Friday, May 29, 2020

သူ့ဓါတ်ပုံ






မှတ်မှတ်ရရ ကိုယ့်ဘဝမှာ ပထမဆုံး ဓါတ်ပုံရိုက်ခဲ့ဖူးတာက ရန်ကုန်တက္ကသိုလ်ထဲမှာ၊ အဲဒီတုန်းက အမေဘွဲ့ယူတဲ့အခမ်းအနားမှာ လိုက်ရင်း ရိုက်ခဲ့ရတာ အမေတို့ခေတ်တုန်းက စာပေးစာယူအတန်းတွေက ဘွဲ့ရပြီး ဆယ်နှစ်ဝန်းကျင်ကြာပြီးမှ ဘွဲ့နှင်းသဘင် ကျင်းပတာဆိုတော့ အပျိုဘဝက ဘွဲ့ရခဲ့တဲ့အမေက ကိုယ်အသက် ခုနစ်နှစ်၊ ရှစ်နှစ်လောက်မှ ဘွဲ့ယူရတယ်လေ။

သူများတွေ ဓာတ်ပုံရိုက်တာကိုကြည့်ရင်း ကိုယ်လည်း ဓါတ်ပုံရိုက်ချင်လာတယ်။ ဓါတ်ပုံရိုက်တဲ့လူကြီးကိုဦးလေး .. ကျနော်တစ်ယောက်တည်း တစ်ပုံလောက် ရိုက်ပေးပါဆိုတော့ လူကြီးတွေက ဝိုင်းရယ်ကြတယ် .. ဓါတ်ပုံတစ်ပုံလည်း ရိုက်ပေးပါတယ် .. သစ်ပင်ကို လက်တစ်ဖက်နဲ့ တွန်းထားပြီး ခါးထောက်ထားတဲ့ ရန်ကုန်တက္ကသိုလ်ထဲက ဓါတ်ပုံတစ်ပုံ ကိုယ့်မိသားစု အယ်လ်ဘမ်ထဲမှာ နှစ်ပေါင်းများစွာ ရှိနေခဲ့ဖူးတယ်။ နောက် ကိုယ့်ဘဝအတွက် ရှားရှားပါးပါး ငယ်ဘ၀ ဓါတ်ပုံလေး တစ်ခုပေါ့။

နှစ်ပေါင်းများစွာကြာခဲ့တယ်။ ရန်ကုန်တက္ကသိုလ်ထဲ မရောက်တာရော၊ ဓါတ်ပုံမရိုက်ဖြစ်တာရောပေါ့ .. အထက်တန်းကျောင်းသားဘဝမှာ ဆူးလေဘုရားအောက်က ဓါတ်ပုံဆိုင်တွေဆီမှာ လိုင်စင်ဓါတ်ပုံရိုက်တာက လွဲလို့ ဓါတ်ပုံမရိုက်ဖြစ်တော့ဘူး။ ကိုယ်သိပ်စိတ်မဝင်စားတာလည်း ပါမယ်ထင်တယ်။ ပြီးတော့ ဓါတ်ပုံရိုက်တာ ပိုက်ဆံအပိုကုန်တဲ့ ကိစ္စလို့ စဉ်းစားမိတာကြောင့်လည်း ဖြစ်မယ်။ ပန်းခြံတွေ ဘုရားတွေမှာ ဓါတ်ပုံဆရာတွေက အမှတ်တရ ဓါတ်ပုံရိုက်မလား လာမေးရင် ကိုယ်အမြဲလက်ကာပြမိတယ်။ ဘုရားတွေ ပန်းခြံတွေမှာ အမှတ်တရ ဓါတ်ပုံရိုက်တာ တောကလူတွေပဲ လုပ်ကြတာလို့ ထင်တယ်လေ။ ကိုယ်တစ်သက်လုံး ဒီမြို့မှာနေတာ .. ဒီပန်းခြံ၊ ဒီမြင်ကွင်၊ ဒီဘုရားတွေ၊ ဒီလမ်းတွေကို မျက်မိမှိတ်ထားရင်တောင် အလွတ်သိနေတာမျိုးဆိုတော့ ဓါတ်ပုံရိုက်ခံဖို့ တစ်ခါမှ မတွေးတော့ခဲ့ဖူးဘူး။ အဲဒီတော့ ကိုယ့်မှာ ဓါတ်ပုံရိုက်ခံတဲ့ အမှတ်တရတေါ မရှိခဲ့ဘူးလို့ ဆိုရမှာပဲ။

ဒါပေမယ့် ဘဝဆိုတာ ဖြစ်ဖူးတဲ့အဖြစ်အပျက်တွေ ဆင်တူယိုးမှားတွေ ဖြစ်လေ့ဖြစ်ထရှိတာပဲလား မသိဘူး။ ကိုယ် ရန်ကုန်တက္ကသိုလ်ထကို ဘွဲ့နှင်းသဘင်အခမ်းအနားတစ်ခုကိုပဲ အကြောင်းပြုပြီး နောက်တစ်ကြိမ်ထပ်ရောက်ခဲ့ပြန်တယ်။ ကိုယ်တစ်ယောက်တည်းတော့ မဟုတ်ဘူး၊ ကိုယ့်မှာ စာအုပ်တစ်အုပ် ပါပါတယ်။ ကံ့ကော်ရိပ်မှာ လက်ဖက်ရည်သောက်ပြီး စာထိုင်ဖတ်ရတာ ဘယ်လောက်အရသာ ရှိကြောင်း အဲဒီနေ့က ကိုယ်သိခဲ့ရတယ်။ သူဘွဲ့နှင်းသဘင်ပြီးလို့ ထွက်လာမှာကို စောင့်ရင်း ဒီဘဝမှာ ဘွဲ့မရတော့မယ့် ကိုယ့်အကြောင်းကိုယ် တွေးမိတယ်။ သူဘွဲ့နှင်းသဘင်ပြီးတော့ စောင့်နေတဲ့ကိုယ့်ကိုယ် တွေ့ချိန်မှာ ပြုံးပြတယ်။ သူ့သူငယ်ချင်းတွေ မိသားစုတွေနဲ့ ဓါတ်ပုံတွေအမှတ်တရ ရိုက်ကြတာကို ကိုယ်ကြည့်နေမိတယ်။ အဲဒီတုန်းက ကင်မရာသံတွေ၊ ရင်ခုန်သံတွေက ရောထွေးဆူညံနေတယ်။ ကင်မရာဆရာတွေက ဖလင်တစ်ကွက်ပြီးတိုင်း ဖလင်တစ်ကွက်ထပ်ရွှေ့တဲ့ ကလစ်ကတောက်အသံကြီး ကြားနေရတယ်။ လူတွေအတွက် ဘဝမှာ အမှတ်တရ ဓါတ်ပုံတွေဟာ အရေးကြီးတာပေါ့။ ကိုယ်အဲဒီတုန်းက ဓါတ်ပုံမရိုက်ဖြစ်ပြန်ပါဘူး။ ပြီးတော့ တစ်ယောက်တည်းလည်း မရိုက်ဖြစ်ခဲ့ဘူး။ ဒါပေမယ့် အဲဒီဓါတ်ပုံတွေနဲ့ ပတ်သက်ပြီး ကိုယ်တက္ကသိုလ်ထဲ ထပ်ရောက်ဖြစ်ခဲ့တယ်။

နောက်နေ့တွေကျတော့ ကိုယ်သူမနဲ့ လက်ဖက်ရည်ဆိုင်မှာ ဆုံဖြစ်တယ်။ အနာဂါတ်အတွက် ဓါတ်ပုံလှလှလေးတွေ ပိုက်လျက်ပေါ့။ ကိုယ့်ကို သူ့ဓါတ်ပုံတွေ ထုတ်ပြတယ်။ တချို့ပုံတွေထဲမှာ သူဟာ အပြင်ကနဲ့ မတူဘဲ နတ်သမီးတစ်ပါးလှနေတာမျိုးလို့ ကိုယ်ထင်နေမိတယ်။ သူ့ဆီက သူ့ဓါတ်ပုံတချို့ ပေးဖို့ ကိုယ်အရဲစွန့်ပြောကြည့်တယ်။ သူက နောက်တော့ ပေးမှာပေါ့လို့ ရှောင်ထွက်တယ်။ ကိုယ်ကလည်း လူလည်ပဲ .. မသေချာတဲ့အနာဂါတ်ထက် လက်ရှိထဲက နည်းနည်း ဖဲ့ယူမှရမယ်ဆိုတာ သဘောပေါက်တော့ ဓါတ်ပုံတွေထဲက ကိုယ်ကြိုက်တဲ့ ဓါတ်ပုံတွေကို ယူပြီးကြည့်တယ်။ တက္ကသိုလ်စိန်ဝင်းဓါတ်ပုံနံပါတ်တချို့ကိုယ် ကူးယူလိုက်တယ်။ နာမည်နဲ့ ဓါတ်ပုံနံပါတ်သိရင် ပြန်ကူးလို့ရတယ်ဆိုတာ ကိုယ်သိတယ်လေ။ အဲဒီအချိန်က ဓါတ်ပုံဆရာတွေက သူတို့ဆီမှာ ဓါတ်ပုံတစ်ခါ ရိုက်ပြီး နံပါတ်မှတ်ထားရင် အကြိမ်ကြိမ်ပြန်ကူးလို့ရတယ်။ ဖလင်တော့ ပေးလေ့ပေးထမရှိကြဘူး ..

ကိုယ်ငါးတန်းလောက်က ရိုက်တဲ့ လိုင်စင်ဓါတ်ပုံကို ကျောင်းသားကဒ်တိုင်း သုံးလို့ ဆယ်တန်းရောက်အထိ ကလေးပုံစံပေါက်နေတာကို သူငယ်ချင်းတွေ နောက်ပြောင်ကြတာအမှတ်ရမိသေးတယ်။ သူမက ကိုယ့်ကို ဘယ်တုန်းကမှ ဓါတ်ပုံလက်ဆောင်မပေးခဲ့ပါ။ အဲဒီခေတ်က တစ်ယောက်ကို တစ်ယောက် ဓါတ်ပုံပေးထားကြတယ်ဆိုတာ တော်ရုံတန်ရုံသမီးရည်းစားအဆင့်မှာ မရတတ်ကြဘူး။ ကိုယ်က သူ့ဓါတ်ပုံလေးတွေရဖို့ အရူးအမူးဖြစ်ခဲ့ရဖူးတယ်။

ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင်လုပ်ဖို့ နတ်ဆိုးတစ်ပါးလို ကျိန်စာလိုလိုနဲ့ ကိုယ့်ကံကြမ္မာ ပူးဝင်ခိုကပ်နေတတ်တယ်။ တစ်ခေါက်တော့ သူမရဲ့ လိုင်စင်ဓါတ်ပုံတစ်ပုံကို သူမအိတ်ထဲက ကိုယ် ခိုးယူပြီး ကိုယ့်ပိုက်ဆံအိတ်ထဲ ပြောင်းထည့်ဖူးတယ်။ ကိုယ့်ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံတွေ ပြောင်သလင်းခါသွားတောင် သူ့မ ဓါတ်ပုံလေးကတော့ အမြဲရှိနေခဲ့တယ်။ သူမဓါတ်ပုံဟာ လက်ဖက်ရည် ဝယ်သောက်လို့ မရတာလည်း ပါချင်ပါမှာပေါ့။

သူမဓါတ်ပုံကို နောက်တစ်ခါ ကိုယ် အမြတ်တနိုးသိမ်းထားဖြစ်တဲ့ အဖြစ်အပျက်လေးလည်း ရှိတယ်။ အဲဒီခေတ်က မိန်းကလေးတချို့လုပ်တတ်တဲ့ အတိုင်း အလှအပ မဂ္ဂဇင်းတွေမှာ သူတို့ ပုံပါလာအောင် ကဗျာလေးတွေနဲ့ တွဲပို့တတ်တယ်။ အလှအပမဂ္ဂဇင်းတွေကလည်း သူတို့ ပရိသတ်ထဲက ကောင်းနိုးရာရာပုံလေးတွေကို ထည့်ပြီး ဖော်ပြပေးတတ်ကြတယ်။ သူက သူ့ဓါတ်ပုံနဲ့ သူ့ သူငယ်ချင်း ကဗျာ တွဲပို့လိုက်တာ မဂ္ဂဇင်းမှာ ပါလာတဲ့အကြောင်း ကိုယ့်ရှေ့ မပျက်မကွက် လာကြွားခဲ့တယ်။ ကိုယ်ကလည်း မဂ္ဂဇင်းနာမည် မှတ်ထားပြီး စာအုပ်ဆိုင်က အဲဒီမဂ္ဂဇင်းကို သွားငှားတယ်။ စာအုပ်ငှားတဲ့အမျိုးသမီးကြီးရဲ့ မယုံသင်္ကာအကြည့်ကို မသိချင်ယောင်ဆောင်ပြီး အဲဒီစာမျက်နှာကို ကဒ်ကြေးနဲ့ ညှပ်ယူထားလိုက်တယ်။ တစ်ယောက်ယောက်များ အဲဒီလို ခံရဖူးတယ်ဆိုရင် ငယ်သေးတဲ့အရွယ်မို့ မှားမိတာကို ခွင့်လွှတ်ပါလို့ ဒီနေရာကပဲ တောင်းပန်ပါတယ်။ အဲဒီဓါတ်ပုံလေးကို ကိုယ့်ဒိုင်ယာရီစာအုပ် ရှေ့ဆုံးမှာ ကပ်ထားလိုက်တယ်။ နှစ်ပေါင်းများစွာကြာတဲ့အထိ ကိုယ့်ဆီမှာ ရှိနေခဲ့ဖူးတဲ့ သူ့ဓါတ်ပုံလေးပေါ့။

တကယ်တော့ လူတွေဟာ မရှိတော့တဲ့ အချိန်ကာလထဲမှာ နေထိုင်ကြဖူးသူတွေချည်းပါပဲ။ သူနဲ့ကိုယ်ကို အချိန်ကာလပဲ တွေဆုံပေးခဲ့ပြီး အချိန်ကာလကပဲ ဝေးကွာစေခဲ့ပါတယ်။ လူငယ်ဘဝမှာ အသေးစား ဝေးကွာမှုတွေဟာ တစ်ကိုယ်တော် ကမ္ဘာပျက်တာပါပဲ။ ကိုယ်လည်း ရင်ထဲမှာ တတိယကမ္ဘာစစ် ဖြစ်ခဲ့ဖူးတယ်။ သူနဲ့ဝေးကွာပြီး လွမ်းဆွတ်ရတာဟာ အဲဒီအချိန်က ဘယ်လိုတရားနဲ့မှ ဖြေလို့မရခဲ့ဘူး။ ကိုယ်တက္ကသိုလ်ဘက် ခြေဦးလှည့်ခဲ့တယ်။ သူ့ဓါတ်ပုံလေးတွေကို နံပါတ်မှတ်ထားတဲ့စာရွက်လေးကိုင်လို့ပေါ့။ ကံ့ကော်ပင်ရိပ်က အေးအေးလူလူ ဓါတ်ပုံဆရာကြီးနဲ့တွေတော့ နောက်တစ်ပတ်ရက်ချိန်မှာ ဓါတ်ပုံတွေ ရမယ်ပေါ့။ ဒါပေမယ့် ကံတရားဟာ ကိုယ့်အပေါ်မိုးလိုက်ရွာတုန်းပဲ၊ အမှတ်တမဲ့ဘောင်းဘီ ဝတ်သွားလို့ တက္ကသိုလ်ထဲဝင်လို့မရဘူးဆိုတဲ့ ခေတ်ကြီးကို ကိုယ်ကြုံခဲ့ရတယ်။ အဲဒီလိုနဲ့ ရက်ချိန်းတွေ နောက်ရွှေ့သွားပြီး တစ်ပုံကို ၃၅ ကျပ်နဲ့ သူ့ဓါတ်ပုံတွေ ရွေးယူပြီးကာမှ ပိုက်ဆံတွေမကျန်တော့လို့ ကိုယ်နေတဲ့ ဆင်ခြေဖုံးမြို့နယ်ဆီကို လမ်းလျှောက် ပြန်ခဲ့ရတာ အမှတ်ရမိတယ်။ တိုက်တိုက်ဆိုင်ဆိုင် မိုးကလေးတဖွဲဖွဲနဲ့ပေါ့။ ဒါပေမယ့် ကိုယ်တက်ကြွနေခဲ့တယ်။ ဆုတံဆိပ်တွေ လွယ်ပိုးထားတဲ့ အောင်ပွဲရစစ်သည်အလားသူ့ဓါတ်ပုံလေးတွေဟာ ကိုယ့်အသည်းကွဲရပ်ဝန်းအတွက် ငြိမ်းချမ်းရေးလက်နက်တွေပဲကို

စစ်ပြီးခေတ် မိသားစုတွေ ပြန်ဆုံသလို ကံကြမ္မာကလည်း သူနဲ့ကိုယ့်ကို အံ့သြဖွယ်ရာ ပြန်လည် တွေ့ဆုံခွင့်ပေးလိုက်ပြန်ပါတယ်။ ဘဝထဲက ပျော်ရွှင်ဖွယ် ခပ်မြန်မြန်အချိန်တချို့ကို သူလည်း ပြန်လည်ရရှိခဲ့တယ်။ ကိုယ်သူ့ကို အလွတ်ဖြေခဲ့ရတဲ့ ဓါတ်ပုံတွေ ထုတ်ပြတော့ သူ့မျက်ခုံးလေးတွေက ပြုံးနေတာ သိပ်လှတယ်လို့ ကိုယ်သတိထားမိခဲ့တယ်။ တကယ်တော့ ဘဝဆိုတာ နွေရာသီချည်းပဲမှ မဟုတ်တာ။ အချိန်တချို့ကုန်ဆုံးသွားတော့ မုန်းတိုင်းရာသီထဲ အဖြစ်အပျက်တွေ တိုးဝင်လာခဲ့တယ်။ သူနဲ့ကိုယ် ကြီးကြီးမားမား ကွဲကွာသွားကြတယ်။ သူ့ဓါတ်ပုံတွေလည်း စိတ်လိုလက်ရပြန်ပေးခဲ့မိတယ်။ လိုင်စင်ဓာတ်ပုံလေး တစ်ပုံက လွဲရင်ပေါ့။ မုန်တိုင်းထန်နေတဲ့ ကာလတစ်လျှောက်လုံး စိတ်ဒဏ်ရာတွေနဲ့ပဲ နေသားကျအောင်လည်း နေထိုင်ခဲ့ရတာပဲ။ အချိန်ကာလကပဲ ကိုယ်တို့တွေကို ကြီးရင့်လာအောင် ဆွဲခေါ်သွားနေတော့တယ်။

မော်တော်ကားသစ်တွေ လမ်းမပေါ် တစ်စီးပြီးတစ်စီး ပြေးလွှားနေတယ်။ လူတွေက တစ်ယောက်နဲ့တစ်ယောက် ဖုန်းတွေတရွယ်ရွယ်လုပ်နေကြပြီး ဆန္ဒပြပွဲတွေတစ်ခုပြီး တစ်ခုဖြစ်နေတဲ့ အချိန်ကာလထဲ ကိုယ်ရောက်လာခဲ့တယ်။ ကုန်ဈေးနှုန်းတွေက အရင်ကမထင်မှတ်ထားတဲ့ ဈေးနှုန်းတွေ၊ တိုက်ကြီးတွေက မမျှော်လင့်နိုင်အောင် မြင့်မားပြီး လမ်းတွေကလည်း မယုံကြည်နိုင်လောက်အောင် ကောင်းလာတယ်။ လူတွေက လက်ကိုင်ဖုန်းကိုယ်စီနဲပပေါ့။ သူ့ကို သတိရစိတ်မီးခဲလေးက ကိုယ့်ကို ဆိုရှယ်နက်ဝါ့ခ်ထဲ တွန်းထိုးခေါ်ဆောင်သွားခဲ့တယ်။ ဆင်တူရိုးမှားနာမည်တွေ အမျိုးမျိုးကြားမှာ သူ့ဓါတ်ပုံလေးကို ခက်ခက်ခဲခဲ ကိုယ်ရှာတွေ့ခဲ့တယ်။ သူငယ်ချင်းအဖြစ် လက်ခံပေးပါဆိုတဲ့ အကြောင်းကြားချက်နဲ့ပေါ့။ ညစာစားပွဲ၊ ဘုရားမှာတို့၊ ဝတ်ရွတ်နေတယ်တို့၊ အပန်းဖြေခရီးစဉ်၊ နာရေး၊ ဆေးရုံပေါ်မှာနောက်ဆုံးပျင်းနေပြီတို့က အစပေါ့၊ ကိုယ်ဝမ်းသာရမှာလားဝမ်းနည်းရမှာလားလှနေတုန်းဆိုပေမယ့် အရစ်ရစ်ထနေတဲ့ အဆီတုံးကြီးကိုသူ့ထက်စာရင် သူ့သမီးလေးကမှ သူငယ်ငယ်ကနဲ့ ဆင်ဆင်တူသေးတယ်။ ဒါပေမယ့် သူ့အမေလိုပဲ ဓါတ်ပုံတွေ တစ်လှေကြီးနဲ့ ဆိုရှယ်နက်ဝါ့ခ်ပေါ်မှာ .. ဒီကလေးမလေးရဲ့ ဓါတ်ပုံတွေကိုရော .. သူနဲ့ရွယ်တူကောင်လေးတွေက အမြတ်တနိုးသိမ်းထားကြမှာလား။

တယ်လီဖုန်းထဲ ဘယ်ပညာရှင်တွေက လက်ဆော့ပြီး ကင်မရာတွေ ထည့်ပေးလိုက်လဲ သူမသိပါ။ ဒါပေမယ့် လူတွေက အချိန်တိုင်းအမှတ်တရ ဓါတ်ပုံတွေ ရိုက်နေကြတော့ အမြတ်တနိုး တန်ဖိုးထားမှုတွေ ယုတ်လျော့သွားမလား တွေးပူနေမိပါတယ်။ ဒါပေမယ့် သူနဲ့လည်း သိပ်တော့ မသက်ဆိုင်ပါ .. သူ့အဖြူအမဲ လိုင်စင်ဓါတ်ပုံလေးတော့ ကိုယ့်ပိုက်ဆံအိတ်အဟောင်းလေးထဲ ကျန်ရှိနေတုန်းပါပဲ။


မိုးလှိုင်ည





Wednesday, March 8, 2017

အတွေးရုပ်ကြွင်းများ




အစိုးရကိုယ်၌ ကသောင်းကနင်းနှင့် အဓိပ္ပါယ်မရှိ ဖြစ်နေလျှင်၊
မကူညီဘဲ စိုးမိုးအုပ်ချုပ်နေလျှင်၊
ဦးမဆောင်ဘဲ အမိန့်များသာပေးနေလျှင်၊ဤသို့သော နိုင်ငံတွင်
ဥပဒေလိုက်နာစေရန်၊ ကိုယ်ကျိုးရှာမှုကို အများကောင်းကျိုး ဘောင်အတွင်း
ဝင်ဆံ့အောင် ထားရှိလိုက်နာစေရန် တစ်ဦးချင်းကို မည်သို့မည်ပုံ ဆွဲဆောင်
တိုက်တွန်းနိုင်ပါမည်နည်း။
သူသည် လူငယ်များကို ဆွေးနွေးငြင်းခုံမှုဖြင့် ယစ်မူးအောင်
ဖြားယောင်းဖျက်ဆီး သူဖြစ်သည်။ ဆိုကရေးတီး သေလျှင် ပိုကောင်းလိမ့်မည်။
လူတို့ကို သူတို့ဆည်းပူး နားလည်နိုင်သည်ထက်
ပိုမိုလျင်မြန်စွာ သင်ပေးသူအတွက် ဆိုးကျိုးကြမ္မာကျရောက်ရာ၏ ။
လူများကို မိန့်ခွန်းရှည်ကြီးများဖြင့် “ကြေးအိုးကြေးခွက်များလို ရိုက်ခတ်
မြည်လျက်ရှိသော အပြောသမားများ” အုပ်စိုးနေသည်မှာ ရှက်စရာမဟုတ်ပါလော။
အကြင်သူတစ်ဦးသည် နိုင်ငံသားများ၏ငွေကို သိမ်းယူ၍ သူတို့ကို ကျွန်ပြုလျှင်
ခိုးသူလိမ်သူဟု ခေါ်မည့်အစား သူ့အား ပျော်ရွှင်ချမ်းသာသောသူဟု အများကခေါ်သည်။
တရားမမျှတမှုကို အပြစ်တင်ရန်မှာ အပြစ်တင်သူများကိုယ်၌
မတရားမှုဒဏ်ခံစားလာရမည် ကြောက်၍ဖြစ်သည်။ သူတို့ကိုယ်၌
မတရားမှုကိုပြုရန် ဝန်လေးဆုတ်ဆိုင်းသော သဘောကြောင့်မဟုတ်ပေ။
တစ်ဖက်နှင့် တစ်ဖက် ပထုတ်ဖို့ကြိုးစားရင်း အလယ်လူထံရောက်လာခါ
သတ္တိရှိသူကို သူရဲဘောနည်းသူက လူရမ်းကား၊ လူရမ်းကားက သူရဲဘောကြောင်သူဟု
ခေါ်ကြမည်။ အခြားနေရာများတွင်လည်း လိုအပ်သလိုပြောင်းခေါ်သွားကြလိမ့်မည်။
နိုင်ငံရေးသိပ္ပံက လူကိုမဖန်တီးပါ။ သို့သော် နိုင်ငံရေးသိပ္ပံအနေနှင့် လူတို့အား
သဘာဝပေးအတိုင်း ယူရပါမည်။
နွေဦးရာသီကို ပျံလွှားပျံသောတစ်နေ့၊ နေသာသောတစ်ရက်က မဖန်တီးသလို၊
ပျော်ရွှင်ချမ်းမြေ့သော လူတစ်ယောက် ဖြစ်ရန်လည်း တစ်နေ့တစ်ရက် တစ်နံနက်က ဖန်တီးခြင်းမဟုတ်ပေ။


မိုးလှိုင်ည
( မြ၀င်း - ဒဿ     နပုံပြင် - ၁၉၉၈ စာအုပ်မှ ကူးယူဖော်ပြပါသည်။)

Monday, August 22, 2016

ကာလပေါက်ဈေး။




ဈေးထဲက သွေးသံရဲရဲ အသားတုံးတွေ ချိတ်ဆွဲထားတာ
မသတီစရာကောင်းအောင် ရိုးအီနေသလိုမျိုး
လမ်းပေါ်မှာ အတုံးအရုံးလဲကျနေတဲ့ ဘော်ဒီတွေ
ဗုံးကွဲသံတွေ အကြမ်းဖက်မှုတွေက မသတီစရာကောင်းအောင် ရိုးအီလာတယ်
စစ်ကို စွဲစွဲမြဲမြဲ ဆက်တိုက်ကြမှာလား
ဒီတော့ ရေကြီးတဲ့သတင်းကို ကျော်ပြီး
အရေးကြီးတဲ့ နောက်ကို လိုက်သွားရမှာပေါ့
ဘယ်တော့ဖြစ်ဖြစ် ဘာမှမဖြစ်သလိုနေလိုက်ကြ
ရေစီးကြောင်းကြောင့် တိုက်စားခံလိုက်ရတဲ့ သဲတွေဟာ
တစ်နေရာမှာစုပြီး မြစ်ကြီးတစ်စင်းလုံးကို သတ်ပစ်တော့မှာ
အခုတော သာသာယာယာပဲ
မုန်တိုင်းသတိပေးချက်ရှိနေပေမယ့် စူပါမားကတ်တွေက စည်ကားနေတုန်း
မှန်ကန်ထဲက ငါးတွေက လှိုင်းအတုတွေနဲ့ပျော်မြူးရင်း
ပင်လယ်စာ လတ်လတ်ဆတ်ဆတ်တွေ ကုန်းတွင်းပိုင်းမြို့လေးကို ရောက်လာတယ်
စိတ်ကစဥ့်ကလျားဖြစ်မှုကို အပြုအမူတွေက စပ်ဆက်ပေးလိုက်ကြတယ်
ဆရာဝန်ရဲ့ မှတ်ချက်က အတွေ့အကြုံတုန့်ပြန်ချက် သက်သက်ပဲ
အဲဒါကို ဆေးစာအုပ်ထဲမှာ ဖတ်လို့ရနိုင်တယ်… ဒါမှမဟုတ် လုပ်ငန်းခွင်ကလည်းရနိုင်တယ်
နှစ်မျိုးလုံး လွှဲချော်သွားရင်တောင် တတိယဆုံးဖြတ်ချက် တစ်ခုခု သေချာပေါက်ရောက်နိုင်တယ်
တစ်ယောက်တစ်ပေါက် ထင်ရာထင်ကြေးတွေက ဆွေးနွေးငြင်းခုန်စရာ ဖြစ်လာတာပေါ့
အခု ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးမလား စစ်ပွဲကိုဆက်တိုက်ကြမလား
ညစာစားပွဲမှာ တိတိကျကျ အဖြေမထွက်ဖူး
ညစာမစားရသေးတဲ့ နယ်စွန်နယ်ဖျားတွေမှာ ဆာလောင်မှုက ဆူပွက်လာတယ်
ရေနွေးအိုးထဲကို ဒေသထွက် လက်ဖက်ခြောက်တွေ ခတ်လိုက်ရင်း
ကုန်သွယ်ရေးလမ်းကြောင်း  အသစ်တွေဖြစ်လာနိုင်တယ်
ဒါပေမယ့် မြေဆီလွှာတွေဟာ ရေတိုက်စားခံရပြီးဖြစ်နေတယ်
စာချုပ်ထဲက လက်မှတ်ဟာ စစ်မဖြစ်ခင်က ငြိမ်းချမ်းရေုးကို ပြန်မယူလာနိုင်ခဲ့ဘူး။

မိုးလှိုင်ည

Friday, June 10, 2016

အိပ်မက်အိမ်

အိပ်မက်အိမ်

အိပ်မက်ထဲမှာ အိမ်ကလေးတစ်လုံးကို အိပ်မက်တယ်
အိမ်အပြင်ဘက်က လမ်းတွေပေါ် အိပ်ရင်း
လေပြင်းတဲ့ မြက်ခင်းပြင်ကျယ်က
တဖျတ်တဖျတ်လွင့်နေတဲ့ ရွက်ဖျင်တဲထဲမှာအိပ်ရင်း
နှင်းငွေ့တွေစိုစွတ်နေတဲ့
ယူကလစ်ပင်ခြေရင်းကို မှီအိပ်ရင်း
ပူးကပ်ပြွတ်သိပ်ပြီး
အေးစက်တောင့်တင်းနေတဲ့ စက်လှေသံပြားပေါ်အိပ်ရင်း
အမြှောက်ဆံတသွင်သွင်ကြားက
ထွက်ပြေးသွားလို့မရတဲ့ညတွေမှာ
ရေနုတ်မြောင်းထဲအိပ်ရင်း
အိမ်ကလေးတစ်လုံးကို အိပ်မက်တယ်
အိမ်ကလေး တစ်လုံးကို အိပ်မက်ရင်း
အိမ်နဲ့ဝေးရာဆီပဲ တရစပ်ပြေးသွားနေရ

နယ်မြေသစ်မရှိတော့တဲ့ ကမ္ဘာကြီးထဲ
နယ်မြေသစ်ရှာဖွေသူတွေလို စွန်းစားခဲ့ရ
သံဆူးကြိုးတွေနဲ့ ခြစ်မိတာရော
ပင်လယ်ထဲ နစ်မိတာရော
လက်ကိုင်တုတ်တွေနဲ့ အရိုက်ခံရတာနဲ့
ခဲလုံးတွေနဲ့ အပေါက်ခံရတာနဲ့
လူယဉ်ကျေးတွေရဲ့ မောင်းထုတ်ခံဘေးတွေနဲ့
မောမောပန်းပန်း အိပ်ပျော်သွားတိုင်း
အိမ်ကလေးတစ်လုံးကို အိပ်မက်တယ်

ဒီတစ်ခါ အိမ်ကလေးရရင်
သေနတ်သံ ဗုံးဆံတွေနဲ့ ဝေးဝေးထားမယ်
ဒီတစ်ခါ အိမ်ကလေးရရင်
ငါတို့မောင်နှမတွေ ရန်မဖြစ်တော့ဘူး
(အခုတော့ သူတို့က ဘယ်ဆီမှာ)
ဒီတစ်ခါ အိမ်ကလေးရရင်
ညဉ့်နက်တဲ့အထိအပြင်မထွက်တော့ဘူး
(အခုတော့ ညဥ့်နက်သန်းခေါင် အမှောင်ထဲ လျှောက်ရင်း)

အိပ်မက်ထဲက အိမ်ကလေးထဲမှာ
တန်ဖိုးကြီး ပန်းချီကားတွေမလိုဘူး
အိပ်မက်ထဲက အိမ်ကလေးထဲမှာ
အဆင့်မြင့် ဇိမ်ခံပစ္စည်းတွေမလိုဘူး
အိပ်မက်ထဲက အိမ်ကလေးထဲမှာ
အငြင်းပွားဖွယ် အယူဝါဒတွေမလိုဘူး
အိပ်မက်ထဲက အိမ်ကလေးထဲမှာ
နွေးထွေးမှုရယ် လုံခြုံမှုရယ် ငြိမ်းချမ်းမှုရယ်ပဲ လိုမယ်

အိပ်မက်ထဲက အိမ်ကလေးကို အိပ်မက်နေရင်း
အိပ်မက်ထဲက အိမ်ကလေးဟာ ထွက်ပြေးနေရ
(အိမ်ကလေးဟာ သူ့အတွက် မြေနေရာအတွက် ထွက်ပြေးနေရတယ်)


(ကမ္ဘာ့ရွှေ့ပြောင်းများသို့)

မိုးလှိုင်ည

Thursday, February 11, 2016

ဒီတော့ကာ အဖြစ်အပျက်ထဲက အတိုင်း။



ဒုက္ခဟာဆာလောင်မှု အမျိုးအစားဖြစ်တယ်ဆိုတာ ကိုယ်နှစ်တွေအများကြီးကြာမှ သိရတယ်။ ဒါတောင် သေသေချာချာ သိသေးတာ မဟုတ်။ ကမ်းခြေမှာ အကြာကြီးနေပြီး ငြီးငွေ့ခြောက်ကပ်လာတဲ့  သဲမှုန်တွေလို။ တစ်ခါတစ်ခါ မွန်းကျပ် နစ်မြုပ်နေတဲ့ မှောင်မည်းမှုမှာ အသက်ရှင်ရတာမျိုး ရေမွှာတွေပေါက်ထွက် လာတဲ့အထိ စိတ်ရှည်လက်ရှည် သားအိမ်ခေါင်းထဲမှာ နေရတဲ့အခိုက်အတန့်မျိုးပေါ့။ လေယာဉ်ပျက်ကျတဲ့ အထဲ ကိုယ့်အမည်ပါသွားတဲ့ သတင်းစာကို ပျင်းပျင်းရိရိဖတ်ရတဲ့ အချိန်တွေရှိမယ်။ ဆိတ်စွပ်ပြုပ်ကို စောင့်နေတဲ့အချိန် စိတ်မရှည်တော့လောက်အောင် ဆာလောင်တာမျိုး ရှိမယ်။ မရှိတော့တဲ့ နှစ်ကာလတွေမှာ မရှိတော့တဲ့ အသိအကျွမ်းတွေရှိမယ်။ ဒီတော့ မြက်ပင်တွေ ယဉ်ယဉ်ကျေးကျေး မက်တပ်ရပ်နေတာကို ပန်းခြံလို့ အမည်ပေးဖြစ်တာမျိုးကို နားလည်ထားဖို့ စွမ်းရည်ဟာ ပုံမှန်ပင်မရေစီး လူ့အဖွဲ့အစည်းထဲ ရပ်တည်ဖို့ အရည်အသွေးလဲဖြစ်တယ်။ တည်ဆောက်မှုတွေဟာ တိုးတက်ငြိမ်သက်စွာ တည်ရှိနေဖို့ ပျံ့နှံ့ပြိုကွဲပေါင်းစပ်နိုင်အောင် ဖြစ်တည်နေဖို့လဲ လိုတယ်။ ဆာလောင်မှုဟာ ဒုက္ခဖြစ်တယ် ဒီလိုနဲ့ ပင်မရေစီးကို ပူပေါင်းစီးဝင် ဖြန့်ကျက်လာနိုင်တယ်။ ပြိုကွဲသွားတဲ့ ဒြပ်စင်တွေ ပြန်လည်ပူးပေါင်း အသစ်ဖြစ်သလိုမျိုး ပါတ်လမ်းတစ်ခုက ကင်းလွတ်သွားတာနဲ့ ပါတ်လမ်းတစ်ခုမှာ ငြိတွယ်သွားမှာပဲ။ ဆာလောင်နေတဲ့ ဒုက္ခဟာ စွပ်ပြုပ်တစ်ခွက်တော့ ရနိုင်သေးတယ်။



မိုးလှိုင်ည

Saturday, October 3, 2015

-အမည်ကောင်မပေါ်-


ကိုဇာတိ ကျွန်တော့် ကောင်မလေးကို ရည်းစားစာ ပေးချင်လို့ ကဗျာလေးတစ်ပုဒ်လောက် ရေးပေးပါလား တောင်းဆိုမှု့ကတည်းက ဒီဘဲမှာ မျက်ရည်မရှိတော့တာပါပဲ ၊၊ လူငယ်တွေဆိုတော့ ကိုးကွယ်ချင်ရင် ကိုးကွယ်တယ် ၊၊ မကိုးကွယ်ချင်တော့ လက်ခလယ်လေးတွေ ထုတ်ပြလိုက်တာပဲ ၊၊ ဥပမာ ဗျာ လူငယ်တွေဟာ ခေတ်ကို ကိုယ်စားပြုရမယ်ဆိုတဲ့ စကားမျိုးက အစ ဒီဘဲလေးတွေ လက်ခလယ် ထုတ်ပြတော့ တာပဲ ၊၊ ခေတ်ကပဲ လူငယ်တွေကို ကိုယ်စားပြုပါစေ ၊၊ ရီမုကွန်ထရိုး တစ်ချက်နှိပ်လိုက်ရုံနဲ့ အသက်ပေါင်းများစွာ ပေါက်ထွက်နိုင်တဲ့ ခေတ် ၊၊ ဝဋ်လည်တဲ့ ခေတ် ၊၊ သံသရာလည်တဲ့ ခေတ် ၊၊ မပြောကောင်းမဆိုကောင်း လေလည်တဲ့ခေတ် အားလုံးပေါ့ဗျာ ၊၊ ဟား) ဟား) ဟား) ဟား) ၊၊ ခွေးပစ်တဲ့ တုတ် နွားရိုက်တဲ့ ကြိမ် မွေးမေလေ့ ဘူးထွားဟားဟားဟား ၊၊ [ မှတ်ချက် ၊၊ ၊၊ ရယ်သံနှစ်ခုအား ကြား အပြီး ပထမ ရယ်သံ သည် ဒုတိယ ရယ်သံ အား ကိုးကားမထားပါဟု ဘလိုင်းကြီး ဝန်ခံအပ်ပါသည် ၊၊ စာရေးသူ ၊၊ ] ကလေးငယ်များ သည် ရုပ်ပြကြည့် ဘဝ မှာ ပင် ထွက်ကျသည် ၊၊ လူငယ်များကတော့ ရုပ်ရှင်ဇာတ်လမ်း များ ကြည့်၍ ထွက်ကျသည်၊၊ အောင်မြင်လိုမှု ၊ စွန့်စားလိုမှု ၊ အမြင်ကျယ်မှု ၊ တီထွင်လိုမှု ၊၊ အသက်တစ်ရာမနေရ ၊ အမှုတစ်ရာပွေကြ ၊၊ ရှုပ်ကြ တယ် ဆိုတာကတော့ လူငယ်(မှ မဟုတ်) လူကြီး မရွေးပါပဲ ၊၊ ဦးတို့ လက်ညိုးတွေက သားတို့ ဆီမှာ ချည်းပဲ ၊၊ ဒါနဲ့ ခုနက လူငယ်တွေဆီက ထွက်ကျလာတာတွေ ဘယ်ရောက်သွားလဲ ၊၊ ဘယ်လို ? ၊၊ ထွက်ကျလာတာ မဟုတ်ဘူး ဖောက်ထွက်လာတာလား ! ၊၊ အင်္ကျီအပွ အင်္ကျီအကျပ် ဖောက်ထွက်သည် ၊၊ ဘောင်းဘီအပွ ဘောင်းဘီ အကျပ် ဖောက်ထွက်သည် ၊၊ အလုံ့အလုံ မှ မလုံ့တလုံ ဖောက်ထွက်သည် ၊၊ ဂါဝန်အရှည်မှ ဂါဝန်အတို ဖောက်ထွက်သည် ၊၊ ဖောက်ထွက်သည် ၊၊ လူငယ်တွေဆိုတော့ကာ ဖောက်ထွက်ချင်တာပေါ့ ၊၊ ဟိုရုပ်ပြ တွေ နေရာ ကို ဒီရုပ်ပြတွေက နေရာယူလိုက်တော့ရော မအေးဘူးလား ၊၊ မအေးတော့လဲ ပူကြပေါ့ဗျ ၊၊ ဖောက်ထွက် တာပဲ ဗျာ ၊၊ ဟား) ဟား) ဟား) ဟား) ၊၊ ဦးတို့ မျက်လုံးတွေက သမီးတို့ဆီမှာ ချည်းပဲ ၊၊ လူငယ်တွေဆိုတော့ ကိုးကွယ်ချင်ရင် ကိုးကွယ်တယ် ၊၊ မကိုးကွယ်ချင်တော့ လက်ခလယ်လေးတွေ ထုတ်ပြလိုက်တာပဲ ၊၊ ခလုတ် တစ်ချက်နှိပ်လိုက်ရုံနဲ့ အသက်ပေါင်းများစွာ ပေါက်ထွက်နိုင်တဲ့ ခေတ် ၊၊ လူငယ်ဆိုတော့ မျက်ရည်မရှိတော့ မှ ပဲ ငို ချင် လာ တယ် ၊၊ ဒါ နဲ့ ဒါနဲ့ ကိုဇာတိ ကို ဇာ တိ ကိုဇာတိ က လူငယ်လား ဟင် ၊၊ ၊၊
ဇာတိ

ပင်လယ်တစ်ခုရဲ့ ကျမ်းစာ


အဲဒီတုန်းက လပြည့်ညတွေမပါ ပြက္ခဒိန်တစ်ခုအပေါ် ကွန်တိုမျဉ်းတွေရေးခြစ်မိစဉ်ကပေါ့…. အမြင့်ပေ ဘယ်လောက်မှာ သူတို့ကျောက်ချထားတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ရှာဖွေတွေ့ရှိမလည်း… ငှက်ဖျားရောဂါဖြစ် နေတဲ့ တောင်တန်းတွေအပေါ် သူတို့ချိန်တွယ်ခဲ့တဲ့ အလေးချိန်တွေ မှားယွင်းကြောင်း သက်သေပြချက်တွေ မထွက်ပေါ်သေးခင်… မြင်မြင်သမျှတိမ်တွေကို ဆွဲငင်ညှို့ယူဆဲ… မှုန်မှိုင်းသိပ်သည်းနေတဲ့ လေထုကို အကြောင်းမဲ့ မောင်းထုတ်ခဲ့တယ်… အဲဒီအကြောင်းတွေ ပြန်တွေးရင် မလိုအပ်ပဲ ပိုမိုဝန်လေးနေခဲ့…။
ဒါဟာ မလေ့ကျက်လိုက်ရတဲ့ သင်ခန်းစာလို… မကိုးကွယ်ဖူးတဲ့ ဘာသာရေးလို့ ဘယ်လိုမှ အနည်မထိုင်နိုင်ခဲ့ဖူး မီးသင့်ကျောက်တစ်လုံးရဲ့ အသုံးချတန်ဖိုးလို သက်ရှိတွေက ဘယ်စာရင်းကိုင်အတတ်နဲ့ ဖြေရှင်းတွက်ချက်ရမှာ လည်း ငယ်ငယ်သချာင်္ညံ့တဲ့ ကောင်လေးက ရူပဗေဒပညာရှင်ဖြစ်လို့ ပေတံတစ်ခုလို့ဆောင်းရွဲ့နေတဲ့ အမှန်တရား ခေါင်းပေါ်မှာ ဆောင်းထားတဲ့ ဦးထုပ်ကို ဂရုတစိုက် အလေးပြုနေတတ်သူတွေ ကိုရွံ့ရှာသလို ဖြစ်ခဲ့… နာမ၀ိသေသနဆိုတာ ဘာလဲလို့ နှစ်ပေါင်းသုံးဆယ်ကျော်မှ သူအသေအချာ စဉ်းစားဖြစ်ခဲ့တယ် တော်ရုံတန်ရုံ အနေအထားဆို ဒီခြေဖ၀ါးနဲ့ ဒီလမ်းမ တစ်သားတည်းကျနေဖို့ ကောင်းတယ်… မလွယ်ပါဘူး မြင့်ရာမှ နိမ့်ရာကို စီးဆင်းတယ်ဆိုတာ ပထ၀ီသင်ခန်းစာထဲက စကားလုံး… အရေးကြီးဆုံး အချက် အဓိပ္ပါယ် ရှိနေဖို့ မလိုအပ်တာ…။
တစ်နေ့ပြီးတစ်နေ့ ပြန်အမ်းလိုက်တဲ့ အိပ်မက်တွေလို ညရေးညတာခက်တဲ့ တန်ရာတန်ကြေးနဲ့ ထိုက်သင့်သလို ဝေခြမ်းခဲ့တယ်… ဘယ်တော့မှပြန်မလာတဲ့ နာရီတွေဟာ ပင်လယ်တစ်စင်းရဲ့ အနားသတ်မှာ နီဆွေးပျက်ကျ နေဆဲ… ဒါဟာ ဝေမှုန်နေတဲ့ အလင်းစတွေအတွက် ကန်းရှခံလိုက်ရတဲ့ ရင်းနှီးမြုပ်နှံမှုပဲ… သူတောင်းစားအိုကြီး တစ်ယောက်က ပုံမကျပန်းမကျ လတွေကို.. သူ့ လွတ်အိတ်ကြီးထဲ ထိုးထည့်လိုက်တယ် … ရောက်တတ်ရာရာ သစ်ရွက်တွေလည်း ကွန်ကရစ်ပလက်ဖောင်း ပေါ်မှာ သည်းသည်းလှုပ်လှုပ် ဝေစီနေတယ်… ဘယ်လိုရနံ့ တစ်ခုတစ်လေ မှ လေပြည်တွေထဲမှာ ဒုန်းဆိုင်းမနေပါ…။ သတ္တုမိုင်းတွင်းများက သဘောင်္ပျက်များစီ ရွှက်လွှင်ခဲ့ရ ခရီးတလျှောက် လှိုင်းတံပိုးတော်တော်များများ တော်လှန်တိုက်ခိုက် ခဲ့ရသည်..။ ရုပ်ကြွင်းများ အကြွင်းမဲ့ လက်နှက် ချပြီးနောက် ပြန်ပေးဆွဲခံလိုက်ရတဲ့ ရေမီးမင်းခိုးသူတို့ကို ကယ်တင်ရန်… အရေးအပေါ် အခြေအနေထဲမှာ မချစ်မနှစ်သက်သူများကို ပေလျကန်ပစ်ထားခဲ့ရပါတော့တယ်…။
ပုဒ်မတစ်ခု အဆုံးတိုင်း နိဂုံးမချုပ်ရသေးရင် တစ်ခုခုဆက်ရေးဖို့ လိုအပ်နေသလို… အိပ်ကပ်ထဲ လက်နှိုက်စမ်းလည်း စကားလုံးတွေက တစ်ပြားတစ်ချပ်မှ ပါမလာဘူး… လမ်းဘေးကွမ်းယာဆိုင်က စီးကရက် ၀ယ်လိုက်တယ် … အလံတော်ကိုမော့ကြည့်တော့ ရောမခေတ်ပြန်ရောက်နေတာလား… ရောမကိုရောက်တော့ ရောသမခံရဦးမှာသိတယ်…။ ကမ္ဘာသစ်တေးတွေ မရတော့ ကမ္ဘာဟောင်းကြီးကို ရာသီခွင်နဲ့ငြှိကြည့်နေရတာ … ကောင်းကင်ဟာ တစ်စင်းပြီးတစ်စင်းပျက်ကျ… စကြာင်္ဝဠာအစကို သွားဖို့… ခရီးထွက်ချင်သူတွေ ကထွက်ကုန်ပြီ…။ ဘ၀သံသရာအဆုံးအတွက် မြေပုံမို့မို့တွေက လမ်းစရှာသူကရှာ…. ။ သူ့တရားနဲ့ သူ့ရထားနဲ့ ကိုယ်က မှားလက်စတန်းလန်းကြီး ဘ၀ရထားပေါ်မှာ ရပ်နားစရာ ဘူတာပါသလား တိမ်ပြာပြာတချို့ကိုတော့ ဖြတ်ကျော်ထားခဲ့တာ သိတယ်… စတော့ဈေးကွက်တွေ ပျက်တုံးက အနာဂါတ် အစကတည်းက မရှိသူတွေက သတ်မသေကြဘူး… ရရန်ပေးရန် တို့ မလည်ပါတ်ခင်… သဘောင်္ပျက်များသမိုင်းမှာ ကမ်းတစ်ဖက်မှာ ထားခဲ့ရတဲ့ အိပ်မက်တစ်ချို့ ပြည်ပပို့ကုန်သီးသန့် အရည်အချင်းရှိသူ လူအများအပြား… ကိုလိုနီနယ်အသစ်များ အတွက် အင်္ဂါဂြိုလ်ပေါ်မှာ အပြိုင်အရိုင်းဖြစ်ထွန်းလာတဲ့ သတ္တုသိုက်များ … ဓားရိုးတွေချည်း ရှိတော့ မြင်သမျှသူခိုးတွေလည်း ရိုးအီသွားရှာခဲ့ပါပြီ… ပင်လယ်ဟာ သူ့ကို ခွင့်လွှတ်ဖို့ ကျောက်ဆောင် ကို တောင်းပန်သလိုမျိုး အဓိပ္ပါယ်မပါတဲ့ ကျမ်းစာဟာ ပင်လယ်အောက်မှာ နက်ရှိုင်းလေးနက် လို့….။
မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...