Thursday, August 16, 2012

ဘဂ္ဂဒက်ကို ဗုံးကျဲတဲ့ည…။

-->



ကျွန်တော်က ကော်ဖီဖျော်နေတယ်
အဖေက ဂြိုလ်တု သတင်းလိုင်းကိုပြောင်းဖမ်းနေတယ်
ရောင်စုံမီးပွင့်တွေကြား ဘဂ္ဂဒက်ကတော့ ငြိမ်သက်လို့
ဗုံးဆံတွေ အဆောက်အဦးတွေကို ထိမှန်တာကို
ဖန်သားပြင်ပေါ်က တိုက်ရိုက်မြင်နေရတယ်
အဖေက ဆက်ဒန်ကိုချရမယ်လို့ မှတ်ချက်ချတယ်
သူငယ်ချင်းကတော့ ဂျီဟက်တွေကို အဲဒီလို ဆုံးမမှတဲ့
ဦးလေးက ဆက်ဒမ်ရဲ့ ခုခံမှုကိုမတွေ့ရဘူးတဲ့
သူ့လေယာဉ်ပျံတွေ တိုက်ချင်းပစ်ဒုံးကျည်တွေ ဒုံးခွင်းဒုံးတွေကို
မျှော်လင့်နေတယ်…
ကျွန်တော်ကတော့ အမေရိကန် စစ်ရှုံးပြီလို့ မှတ်ချက်ပေးလိုက်တယ်
အဖေနဲ့ သူငယ်ချင်းက ပြိုင်မငြင်းရဲတာက လွဲလို့
ကျွန်တော့်ကို မကျေမနပ်ကြည့်တယ်…
ကျွန်တော်တို့က ဗုံးကျဲတယ်လို့သာ အလွယ်ခေါ်တာ…
တစ်ခုနဲ့တစ်ခု မိုင်ပေါင်းများစွာဝေးတဲ့
အမေရိကန် စစ်အခြေစိုက်စခန်းတွေ ကနေ
တာဝေးပစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခတ်တာပါ…
ပထမဆုံးထိတဲ့ ဒုံးကျည်ဟာ ပင်လယ်ထဲက လာတာမျိုး
တစ်ညတည်း တိုမာဟော့ ဒုံးကျည်တွေအလုံး၇၀၀ ပစ်တယ်
ကမ္ဘာ့စံချိန်သစ်ပါပဲ
တီကရစ်မြစ်တစ်ဖက်ကမ်းမှက
သတင်းထောက်တွေက စစ်ပွဲကိုတိုက်ရိုက်တင်ဆက်နေတယ်
သူတို့ စိုးရိမ်တာက ပေါက်ကွဲမှုကြောင့် သံလိုက်လှိုင်းတွေ ဖြစ်ပေါ်ပြီး
သတင်းရိုက်ကူးတင်ဆက်မှုတွေကို အနှောင့်အယှက်ဖြစ်မှာကိုပဲ
ဘဂ္ဂဒက်ရဲ့ နောက်ဆုံးနာရီပိုင်းအထိ ပြန်ကြားရေးဝန်ကြီးက
ဆက်ဒန်အစိုးရဟာ အီရတ်ကိုတည်တည်ငြိမ်ငြိမ် ထိန်းသိမ်းထားတယ်
လို့ပြောဆိုခဲ့တယ်..။
ခုခံမှုမရှိသလောက်နဲ့ အမေရိကန်တပ်တွေ
အီရတ်နိုင်ငံထဲဝင်ရောက်လာတယ်
ဆက်ဒန်ကိုအရှင်ဖမ်းမိတယ်.. သေဒဏ်ပေးတယ်
လုံခြုံရေးတင်းကျပ်ထားတဲ့ ကြားက ဆက်ဒမ်ကို သေဒဏ်ပေးတဲ့
ဗီဒီယိုဟာ ကမ္ဘာအနှံ့ပျံ့သွားတယ်…
ဆက်ဒန်မရှိတော့တဲ့နောက်….
အီရတ်စစ်ပွဲဟာ အမှန်တကယ်ပေါ်ပေါက်လာတယ်..
ဂျော့ဘုရှ်ဟာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လူသတ်ကောင်ပဲ…
အမေရိကန်တွေစစ်ရှုံးတယ် အကြွေးပင်လယ်ဝေတယ်
ဆယ်စုနှစ်တစ်ဝက်ကျော်ကြာပြီးနောက်
ကျွန်တော်က ၀ီစကီသောက်ရင်း အမျိုးသားပထ၀ီအသင်းကလာတဲ့
ဘဂ္ဂဒက်ကို ဗုံးကျဲတဲ့ည မှတ်တမ်းရုပ်ရှင်ကို
အရသာခံပြီး ထိုင်ကြည့်နေတယ်…
ဘဂ္ဂဒက်ကကော သူ့ဇာတ်လမ်းသူပြန်ကြည့်ဖို့
အသည်းမာပါ့မလား….။

မိုးလှိုင်ည

Wednesday, August 1, 2012

မျှော်တော်ယောင်ဆော့ဖ်ဝဲလ်


ဘယ်ကိုဖုန်း ဆက် တာလဲ ဆိုတော့...
ဒီလိုပဲ အစ်မ...
အစ်မ ကို ပြောလည်း ဘာထူးမလဲ
အစ်မက ဆရာကြီးမှ မဟုတ်တာကို
ဒီမှာက ဆရာကြီးတွေချည်းပဲ တပည့်ကြီးတွေ မရှိဘူး
ရှိတဲ့ တပည့်ကြီးတွေကလည်း ဆရာကြီးတွေ ချည်းပဲ။
မိုးနတ်မင်းကြီး နဲ့ တကွ ပဲတင်သံပြင်းမယ့်
နံရံတွေ ဆီ ကိုပေါ့။
လာစစ်မယ် ပြောတာပဲ။
အခုတော့...
သူတို့လက်ထဲမှာ ၀န်ထမ်းတွေကို ရာထူးတွေ လျှောက်ပေးပစ်လိုက်တယ်။
တစ်ပတ်ကို တစ်ရက် ခွင့်ပေးတာပေါ့
ဒါပေမယ့် မဟုတ်ဘူး။ တစ်ပတ်ကို တစ်ရက် ပျက်ခွင့်ပေးတာ
လှိုင်သာယာကို
ကဗျာဆရာတွေက အကယ်ဒမီတွေ အကြိမ်ကြိမ်ပေးတယ်
ဒါပေမယ့် အဲဒီဇာတ်ကားထဲမှာ ဇာတ်ရုပ်က သိပ်နာတာပဲ အစ်မ။
ကျွန်တော်တို့က လှိုင်သာယာမှာ နေနေတာလေ။
ကျွန်တော်တို့ လှိုင်သာယာကို ပက်လက်လန်နေတဲ့ လိပ်လို ဖွဲ့ကြတယ်။
စုတ်ပြတ်သတ်နေတာပဲ။
မုဆိုးမ ပျားတုပ်နေတုန်း ခွေးဝင်ဆွဲ ခံရတဲ့ အတိုင်း
ဇာတ်နာအောင် ဖွဲ့တယ်
အဲဒီလောက် မဖွဲ့ပါနဲ့ ။
ဟင်...
ကျွန်တော့် သူငယ်ချင်းတွေက လှိုင်သာယာမှာလေ..
ဟင်..
သူတို့က အထည်ချုပ်ဝန်ထမ်းတွေလေ...
ဘရိတ်ခ်ဖစ်ကို ချိုင့်ထဲက ပဲ စားကြတာလေ..
ဟင်...
တချို့ ကမေးတယ် လှိုင်သာယာ က ဘယ်နားမှာလဲ တဲ့
တချို့ က မေးတယ် လှိုင်သာယာ က ဘယ်ကားစီးရလဲတဲ့
တချို့ က မေးတယ်  လှိုင်သာယာ က FMI လားတဲ့
တချို့ က မေးတယ် လှိုင်သာယာ က မြို့ထဲမှာလားတဲ့
လှိုင်သာယာ က ရန်ကုန်မှာလား တဲ့
ဟင်...
ဘာတွေ ပြောနေကြတာလဲဟင် မသိသေးဘူးလား?
လှိုင်သာယာမှာ
နိုင်လင်းအောင် လည်းရှိတယ်
ရတနာအောင် လည်း ရှိတယ်
ဘိုးဘိုးအောင် လည်းရှိတယ်(အဲဒါက ထီဆိုင်)
တုပ်ကွေးခြင်တွေ အောင်းတဲ့ မြောင်းနှုတ်ခမ်းလည်းရှိတယ်။
ကျွန်တော်တို့က လှိုင်သာယာ မှာလေ။
ဒီလိုနဲ့ သူငယ်ချင်းတွေ လှိုင်သာယာမှာ
တစ်နေ့ ကို ဆယ့်နှစ်နာရီ အလုပ် နဲ့
တစ်ပတ်မှာ တစ်ရက်ပျက်ရင်
အိုတီတွေလည်း ပြုတ်တယ်။
ပါးဖောင်းဖောင်းနဲ့ လူကြီးတွေ လာရင်
ဝန်ထမ်းတွေ လစာ သုံးသောင်းကနေ ငါးသောင်း
ပါးဖောင်းဖောင်း နဲ့ လူကြီးတွေ ပြန်ရင်
ငါးသောင်းကနေ သုံးသောင်း
အဲဒီ လိုင်းကြောင်းလေးတွေ ထဲမှာ
မရှိသေးတဲ့ ပိုဇက်ရှင်တွေလည်း အပြောင်းအလဲ များတယ်။
“အေးကွာ...ကောင်းတယ် ကောင်းတယ်
ကောင်းပါတယ် ကွာ ကောင်းပါတယ်။”
ဟင် ကျွန်တော် တို့က လှိုင်သာယာ မှာလေ...
ဟင်.. ကျွန်တော်တို့က စက်မှုဇုန်မှာလေ..
လှိုင်သာယာ ဆိုတာ မီးခွက်ဈေးကို ပြောတာလားတဲ့
အဲဒီလို နဲ့ အဲဒီနေ့က
စက်ဘီးလေးစီးပြီး အလုပ်သွားတုန်း
ယူနီပြာလေးတွေ နဲ့ ကောင်မလေးတွေ အုပ်စုလိုက်ကြီး
ကွန်ကရစ်လမ်းအတိုင်း အပျော်တပါး လှေလှော်သွားကြလေရဲ့။
ကျွန်တော်လည်း ပြုံးတုံ့ ပြုံးတုံ့ နဲ့။
အဲဒီပြုံးတုံ့ ပြုံးတုံ့ က ဘာရုပ်လဲ သိလား။
အဟဲ....အဲဒါ...
ရုပ်ကိုက လှိုင်သာယာရုပ် ဆိုတဲ့ လှိုင်သာယာရုပ်ပေါ့ဗျ။



ကျော်ညိုသွေး 

Tuesday, July 31, 2012

ဘာရယ်မဟုတ်ဖူး အဲဒီနေ့တွေက ရောက်ရောက်လာတယ် သြဂုတ်စ်


သြဂုတ်စ်ရေ
အဲဒီနေ့တွေက ဘာရယ်မဟုတ်ရောက်ရောက်လာတယ်
မိုးထဲရေထဲပေါ့ ရွှဲရွှဲစို မျှော်လင့်ချက်တွေနဲ့
ဒီနေ့ဒီရက်တွေ
ကိုရွှေဘုန်း လက်ပြထွက်သွားတယ်
ကိုငှက် သံသရာခရီးတစ်ထောက်ထပ်သွားတယ်
ပျဉ်မငုတ်တို..ဖိုးမောင်လာပြီ..
မိုးစက်တွေတစ်ဖျောက်ဖျောက်
ဆရာကြီးမင်းသုဝဏ်လည်း
ဒီမိုး ဒီရေထဲ ဆိတ်ငြိမ်တိတ်ဆိတ်
သူတို့ရဲ့ အနုပညာအင်ပါယာတွေက
ခိုင်ခိုင်မတ်မတ် သြဂုတ်စ်ရေ..
ဒီလိုနေ့တွေက လွင့်လွင့်ဝေေ၀ ရောက်လာတာပဲ
ဆွေးဆွေးမြေ့မြေ့ ကြေကြေကွဲကွဲ
လမ်းတွေပေါ် မိုးစက်တွေ တဖြောင်းဖြောင်းရိုက်ခတ်နေသလို
အတိတ်ဝိုးတ၀ါးမှာ သေနတ်သံတွေများ မတော်တဆ
ကြားမိမလား သြဂုတ်စ်ရေ..
အဲဒီနေ့က ညှို့ညှို့မှိုင်းမှိုင်း ထိုင်းမိုင်းတွေဝေတုန်းပဲ
သြဂုတ်စ်ရေ..
ပြက္ခဒိန်စာရွက်ပေါ်မှာ နှလုံးသွေးနဲ့ မှင်နီခြစ်
အဲဒီနေ့ဟာ အားလုံးအတွက် ၀မ်းနည်းတိတ်ဆိတ်
အမျှဝေဖို့ အထိမ်းအမှတ်နေ့ဖြစ်သင့်တယ်…
တကယ်တော့ သြဂုတ်စ်ရေ အာဟာရပြတ်တဲ့
ကလေးလို ကောင်းမွန်တဲ့အခွင့်အရေးဆိုတာ
အလှမ်းဝေးနေတုန်း…
မိတစ်ကွဲ ဖတစ်ကွဲ လွင့်ပြန့်ကျဲနေတဲ့
မိသားစုထမင်းဝိုင်းကိုတွေးရင်
အနက်ရောင်သြဂုတ်စ် မိုးဖွဲဖွဲထဲ
ကြေကွဲစိတ်သာ လှိုင်းလေထန်ဆဲလေ…။

မိုးလှိုင်ည

Wednesday, August 24, 2011 


Sunday, July 22, 2012

ဘ၀တံငါ…



တံငါသည်တစ်ယောက်မဟုတ်ရင်
ဘာဖြစ်ခဲ့မှာလည်း
ပိုက်ထဲက ယက်ကန်ယက်ကန်ငါးတွေကို
ဆွဲမနေရင်း စဉ်းစားမိတယ်….
ဒီမေးခွန်းက ခပ်တုံးတုံးကြီးပါ….
တံငါသည်တစ်ယောက်မဟုတ်တဲ့
တခြားတစ်ယောယောက်ဖြစ်နေမှာပေါ့…
ဘယ်တစ်ယောက်ဖြစ်မှာလည်း…
အလယ်ကလူလား ဘယ်ဘေးညာအစွန်ကလား
တီဗွီမှာ စကားတွေခဏခဏပြောတဲ့လူလား
ဝတ်ဖြူစင်ကြယ်နဲ့ ဘုရားထီးခဏခဏတင်တဲ့လူလား
နဖူးစည်းနဲ့ ရဲရဲတောက်မိန်ခွန်းခြွေတဲ့လူလား
စင်ပေါ်ကလား စင်အောက်ကလား….
အခုတော့ ကိုးကွယ်ရာဘာသာတရားကိုပဲ
ခွင့်လွှတ်ဖို့ အကြိမ်ကြိမ်တောင်းတယ်…
သူ့ဘ၀က ရွာဘုရားသူကြီးကောင်းမှုလို
ကုသိုလ်ထူးတွေလည်း ပြုဖူးတာ မရှိနဲ့
တံငါသည်တစ်ယောက်မဖြစ်ခဲ့ရင်
သူ့မြုံးထဲ ငါးလို နုန်းနှစ်တွေထဲ ပျော်မိလိမ့်မယ်…။ 
 
မိုးလှိုင်ည

Wednesday, July 18, 2012

ငါ့ကိုလေးလံစေသူများ

ငါဟာ
တောင်တန်းတွေကို ထည့်ယူသယ်ပိုးနေမိတဲ့ ကျောပိုးအိတ်တစ်လုံးဖြစ်တယ်
ကြမ်းတမ်းသောမြစ်တချို့နဲ့ နူးညံ့သောမြစ်တချို့လည်း ငါ့ကိုယ်ပေါ်မှာစီးတယ်
လျှို့ဝှက်နက်နဲတဲ့ တောအုပ်တွေနဲ့ နက်ရှိုင်းတဲ့ ချောက်ကမ်းပါးတွေလည်း ရှိတယ်
ပြန့်ပြူးရှင်းလင်းသော လွင်ပြင်တချို့နဲ့ စိမ်းလန်းသော မြက်ခင်းတချို့လည်းရှိတယ်
အရိပ်ခိုနေတဲ့ တောရဲသားကောင်တချို့ပါသလို
ဘာကိုမှဂရုမစိုက်တဲ့ သေနတ်သမားတစ်ယောက်လည်း...ပါတယ်
ကုန်ကုန်ပြောမယ် အားလုံးနဲ့ဝေးဝေးနေချင်တဲ့ ရသေ့တစ်ပါးလည်းရှိတယ်

ကျွန်တော်က ကျောပိုးအိတ်တစ်လုံးဆိုတော့ တောင်တန်းတွေကို သယ်ခဲ့မိတာပေါ့
စိတ်ကူးယဉ်စေတဲ့ ကောင်းကင်တွေ ပင်လယ်တွေတော့ အစထဲက ချန်ထားရစ်ခဲ့တယ်

ဒီလိုဆိုတော့
ကျွန်တော့်မှာ အလင်းဆိုတာ မရှိဘူး
မိုးချုန်းသံတွေမရှိဘူး
လေကောင်းလေသန့်မရှိဘူး
တိမ်တွေနဲ့ မိုးစက်တွေမရှိဘူး
စိတ်ကူးယဉ်စရာဆိုလို့ ဘာမှမရှိဘူး။

ခရီးရှည်လျား သွားမိတဲ့ ညညတွေဆို
တောနက်ထဲကသားကောင်တွေ အသက်ရှူမဝလို့ စုစုပြီး အော်ကြဟစ်ကြ
မြစ်တွေလည်းအငွေ့မပျံရလို့ တဝုန်းဝုန်းနဲ့ စီးကြဆင်းကြ
သစ်ပင်တွေလည်း နေရောင်မရလို့ အုံ့အုံ့ဆိုင်းဆိုင်း ညှိုးကြနွမ်းကြ
ချောက်ကမ်းပါးတွေကလည်း လူသူလေးပါးမတွေ့ရလို့တဲ့ ပဲ့တင်သံတွေ ဆက်ဆက်ပြီး လွှင့်ကြထုတ်ကြ
ရသေ့လည်း ရှေ့ဖြစ်ဖတ်ဖို့ရာ နက္ခတ်တာရာမတွေ့လို့ နည်းသစ်လမ်းသစ်တွေ တကုပ်ကုပ်နဲ့ ရှာရဖွေရ
သေနတ်သမားလည်း အလင်းရောင်မရလို့ မည်းမည်းမြင်တိုင်း ပစ်ရခတ်ရ

ဆူညံတယ်
လှုပ်ရှားတယ်
လေးလံတယ်

ဘဝဟာ ကျောပိုးအိတ်တစ်လုံးလို တစုံတရာကိုသယ်ပိုးမိတဲ့အခါ
အခြားမသက်ဆိုင်သော အရာများစွာ ပါလာတတ်တယ်
ကျွန်တော်က တောင်တန်းတွေသက်သက်ကို သယ်ပိုးချင်ခဲ့မိတဲ့ ကျောပိုးအိတ်သက်သက်ပါ
သေနတ်သမားတစ်ယောက်အဲဒီမှာ ရှိနေနိုင်တာကိုတောင်
ထည့်မတွက်မိခဲ့ဘူး။

လင်းဆက်
အိုင်ဒီယာမဂ္ဂဇင်း (?)

Friday, July 6, 2012

ကြွက်တွေနေတဲ့မြို့



မြို့ကြီးတစ်မြို့မှာ ကြွက်တွေနေတယ်
အဲဒီမြို့က ကြွက်တွေက ဒိန်ခဲသိပ်ကြိုက်ကြတာပေါ့…
မနက်လင်းတာနဲ့ ကြွက်တွေဟာ
တစ်မြို့လုံးလျှောက်သွားပြီး ဒိန်ခဲတွေရှာကြတယ်…
နှစ်တွေကြာလာတော့ ဒိန်ခဲတွေလည်း ရှားပါးကုန်တယ်
တချို့ ကြွက်ဆရာကြီးတွေဆီမှာတော့
ဒိန်ခဲတွေ တစ်ထပ်ကြီးရှိတာပေါ့…
ကြွက်တွေဟာ မိုးလင်းတာနဲ့ တစ်လမ်းဝင် တစ်လမ်းထွက်
တစ်အိမ်ဝင် တစ်အိမ်ထွက် ဒိန်ခဲတွေလိုက်ရှာကြတယ်
တချို့ နံရံတွေမှာ ဆောင်ပုဒ်တွေ ကပ်ထားတယ်
မြန်မြန်ပြေးနိုင်မှ များများရမယ်
တချို့ကြွက်တွေဟာ မြန်မြန်ပြေးဖို့ကြိုးစားတာပေါ့
ကြွက်ဆရာကြီးတွေဟာ … မိုးလင်းတာနဲ့
ဒိန်ခဲတွေ မြို့မြို့ကြီးထဲ ချချပေးတယ်…
မြန်မြန်ပြေးတတ်တဲ့ ကြွက်တွေလည်းများလာခဲ့တယ်
ပြေးထားပြေးထား… များများရဖို့ မြန်မြန်ပြေးထား
ကြွက်တွေကြားမှာ ကြွေးကြော်သံတွေဆူညံလာတယ်
မြန်မြန်ပြေးဖို့ နည်းစနစ်လိုတယ်တဲ့ …တချို့ နံရံတွေမှာ
ဆောင်ပုဒ်အသစ်ထပ်ပေါ်လာတယ်..
တချို့ကြွက်တွေဟာ ပြေးနည်းသင်တန်းတွေ သွားတတ်ကြတော့တယ်
ကြွက်တွေအရမ်းပြေးကြလွန်းတော့…
တချို့ကြွက်တွေဟာ သတ်မှတ်မိုင်နှုန်းထက်ပိုမြန်နေလို့
ထိန်းချုပ်ခံလိုက်ရတယ်… တချို့ကြွက်တွေကမြန်နှုန်းထက်
ကျော်ပြေးချင်လို့ …. သူတို့ဖွက်ထားတဲ့ ဒိန်ခဲတွေ လာဘ်ထိုးတတ်ကြသေးတယ်..
ကြွက်တွေဟာ မိုးလင်းတာနဲ့ မြို့ကြီးထဲ လျှောက်ပြေးတော့တာပဲ
ကြွက်ဆရာကြီးတွေကလည်း သင်တန်းတွေဖွင့်လိုက်
ကြွက်ပုလိပ်တွေမွေးလိုက်…
ကြွက်ဥပဒေတွေထုတ်လိုက်နဲ့…
သူတို့ပစ်ချလိုက်တဲ့ ဒိန်ခဲတွေ သူတို့အိတ်ထဲပဲ
ပြန်ပြန်ရောက်လာတယ်…
တချို့ကြွက်တွေ အချင်းချင်း ပူးပေါင်းမှဖြစ်မယ်တယ်
အဲဒီကြွက်တွေဟာ ပါတီထောင်ကြလေရော
ကြောင်ဖြူတာမည်းတာ အရေးမကြီး
အရေးကြီးတာ ဒိန်ခဲရဖို့
ကြွက်ပါတီခေါင်းဆောင်ကြီးက ကြွေးကြော်တယ်
ပါတီဝင်ကြွက်တွေကလည်း တခဲနက်နဲ့
ကျွီကျွီလုပ်လိုက်ကြတော့…
သာမာန်ကြွက်တွေကတော့ကြွက်လျှောက်တန်းတွေကနေ
မရဲတရဲလှမ်းကြည့်တယ်
တချို့ကြွက်တွေကတော့ ဒိန်ခဲကို စိတ်ထဲမှာမှတ်ပွားများ ..
ဒိန်ခဲဟာမရှိဘူး … ဒိန်ခဲဟာ ဖြစ်လိုက် ပျက်လိုက်
ပေါ်လိုက်ပျောက်လိုက်နဲ့ ဒိန်ခဲဟာ ပညတ် …
အဲဒီတော့ ဒိန်ခဲနောက်လိုက်နေတာ
ဒိန်ခဲရဲ့ အဝေးကိုပြေးနေတာလည်း ဖြစ်နိုင်တယ်
ကြွက်တွေဟာ ဒိန်ခဲနောက်ကို ပြေးလိုက်နေဆဲ
စဉ်းစားတွေးခေါ်တတ်တဲ့ ကြွက်တွေဟာ
ဒိန်ခဲရဖို့ သီအိုရီတွေထုတ်တယ်…
တချို့ ကြွက်တွေက ဒိန်ခဲရဖို့ အင်းအားသုံး ဖြေရှင်းတယ်
တချို့ကြွက်တွေဟာ ဒိန်ခဲရဖို့ ထောင်ချောက်တွေ အသုံးပြုလာတယ်
ကြွက်အချင်းချင်း လှည့်ဖျားခြင်းတွေလည်း များလာတာပေါ့
လမ်းမှားတွေ လမ်းမြှောင်တွေ ဖြတ်လမ်းတွေ
အထူးလမ်းတွေနဲ့… ကြွက်တွေဟာ
နှစ်ကာလ ရွေလျားလာတာနဲ့အမျှ…
နည်းစနစ်တွေပြောင်းလဲ တိုးတက်လာတယ်
မပြောင်းလဲတာကတော့ မိုးလင်းတာနဲ့ ကြွက်တွေဟာ
ဒိန်ခဲနောက်ကိုပြေးလိုက်ကြတော့တာပဲ..
မြို့ကြီးကလည်း… ဒိန်ခဲနဲ့ ကြွက်နဲ့ သံသရာလည်နေတော့တယ်..။


မိုးလှိုင်ည

Saturday, June 2, 2012

ရမ္မက်



ကဗျာက
ငါ့ရဲ့လက်ဝါးကပ်တိုင်
ဝတ္ထုတွေက
ငါရဲ့သမ္မာကျမ်းစာ
သီချင်းတွေက
ငါရဲ့တမန်တော်
ရုပ်ရှင်ရုံက
ငါရဲ့ဘုရားကျောင်း
ငွေစက္ကူတွေက
ငါ့ရဲ့ ဆူးခက်သရဖူ။


ကြည်မောင်သန်း (ဇူလိုင် ၂၀၀၀ ရုပ်ရှင်တေးကဗျာ)

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...