Friday, June 10, 2016

အိပ်မက်အိမ်

အိပ်မက်အိမ်

အိပ်မက်ထဲမှာ အိမ်ကလေးတစ်လုံးကို အိပ်မက်တယ်
အိမ်အပြင်ဘက်က လမ်းတွေပေါ် အိပ်ရင်း
လေပြင်းတဲ့ မြက်ခင်းပြင်ကျယ်က
တဖျတ်တဖျတ်လွင့်နေတဲ့ ရွက်ဖျင်တဲထဲမှာအိပ်ရင်း
နှင်းငွေ့တွေစိုစွတ်နေတဲ့
ယူကလစ်ပင်ခြေရင်းကို မှီအိပ်ရင်း
ပူးကပ်ပြွတ်သိပ်ပြီး
အေးစက်တောင့်တင်းနေတဲ့ စက်လှေသံပြားပေါ်အိပ်ရင်း
အမြှောက်ဆံတသွင်သွင်ကြားက
ထွက်ပြေးသွားလို့မရတဲ့ညတွေမှာ
ရေနုတ်မြောင်းထဲအိပ်ရင်း
အိမ်ကလေးတစ်လုံးကို အိပ်မက်တယ်
အိမ်ကလေး တစ်လုံးကို အိပ်မက်ရင်း
အိမ်နဲ့ဝေးရာဆီပဲ တရစပ်ပြေးသွားနေရ

နယ်မြေသစ်မရှိတော့တဲ့ ကမ္ဘာကြီးထဲ
နယ်မြေသစ်ရှာဖွေသူတွေလို စွန်းစားခဲ့ရ
သံဆူးကြိုးတွေနဲ့ ခြစ်မိတာရော
ပင်လယ်ထဲ နစ်မိတာရော
လက်ကိုင်တုတ်တွေနဲ့ အရိုက်ခံရတာနဲ့
ခဲလုံးတွေနဲ့ အပေါက်ခံရတာနဲ့
လူယဉ်ကျေးတွေရဲ့ မောင်းထုတ်ခံဘေးတွေနဲ့
မောမောပန်းပန်း အိပ်ပျော်သွားတိုင်း
အိမ်ကလေးတစ်လုံးကို အိပ်မက်တယ်

ဒီတစ်ခါ အိမ်ကလေးရရင်
သေနတ်သံ ဗုံးဆံတွေနဲ့ ဝေးဝေးထားမယ်
ဒီတစ်ခါ အိမ်ကလေးရရင်
ငါတို့မောင်နှမတွေ ရန်မဖြစ်တော့ဘူး
(အခုတော့ သူတို့က ဘယ်ဆီမှာ)
ဒီတစ်ခါ အိမ်ကလေးရရင်
ညဉ့်နက်တဲ့အထိအပြင်မထွက်တော့ဘူး
(အခုတော့ ညဥ့်နက်သန်းခေါင် အမှောင်ထဲ လျှောက်ရင်း)

အိပ်မက်ထဲက အိမ်ကလေးထဲမှာ
တန်ဖိုးကြီး ပန်းချီကားတွေမလိုဘူး
အိပ်မက်ထဲက အိမ်ကလေးထဲမှာ
အဆင့်မြင့် ဇိမ်ခံပစ္စည်းတွေမလိုဘူး
အိပ်မက်ထဲက အိမ်ကလေးထဲမှာ
အငြင်းပွားဖွယ် အယူဝါဒတွေမလိုဘူး
အိပ်မက်ထဲက အိမ်ကလေးထဲမှာ
နွေးထွေးမှုရယ် လုံခြုံမှုရယ် ငြိမ်းချမ်းမှုရယ်ပဲ လိုမယ်

အိပ်မက်ထဲက အိမ်ကလေးကို အိပ်မက်နေရင်း
အိပ်မက်ထဲက အိမ်ကလေးဟာ ထွက်ပြေးနေရ
(အိမ်ကလေးဟာ သူ့အတွက် မြေနေရာအတွက် ထွက်ပြေးနေရတယ်)


(ကမ္ဘာ့ရွှေ့ပြောင်းများသို့)

မိုးလှိုင်ည

Thursday, February 11, 2016

ဒီတော့ကာ အဖြစ်အပျက်ထဲက အတိုင်း။



ဒုက္ခဟာဆာလောင်မှု အမျိုးအစားဖြစ်တယ်ဆိုတာ ကိုယ်နှစ်တွေအများကြီးကြာမှ သိရတယ်။ ဒါတောင် သေသေချာချာ သိသေးတာ မဟုတ်။ ကမ်းခြေမှာ အကြာကြီးနေပြီး ငြီးငွေ့ခြောက်ကပ်လာတဲ့  သဲမှုန်တွေလို။ တစ်ခါတစ်ခါ မွန်းကျပ် နစ်မြုပ်နေတဲ့ မှောင်မည်းမှုမှာ အသက်ရှင်ရတာမျိုး ရေမွှာတွေပေါက်ထွက် လာတဲ့အထိ စိတ်ရှည်လက်ရှည် သားအိမ်ခေါင်းထဲမှာ နေရတဲ့အခိုက်အတန့်မျိုးပေါ့။ လေယာဉ်ပျက်ကျတဲ့ အထဲ ကိုယ့်အမည်ပါသွားတဲ့ သတင်းစာကို ပျင်းပျင်းရိရိဖတ်ရတဲ့ အချိန်တွေရှိမယ်။ ဆိတ်စွပ်ပြုပ်ကို စောင့်နေတဲ့အချိန် စိတ်မရှည်တော့လောက်အောင် ဆာလောင်တာမျိုး ရှိမယ်။ မရှိတော့တဲ့ နှစ်ကာလတွေမှာ မရှိတော့တဲ့ အသိအကျွမ်းတွေရှိမယ်။ ဒီတော့ မြက်ပင်တွေ ယဉ်ယဉ်ကျေးကျေး မက်တပ်ရပ်နေတာကို ပန်းခြံလို့ အမည်ပေးဖြစ်တာမျိုးကို နားလည်ထားဖို့ စွမ်းရည်ဟာ ပုံမှန်ပင်မရေစီး လူ့အဖွဲ့အစည်းထဲ ရပ်တည်ဖို့ အရည်အသွေးလဲဖြစ်တယ်။ တည်ဆောက်မှုတွေဟာ တိုးတက်ငြိမ်သက်စွာ တည်ရှိနေဖို့ ပျံ့နှံ့ပြိုကွဲပေါင်းစပ်နိုင်အောင် ဖြစ်တည်နေဖို့လဲ လိုတယ်။ ဆာလောင်မှုဟာ ဒုက္ခဖြစ်တယ် ဒီလိုနဲ့ ပင်မရေစီးကို ပူပေါင်းစီးဝင် ဖြန့်ကျက်လာနိုင်တယ်။ ပြိုကွဲသွားတဲ့ ဒြပ်စင်တွေ ပြန်လည်ပူးပေါင်း အသစ်ဖြစ်သလိုမျိုး ပါတ်လမ်းတစ်ခုက ကင်းလွတ်သွားတာနဲ့ ပါတ်လမ်းတစ်ခုမှာ ငြိတွယ်သွားမှာပဲ။ ဆာလောင်နေတဲ့ ဒုက္ခဟာ စွပ်ပြုပ်တစ်ခွက်တော့ ရနိုင်သေးတယ်။



မိုးလှိုင်ည

Saturday, October 3, 2015

-အမည်ကောင်မပေါ်-


ကိုဇာတိ ကျွန်တော့် ကောင်မလေးကို ရည်းစားစာ ပေးချင်လို့ ကဗျာလေးတစ်ပုဒ်လောက် ရေးပေးပါလား တောင်းဆိုမှု့ကတည်းက ဒီဘဲမှာ မျက်ရည်မရှိတော့တာပါပဲ ၊၊ လူငယ်တွေဆိုတော့ ကိုးကွယ်ချင်ရင် ကိုးကွယ်တယ် ၊၊ မကိုးကွယ်ချင်တော့ လက်ခလယ်လေးတွေ ထုတ်ပြလိုက်တာပဲ ၊၊ ဥပမာ ဗျာ လူငယ်တွေဟာ ခေတ်ကို ကိုယ်စားပြုရမယ်ဆိုတဲ့ စကားမျိုးက အစ ဒီဘဲလေးတွေ လက်ခလယ် ထုတ်ပြတော့ တာပဲ ၊၊ ခေတ်ကပဲ လူငယ်တွေကို ကိုယ်စားပြုပါစေ ၊၊ ရီမုကွန်ထရိုး တစ်ချက်နှိပ်လိုက်ရုံနဲ့ အသက်ပေါင်းများစွာ ပေါက်ထွက်နိုင်တဲ့ ခေတ် ၊၊ ဝဋ်လည်တဲ့ ခေတ် ၊၊ သံသရာလည်တဲ့ ခေတ် ၊၊ မပြောကောင်းမဆိုကောင်း လေလည်တဲ့ခေတ် အားလုံးပေါ့ဗျာ ၊၊ ဟား) ဟား) ဟား) ဟား) ၊၊ ခွေးပစ်တဲ့ တုတ် နွားရိုက်တဲ့ ကြိမ် မွေးမေလေ့ ဘူးထွားဟားဟားဟား ၊၊ [ မှတ်ချက် ၊၊ ၊၊ ရယ်သံနှစ်ခုအား ကြား အပြီး ပထမ ရယ်သံ သည် ဒုတိယ ရယ်သံ အား ကိုးကားမထားပါဟု ဘလိုင်းကြီး ဝန်ခံအပ်ပါသည် ၊၊ စာရေးသူ ၊၊ ] ကလေးငယ်များ သည် ရုပ်ပြကြည့် ဘဝ မှာ ပင် ထွက်ကျသည် ၊၊ လူငယ်များကတော့ ရုပ်ရှင်ဇာတ်လမ်း များ ကြည့်၍ ထွက်ကျသည်၊၊ အောင်မြင်လိုမှု ၊ စွန့်စားလိုမှု ၊ အမြင်ကျယ်မှု ၊ တီထွင်လိုမှု ၊၊ အသက်တစ်ရာမနေရ ၊ အမှုတစ်ရာပွေကြ ၊၊ ရှုပ်ကြ တယ် ဆိုတာကတော့ လူငယ်(မှ မဟုတ်) လူကြီး မရွေးပါပဲ ၊၊ ဦးတို့ လက်ညိုးတွေက သားတို့ ဆီမှာ ချည်းပဲ ၊၊ ဒါနဲ့ ခုနက လူငယ်တွေဆီက ထွက်ကျလာတာတွေ ဘယ်ရောက်သွားလဲ ၊၊ ဘယ်လို ? ၊၊ ထွက်ကျလာတာ မဟုတ်ဘူး ဖောက်ထွက်လာတာလား ! ၊၊ အင်္ကျီအပွ အင်္ကျီအကျပ် ဖောက်ထွက်သည် ၊၊ ဘောင်းဘီအပွ ဘောင်းဘီ အကျပ် ဖောက်ထွက်သည် ၊၊ အလုံ့အလုံ မှ မလုံ့တလုံ ဖောက်ထွက်သည် ၊၊ ဂါဝန်အရှည်မှ ဂါဝန်အတို ဖောက်ထွက်သည် ၊၊ ဖောက်ထွက်သည် ၊၊ လူငယ်တွေဆိုတော့ကာ ဖောက်ထွက်ချင်တာပေါ့ ၊၊ ဟိုရုပ်ပြ တွေ နေရာ ကို ဒီရုပ်ပြတွေက နေရာယူလိုက်တော့ရော မအေးဘူးလား ၊၊ မအေးတော့လဲ ပူကြပေါ့ဗျ ၊၊ ဖောက်ထွက် တာပဲ ဗျာ ၊၊ ဟား) ဟား) ဟား) ဟား) ၊၊ ဦးတို့ မျက်လုံးတွေက သမီးတို့ဆီမှာ ချည်းပဲ ၊၊ လူငယ်တွေဆိုတော့ ကိုးကွယ်ချင်ရင် ကိုးကွယ်တယ် ၊၊ မကိုးကွယ်ချင်တော့ လက်ခလယ်လေးတွေ ထုတ်ပြလိုက်တာပဲ ၊၊ ခလုတ် တစ်ချက်နှိပ်လိုက်ရုံနဲ့ အသက်ပေါင်းများစွာ ပေါက်ထွက်နိုင်တဲ့ ခေတ် ၊၊ လူငယ်ဆိုတော့ မျက်ရည်မရှိတော့ မှ ပဲ ငို ချင် လာ တယ် ၊၊ ဒါ နဲ့ ဒါနဲ့ ကိုဇာတိ ကို ဇာ တိ ကိုဇာတိ က လူငယ်လား ဟင် ၊၊ ၊၊
ဇာတိ

ပင်လယ်တစ်ခုရဲ့ ကျမ်းစာ


အဲဒီတုန်းက လပြည့်ညတွေမပါ ပြက္ခဒိန်တစ်ခုအပေါ် ကွန်တိုမျဉ်းတွေရေးခြစ်မိစဉ်ကပေါ့…. အမြင့်ပေ ဘယ်လောက်မှာ သူတို့ကျောက်ချထားတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ရှာဖွေတွေ့ရှိမလည်း… ငှက်ဖျားရောဂါဖြစ် နေတဲ့ တောင်တန်းတွေအပေါ် သူတို့ချိန်တွယ်ခဲ့တဲ့ အလေးချိန်တွေ မှားယွင်းကြောင်း သက်သေပြချက်တွေ မထွက်ပေါ်သေးခင်… မြင်မြင်သမျှတိမ်တွေကို ဆွဲငင်ညှို့ယူဆဲ… မှုန်မှိုင်းသိပ်သည်းနေတဲ့ လေထုကို အကြောင်းမဲ့ မောင်းထုတ်ခဲ့တယ်… အဲဒီအကြောင်းတွေ ပြန်တွေးရင် မလိုအပ်ပဲ ပိုမိုဝန်လေးနေခဲ့…။
ဒါဟာ မလေ့ကျက်လိုက်ရတဲ့ သင်ခန်းစာလို… မကိုးကွယ်ဖူးတဲ့ ဘာသာရေးလို့ ဘယ်လိုမှ အနည်မထိုင်နိုင်ခဲ့ဖူး မီးသင့်ကျောက်တစ်လုံးရဲ့ အသုံးချတန်ဖိုးလို သက်ရှိတွေက ဘယ်စာရင်းကိုင်အတတ်နဲ့ ဖြေရှင်းတွက်ချက်ရမှာ လည်း ငယ်ငယ်သချာင်္ညံ့တဲ့ ကောင်လေးက ရူပဗေဒပညာရှင်ဖြစ်လို့ ပေတံတစ်ခုလို့ဆောင်းရွဲ့နေတဲ့ အမှန်တရား ခေါင်းပေါ်မှာ ဆောင်းထားတဲ့ ဦးထုပ်ကို ဂရုတစိုက် အလေးပြုနေတတ်သူတွေ ကိုရွံ့ရှာသလို ဖြစ်ခဲ့… နာမ၀ိသေသနဆိုတာ ဘာလဲလို့ နှစ်ပေါင်းသုံးဆယ်ကျော်မှ သူအသေအချာ စဉ်းစားဖြစ်ခဲ့တယ် တော်ရုံတန်ရုံ အနေအထားဆို ဒီခြေဖ၀ါးနဲ့ ဒီလမ်းမ တစ်သားတည်းကျနေဖို့ ကောင်းတယ်… မလွယ်ပါဘူး မြင့်ရာမှ နိမ့်ရာကို စီးဆင်းတယ်ဆိုတာ ပထ၀ီသင်ခန်းစာထဲက စကားလုံး… အရေးကြီးဆုံး အချက် အဓိပ္ပါယ် ရှိနေဖို့ မလိုအပ်တာ…။
တစ်နေ့ပြီးတစ်နေ့ ပြန်အမ်းလိုက်တဲ့ အိပ်မက်တွေလို ညရေးညတာခက်တဲ့ တန်ရာတန်ကြေးနဲ့ ထိုက်သင့်သလို ဝေခြမ်းခဲ့တယ်… ဘယ်တော့မှပြန်မလာတဲ့ နာရီတွေဟာ ပင်လယ်တစ်စင်းရဲ့ အနားသတ်မှာ နီဆွေးပျက်ကျ နေဆဲ… ဒါဟာ ဝေမှုန်နေတဲ့ အလင်းစတွေအတွက် ကန်းရှခံလိုက်ရတဲ့ ရင်းနှီးမြုပ်နှံမှုပဲ… သူတောင်းစားအိုကြီး တစ်ယောက်က ပုံမကျပန်းမကျ လတွေကို.. သူ့ လွတ်အိတ်ကြီးထဲ ထိုးထည့်လိုက်တယ် … ရောက်တတ်ရာရာ သစ်ရွက်တွေလည်း ကွန်ကရစ်ပလက်ဖောင်း ပေါ်မှာ သည်းသည်းလှုပ်လှုပ် ဝေစီနေတယ်… ဘယ်လိုရနံ့ တစ်ခုတစ်လေ မှ လေပြည်တွေထဲမှာ ဒုန်းဆိုင်းမနေပါ…။ သတ္တုမိုင်းတွင်းများက သဘောင်္ပျက်များစီ ရွှက်လွှင်ခဲ့ရ ခရီးတလျှောက် လှိုင်းတံပိုးတော်တော်များများ တော်လှန်တိုက်ခိုက် ခဲ့ရသည်..။ ရုပ်ကြွင်းများ အကြွင်းမဲ့ လက်နှက် ချပြီးနောက် ပြန်ပေးဆွဲခံလိုက်ရတဲ့ ရေမီးမင်းခိုးသူတို့ကို ကယ်တင်ရန်… အရေးအပေါ် အခြေအနေထဲမှာ မချစ်မနှစ်သက်သူများကို ပေလျကန်ပစ်ထားခဲ့ရပါတော့တယ်…။
ပုဒ်မတစ်ခု အဆုံးတိုင်း နိဂုံးမချုပ်ရသေးရင် တစ်ခုခုဆက်ရေးဖို့ လိုအပ်နေသလို… အိပ်ကပ်ထဲ လက်နှိုက်စမ်းလည်း စကားလုံးတွေက တစ်ပြားတစ်ချပ်မှ ပါမလာဘူး… လမ်းဘေးကွမ်းယာဆိုင်က စီးကရက် ၀ယ်လိုက်တယ် … အလံတော်ကိုမော့ကြည့်တော့ ရောမခေတ်ပြန်ရောက်နေတာလား… ရောမကိုရောက်တော့ ရောသမခံရဦးမှာသိတယ်…။ ကမ္ဘာသစ်တေးတွေ မရတော့ ကမ္ဘာဟောင်းကြီးကို ရာသီခွင်နဲ့ငြှိကြည့်နေရတာ … ကောင်းကင်ဟာ တစ်စင်းပြီးတစ်စင်းပျက်ကျ… စကြာင်္ဝဠာအစကို သွားဖို့… ခရီးထွက်ချင်သူတွေ ကထွက်ကုန်ပြီ…။ ဘ၀သံသရာအဆုံးအတွက် မြေပုံမို့မို့တွေက လမ်းစရှာသူကရှာ…. ။ သူ့တရားနဲ့ သူ့ရထားနဲ့ ကိုယ်က မှားလက်စတန်းလန်းကြီး ဘ၀ရထားပေါ်မှာ ရပ်နားစရာ ဘူတာပါသလား တိမ်ပြာပြာတချို့ကိုတော့ ဖြတ်ကျော်ထားခဲ့တာ သိတယ်… စတော့ဈေးကွက်တွေ ပျက်တုံးက အနာဂါတ် အစကတည်းက မရှိသူတွေက သတ်မသေကြဘူး… ရရန်ပေးရန် တို့ မလည်ပါတ်ခင်… သဘောင်္ပျက်များသမိုင်းမှာ ကမ်းတစ်ဖက်မှာ ထားခဲ့ရတဲ့ အိပ်မက်တစ်ချို့ ပြည်ပပို့ကုန်သီးသန့် အရည်အချင်းရှိသူ လူအများအပြား… ကိုလိုနီနယ်အသစ်များ အတွက် အင်္ဂါဂြိုလ်ပေါ်မှာ အပြိုင်အရိုင်းဖြစ်ထွန်းလာတဲ့ သတ္တုသိုက်များ … ဓားရိုးတွေချည်း ရှိတော့ မြင်သမျှသူခိုးတွေလည်း ရိုးအီသွားရှာခဲ့ပါပြီ… ပင်လယ်ဟာ သူ့ကို ခွင့်လွှတ်ဖို့ ကျောက်ဆောင် ကို တောင်းပန်သလိုမျိုး အဓိပ္ပါယ်မပါတဲ့ ကျမ်းစာဟာ ပင်လယ်အောက်မှာ နက်ရှိုင်းလေးနက် လို့….။
မိုးလှိုင်ည

Saturday, April 25, 2015

ဒီမိုကရေစီ ရပြီ မေမေ

ဒီမိုကရေစီ ရပြီ မေမေ

ကိုကာကိုလာ သောက်လို့ရပြီ
မာစီးဒီးလည်း ဝယ်လို့ရပြီ
KFC လည်း စားလို့ရပြီ
နိုင်ငံခြားသားတွေ အလုပ်အကိုင် အဆင်ပြေပြီ
ပရောဂျက်သမားတွေလည်း အိမ်အပြန်ဒေါ်လာပိုက်လို့

စစ်သားတွေလည်း အမတ်ဖြစ်ပြီ
လက်နက်ကိုင်တော်လှန်သူတွေ ကားပါမစ်ရပြီ
တာဝန်ရှိ ပြည်သူတွေ အများကြီး ထွက်လာပြီ
ရဲတွေ ရိုက်ချင်တိုင်း ရိုက်လို့ရပြီ
သတင်းထောက်တွေကို သတ်လို့ရပြီ
ဒီမိုကရေစီတော့ ရပါပြီ မေမေ…..

ဒါပေမယ့် ကုန်သွားတဲ့ သစ်တောတွေ
ပျောက်သွားတဲ့ တောင်တွေ
ကောသွားတဲ့ မြစ်တွေ
အသက်ပေးလိုက်ရတဲ့ အခြားအဆင့်လက်နက်ကိုင်တွေ
ဘဝပျက်သွားတဲ့ အကျဉ်းသားတွေ
ပပျောက်သွားတဲ့ ဆင်းရဲမွဲတေသူတွေ
ဆေးမကုလိုက်ရတဲ့ လူနာတွေ
ကျောင်းမတက်လိုက်ရတဲ့ ကျောင်းသားတွေ
သူတို့ကို ဒီမိုကရေစီကြီးနဲ့ ပြန်လဲယူချင်တယ် မေမေ။      ။


မျက်လုံး

Tuesday, October 14, 2014

မင်းစဉ်းစား



ဘာမှမစဉ်းစားတာထက်စာရင်
စဉ်းစားစရာရှိတာကောင်းတာပေါ့
အဲဒီတော့ မင်းစဉ်းစား
မင်းစဉ်းစားတဲ့အခါ စဉ်းစားစရာတွေရှိလာလိမ့်မယ်
စဉ်းစားရင်း စဉ်းစားရင်းနဲ့ ထပ်စဉ်းစားစရာတွေပေါ်လာမယ်
အဲဒီတော့ ပိုစဉ်းစားမိလာမယ်
ပိုစဉ်းစားမိတော့ စဉ်းစားတာလည်း ကျယ်ပြန့်လာမယ်
ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားတော့ နက်နက်ရှိုင်းရှိုင်းပါစဉ်းစားမိလာမယ်
ကျယ်ကျယ်ပြန့်ပြန့်နက်နက်ရှိုင်းရှိုင်းစဉ်းစားတော့
စဉ်းစားတာ အဆုံးအစမဲ့လာမယ်
အဆုံးအစမဲ့စဉ်းစားမိလာတာ
ဘာမှမစဉ်းစားတာထက် ပိုကောင်းတာပေါ့
ဘာပိုကောင်းလည်းဆိုတာ မင်းဆက်စဉ်းစားလို့လည်းရတာပဲ
အဲဒီတော့ မင်းစဉ်းစားပါ…။

မိုးလှိုင်ည

Wednesday, August 13, 2014

ခက်တယ်…



လတ်လတ်ဆတ်ဆတ်ကြီး အိပ်မက်ပေးတုန်းက
သူမဆုံးသေးဘူး…
သူ့ကုန်တွေ ရှုံးသွားတဲ့အကြောင်း…
သူ့အချစ်ရေးက ဘာသာကွဲ ပဋိပက္ခတွေကြားမှာ
မြေဇာပင်ဖြစ်ခဲ့ရပုံ
သူမယုံကြည်ဖူးတဲ့… ၀ါဒတွေအကြောင်း…
သူပြုံးတစ်ခါမဲ့တစ်လှည့်ပြောတယ်…
တကယ်တော့ သူကစကားနည်းတတ်သူပါ
အဲဒီအချိန်က သူမမောမပန်းနဲ့…
၁၇နှစ်နှစ်တိတိသူမပြုံးမိတဲ့…
တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က
ကားဟွန်းတီးလို့ တိုက်တစ်လုံးပြိုကျသွားတယ်
သူတို့မြို့ထဲမှာ ဘယ်ကားမှ ဟွန်းမတီးရဘူးလေ
သူက ဓါတ်ပုံတွေရိုက်နေတုန်း နောက်က ပုခုံးပုတ်လိုက်တာ
ကဗျာရွတ်တဲ့အသံက
လတ်လတ်ဆတ်ဆတ် အချိုးခံလိုက်ရတဲ့ သစ်ကိုင်းလို
တဆတ်ဆတ်တုန်ခါလို့
မီးခိုးငွေ့တလူလူမှာ သူလည်းပြီးဆုံးပြီ…
ကျွမ်းလက်စအသည်းကိုပဲ
သူက ထုတ်လှုချင်သေးတယ်…
ခက်တာက အဲဒီတုန်းက သူမျက်နှာကို
သေချာမမှတ်မိလိုက်ဘူး…
သိဟောင်းကျွမ်းဟောင်းထဲကလိုပဲ
ဒါပေမယ့် ရင်းရင်းနှီးနှီးကြီးစိမ်းနေတယ်…
မြင်နေကျအတိုင်း မြင်ကွင်းက နားမလည်နိုင်အောင် ခက်ခဲလို့…


မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...