ငါဟာ
တောင်တန်းတွေကို ထည့်ယူသယ်ပိုးနေမိတဲ့ ကျောပိုးအိတ်တစ်လုံးဖြစ်တယ်
ကြမ်းတမ်းသောမြစ်တချို့နဲ့ နူးညံ့သောမြစ်တချို့လည်း ငါ့ကိုယ်ပေါ်မှာစီးတယ်
လျှို့ဝှက်နက်နဲတဲ့ တောအုပ်တွေနဲ့ နက်ရှိုင်းတဲ့ ချောက်ကမ်းပါးတွေလည်း ရှိတယ်
ပြန့်ပြူးရှင်းလင်းသော လွင်ပြင်တချို့နဲ့ စိမ်းလန်းသော မြက်ခင်းတချို့လည်းရှိတယ်
အရိပ်ခိုနေတဲ့ တောရဲသားကောင်တချို့ပါသလို
ဘာကိုမှဂရုမစိုက်တဲ့ သေနတ်သမားတစ်ယောက်လည်း...ပါတယ်
ကုန်ကုန်ပြောမယ် အားလုံးနဲ့ဝေးဝေးနေချင်တဲ့ ရသေ့တစ်ပါးလည်းရှိတယ်
ကျွန်တော်က ကျောပိုးအိတ်တစ်လုံးဆိုတော့ တောင်တန်းတွေကို သယ်ခဲ့မိတာပေါ့
စိတ်ကူးယဉ်စေတဲ့ ကောင်းကင်တွေ ပင်လယ်တွေတော့ အစထဲက ချန်ထားရစ်ခဲ့တယ်
ဒီလိုဆိုတော့
ကျွန်တော့်မှာ အလင်းဆိုတာ မရှိဘူး
မိုးချုန်းသံတွေမရှိဘူး
လေကောင်းလေသန့်မရှိဘူး
တိမ်တွေနဲ့ မိုးစက်တွေမရှိဘူး
စိတ်ကူးယဉ်စရာဆိုလို့ ဘာမှမရှိဘူး။
ခရီးရှည်လျား သွားမိတဲ့ ညညတွေဆို
တောနက်ထဲကသားကောင်တွေ အသက်ရှူမဝလို့ စုစုပြီး အော်ကြဟစ်ကြ
မြစ်တွေလည်းအငွေ့မပျံရလို့ တဝုန်းဝုန်းနဲ့ စီးကြဆင်းကြ
သစ်ပင်တွေလည်း နေရောင်မရလို့ အုံ့အုံ့ဆိုင်းဆိုင်း ညှိုးကြနွမ်းကြ
ချောက်ကမ်းပါးတွေကလည်း လူသူလေးပါးမတွေ့ရလို့တဲ့ ပဲ့တင်သံတွေ ဆက်ဆက်ပြီး လွှင့်ကြထုတ်ကြ
ရသေ့လည်း ရှေ့ဖြစ်ဖတ်ဖို့ရာ နက္ခတ်တာရာမတွေ့လို့ နည်းသစ်လမ်းသစ်တွေ တကုပ်ကုပ်နဲ့ ရှာရဖွေရ
သေနတ်သမားလည်း အလင်းရောင်မရလို့ မည်းမည်းမြင်တိုင်း ပစ်ရခတ်ရ
ဆူညံတယ်
လှုပ်ရှားတယ်
လေးလံတယ်
ဘဝဟာ ကျောပိုးအိတ်တစ်လုံးလို တစုံတရာကိုသယ်ပိုးမိတဲ့အခါ
အခြားမသက်ဆိုင်သော အရာများစွာ ပါလာတတ်တယ်
ကျွန်တော်က တောင်တန်းတွေသက်သက်ကို သယ်ပိုးချင်ခဲ့မိတဲ့ ကျောပိုးအိတ်သက်သက်ပါ
သေနတ်သမားတစ်ယောက်အဲဒီမှာ ရှိနေနိုင်တာကိုတောင်
ထည့်မတွက်မိခဲ့ဘူး။
လင်းဆက်
အိုင်ဒီယာမဂ္ဂဇင်း (?)