Friday, July 24, 2009

သုံးရာသီ

လနှစ်စင်းထွက်ထွက်

နေဆယ်စင်းလောင်လောင်

ငါတို့မနက်ဖြန်ဟာ

အတိအကျမှောင်နေဦးမယ်…

မယုံကြည်ပဲသွတ်သွင်းခံရတဲ့

ဘာသာရေးလို

ငါတို့ဘ၀က

ငါတို့ကိုစကားပြောခွင့်မပေးဘူး…

အရူးအမူးခေတ်ကြီးထဲ

စကိတ်စီးတဲ့လူတွေ

လေထီးခုန်တဲ့လူတွေကြား

ကိုယ်လမ်းကိုယ်သွားရင်းခေါင်းငုံ့ရတယ်

ချိုင်ကျင်းတွေများတဲ့

တို့အိပ်မက်ဟာ

လကမ္ဘာကိုတက်ဖို့မဟုတ်ခဲ့ဘူး

ရာသီအလိုက်ဂိုးသွင်းခွင့်လေး

ဒါမှမဟုတ် နေ့ပြန်အတိုးတွေအတွက်

ဂရုဏာဆုကြေး…

တွေးကြည့်ရင်ကြက်သီးထလွန်းလို့

ကိုယ်ဘ၀ကိုယ်တွေးမကြည့်တာကြာပြီ…။


မိုးလှိုင်ည

Wednesday, July 22, 2009

သစ်တော်သီးထဲက ခေါင်းလောင်းသံ


သစ်တော်သီးထဲမှာ
ခေါင်းလောင်းသံတွေရှိနေနိုင်လား….
စကြာဝဠာထဲမှာ သစ်တော်သီးတစ်လုံး/ အများကြီး
သီးခဲ့ဖူးတယ်….
အဲဒီ သစ်တော်သီးတွေထဲမှာ
ခေါင်းလောင်းသံတွေရှိနေနိုင်တာပေါ့
ရုပ်ရှင်ရုံထဲက အထွက်မှာ သစ်တော်သီးထဲက
ခေါင်းလောင်းသံကို ကြားမိနိုင်သလို
ဘုရားကျောင်းဝင်းထဲက
သစ်တော်သီးပင်မှာလည်း
ခေါင်းလောင်းသံတွေသီးနေနိုင်တယ်…။
တချို့ဆိတ်တွေ၊ ဒါမှမဟုတ်အားလုံး
သစ်တော်သီးမစားဖူးဘူး
ပြီးတော့ မြေခွေးတွေ၊ ၀ံပုလွေတွေ
သူတို့က သစ်တော်သီးထဲက
ခေါင်းလောင်းသံကို မကြားဖူးဘူး
ကြားဖူးလည်းမသိဘူး
သိလည်းနားမလည်ဘူး
ဒါပေမယ့် သစ်တော်သီးတွေမှာ
ခေါင်းလောင်းသံတွေရှိတယ်..။
တချို့နားတွေနဲ့တော့
ကြားချင်မှကြားလိမ့်မယ်…။



မိုးလှိုင်ည

Tuesday, July 21, 2009

အင်္ဂါဂြိုလ်ကလာတဲ့ ၀တ္ထုတိုဆရာ

သိပ်ပေတယ်

လူ့ဘ၀ကိုတိတ်တိတ်နေဖို့တော့

သူဘယ်တော့မှမကြိုးစားဘူး

ကာလယန္တယားအပေါ်ကို

ကျွန်တော်ကိုမှော်ဆန်ဆန်ထိုးတင်လို့

လမ်းမှာတွေ့ရင်သူကို

ဆေးပညာရှင်မှန်း

ဘယ်သူမှမခန့်မှန်းမိဘူး

ကွမ်းယာအထပ်ထပ်ဝါးလို့

မီးရထားတွေနဲ့ ခရီးသွားတယ်

လူ့ဘ၀ကိုဆပ်ကပ်ရုံလို ရှုမြင်တတ်သူ

သေဖို့အတွက်ရောဂါရှိသလို

နေဖို့အတွက် အနုပညာရှိတယ်

သက်ထွန်း (ဆေးသိပ္ပံ)တဲ့

မြန်မာဝတ္ထုတိုမှာ

သူ့နာမည်မရှိမဖြစ်…


မိုးလှိုင်ည


၁၂.၇.၂၀၀၉ မှာ ဘ၀တစ်ပါးသို့ ကူပြောင်းသွားတဲ့ ဆရာသက်ထွန်း (ဆေးသိပ္ပံ)အတွက် အမှတ်တရရေးဖွဲ့သည်….။

Sunday, July 19, 2009

အာဇာနည်နေ့ ကဗျာများ


၆၂ နှစ်ကြာပြီးတဲ့နောက်မှာတောင် မည်သို့သောအကြောင်းတရားတွေနဲ့ မှေးမှိန်စေခဲ့ကာမူ

ကျွန်တော်တို့ ရင်ထဲမှာ လွတ်လပ်ရေးအာဇာနည်တွေရဲ့ ကျေးဇူးတရားတွေကို အစဉ်အမှတ်

ရနေဆဲဆိုတာကို ဆိုင်ဘာခေတ်ထဲမှာ ကဗျာရေးဖွဲ့သူလူငယ်တွေ လက်ဆင့်ကမ်းယူလာခဲ့ကြပါတယ်..။

အောက်ဖော်ပြပါကဗျာများကို ကျွန်တော်လက်လှမ်းမီသလောက်စုဆောင်းတင်ပြခြင်းဖြစ်ပြီး

အာဇာနည်နေ့ ကဗျာတွေကို တခုတ်တရ ရေးဖွဲ့ခဲ့ကြတဲ့ ကဗျာဆရာများဖြစ်တဲ့…


ကိုဖြိုးငယ်၊ ကိုအိုင်လွယ်ပန်၊ မအိန္ဒြာ၊ ကို(အောင်သာငယ်)၊ ကိုဆောင်းယွန်းလ


တိုကို အထူးပဲကျေးဖူးတင်ရှိပါသည်….

ခင်မင်လေးစားစွာဖြင့်

မိုးလှိုင်ည

အာဇာနည်ဆိုတာ

အာဇာနည်တွေရဲ့ သက်စောင့်ဓါတ်က သစ္စာတရားပဲ..
အာဇာနည်ဆိုတာနဲ့
ခန့်ငြားလုံခြုံတဲ့ အရိပ်က..အလိုလိုလွှမ်းခြုံပေးလိုက်တယ်..

အာဇာနည်ဆိုတာ
အောင်နိုင်ခြင်း..ဒါမှမဟုတ်...တစ်စုံတစ်ရာအတွက်
ပက်ပက်စက်စက်ပေးချေလိုက်ကြရတဲ့..အရင်းအနှီး
အာဇာနည်ဆိုတာ
တိုင်းပြည့်နဖူးပြင်ပေါ်က အမာရွတ်လည်းဖြစ်ခဲ့ပေါ့

အာဇာနည်ဆိုတာ..
မြောက်များလှစွာသော..နှလုံးအိမ် အစုအဝေးတွေထဲက
တညီတညွှတ်တည်း..ယိုစိမ့် ကျလာခဲ့တဲ့ ပညတ်ချက်
အာဇာနည်ဆိုတာ
မျိုးနွယ် သို့မဟုတ်..နိုင်ငံ...သို့မဟုတ်...ယုံကြည်ချက်..သို့မဟုတ်..အားလုံးရဲ့
အထွဋ်အမြတ်ဝိဥာဉ်တစ်ဆူ
အာဇာနည်ဆိုတာ ငြင်းပယ်မရနိုင်တဲ့ သမိုင်းကြောင်းပေါ်က
အနှစ်ချုပ်စာမျက်နှာလည်းဖြစ်ခဲ့တယ်.
အာဇာနည်တွေရဲ့ရာဇ၀င်ဟာ
နာကျည်းကြေကွဲဖွယ်ရာ ဇာတ်ဝင်ခန်းတွေနဲ့...ခန့်ငြားသိပ်သည်းနေခဲ့တယ်

အာဇာနည်ဆိုတာ
ပြောင်းလဲခြင်းတစ်စုံတစ်ရာကိုရည်သန်တဲ့
မီးဟုန်းဟုန်းတောက် ပဋိပက္ခအကြားမှာ...မားမားရပ်ဝံ့ သူ
အာဇာနည်ဆိုတာ ရဲဝံ့စွန့်လွှတ်နိုင်ခြင်းရဲ့ ဧကရာဇ် တစ်ဆူပဲ

အာဇာနည်ဆိုတာ ပြည်သူ့သွေးကို သူ့အသက်နဲ့မောင်းနှင်ပေးသူတွေ..
အာဇာနည်ဆိုတာ အသက်ကိုခဲယမ်းလို သဘောထားနိုင်ကြသူတွေ...
အာဇာနည်ဆိုတာ အဆုံးစွန် စွန့်လွှတ်နိုင်ခြင်းစွမ်းရည်ရှိသူတွေ...

အာဇာနည်တွေမှာ
တစ်ဘ၀လုံးဖြန့်ကြည့်တာတောင်
ဝတ်စုံကောင်းကောင်း မရှိခဲ့ကြဘူး

အာဇာနည်ဆိုတာ...အမှန်တရားကိုကိုးကွယ်ပြီး
သူ့လည်ဂုတ်ပေါ်မိုးနေတဲ့ ဓါးသွားထက်
စိတ်တွေပေါ်က ဓါးအတွက် စိုးကြောက်တတ်ခဲ့တာ....

အာဇာနည်ဆိုတာ.
..................................
အာဇာနည်ဆိုတာ.
သေတာတောင်မျက်စိမပိတ်နိုင်ကြသူတွေ...။ ။

အိန္ဒြာ
(၁၉.၇.၂၀၀၉)


၆၂ နှစ်ပြည့်အာဇာနည်နေ့အထိမ်းအမှတ်၊
ကျဆုံးလေသော အာဇာနည်ခေါင်းဆောင်ကြီးများအား ဤကဗျာဖြင့် ဦးညွှတ်ကန်တော့လျက်....


ဥသြဆွဲနေတဲ့ကဗျာ

အသံတွေ အသတ်ခံထားရတဲ့နေ့ဟာ
အသက်ရှည်နေဆဲပါပဲ...
ဘယ်အခါမှ သေဆုံးမသွားနိုင်တဲ့
နတ်ဘုရားတပါးလိုပါ့...

ဟောသည်နိုင်ငံမှာ
နေရာတကာ
စစ် အင်္ဂါ လေးပါး...
သံတိုင်နဲ့ နံရံများ...
မတရားသော ဥပဒေ...
ချိန်ရွယ်နေသော သေနတ်ပြောင်း...
ဘ၀ပေါင်းများစွာကို သတ်နေသော အကျဉ်းထောင်...
မီးမှောင်ချထားသော စစ်ကြောရေးစခန်း...
ပိတ်ဆို့ထားသောလမ်းများ...

သို့သော်လည်း
မည်သူမျှ အနိုင်မယူနိုင်သည့်
ဖြူစင်သော နှလုံးသားများ...
မည်သို့သော သေနတ်ကမျှ
ပစ်ခတ်မရနိုင်သော ယုံကြည်မှုများ...
မည်သို့သော ဓါးကမျှ
မဖြတ်ရှနိုင်သော စိတ်ဓါတ်များ...
ဤအရာများကလည်း
ငါတို့နိုင်ငံမှာ နေရာတကာ...

ခုပဲကြည့်လိုက်ပါ့...
အသတ်ခံရတဲ့နေ့ကိုပဲ
ငါတို့တွေ ပြန်မွေးခဲ့ကြတယ်...
ဥသြသံတွေ မကြားရတဲ့နေ့မှာ
ဥသြသံတွေကို ငါတို့ဆွဲလိုက်ကြတယ်...
အရှည်လျားဆုံးပေါ့...

ငါတို့ရင်ထဲမှာ...
ငါတို့ရဲ့ စာမျက်နှာတွေပေါ်မှာ...
အပြောကျယ်တဲ့ လယ်ကွင်းပြင်တွေမှာ...
နိုင်ငံတကာရဲ့ သတင်းတွေမှာ...
အလင်း ဖန်မျှင်တွေရဲ့ အဆုံးအစ မရှိမှုထဲမှာ...
ဒဗလျူသုံးလုံးနဲ့အင်တာနက်မှာ...
အီးမေးလ်နဲ့ ချက်တင်းတွေထဲမှာ...
ဘလော့ဂင်းနေကြတဲ့ စာမျက်နှာတွေပေါ်မှာ...
ဥသြသံတွေ ကြားနေရပါပြီ...

ကဲ... လာ...
အာဇာနည်တွေကို အလေးပြုကြပါစို့...

(အောင်သာငယ်)

ကောင်းကင်ပါငိုတဲ့နေ့


အဲဒီနေ့က
သူနဲ့သူရဲကောင်းများရဲ့
မြင့်မြတ်ခြင်းခရီးမှာ
ကောင်းကင်ကြီးကပါငိုတယ် ။

ပျိုးရုံသာပျိုးရသေးတဲ့
အလင်းအိမ်လေးကို
အပြီးသတ်ထွန်းညှိ
ငြိမ်းချမ်းခြင်းစည်းချက်ညီစေခဲ့သူ ။

မြေပြန့်အနှံ့ကအုံ့မှိုင်းမိုး
တောင်ရိုးတစ်လျှောက်က
ဒုက္ခအခိုးတွေကို
မျိုးချစ်စိတ်ရဲရဲနဲ့
ဇလဗေဒကောင်းစေခဲ့သူ ။

တစ်ခုထဲသော
ကုတ်အနွမ်းအောက်က
ဂရုဏာရင်ငွေ့နွေးနွေးနဲ့
ရဲရင့်ခြင်းသွေးတွေပွက်
ဘေးအပေါင်းအားပျက်စေခဲ့သူ ။

သူဟာ
ပြန့်ကျဲနေတဲ့ကျွန်တော်တို့ရဲ့
အိပ်မက်တွေကိုအစီအရီစုစည်း
ခလုပ်ကန်ကန်သင်းတွေပြည့်နှက်နေတဲ့
ကျွန်တော်တို့ရဲ့လမ်းကို
ရင်ဘတ်နဲ့နင်းပြီး
ကျွန်တော်တို့အတွက်
ပန်းခင်းတွေထားပစ်ခဲ့တယ် ။

အဲဒီနေ့က
သူနဲ့သူရဲကောင်းများရဲ့
မြင့်မြတ်ခြင်းခရီးပေါ့
ကျွန်တော်တို့ကို
လွတ်လပ်ခြင်းတွေနီးစေပြီး
သူတို့ကတော့ကျွန်တော်တို့နဲ့
ဝေး…သွား…လိုက်…တာ…
ကောင်းကင်ရဲ့ပုလဲဥတွေလေ
ကြွေလို့လွင့်လို့ ။

အိုင်လွယ်ပန်

(၁၉.၇.၂၀၀၈)

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...