Friday, January 11, 2013

တစ်နှစ်ပတ်လုံး ဂျလုံးပလုံး


ခရစ္စမတ်ညမှာ မြေစာပင်

နှစ်သစ်ကူးညမှာ မြေကျင်းကြီး
တစ်မြေတည်းနေ တစ်ရေတည်းသောက်
တစ်စစ်ပွဲထဲ တစ်ယောက် တစ်ဖက် ခွဲပြီးတိုက်လို့

အပစ်အခတ်ရပ်စဲတယ်ဆိုတာ ပြောတဲ့စကား မဆုံးခင်အချိန်ထိ
တောင်ကြားနယ်စပ်မြို့ကလေးက ခြောက်ကပ်ကပ်

ထ ရယ်တယ်
ငါ့ဆီမှာ ကျန်ခဲ့တာဆိုလို့ အသားစ ပင်လယ်ပဲ

မိသားစုဆိုတာ
လက်ထဲ အမိအရ ဆုပ်ကိုင်ထားတဲ့ အသားဖတ် အစုအဝေး

ကမ္ဘာပေါ် ရှိရှိသမျှ ထိုးစစ်များ ရှိရှိသမျှ ထိုးဇာတ်များ
အနီရောင်စာတန်းများ

အနီရောင်ကျိန်စာများ
နေလုံးကျသွားပြီးတဲ့နောက် လွမ်းမောဖွယ့်

ယမ်းငွေ့တဝေဝေ တောင်စွယ် တောင်တန်းတွေ
နေရာအနှံ့ ချိတ်ဆွဲထားတဲ့ အပြောင်းအလဲများ

ဆရာဝန်တွေပြောသလို ၅၀-၅၀ ဆိုတာမျိုး
မနက်ဖြန်ရဲ့ ရှိနေခြင်းဟာ တောင်စွယ် တောင်တန်းတွေ

ဟိုးဘက်က မမြင်ရတော့တဲ့ နေလုံးကြီးလို

“ကဘူဂရာအီး” ”ကဘူဂရာအီး”
အဲသလို

အမြဲလို
ခြောက်လှန့်နေတယ်

ရင်ငွေ့နဲ့လုပ်တဲ့ ဆုတောင်းသံတွေဟာ
ယမ်းငွေ့နဲ့လုပ်တဲ့ ဆောင်းအတုထဲမှာ

ပူလောင်အိုက်စပ်လို့
“ည မထွက်ရ” အမိန့်ထုတ်ထားတဲ့ကြားက

အသက်ဟာ ဘယ် လျှောက်လည်တယ် မသိရ
ရွာတွေမှာ အိမ်တွေမရှိတော့တာဟာ

ဝိုင်ပုလင်းမှာ စက္ကူပတ်တံဆိပ်မရှိတော့သလောက်ပါပဲ
ပိုမိုပြင်းထန်တဲ့ အကြွေးတွေ အတွက်

ပိုမိုပြင်းထန်တဲ့ သွေးတွေ
အကြွေးတိုင်းဟာ တန်ဖိုးတက်လာနိုင်ပေမယ့်

သွေးတိုင်းဟာ မြေကြီးထဲပဲ စိမ့်ဝင်ပျောက်ကွယ်သွားတယ်
သွေးမြေကျသလို အကြွေးကျေပါ့မလား

ခြေတုတပ်ထားတဲ့ ၁၂၀ မမတွေ…
ပိန်သွားတယ် မရှိ

ဝလာတယ် မရှိ
နှစ်သစ်ကူးညထဲ ရွာတိုင်း မြို့တိုင်း ဝိုင်းပတ်ကခုန်လို့

ရင်ထဲရှိသမျှ ဖွင့်အန်ထုတ်လို့
သွေးနဲ့ အမြဲနှပ်ထားရတဲ့မြေ

မျက်ရည်ကြိုက်တဲ့ နှစ်ရှည်ပင်တွေပဲ စိုက်ပါစေတော့


သိုးထိန်း (အန္တိမ)


 

Thursday, January 10, 2013

“အမြင့်ကြောက်သူ”

အမြင့်ကိုမရောက်မချင်း
ကျွန်တော့်ကိုကျွန်တော်
အမြင့်ကြောက်တတ်မှန်း မသိဘူး…
အမြင့်ကိုတက်ရတာ အန္တရာယ်များမှန်း မသိခဲ့ဘူး..
ငယ်ငယ်က ကိုယ့်ကိုကိုယ် အမြင့်ကြိုက်သူလို့
ထင်ခဲ့မိတယ်…
တစ်လွဲပဲ
ကျွန်တော်ဟာ အမြင့်ကိုရောက်လာလေ
အမြင့်ကိုပိုကြောက်လာလေလေပဲ
များများမြင့်ရင် မြန်မြန်ပြုတ်ကျပြီး
များများနာတတ်တယ်ဆိုတာ
မြင့်မြင့်လာမှပိုနားလည်လာမိတယ်
မြင့်လွန်းရင်လေတိုက်နှုန်းကအစ
အန္တရာယ်ပဲ
အမြင့်ကပြန်ဆင်းရရင်လည်း
ကြောက်ဒူးတွေတုန်လို့
အမြင့်ဟာမလုံခြုံဘူး
အမြင့်ဟာအန္တရာယ်များတယ်
သိပ်မြင့်လွန်းရင်လေးဖက်တွားတက်ရတာ
အမြင့်ကြီးမှာအကျမနာချင်လို့
ကုပ်ကပ်တွယ်ထားရထာတာကော
အမြင့်မှာ ဒဏ်ရာဒဏ်ချက်တွေ
ပွန်းပဲ့ထိရှလွယ်လို့
ဘဝနဲ့ဘ၀င် ကျွန်တော်ဘာမှမမြင့်ချင်တော့ဘူး
အမြင့်ကြီးကို အများကြီးကြောက်မိလာလို့….။



မိုးလှိုင်ည

Wednesday, January 9, 2013

မမလီဆာလိုင်ဇာ ရောက်ဘူးလား



 

 

မမလီဆာလိုင်ဇာ ရောက်ဘူးလား

 

မမလီဆာဟာ `ဒိုင်းနမိုက်´ပဲ
ကျွန်တော် ကရင်တပ်သားလေးဘ၀ထဲက မမလီဆာကို စွဲခဲ့တာ
ဂစ်တာသံတွေတဒိုင်းဒိုင်းကြားရင်းနဲ့ အိပ်ပျက်ခဲ့ရတယ် မာနယ်ပလောမှာ
ခရစ္စမတ်ပွဲတော်နေ့မှာလည်း လိုင်ဇာဟာ ဒိုင်းနမိုက်ပဲ
လက်ဝါးကပ်တိုင်ပေါ်ကခရစ်တော်ဟာ လောင်ချာစာမိသွားတယ်
`ဒိုင်းနမိုက်´ ၊ တိုင်းရင်းသားကိုချစ်တဲ့အရသာ `ဒိုင်းနမိုက်´
လမ်းဘေးမှာ တန်းစီနေတဲ့ ဒုက္ခသည်တွေ ၊ နိုင်ငံခြားကမတင်သွင်းဘူး
စစ်လေယာဉ်တွေ မောင်းလာတဲ့ ကိုကိုဗိုလ်ကြီးတွေကိုလည်းချစ်
မမလီဆာက ခါးမှာ သေနတ်နှစ်လက်နဲ့ ကျည်ဆံခါးပတ်ချိတ်ပြီး
`ဒိုင်း ဒိုင်း ကောင်းဘွိုင်လိုပဲ ၊ သေနတ်နဲ့ ပစ်မယ်ချစ်သူရယ်´
အဲဒီကျည်ဆံတွေဟာ ကျွန်တော်တို့ချစ်ရသူတွေမှာ အပေါက်တွေချည့်ပဲ
တောင့်တခဲ့တာ ငြိမ်းချမ်းရေးမဟုတ်ရင် နောက်ဖေးယင်လုံအိမ်သာလေး
`ဒိုင်းနမိုက်´၊ မမလီဆာဟာ ကျွန်တော့်ရဲ့ sex symbol ပဲ
တစ်ခါ ၊`ပြည့်ဝ´မှာ မမလီဆာက ကျွန်တော့်ကိုပဲ လက်ညှိုးထိုးပြီး
`မောင်´သီချင်းဆိုခဲ့တာ သူတို့တွေကျွန်တော့်ကို အညှိုးနဲ့ ကြည့်ကြ
မမလီဆာကို သူတို့အကြမ်းဖက် ၊ အချောဖက် ၊ ငွေဖက် ၊ အာဏာဖက်
အချင်းချင်းလက်ဆောင်ပေးဖက် ၊ ကျွန်တော်ပေါက်ကွဲပေါ့ ၊ ဒိုင်းနမိုက်
`သေနတ်နဲ့ ပစ်မယ်ချစ်သူရယ်´
လက်နက်ကြီးတွေ ၊ စစ်လေယာဉ်တွေ ၊ ရဟတ်ယာဉ်တွေ ၊ တပ်ကြောင်းတွေ
လိုင်ဇာက လိုင်ချီးသီးတွေတစ်ဘက်နိုင်ငံထဲခိုလှုံသွားကြတယ်
ဖားကန့်မှာ တစ်တွင်းနဲ့ မကြည်ရင် ခေါက်လိုက်မယ်
နောက်တစ်တွင်းလာလိမ့်မယ်။ ဖေါရင်းကလာတဲ့
ပစ္စည်းမဟုတ်တော့ စစ်အတွက် သေတွင်းဟာ မဆန်းဘူး ၊
ဒိုင်းနမိုက်။ မာလာဆောင်ပြည်လမ်းရဲ့ ရှေ့မှာ ၊ ဒိုင်းနမိုက်
မမလီဆာ ၊ ကျွန်တော်လက်နက်ချလို့ အလင်းဝင်ခဲ့ပါပြီ
ခြေတု ၊ လက်တုကအစ အတုတွေတပ်စင်ထားတဲ့ ဘ၀ကြီးမှာ
စင်ပေါ်လည်း တင်ဆက်ဖျော်ဖြေပေးရတယ် ၊ ချစ်ကြည်ရေး
စင်အောက်လည်း တင်ဆက်ရပြန်တယ် ၊ ဒိုင်းနမိုက်
လမ်းဘေးမှာ တန်းစီနေတဲ့ တိုင်းရင်းသားတွေ
နိုင်ငံခြားမှာ ကျွန်သွားခံကြတယ်။ ပင်လုံဆေးရုံမှာ
ကျွန်တော်သန့်ရှင်းရေးဝန်ထမ်းပါ ၊ သေနတ်ကို
တံမြက်စည်းနဲ့ လဲလှယ်ခဲ့ပါတယ် ၊ ဒိုင်းနမိုက်
မမလီဆာဟာ ဦးစီးချုပ်ကြီးတွေနဲ့ တစ်လှည့်စီ
ဆွေးနွေးညှိနှိုင်းအိပ်ပေးရင် ပြည်ထောင်စုအထွဋ်အထိပ်
ရောက်မလား ၊ ဒိုင်းနမိုက် ၊ အိပ်ယာထဲမှာ ဒိုင်းနမိုက်
ဖေါရင်းက လာတဲ့ ပစ္စည်းမဟုတ်တော့
တန်ဘိုးနဲ တိုင်းရင်းသားတွေလား
တစ်နိုင်ငံလုံးချမ်းသာဖို့ ၊ ဒိုင်းနမိုက်တွေ သတ်သေကြပါစို့
ဒိုင်းဒိုင်းကောင်းဘွိုင်လိုပဲ
လက်နက်ကြီးတွေနဲ့ ချေမှုန်းပစ်လိုက်မယ် ၊ ချစ်လို့ပါကွယ်
မမလီဆာ ၊ ကျွန်တော့်နှလုံးသားထဲက ကျည်ဖူးထုတ်ပေးလိုက်ပါတယ်
အဲဒါအပျော့စား ဒိုင်းနမိုက်၊ တစ်ဒိုင်းဒိုင်းနဲ့ မိုက်တဲ့ ဒိုင်းနမိုက်။ ။



ဇေယျာလင်း
1 – Jan – 13

http://zlkontempo.com/?p=731
 

Wednesday, January 2, 2013

ရန်ကုန်ကို အဆက်အသွယ်မဖြတ်နဲ့



ဘုရားသခင်ဆိုရင်လည်း
သူလိုကိုယ်လို ဘုရားသခင်ပဲနေမှာ ဒါပေမဲ့
ရန်ကုန်ကို အဆက်အသွယ်မဖြတ်နဲ့
အချစ်အလွမ်းနဲ့ ဒူးတင်ပေါင်တင်
မလိမ်မိုး မလိမ်မာ အနေအထိုင်ကပဲ
ကြည့်လို့ပိုအဆင်ပြေသလိုလို
ဒါရန်ကုန်ပဲ
မပြောလည်းသိကြမယ်
မသိလည်းပြောကြပေါ့
ရန်ကုန်ဟာ အုပ်စုနဲ့ စပွန်ဆာနဲ့
လျှပ်စစ်မီးဟာ ABCD
ကိုယ့်သွေးအုပ်စုနဲ့ ကိုယ့်အတင်းမောင်းလို့
အောင်မြင်ကျော်ကြားသူများကလပ်မှာ
ခင်ဗျားလည်း member ဖြစ်နိုင်တယ်
ခင်ဗျားရဲ့ ထင်ရှားတဲ့ ထင်ရှားတဲ့ အမှတ်အသားဟာ ဒါပဲ
ရန်ကုန်ကို အဆက်အသွယ်မဖြတ်နဲ့
ရုပ်ရှင်ရုံတွေမှာဟာသကားတွေ အ၀င်အထွက်များပြီး
ကဗျာဆရာတွေ အရက်စုသောက်နေတတ်တာ ရန်ကုန်ပဲ
ပါဝါအရွှေ့အပြောင်းနဲ့
မျိုးဆက်ကွာဟမှု
အနုပညာနိဂုံးအယူအဆနဲ့ရန်ကုန်ပဲ
အောက်ခြေမှတ်စုနဲ့
သုတေသနအသုံးစရိတ်နဲ့
မီဒီယာလွတ်လပ်ခွင့်နဲ့
ကိုရီးယားအသားကင်နဲ့ ရန်ကုန်ပဲ
ရန်ကုန်ကို အဆက်အသွယ်မဖြတ်နဲ့
လက်လှုပ်သလောက် ပါးစပ်လှုပ်နိုင်တာလည်း ရန်ကုန်ပဲ
သီချင်းကလေး တစ်အေးအေး
လေကလေး တစ်ချွန်ချွန်ဒီလို
ဘ၀လွန်မသားတွေ ရှိနေတာလည်း ရန်ကုန်ပဲ
ဘ၀ကို လုံးထွေးပြီး
ခုံးကျော်တံတားတစ်ခုခုအောက်မှာ ချထားလိုက်
အဆင်ပြေလှတဲ့လူကော် “မ” သွားလိမ့်မယ်
ဒီတစ်လနဲ့ မရရင် နောက်တစ်လ
ပဒုတစ် အခန်းဆက်ရှည်နေတာလည်း ရန်ကုန်ပဲ
မလိုအပ်ရင် အသံကျယ်ကြီးတွေ မထွက်ပြနဲ့
ဟွန်းမတီးနဲ့ ပိတ်မရပ်နဲ့
ကျော်မတက်နဲ့ ဒါရန်ကုန်ပဲ
ရန်ကုန်ဟာ တစ်ယောက်စတာနဲ့ အကုန်ပါတာပဲ
အခုပဲ စူလာနဖာ
အခုပဲ ပိစပ်ရွက်
ဒါကြောင့်ပြောတာ ရန်ကုန်ကို အဆက်အသွယ်မဖြတ်ပါနဲ့လို့။ ။


Aမွန်

Tuesday, December 18, 2012

ဘ၀ ၂


သေချာတာက သေမှာပဲဆိုတာ
ကိုယ့်ကိုယ်ကို မထင်သမျှ…
လုပ်သမျှကို အဟုတ်မှတ်လို့…


မိုးလှိုင်ည

Thursday, November 22, 2012

အဆိပ်ဖြေဆေး

ဖြိုချခြင်း၊ ပြိုကျခြင်း
ဗိုလ်ကျခြင်း၊ ငိုရခြင်း…
ရင်းနေတဲ့အနာတွေ ရှိပေမဲ့
သီချင်းတွေနဲ့ကဗျာတွေ လည်းရှိလို့
လင်းနေတဲ့ကမ္ဘာမြေကို ချစ်တယ်။

Monday, October 29, 2012

(၃၁) ဘုံအတွင်းမှ . . . (၁၃) သို့

တစ်ယောက်ရဲ့
အရေပြား ကို တစ်ယောက်က
ချည်နှောင်ကြရင်း
( အရေပြား တစ်ခြား ၊ လူ တစ်ခြား )
အရေပြားတွေ ကျွတ်ကျကုန်တတ်တာလဲ
သိခဲ့တယ် .. .. .. ၊၊
နှုတ်ခမ်းတွေက အန်နေကြတာ
တရားနဲ့ ဖြေမှ ရမယ့်
မေးခွန်းတွေမှန်းလဲ သိတယ် .. .. .. ၊၊ ၊၊

လွမ်း လို့
သေ သွား ခဲ့ ရင် တောင်
ပျော် မှာ ပဲ တဲ့
အဲ့ဒီ .. .. .. ..
ရေခဲတုံးလေး
ကန္တာရ ဆီ ခရီးထွက်သွားခဲ့တယ် ၊၊ ၊၊




ဇာတိ (Doi)

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...