Sunday, December 15, 2013

ဒီလမ်းတွေက လျှောက်လို့မဆုံးဘူး။




ဗိုလ်ချုပ်လမ်းအတိုင်းလျှောက်လာပြီး
ဗိုလ်အောင်ကျော်လမ်းပေါ်ကွေ့လိုက်တယ်…
တစ်ယောက်ယောက်များတွေ့မလားလို့
ဘယ်သူမှ ရှိမနေဖူး…
စကားတစ်ခွန်းခွန်းများ ကျန်ခဲ့မလားလို့ နံရံတွေလှမ်းလို့ကြည့်မိတယ်
ကက်သလစ်ဘုရားကျောင်းကြီး
စိန်ပေါအထက
ဝန်ကြီးများရုံး…
ကိုလိုနီအရိပ်ကြီးမိုးလို့…
ရက်ရက်စက်စက် ဖက်ဆစ်တပ်တွေဗုံးကျဲချသလို
ကန်ထရိုက်တိုက်တွေ အပြိုင်းအရိုင်းကုန်းရုန်းထ
ရန်ကုန်မြစ်ကြီးလို ညစ်တီးညစ်ပါတ်ပလက်ဖောင်း
ကိုယ် နှစ်သုံးဆယ်လျှောက်လို့မပြီးသေးဘူး…
ဖိနပ်တွေ တစ်ရံပြီးတစ်ရံပြောင်းတယ်…
ဦးထုပ်တွေ တစ်မျိုးပြီးတစ်မျိုးဆောင်းတယ်
ထီးတွေ တစ်ချောင်းပြီးတစ်ချောင်း လဲကိုင်ခဲ့တာပဲ…
ဒီပလက်ဖောင်းတွေ ခဏခဏပြင်ပြီး
ဘယ်တော့မှလည်း အကောင်းအတိုင်းမရှိ…
စဉ်းစားကြည့်ရင်မတိုက်သေးတဲ့ ခလုတ်နဲ့လည်း
ကိုယ်ကကြိုတင်မိတ်ဖွဲ့ချင်တတ်တယ်…
လွယ်မယ်ထင်တဲ့ လမ်းကိုရွေးခဲ့တာပဲ
မလွယ်ဖူးထင်လို့ နောက်ဆုတ်လို့မလွယ်…
ကိုယ်သယ်လာတဲ့ ဒုက္ခတွေက
ပြက္ခဒိန် ဂဏန်းတွေနဲ့အတူ တိုးတိုးလာတယ်
ဘ၀မှာလျှော့ရက် ဘယ်လောက်ရမှာလည်း
ဒီလမ်းတွေကလျှောက်ရင်းလျှောက်ရင်းမဆုံးတော့ဘူး…။

မိုးလှိုင်ည

Saturday, December 7, 2013

တောင်အာဖရိက ကကိုယ်နဲ့ဝေးတယ်။






တောင်အာဖရိက ကကိုယ်နဲ့ဝေးပါတယ်
ကိုယ်နဲ့ဝေးတာပါ တော်တော်လေးကိုဝေးပါတယ်
ယဉ်ကျေးမှုအရအရော
ဆက်သွယ်မှုအရရော…
မြန်မာသံရုံး တောင်အာဖရိကမှာရှိမရှိ
မြန်မာပြည်မှာကော တောင်အာဖရိကသံရုံးရှိမရှိ…
ကိုယ်မသိဘူး။
တောင်အာဖရိက ကိုယ်နဲ့ဝေးတယ်
တောင်အာဖရိက ပြည်သူတွေကတော့
အမှောင်ထဲမှာ ကိုယ်တို့နဲ့အတူတူဖြတ်သန်းဖူးတယ်
ခေတ်ချင်းက မတိမ်းမယိမ်း
သူတို့က ကိုယ်တွေထက်ပိုမှောင်သလို
သူတို့ထောင်တွေက ကိုယ်တွေထက်ပိုကျဉ်းမလား
တောင်အာဖရိကဟာ လူမည်းတို့ရဲ့သမိုင်း
အိမ်ဖြူတော်ပေါ်ကို အိုဘားမားမတက်ခင်…
လီယိုတော်စတွိုင်း အိုင်ဒီယိုလိုဂျီနဲ့
မဟတ္တမဂန္ဒီ မာတင်လူသာကင်း
နယ်ဆင်မင်ဒဲလား…
မတရားမှုဟာ ဥပဒေဖြစ်လာတဲ့အခါ
တော်လှန်ပုန်ကန်မှုဟာ တရားမှုဖြစ်လာတယ်။
အရပ်မြင့်မြင့် ဒေါင်ကောင်းကောင်း
တောင်အာဖရိကကို အရိပ်မိုးပေးခဲ့တဲ့
အဲဒီတော်လှန်ရေးသမားဟောင်းကြီးက ပြောတယ်။
တောင်အာဖရိကနဲ့ ကိုယ်ကဝေးပါတယ်
မင်ဒဲလားကြီးနဲ့တော့ရင်ထဲမှာနီးတယ်…
အန်ကယ်ဟို လို
တိန့်ရှောင်ဖိန်လို
ဂိုဘာချော့လ်လို
ဂန္ဒီလို…
အောင်ဆန်းလို
ကမ္ဘာနဲ့ချီအောင်ရိုးဖြောင့်သူလို့… ကိုယ်ယုံကြည်တယ်
တောင်အာဖရိကဟာ မင်ဒဲလားကြောင့် အဖမမဲ့ခဲ့ပါဘူး…။

မိုးလှိုင်ည

Wednesday, November 13, 2013

ဆူရှီသမားလိပ်တဲ့ကဗျာ(၂)



အီရတ်မှာ
သမ္မတကြီးဘုရှ်
ဖိပ်နပ်ပေါက်ခံရတုံးကလည်း လိပ်ခဲ့တယ်
ဝါရှင်တန်ဒီစီမှာ ဘားရက်အိုဘားမားနဲ့
ဒေါ်မေငြိမ်းဓာတ်ပုံတွဲရိုက်တော့လည်း
လိပ်ခဲ့တယ်

လိပ်ခဲ့တယ်
မြောက်ကယ်လိုရိုင်းနားမှာ လိပ်ခဲ့တယ်
ဝက်စ်ဗာဂျီးနီးယားမှာ လိပ်ခဲ့တယ်
ကယ်လီဖိုးနီးယားမှာ လိပ်ခဲ့တယ်

လိပ်တယ်
ပက်လက်လှန်ထားတဲ့လိပ်တကောင်လို
ယက်ကန်ယက်ကန် လိပ်တယ်

လိပ်တယ်
ဇက်ကြိုးဆောင့်ဆွဲခံရတဲ့ မြင်းတကောင်လို
ပတပ်ရပ်ပြီးလိပ်တယ်

လိပ်တယ်
ငါးပိသွားကိုင်မိတဲ့မျောက်တကောင်လို
ပျာယာခတ်တောက်လောင်ပြီး လိပ်တယ်

အလိပ်ထဲ လိပ်စာတွေပျောက်နေတယ်
အလိပ်ထဲ တောတွေမှောက်နေတယ်

လိပ်တယ်
မိုင်ပေါင်းသောင်းချီဝေးတဲ့အဝေး
ဖုန်းထဲက သားလေးပေးတဲ့မွှေးမွှေးကို
လိပ်တယ်
ကောင်မလေးအေးရဲ့
ညာနားရွက်နောက်ကအသားပိုလေးကို
လိပ်တယ်
ပွဲလန့်ချိန် ဖျာလိပ်ထမ်းစောင့်နေတဲ့
ငနဲတွေကိုလိပ်တယ်
မျက်နှာဖြူတွေတိုင်းပြည်မှာ
မျက်ဖြူလန်ပြီးလိပ်တယ်

မိုးလင်းထဲကစဉ်းစားမိတာလိပ်ဖို့ပါပဲ
လိပ်မှာပဲ လိပ်မှာပဲ
ငါ့ကိုလာလာမတားနဲ့....
အဲလက်စ်ရဲ့စားမှာပဲ..သီချင်းကို ကော်ပီလုပ်ဆိုရင်း
လိပ်တယ်

ဘယ်လျှောက်လည်နေသလဲ
လိုက်ရှာတော့
ခွေးအိုကြီးတကောင်ရဲ့ခြေရင်းမှာ
ဝပ်ဆင်းနေတဲ့ဝဋ်ကို လိပ်တယ်

အလိပ်ထဲ လိပ်ဝင်နေတဲ့နေ့ညတွေ
အလိပ်ထဲ လိမ့်ဆင်းနေတဲ့သွေးချွေးတွေ

ဝရုန်းသုန်းကားထိုးရပ်နေတဲ့
ယန္တရားအိုကြီးတလုံးထဲ
အရစ်ပြုန်းတဲ့အထိ
လည်ပင်းညှစ်ခံရတော့မယ့်ဝက်အူတလုံး
ငါ့မှာ မအိပ်ခင်လိပ်ရဦးမယ့်ခရီးတွေနဲ့

ငွေတန်းစစ်မျက်နှာ တနေရာမှာ
ရွပ်ရွပ်ချွံချွံငါလိပ်ခဲ့ပါတယ်။ ။

သစ်ကောင်းအိမ်
(၄ရက် ၊ ဖေဖော်ဝါရီ၊ ၂၀၀၉)

Monday, October 21, 2013

ကမ္ဘာကြီးဟာ ဘယ်တော့မှ ဘာမှမဖြစ်ဘူး ကိုယ်သိတယ်။





တစ်ခါလာလည်း တစ်ခုခုဖြစ်မှာဆိုးတာမျိုးတွေ
တစ်ခါလာလည်း ဘ၀ဟာသွားပြီ…
ကမ္ဘာဟာပျက်ပြီ…
ရန်ကုန်ဟာ နယ်မြို့လေး..
အချိန်တန်ရင်လည်း ရေအောက်ထဲရောက်သွားမှာ
အိုဇုန်းလွှာတွေပေါက်နေပြီ…
ရေခဲတောင်တွေပျောက်နေပြီ…
အပူလှိုင်းတွေဖြတ်နေပြီ…
ဆူနာမီနာဂစ်တွေ ကတ်ထရီနာတွေ…
ဂျပန်နူကလီယားဓါတ်ပေါင်းဖိုကြီး ငလျင်ကြားမှာ
ကျကွဲသွားတယ်…
သက်ရှိတွေ…အတ္တနဲ့ အစိုးရိမ်ကြီးသမျှ…
ကမ္ဘာကြီးကတော့ ဘယ်တော့မှဘာမှမဖြစ်ဘူး….
ကမ္ဘာကြီးမှာ စည်းမျဉ်းတစ်ခုပဲ ရှိတယ်…
နေချင်နေ သေချင်သေ..
အဲဒီတစ်ခုပဲ… ကမ္ဘာကြီးဟာ နေဖို့သေဖို့အတွက်အမြဲရှိတယ်
ဒိုင်နိုဆောတွေလည်း သေတာပဲ…
မျောက်ဝံတွေလည်းသေတာပဲ
ဆင်တွေလည်းသေတာပဲ…
မျောက်တူလူတူတွေပဲသေတာပဲ
ရောမအင်ပိုင်ရာလည်းသေတာပဲ…
အာသောက အင်ပိုင်ရာလည်း သေတာပဲ
ကူဗလိုင်ခန်ကော ဒေါက်တာဆွန်ယက်ဆင်ကော
ဂျော့ဝါရှင်တန်ရော
နေမ၀င်အင်ပါရာကော…
ကမ္ဘာပေါ်မှာ ဘယ်သူမသေဘူးရှိပါလိမ့်
သစ်ပင်တွေလည်းသေတာပဲ
တောင်တွေလည်းသေတာပဲ
ပင်လယ်တွေလည်းရေနစ်သေတာပဲ
မီးတောင်တွေလည်းသေတာပဲ….
ကမ္ဘာကြီးသိတယ်.. ကမ္ဘာကြီးဘာမှမဖြစ်ဘူး
ဆွဲငင်အားရှိရှိ မရှိရှိ…
ရေကိုရှာတွေ့မတွေ့…
အက်တမ်တွေမော်လီကျူးတွေ နူကလိယာတွေ…
ဘယ်ကြိုးဝိုင်းထဲမှာဘေးမဲ့ပေးထားမလည်း…
အခုကမ္ဘာကြီးရှိနေတယ်.. ခင်ဗျားရှိနေတယ်..
သက်ရှိတွေရှိနေတယ်…။
ကမ္ဘာကြီးသိတယ်… တစ်ချိန်ချိန်အားလုံး သေသွားကြမှာ
သိပ်အပင်ပန်းမခံပါနဲ့….
ခင်ဗျားရဲ့မော်လီကျူးတွေ အက်တမ်တွေ. နူကလိယတွေ…။
သိပ်အပင်ပန်းမခံပါနဲ့
ခင်ဗျားရဲ့
ဝိဥာဏ်၊နာမ်ရုပ်၊ဖဿ၊ဝေဒနာ…။

မိုးလှိုင်ည

Wednesday, October 9, 2013

မိုးနေ့ဟောင်းများ



လာတုန်းကတော့ အုန်းရေသောက်ရုံ
ခရုခွံကောက်ရုံသက်သက်

မင်းကမ်းစပ်မှာ
လက်ပမ်းကျတဲ့ပင်လယ်
မင်းကမ်းခြေမှာ ရေတိမ်နစ်တဲ့ပင်လယ်

လာတုံးကတော့ အုန်းရေသောက်ရုံ
ခရုခွံကောက်ရုံသက်သက်

မင်းစဥ့်တီတုံးပေါ်
အရှင်လတ်လတ်ငါးတကောင်သေငယ်ဇောငင်သလို ပင်လယ်
မင်းကောင်းကင်အောက်မှာ
လှိုင်းတွေနဲ့ဘောင်ဘင်ခတ်
မှန်တချပ်လိုဖျပ်ဖျပ်လူးကျကွဲနေတဲ့ ပင်လယ်

မင်းမျက်နှာအနေအထားသာ
ငါ့အတွက် လောကဓံတရားဆိုတဲ့ ပင်လယ်
မင်းမုန်တိုင်းတွေမှာ
အဘိဓမ္မာဆရာတယောက်လိုငိုကြွေးပြီး
မင်းလေညင်းတွေမှာ
ကလေးငယ်တယောက်လို ရယ်မောပျော်ရွှင်သူပင်လယ်

ပျင်းရိငြီးငွေ့ဖွယ် မင်းနေ့တွေမှာ
စင်ရော်တွေကိုပျံသန်းခိုင်းပြီး
လင်းပိုင်တွေကို မြူးတူးဆော့ကစားစေသူ ပင်လယ်

လပြည့်လကွယ်ညရောက်တိုင်း
ရေသူမတွေကိုဖန်ဆင်း
မင်းခြေတော်ရင်းမှာ ဝပ်ဆင်းခံစားစေသူပင်လယ်

မင်းအနမ်းမှာပဲ
ကိုယ့်ကိုယ်ကို ငါးမန်းစာကျွေးပစ်ချင်တဲ့ပင်လယ်
မင်းသေနတ်ထဲမှာပဲ
အသက်စွန့်ရတဲ့ ကျည်ဆံတတောင့်ဖြစ်ချင်တဲ့ ပင်လယ်
မင်းရာဇဝင်မှာပဲ
ပုဂံမြို့ဟောင်းဖြစ်ချင်တဲ့ပင်လယ်
မင်းလက်ဝါးကပ်တိုင်မှာပဲ
သူတော်စင် ငါဖြစ်ချင်တဲ့ပင်လယ်

လာတုံးက အုန်းရေသောက်ရုံ
ခရုခွံကောာက်ရုံသက်သက်

သစ်ကောင်းအိမ်

(၂၀၀၉ )

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...