နာနာကျင်ကျင်ဆိုတော့လည်း
ရယ်မောခြင်းက
ပိုမိုခါးသက်လို့
ဟာသတဲ့…
ဘ၀မှာကိုယ့်ကိုယ်ကို
ပြန်လှောင်ပြောင်ရတာကိုပဲ…
မိုးလှိုင်ည
နာနာကျင်ကျင်ဆိုတော့လည်း
ရယ်မောခြင်းက
ပိုမိုခါးသက်လို့
ဟာသတဲ့…
ဘ၀မှာကိုယ့်ကိုယ်ကို
ပြန်လှောင်ပြောင်ရတာကိုပဲ…
မိုးလှိုင်ည
ဆေးသားညံ့တဲ့ စီးကရက်ဗူးမှာမှ
ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို
ဆိုးရွားစွာထိခိုက်နိုင်တယ်တဲ့
စာတန်းကပြူးတူးပြဲတဲ…
မသောက်ဘဲ လွှင့်ပစ်လိုက်ဖို့က
ငါချစ်တဲ့ နီကိုတင်းတွေကိုအားနာတယ်…။
အသည်းကင်ဆာ ၊အဆုတ်ကင်ဆာ
လည်ချောင်းကင်ဆာ
သွေးကြောစီးဆင်းမှုနှေးကွေးမယ်
အမောမခံနိုင်ဘူး…
နှလုံးသွေးကြောပိတ်မယ်
စီးကရက်ကိုလူသတ်သမားလို့
စွပ်စွဲကြတာတော့ တစ်ဘက်သက်ဆန်လွန်းတယ်
စီးကရက်မသောက်တဲ့ လူတွေကောမသေတော့ဘူးလား
ကျန်းမာရေးအတွက်
လေကောင်းလေသန့်အရေးကြီးတယ်
ဟာဝိုင်ရီကမ်းခြေမှာ အိမ်ကြီးရခိုင်နဲ့
စက်မှုလုပ်ငန်းရှင်သူဌေးကြီးကပြောတယ်
သူက စီးကရက်ဆန့်ကျင်ရေးသမားတဲ့
သူ့စက်ရုံတွေက
ကာဗွန်မိုနော့ဆိုဒ်တန်ချိန်သန်းနဲ့ချီ
လေထုထဲစွန့်ပစ်ခဲ့တာထည့်ပြောမသွားဘူး…။
ဟစ်တလာက စီးကရက်မသောက်ဘူး
ဝင်စတန်ချာချီက ဆေးပြင်းလိပ်မပြတ်တမ်းဖွာတယ်
ကမ္ဘာကြီးကို ဘယ်သူကယ်တင်ခဲ့လဲ...
ခရစ်တော်ရဲ့
၁၃ယောက်မြောက်သာဝက
မာယာကော့စကီးတစ်ယောက်ကတော့
ကဗျာတစ်စရဖို့
စီးကရက်အလိပ်တစ်ရာလောက်ဖွာရတယ်လို့
အခွန်တော်မင်းနဲ့ စကားပြောခန်းမှာ
ထည့်သွင်းပြောခဲ့ဖူးတယ်…။
တစ်ခါတစ်လေတော့
ကမ္ဘာကြီးက လူပေါ်ကျော့တွေစကား
နားယောင်ပြီး
ငါ့စီးကရက်ကိုမှလာလုတယ်
ကမ္ဘာကြီးရေ
ကျွန်တော်စီးကရက်ဖြတ်မယ်…
ကျွန်တော်ဆီကတော့ကဗျာထပ်ရဖို့
မသေချာနိုင်တော့ပါ……….။
ကျွန်တော်ကို ဆေးလိပ်ဖြတ်ခိုင်းပြီး ခဏခဏပစ်ထားခဲ့တဲ့ ကောင်မဆိုးလေးတစ်ယောက်ကို ရည်ညွှန်းပါသည်။
မိုးလှိုင်ည
မဖြစ်နိုင်ဘဲ တိုက်ဆိုင်ခဲ့ကြတယ်
သူငယ်ချင်းမရေ….
အမှတ်ရခြင်းများသာထင်ကျန်ရစ်လို့
မွေးနေ့ရောက်ပြီ…
ပန်းတစ်ခင်း
သီချင်းတစ်ပုဒ်
ကော်ဖီတစ်ခွက်
ကဗျာတစ်အုပ်
မင်းဆီကိုရည်ညွှန်းပြီး
ကမ္ဘာကြီးဆီကိုပေးထားတယ်…
အဆင်ပြေတဲ့နေ့ လမ်းကြုံဝင်ယူလှည့်ပေါ့…।သူငယ်ချင်း ။
မိုးလှိုင်ည
သူဟာ
ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းထဲက ရရှိလာတဲ့
ဒဏ်ရာတွေကို ကဗျာနဲ့ ကျင့်ယူသူပါ…..
သူဟာ
ဆေးရောင်စုံတဲ့ ရန်ကုန်မှာ
ဒြာဟာ ဒြာဖြစ်သလို
ဒြာဟာ ကဗျာဖြစ်တယ်လို့ ကြွေးကြော်ခဲ့ဖူးတယ်…
သူဟာ
ရိုက်ပုတ်ကြိမ်းမောင်းနေတဲ့ မိုးစက်တွေကြား
အခါခါလည်း ဟန်တင်းဖူးတယ်…
သူဟာ
လေနှင်ရာမျောပါခဲ့ရတဲ့
နွေးထွေးတဲ့ မေမေ့ရဲ့တိမ်ဆိုင်လေးလည်းဖြစ်တယ်….
သူဟာ
ကဗျာတစ်ပုဒ်ရယ် ကြီးမြတ်တဲ့ နှလုံးသားတစ်စုံရယ်နဲ့
ဖေဖော်ဝါရီ အတွက်ပေးဆပ်ခဲ့သူပါ…
သူဟာ
မိုးတိမ်တွေ ညိုမည်းတဲ့ညမှာ
လူမသိအောင် ကဗျာတွေရေးရင်း ရှိုက်ကြွေးနေသူပါ…
သူဟာ
အေးစက်တဲ့ လက်ဖျားလေးများအတွက်
အနွေးဓါတ်နဲ့ ပေးဆပ်တတ်သူလည်းဖြစ်တယ်…
သူဟာ
………..
သူဟာ
…………………
သူဟာ
…………………………………..
နှစ်ချို့ကော်ဖီတစ်ခွက်နဲ့
မြို့ပျက်ညတွေကြားက `မိုးလှိုင်ည´ သာဖြစ်တယ်..။
မိုးချစ်သူ
ကိုငှက်
ကျွန်တော်အခုအရက်သောက်နေတယ်
ခင်ဗျားသီချင်းကို
MP4 ပလေယာထဲထည့်ဖွင့်ပြီးနားထောင်နေတယ်
မူပိုင်ခွင့်တစ်ပြားမှမပေးရဘူး…
(ကျွန်တော်ဟာအလကားကောင်)
စားပွဲပေါ်မှာက ၀ီစကီခပ်ပြင်းပြင်း
အပြင်းစားကဗျာတွေ
လူပေါ်ကျော့တွေခံစားဖို့
အနုပညာအသီးအပွင့်တွေက
လောကဓံတရားနဲ့ စီးချင်းထိုးထားတဲ့
သူရဲကောင်းတွေရဲ့ဒဏ်ရာ
ကမ္ဘာ မြေရဲ့သွေးထွက်သံယိုတွေကိုဖာထေးဖို့
ယူရိုငွေသန်းသုံးဆယ်လောက်
တစ်ယောက်ယောက်ကချေးစမ်းပါ..
မြို့မငြိမ်းဦးခေါင်းကိုနင်းခြေသွားတဲ့
ချက်ဗို့လတ် ဘတ်စ်ကားအိုကြီးတွေကို
ကျွန်တော်မြေပေါ်ကမောင်းထုတ်ဖို့
ကိုစောငြိမ်းဗိုက်ထဲကို တိုးဝင်သွားတဲ့
ဓားမြှောင်တစ်လက်ကို
နောက်ဆုတ်သွားစေဖို့…
ပြည်မြို့ဈေးကြီးဘေးက
စုတ်ချာချာလက်ဘက်ရည်ဆိုင်လေးက
မရဏရဲ့ ပန်းချီဆေးရေးနံရံကို
ဝယ်ယူဖို့…
သရေခတ္တရာတောင်ပေါ်လမ်းကွေ့မှာ
လူကြိုက်နည်းတဲ့ကောင်ကို
ကျောက်စာတိုင်စိုက်ဖို့
အနုပညာဆိုတဲ့ကြိုးတစ်ချောင်းနဲ့
ကိုယ့်ကိုယ်ကိုအဆုံးစီရင်ဖို့
ကိုငှက်
ကျွန်တော် အရက်သောက်နေတယ်
သစ္စာမူးသူတစ်ယောက်မို့
ကိုယ့်အတ္ထုပတ္တိကိုယ်ငြင်းမိတယ်
မသိခြင်းရဲ့အဆုံးမဲ့မှာ
မျက်ကန်းတောမှောက်
ကျွန်တော်မကြောက်တတ်သေးပါ…။
မိုးလှိုင်ည
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...