလွမ်း။



ပုံမှန်နေ့လေးတစ်နေ့ပါပဲ…
ကိုယ်တိတ်တိတ်ဆိတ်ဆိတ်
မိုးချုပ်သွားတာကို မသိလိုက်မသိဘာသာ
အလွမ်းဆိုတာလည်း
အဲဒီလိုပဲ မသိလိုက်မသိဘာသာ
နာကျင်သွားခဲ့ရတာပဲ…
နာရီကိုလှမ်းကြည့်လိုက်
ဒိုင်ယာရီထဲက
 ပြက္ခဒိန်မှာအမှတ်အသားလေးလုပ်လိုက်
ပြီးတော့ ကော်ဖီသောက်ရင်း
စီးကရက်ဖွာရင်း
လိုင်းကားစောင့်ရင်း
မေ့လျော့သွားတာပဲ
အလွမ်းတဲ့လေ…
တစ်ခါတစ်လေ  
မြစ်ဘက်ကဖြတ်တိုက်လာတဲ့လေပြေတွေလို
အေးအေးစက်စက်
တစ်ခါတစ်လေ
မထင်မှတ်ပဲရွာချတဲ့ မိုးလိုရုတ်ရုတ်သဲသဲ
လူဆိုတာကလည်း
နေ့တဓူဝထဲလူးလာနေရတာ
ကားရှေ့လေကာမှန်က၀ိုင်ဘာတွေလို
တဖျပ်ဖျပ်လှုပ်ခတ်လို့…
အလွမ်းတဲ့လေ…
တစ်ခါတစ်လေ ရုတ်တရက်ဆပ်ပြာရည်ဖြန်းလိုက်သလို
လေးအေးစက်နဲ့ ငြိမ်နေတဲ့အခန်းထဲ
လေမွှေးဘူးက ရုတ်တရက်ရှုးခနဲထမြည်သလို…
မထင်မှတ်ဘဲနဲ့ နှလုံးရပ်မတတ်အလန့်တကြား
ကိုယ်မဖျားချင်တော့ဘူး
ပုံမှန်နှလုံးသားထဲမှာ ချိန်ကိုက်ဗုံးလို
ပုန်းပုန်းမနေပါနဲ့ အလွမ်းရယ်။

မိုးလှိုင်ည

Thursday, December 19, 2013

ဆူရှီသမားလိပ်တဲ့ကဗျာ



မြက်ကလေးတွေ တပင်ချင်းစီက
ပရေရီမြက်ခင်းကြီးဖြစ်ခဲ့တာ
အဲဒါ ငါဘာသာငါ လျှောက်ပြောနေတာ


ရှင့်သတင်းနားထောင်ဖို့
ရေဒီယိုထဲ ဓာတ်ခဲထည့်ရမယ်
အရပ်ထဲ ထမိန်လှည့်ပေါင်နေရတယ်.
...ကိုကိုရေ

ခင်ဗျားရေးတာတွေကို
လူတွေနားမလည်ဘူး
(အင်းပါ….)
ခွေးကလေးတွေကိုပဲ နို့ပေးစို့လိုက်တော့မယ်

ကြုံလို့ပြောပြတာပါ
မဝေးတော့တဲ့တလံမှာ
၂၀၁၀ဇာတ်ခုံတော်ကြီးတောင်
ရုံတင်ဖြစ်တော့မယ်ထင်တယ်နော်

ဝယ်တိုင်းရမယ်ဆို
ငါ့အမေကို ငါပြန်ဝယ်မယ်
လေထန်ကုန်း ညနေခင်းတွေကို
ငါပြန်ဝယ်မယ်
ထုံထောင်းက
ဒေးမူရဲ့ ကျောက်စားပွဲလေးကို
ငါပြန်ဝယ်မယ်
ကိုယ့်မိသားစုလေးကိုလည်း
ကိုယ်ပြန်ဝယ်မှာပေါ့

ကြိမ်ဒဏ်တွေပြီးမှ
နောက်ကျောကို
လက်ခုပ်သံတွေရောက်လာတတ်စမြဲ
ငါ့သွေးငါ
မထေမဲ့မြင် လျှာနဲ့ရက်
ချိုမြိန်လှချေရဲ့

ပြီးပါပြီ………..လို့
ဘယ်သူတွေစာတန်းထိုးထိုး
အရိုးတွန်သံတွေမဆုံးဘူး
ကိုယ့်လူတို့ ။



( ၃ရက် ။ မတ်လ။ ၂၀၀၉)

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...