Saturday, May 29, 2010

မိုးစက်မှုန်ဝေ

လေကာမှန်က ရေငွေ့တွေပျံပြီး မှုန်ဝါးနေတယ်

ရှေ့ မီးကြီးတွေ အကုန်လုံးထွန်းထားကြပြီ..

မိုးစက်တွေက အရာအားလုံးကို တဖြောင်းဖြောင်းရိုက်ချ

ဝေါကနဲ.. ဝေါခနဲ..၊

ဘယ်ဟာအမှန် ဘယ်ဟာအမှားလည်း

ရင်ဘတ်ထဲမှာမိုးများနေတယ်

လမ်းတွေကိုမြှင့်လိုက်တော့

အိမ်တွေထဲရေတွေအကုန်စီးဝင်လာတယ်

ခြေတွေအားလုံး ထိုင်ခုံတွေပေါ်ထင်ထားလိုက်ကြတယ်

စိုထိုင်းဆတွေမြင့်တက်လာခဲ့

မိုးစက်တွေဖွေးဖွေးလှုပ်ကျနေတယ်

ကန်ရေပြင်ကလည်းစိတ်ကစားလို့

နောက်ကျောကအသံတွေ

နောက်လှည်မကြည့်ပဲကြားရသလို

ကျန်ခဲ့တဲ့နှစ်တွေကို ပြက္ခဒိန်ပြန်မလှန်ပဲ မှတ်မိနေတယ်

နင်တွေးနေမယ့် အတိုင်း ငါနဲ့ ခုံတန်းပြာလေးစိုစွတ်နေတုန်းလေ..

ကမ္ဘာဦးကတည်းကမိုးတွေ အခုထိသည်းတုန်း

နှုတ်ခမ်းတွေ ပြာလာတဲ့အထိ လက်ဖ၀ါးတွေတွန့်ကြေလာတဲ့အထိ

ပြတင်းမှန်လေးကနေ အပြင်ကိုငေးတော့

နီယွန်မီးတိုင်အောက်က မိုးစက်မိုးပေါက်တွေအလှ

ပန်းချီကားထဲဘယ်လိုဆွဲထည့်လို့ရမလည်း

အပျော်တမ်းငါ့ကင်မရာလေးထဲဖိုးကပ်စ်ခဏခဏဖြတ်မိတယ်

တစ်ချက်တစ်ချစ် နင့်ကိုလိပ်ပြာလွင့်မတတ်လွမ်းတယ်...

မိုးစက်မှုန်ဝေ..

ငါ့အတွေးထဲ အဲဒီနာမည်လေးလာပေါ်တယ်

ငါကို့မေ့မပစ်ချင်လို့ နင့်နာမည်မှာ ညသတ်ထည့်လိုက်တာလား

အဲဒီလိုတွေးမိတဲ့ခဏ ရင်ထဲကို မိုးဖွဲတွေကျလာတယ်


မိုးလှိုင်ည


Tuesday, May 25, 2010

ပြူတင်းဘေး တစ်ဖက်တစ်ချက် လေညှင်းထဲ…

တစ်ချက်တစ်ချက် ဆံပင်တွေကို ဖြတ်တိုက်သွားတယ်…
လေးညှင်းဖြည်းဖြည်း…
တိုက် အမြင့်ကြီးပေါ်က နှစ်ကာလအဝေးကြီးကို ငေးရင်း
အသက်တွေ သိပ်ကြီးနေပြီလားလို့…
ငြီးငွေ့မှုဟာ သွေးထဲကို စိတ္တဇတွေဖောက်ထည့်နေတယ်
မီးတွေရောင်စုံလင်းနေတာ မီးတစ်ပွင့်မှ မလင်းတဲ့ညတွေကို
မမှတ်မိသလိုမျိုး
ချွေတာရေး အစီအစဉ်တွေထဲ အသက်ရှင်စရိတ်တွေကြီးမြင့်ချိန်
ငယ်ငယ်တုန်းကတော့ အိမ်ငယ်ငယ်လေးထဲမှာ ပျော်ဖူး
အဘွားခူးကျွေးတဲ့ ကန်စွန်းရွက် ချဉ်ဟင်းပူပူနဲ့
ဝါးကြမ်းခင်းပေါ်ကနေ ကန်စွန်းခင်းထဲငေးရင်း
ညီအစ်ကိုမောင်နှမတစ်တွေ ငြင်းခုန်ခဲ့တာ
စပါးကြီးမြွေကြီးကိုတွေ့တော့ တစ်ယောက်လက်တွေကို
တစ်ယောက်ဆုပ်ကိုင်လို့…. အားကိုးတကြီး
လေညှင်းက ခန်းဆီလိုက်ကာတွေကို တဖျတ်ဖျတ်
တီဗီချန်နယ်တွေ တစ်ခုပြီးတစ်ခုပြောင်း
ငယ်ငယ်က ဇာတ်လမ်းဟောင်းလေးတွေ လိုက်ရှာနေမိတယ်
လိပ်ပြာတောင်ပံခတ်သံလို ကမ္ဘာအရပ်ရပ်က ညီအစ်ကိုမောင်နှမတစ်တွေ
ဖြည်းဖြည်းဖွဖွ အသက်ရှုသံတွေနဲ့ အိပ်ပျော်နေမလား…
လေညှင်းနဲ့အတူ လွမ်းစိတ်တွေလွှတ်တင်လိုက်တယ်
ချန်နယ် H ကသူတို့ ဖန်သားအိပ်မက်မှာ ပေါ်ပါ့မလား…။


မိုးလှိုင်ည

Saturday, May 22, 2010

၂၀၁၂ မှာ ကမ္ဘာပျက်မှာလား


အမေး။ ။ အရှင်ဘုရား ၂၀၁၀ ဇန်န၀ါရီလ (၁၅)ရက်နေ့မှ အကြာမြင့်ဆုံး နေကြတ်မှု ဖြစ်ပေါ်မယ်။ နေကြတ်ခြင်းကြောင့် (၂၀၁၂)ခုနှစ်၊ဒီဇင်ဘာလအတွင်းမှာ ကမ္ဘာပျက်ကိန်း ဖြစ်နိုင်ချေ ရှိတယ်လို့ နိုင်ငံကျော် ဗေဒပညာရှင်တစ်ဦးက ဟောကိန်းထုတ်ထားပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အင်တာနက် စာမျက်နှာပေါ်မှာ သတင်းတွေ ပြန့်နေပါပြီ ဘုရား။ တပည့်တော် သိချင်တာက ဗေဒပညာရှင်များ ပြောဆို ယူဆနေသလို (၂၀၁၂)ခုနှစ်မှာ ကမ္ဘာပျက်မယ်ဆိုတာ မှန်/မမှန် သိချင်ပါတယ်ဘုရား။

မောင်ဇော်မျိုး

ရန်ကုန်



အဖြေ။ ။ ဒီပြဿနာနဲ့ပတ်သက်ပြီး ဖြေရမယ်ဆိုရင် သိစရာမှန်က မကျန်ရအောင် အလုံးစုံကို သိမြင်တော်မူပြီးဖြစ်တဲ့ သဗ္ဗညုတဥာဏ်ပိုင်ရှင် ဘုရားရှင်ရဲ့ စကားတော်အတိုင်း ဖြေကြားရမှာဖြစ်ပါတယ်။
ကမ္ဘာပျက်တာနဲ့ ပတ်သက်ပြီး တစ်ကမ္ဘာရဲ့သက်တမ်းကို နှစ်ပေါင်းဘယ်လောက်ကြာမယ်ဆိုတာ ဂဏန်းသင်္ချာနဲ့ မရေတွက်နိုင်ပါ။ ကြံဆပြီး သိရမယ့်အရာသာ ဖြစ်ပါတယ်။ ဘယ်လို ကြံဆရမလဲဆိုရင်….အလျား၊ အနံ၊ အမြင့် တစ်ယူဇနာရှိတဲ့ တိုက်ခန်း ၊ ဂိုဒေါင်ကြီးအတွင်းမှာ အလွန်သေးငယ်တဲ့ မုန်ညင်းဖြူစေ့လေးတွေကို အပြည့်ထည့်ထားလိုက်ပါ။ နှစ်ပေါင်းတစ်ရာကြာရင် မုန်ညင်းဖြူစေ့ တစ်စေ့ယူထုတ်ပစ်ရပါမယ်။ ဒီလိုနည်းနဲ့ ယူထုတ်ပစ်လို့ ဂိုဒေါင်ကြီးအတွင်းက မုန်ညင်းစေ့သာ ကုန်သွားမယ်။ တစ်ကမ္ဘာရဲ့ သက်တမ်း မကုန်ဆုံးသေးပါဘူး၊ လို့ ကြံဆပြီး သိရပါ့မယ်။
ဒီအမေးအတွက် ကမ္ဘာအမျိုးအစားကို ပြောမှ ပြည့်စုံမှာပါ။ ကမ္ဘာနဲ့ပတ်သက်ပြီး ဘုရားပွင့်တဲ့ကမ္ဘာကိုတော့ အသုညကမ္ဘာလို့ ခေါ်ပါတယ်။ ဘုရားမပွင့်တဲ့ ကမ္ဘာကိုတော့ သုညကမ္ဘာ လို့ ခေါ်ပါတယ်။ဘုရားပွင့်တဲ့ အသုညကမ္ဘာက (၅)မျိုး၊ ဘုရားမပွင့်တဲ့ သုညကမ္ဘာက (၁)မျိုး ဆိုပြီး ပေါင်းလိုက်တော့ ကမ္ဘာအမျိုး (၆)မျိုး ရှိပါတယ်။
ဘုရားပွင့်တဲ့ ကမ္ဘာငါးမျိုးက ဘုရားတစ်ဆူသာ ပွင့်တဲ့ ကမ္ဘာကို သာရကမ္ဘာ လို့ ခေါ်ပါတယ်။ နှစ်ဆူပွင့်တဲ့ ကမ္ဘာက မဏ္ဍကမ္ဘာပါ။ သုံးဆူပွင့်တာက ၀ရကမ္ဘာဖြစ်တယ်။ လေးဆူပွင့်တာက သာရမဏ္ဍကမ္ဘာ ဖြစ်ပြီး၊ ငါးဆူပွင့်တာက ဘဒ္ဒကမ္ဘာဖြစ်ပါတယ်။
ယနေ့ လူသားများ နေထိုင်ကြတဲ့ ကမ္ဘာကတော့ ဘဒ္ဒကမ္ဘာ ပါ။။ ဘဒ္ဒကမ္ဘာမှ ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ၊ အရိမေတ္တေယျ၊ ဘုရား ငါးဆူ ပွင့်တော်မူပါမယ်။ ယခုအခါ လေးဆူမြောက် ပွင့်တော်မူပြီးတာက ဂေါတမမြတ်စွာဘုရားပါ။ နောင်ပွင့်မှာက အရိမေတ္တေယျ ဘုရားရှင်တစ်ဆူ ကျန်ပါသေးတယ်။ ထိုဘုရားရှင် ပွင့်တော်မူပြီးမှ ကမ္ဘာပျက်မှာပါ။ ဒီကြားထဲ အရိမေတ္တေယျ ဘုရားရှင် မပွင့်သေးသမျှ ကာလပတ်လုံး ကမ္ဘာမပျက်နိုင်သေးပါဘူး။
ဒါကြောင့် ဗေဒပညာရှင်များရဲ့ အဆိုအရ ယခုလာမဲ့ (၂၀၁၂)မှာ ကမ္ဘာပျက်ကိန်း ရှိတယ်ဆိုတာ လုံးဝ မဟုတ်ပါကြောင်း ၊ ထိုသတင်းနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ လုံးဝ မရှိကြောင်း အဖြေပေးလိုက်ရပါတယ်။



ဆရာတော် ဦးကောဝိဒ(မြိတ်) ရေးသားတဲ့ အွန်လိုင်းပေါ်မှာ အမေးအဖြေ (၂) စာအုပ်ထဲက မေးခွန်းနဲ့ အဖြေ တစ်ခုကို ကောက်နုတ် ဖော်ပြထားခြင်းဖြစ်ပါတယ်..။ ဆရာတော် ဦးကောဝိဒ(မြိတ်) ဟာ ဓမ္မအလင်း ဆိုသော ၀ဘ်စာမျက်နှာ ဖြင့်သာသနာပြုလုပ်ငန်းများလုပ်ကိုင်ရင်း လူငယ်များ၏ ဘာသာရေးဆိုင်ရာ အမေးအဖြေ များကို အွန်လိုင်းပေါ်တွင် ဖြေကြား ရေးသားသမျှကို .. စုစည်းထုတ်ဝေထားခြင်းဖြစ်ပြီး အခု စာအုပ်ဟာ အမှတ်(၂) ဖြစ်ပါတယ်..။ အမေးအဖြေ အပုဒ်လေးဆယ် ပါဝင်ပြီး.. မစိုးရိမ်စာသင်သားနဲ့ စာရေးသူကိုယ်တိုင် အမှာစာများရေးထားပါတယ်.. ဗုဒ္ဒဘာသာအတွက်သိလိုသမျှကို ဗဟုသုတအနေနဲ့.. အယူမတိမ်းဖို့ ဖတ်ရှုသိမ်းဆည်း ထားသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်လို့ ညွှန်းဆိုရင်း...။

ခင်မင်လေးစားစွာဖြင့်
မိုးလှိုင်ည

Friday, May 21, 2010

၃၁ ဘုံလည်ပတ်ရေးသာ ကျုပ်တာဝန်ဆို ခင်ဗျားသေပြီ

ဆိုလိုတာက
ခင်ဗျားဗိုက်ထဲစုနေတဲ့ အဆီတွေများနေတာပဲ
ဆိုလိုတာက ခင်ဗျားနာမည်
အမြီးမြှောက်လိုက် အီးပေါက်လိုက်ဖြစ်နေတာပဲ
လူတိုင်းဟာ အရူးချည်းပဲဆိုရင်လည်း
ရွှေတံဆိပ် ငွေတံဆိပ် ကြေးတံဆိပ်တွေ
ဘာလို့ခွဲနေသေးလဲဗျာ
မောင်ဥမ္မတကော မဥမ္မတကော
ကျုပ်နာမည်လည်း ဥမ္မတကော ပြီးရောပေါ့
ခုတော့
ခင်ဗျားငယ်နာမည် ကုလားလေးတဲ့
လုပ်မနေပါနဲ့ဗျာ
ခင်ဗျားလည်းအရူး
ကျုပ်လည်း အရူး
ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး
ဆိုလိုတာက
‘ရွှေစင်တစ်မတ် ငွေငါးကျပ်’
ဆိုလိုတာက
‘သုံးထောင်သင်္ချာဟေ၀န္တာ အာဏာစိုးလျှက် သီဟစက်’
ဆိုလိုတာက
တစ်ချောင်းဝင်လည်းအရည်ထွက် နှစ်ချောင်းဝင်လည်းအရည်ထွက်
ကြံရည်စက် မဖြစ်ဖို့သာအရေးကြီးတာပါ
အရေးကြီးတယ်ဆိုရင်လည်း အရအမိပေါ့ဗျာ
ကျုပ်ကတော့ ကျုပ်အိမ်မှာနေပါတယ်
တွေ့ချင်တယ်ဆိုရင်တော့ ကိုယ်တိုင်လာ
အိမ်ရှေ့ခန်းမှာ ကျုပ်သီချင်းဆိုနေမယ်
‘မပေး … ပေး … ပေး
ပေး … ပေး … ပေး …
ငါ့ကဗျာပြန်ပေး’ လို့ …
ဆိုလိုတာက ခင်ဗျားသောက်နေတဲ့ ရေမသီးဖို့
ဆိုလိုတာက ကဗျာဆရာတွေကို မပစ်မှားမိဖို့
ဆိုလိုတာက စေ့စပ်ညှိနှိုင်းဖို့
ဆိုလိုတာက လူငယ်တွေရှိတယ်
ဆိုလိုတာက မျက်စိကိုဖွင့်ထားဖို့
ဆိုလိုတာက နားကိုစွင့်ထားဖို့
ဆိုလိုတာက ကြည်ကြည်လင်လင်မြင်တတ်ဖို့
ပြောနေရတာကိုက အလုပ်မဟုတ်ဘူး
ခင်ဗျားအသက်လည်းကြီးပြီ
ဆိုလိုတာက
နားလိုက်တော့ …။ ။



ကြက်သွန်

Monday, May 17, 2010

'D မိုး Dလေ တွေနဲ့ ရန်ကုန်..။

အသက်က လက်ဆစ်ချိုးသလို
တဖျောက်ဖျောက်
လမ်းပေါ်က တံလျှပ်တွေ
ထိစပ်နေတဲ့ အပူလှိုင်းကိုအရေပြားပေါ်က
သပ်ချရင်း
ကံမကောင်းလို့ မသေမရှင်ကျန်ခဲ့တယ်
စိတ်ပျက်လက်ပျက်
အသက်ရှုမိတဲ့ လေပူတွေထဲ
အခုတော့ ကိုယ့်ကိုယ်တဖွဲဖွဲစိုစွတ်လိုက်တယ်
ရန်ကုန်လေ...
သူပျက်စီးခဲ့ရပုံက ရှိရင်းစွဲထက်
ပိုမိုကြေကွဲစရာကောင်းနေရဲ့


မိုးလှိုင်ည

Friday, May 14, 2010

Free –rider problem

ငါတို့လည်း ငယ်ငယ်ကတုန်းက စဉ်းစားခဲ့ဖူးတယ်
ဒါပေမယ့် မဖြစ်ပါဘူးကွာ…
ဒီကောင်တွေလုပ်လို့ ဘာဖြစ်မှာလည်း..
အသက်ကငယ်ငယ် အတွေ့အကြုံကနည်းနည်း

စရိတ်ကိုမည်သူကမျှဝင်ရောက်ကျခံလိုခြင်းမရှိပဲ
တစ်စုံတစ်ယောက်က ကျခံသွားလိမ့်မည်ဟု ဖြစ်ပေါ်နေသေအခြေအနေ။

တာဝန်ရှိသူတွေမှာ တာဝန်ရှိမနေတာသေချာပြီ..
ဘယ်သူတွေမှာ တာဝန်အရှိဆုံးလည်း

ကုမဏီတစ်ခု၏ အမှုဆောင်အရာရှိများလုပ်ရပ်ကို
ရှယ်ယာရှင်များအနက် မည်သူကမျှဝင်ရောက်ပြောဆိုမှုမရှိခြင်း

အရှုံးပေါ်လည်း ကိုယ်တစ်ယောက်တည်းမှမဟုတ်တာ
သူတိုတောင် အမုန်းခံမပြောသေးတာပဲ…

မိုးခေါင်တာ ကြာပြီဖြစ်တဲ့လောကမှာ
သဘာဝဘေးဒဏ်သင့်မှုကို အကူအညီမပေးဘဲ
ရှောင်ဖယ်နေမှုအတွက်…

Free –rider တွေလက်ထဲမှာ
ကျွန်တော်တို့ ကမ္ဘာကြီးတော်တော်ကြာပြီ…။

မိုးလှိုင်ည
(ခေါင်းစဉ်နဲ့ စာသားအချို့ကို အဘိဓာန်စာအုပ်တစ်အုပ်မှ ကူးယူဖော်ပြပါသည်)

ကိုယ်ပိုင်တာ ဘာမှမရှိဘူး

ကိုင်ပိုင်ကားမရှိဘူး
ကိုယ်ပိုင်ဖုန်းမရှိဘူး
ကိုယ်ပိုင်အိမ်မရှိဘူး
ကိုယ်ပိုင်ဘ၀မရှိဘူး
ကိုယ်ပိုင်မိသားစုမရှိဘူး
ကိုယ်ပိုင်ကဗျာမရှိဘူး
ကိုယ်ပိုင်ဟန်မရှိဘူး
ကိုယ်ပိုင်မာန်မရှိဘူး
ကိုယ်ပိုင်သံစဉ်မရှိဘူး
ကိုယ်ပိုင်အိပ်မက်မရှိဘူး
ကိုယ်ပိုင်အတွေးမရှိဘူး
ကိုယ်ပိုင်ဘာသာစကားမရှိဘူး
ကိုယ်ပိုင်နှလုံးသားမရှိဘူး
ကိုယ်ပိုင်ခံစားမှုမရှိဘူး
ကိုယ်ပိုင်ဝေဒနာမရှိဘူး
ကိုယ်ပိုင်စည်းစိမ်မရှိဘူး
ကိုယ်ပိုင်ဒုက္ခမရှိဘူး
ကိုယ်ပိုင်အချိန်မရှိဘူး
ကိုယ်ပိုင်ပိုက်ဆံမရှိဘူး
ဘယ်လိုအသက်ရှင်နေမှန်းလည်းမသိ
ဘယ်လိုသေဆုံးမှာလည်း မသိနဲ့
ကိုယ်ပိုင်တာဘာမှမရှိဘူးဆိုတာပဲ
...။

မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...