ခရစ္စမတ်ညမှာ မြေစာပင်
နှစ်သစ်ကူးညမှာ မြေကျင်းကြီး
တစ်မြေတည်းနေ တစ်ရေတည်းသောက်
တစ်စစ်ပွဲထဲ တစ်ယောက် တစ်ဖက် ခွဲပြီးတိုက်လို့
အပစ်အခတ်ရပ်စဲတယ်ဆိုတာ ပြောတဲ့စကား
မဆုံးခင်အချိန်ထိ
တောင်ကြားနယ်စပ်မြို့ကလေးက ခြောက်ကပ်ကပ်
ထ ရယ်တယ်
ငါ့ဆီမှာ ကျန်ခဲ့တာဆိုလို့ အသားစ ပင်လယ်ပဲ
မိသားစုဆိုတာ
လက်ထဲ အမိအရ ဆုပ်ကိုင်ထားတဲ့ အသားဖတ် အစုအဝေး
ကမ္ဘာပေါ် ရှိရှိသမျှ ထိုးစစ်များ ရှိရှိသမျှ
ထိုးဇာတ်များ
အနီရောင်စာတန်းများ
အနီရောင်ကျိန်စာများ
နေလုံးကျသွားပြီးတဲ့နောက် လွမ်းမောဖွယ့်
ယမ်းငွေ့တဝေဝေ တောင်စွယ် တောင်တန်းတွေ
နေရာအနှံ့ ချိတ်ဆွဲထားတဲ့ အပြောင်းအလဲများ
ဆရာဝန်တွေပြောသလို ၅၀-၅၀ ဆိုတာမျိုး
မနက်ဖြန်ရဲ့ ရှိနေခြင်းဟာ တောင်စွယ်
တောင်တန်းတွေဟိုးဘက်က မမြင်ရတော့တဲ့ နေလုံးကြီးလို
“ကဘူဂရာအီး” ”ကဘူဂရာအီး”
အဲသလို
အမြဲလို
ခြောက်လှန့်နေတယ်
ရင်ငွေ့နဲ့လုပ်တဲ့ ဆုတောင်းသံတွေဟာ
ယမ်းငွေ့နဲ့လုပ်တဲ့ ဆောင်းအတုထဲမှာ
ပူလောင်အိုက်စပ်လို့
“ည မထွက်ရ” အမိန့်ထုတ်ထားတဲ့ကြားက
အသက်ဟာ ဘယ် လျှောက်လည်တယ် မသိရ
ရွာတွေမှာ အိမ်တွေမရှိတော့တာဟာ
ဝိုင်ပုလင်းမှာ စက္ကူပတ်တံဆိပ်မရှိတော့သလောက်ပါပဲ
ပိုမိုပြင်းထန်တဲ့ အကြွေးတွေ အတွက်
ပိုမိုပြင်းထန်တဲ့ သွေးတွေ
အကြွေးတိုင်းဟာ တန်ဖိုးတက်လာနိုင်ပေမယ့်
သွေးတိုင်းဟာ မြေကြီးထဲပဲ
စိမ့်ဝင်ပျောက်ကွယ်သွားတယ်
သွေးမြေကျသလို အကြွေးကျေပါ့မလား
ခြေတုတပ်ထားတဲ့ ၁၂၀ မမတွေ…
ပိန်သွားတယ် မရှိ
ဝလာတယ် မရှိ
နှစ်သစ်ကူးညထဲ ရွာတိုင်း မြို့တိုင်း
ဝိုင်းပတ်ကခုန်လို့
ရင်ထဲရှိသမျှ ဖွင့်အန်ထုတ်လို့
သွေးနဲ့ အမြဲနှပ်ထားရတဲ့မြေ
မျက်ရည်ကြိုက်တဲ့ နှစ်ရှည်ပင်တွေပဲ
စိုက်ပါစေတော့