Sunday, September 16, 2012

သိုက်တူးသမားတယောက်အကြောင်း ပြန်လည်ပြောပြချက်


ကြေးစားကလည်း ကြေးစားပီသတယ်
ရန်သူကလည်း ရန်သူပီသတယ်
လူကလည်း လူပီပီသသ။

မနက်ခင်းမှာ အရက်နာကျတယ်
နေ့လယ်ခင်းမှာ စိတ်ဓာတ်ကျတယ်
ညတွေမှာ ရင်ကွဲနာတွေကျတယ်။

တီတူးပြီးရောင်းလို့ ရတယ်
ဆံပင်ဖြတ်ပြီးရောင်းလို့ရတယ်
တိုင်းပြည်ကိုလက်ညှိုးထိုးပြီးရောင်းလို့လည်းရတယ်။


ဘာမနာလိုစရာရှိလဲ
အင်ဒရူးဝိုင်းယက်က ကိုယ်ပိုင်ကျွန်းမှာ ပန်းချီဆွဲတယ်
ငါက ကိုယ်ပိုင်အလွမ်းအဆွေးတွေနဲ့ ကဗျာရေးတယ်။

ဘာမနာလိုစရာရှိလဲ
မင်းနဲ့ငါလည်း ငွေလိုနေတယ်
လူသန်းပေါင်း (၆၀) လည်း ငွေလိုနေတယ်
အမေရိကန်အစိုးရမှာလည်း ငွေလိုနေတယ်။

ဘာမနာလိုစရာရှိလဲ
သုဘရာဇာက အလောင်းအလှပြင်တယ်
ငါက စာအုပ်အလှပြင်တယ်
သွေးဆာရင်ကောင်းကင်မော့ကြည့်တယ်။

ပန်းအလှစိုက်ပြီး
ယဉ်ကျေးချင်ယောင်ဆောင်သောလူသားကမ္ဘာမှာ
ခွေးအလှမွေးပြီး
ယဉ်ကျေးချင်ယောင်ဆောင်သောလူသားကမ္ဘာမှာ။

ဘာမနာလိုစရာရှိလဲ
ကိုယ်က တောနက်တယ်
လောကက ငါးမန်းပေါတယ်
အသား အသားချင်းမို့ မှားယွင်းမိခဲ့တယ်။


သစ်ကောင်းအိမ်

Thursday, September 13, 2012

ကျောက်စာကို ခဲဖျက်နှင့်ဖျက်၍ မရ (စ -ဆုံး)


ကျောက်စာကို ခဲဖျက်နှင်ဖျက်၍ မရ ဒီစာအုပ်လေးကို မရရအောင် တကူးတက ရှာဖွေလိုက်ရပါတယ်.. ကျွန်တော်တို့ ခေတ် ကျွန်တော်တို့ သမိုင်းအတွက် အရင်းအတိုင်းခံစား နားလည်နိုင်ခဲ့ပါတယ် …။  ဒီစာအုပ်လေးက ကျွန်တော့်တို့ကိုယ် ကျွန်တော်တို့ ကျွန်တော်တို့ ဖြတ်သန်းလာတဲ့ခေတ်ကို ပြန်မြင်မိပါတယ်..။ ပထမပိုင်း တင်တုန်းက စာစီစာရိုက်ဆိုင်က ၀င်းဖောင့်တွေနဲ့ ရိုက်ပေးလိုက်တယ်.. ကျွန်တော်က ဇော်ဂျီပြန်ပြောင်းပြီး ဘလော့မှာ ပေ့ခ်ျ တစ်ခုတင်ပြီး ခွဲထုတ်ပြီး တင်ကြည့်တယ် … ကျွန်တော် နည်းပညာချို့တဲ့မှုကြောင့် စာဖတ်သူတွေ အခက်အခဲ ဖြစ်ခဲ့ရတာကို ကျွန်တော့် အနေနဲ့ စာရေးသူကိုရော စာဖတ်သူတွေကိုပါ အနူးအညွှတ်တောင်းပန်ပါတယ်..။ ကျွန်တော် အဲဒီစာအုပ်လေးကို ပီဒီအက်ဖ်အနေနဲ့ အစအဆုံး တင်ပေးထားပါတယ်..။ ဖတ်တဲ့သူတွေ အဆင်ပြေချောမွေ့ပါစေ…။ ဒီစာအုပ်အတွက် စာရေးသူ ဆရာမြေမှုန်လွင် ကိုလည်းအထူးကျေးဇူး တင်ပါတယ်.။ ပြင်ပ စာအုပ်ဆိုင်တွေမှာ ကျွန်တော့်လို့ စာအုပ်ဝယ်မရသူတွေ ဖတ်ဖို့ အဆင်ပြေအောင်  Ebook အနေနဲ့ ပြုလုပ်ပေးခြင်းဖြစ်ပါတယ် .. ငွေကြေးတစ်စုံတစ်ရာ ရရှိအောင် ဖြန့်ဝေခြင်း မဟုတ်တဲ့အတွက် ဆရာမြေမှုန်လွင်နဲ့ ထုတ်ဝေတဲ့စာအုပ်တိုက် အနေနဲ့ နားလည်ခွင့်လွှတ်ပေးနိုင်မယ်လို့ ထင်ပါတယ်..။ အကယ်လို့ ဒီလင့်ခ်ကို ပြန်ဖြုတ်ပေးပါလို့ ..သက်ဆိုင်သူများက ကန့်ကွက်တောင်းဆိုလာမယ် ဆိုရင်လည်း ကျွန်တော် ချက်ချင်းမဆိုင်းမတွ ဆောင်ရွက်ပေးပါမယ်…။





ချစ်ခင်လေးစားလျှက်
မိုးလှိုင်ည

Sunday, September 2, 2012

စိတ်ကူးရှိတယ် ဘ၀မရှိဘူး




စိတ်ကူးတွေထဲမှာ ဘ၀ရှိသလို
ဘ၀တွေထဲမှာမှာလည်း စိတ်ကူးရှိတာပဲ
စိတ်ကူးနဲ့ဘ၀တွေက
ဘ၀နဲ့စိတ်ကူးနေသလို
ဘ၀ထဲမှာစိတ်ကူးအတိုင်းပုံဖော်လို့
ပုံဖော်ထားတဲ့စိတ်ကူးအတိုင်းဘ၀ဖြစ်လို့
စိတ်ကူးနဲ့ဘ၀ဟာ ထပ်တူ
စိတ်ကူးနဲ့ဘ၀ဟာ တစ်ထပ်တည်းမကျ
ဘ၀နဲ့စိတ်ကူး…
စိတ်ကူးနဲ့ဘဝ
လူဟာသူ့စိတ်ကူးနဲ့သူ
စိတ်ကူးများနဲ့လူဟာ
စိတ်ကူးယဉ်နေသူပေါ့
ဒါမှမဟုတ်စိတ်ကူးရိုင်းရိုင်း
လူတိုင်းစိတ်ကူးကြဖူးတာပဲ
ဘယ်သူမှစိတ်မကူးဖူးဘူး
ဘ၀ထဲမှာစိတ်ကူးရှိသလို
စိတ်ကူးထဲမှာလည်း ဘ၀ရှိတာပေါ့
စိတ်ကူးရှိတယ် ဘ၀မရှိဘူး
ဘ၀ရှိတယ် ဘာမှစိတ်မကူးဘူး
စိတ်ကူးကောဘ၀ကောမရှိတော့ဘူး…
ဒါဆိုပြီးပြီပေါ့…။

မိုးလှိုင်ည

Friday, August 31, 2012

ကိုချောနွယ်

တောင်ပေါ်လမ်းကွေ့ကနေ
သရေခေတ္တရာ မနက်ခင်းထဲ
ခင်ဗျားကို ဖန်ဆင်းခဲ့တာ
ဘယ်အရာပါလည်း
ကဗျာကိုဖန်ဆင်းခဲ့တာ
ဘယ်အရာပါလည်း
ကျွန်တော်သိချင်လှပါရဲ့
ပရိုင်းမိတ်လူအံသွားတစ်ချောင်းရဲ့
ပဟေဠိကို သိနှင့်ရသလို
ကဗျာရဲ့ကျောရိုးမတစ်ချောင်းဟာ
ခင်ဗျားရဲ့ နာကျင်မှုဖြစ်ကြောင်း ကျွန်တော်တို့သိတယ်
ကဗျာရေးတဲ့ လက်ဖျံရိုးတစ်ချောင်းဟာ
လောကဓံကို ဘယ်လောက်ကြာကြာတောင့်ခံထားနိုင်မလဲ
ရာစုနှစ်အဆက်ဆက်တိုင်အောင်
ကျွန်တော်တို့ မှတ်မိနေတဲ့
ကဗျာရေးတဲ့ လက်ဖျံရိုးတွေရှိတယ်
အဲဒီအထဲမှာ ခင်ဗျားနာမည်ပါတယ်… ကိုချောနွယ်..။
ခင်ဗျားကိုယုံလို့
ကျွန်တော့်ကိုယ်ကျွန်တော်သေချာခဲ့တယ်
ဒီလမ်းမှာ
ကျွန်တော်တို့ လူချင်းမဆုံပေမယ့်လည်း
ဝိညာဉ်ချင်း အထုံကူးတယ်
ကိုချောနွယ်
ကျွန်တော်တို့ ယုံယုံကြည်ကြည်
ကိုက်လမ်းလေးအတိုင်းပြန်လာခဲ့တာပဲ
ကျွန်တော်တို့သစ္စာတရားဟာ
ကျွန်တော်တို့အသက်ကို နှုတ်ယူသည်အထိပေါ့
ဆတ်သွားကို
ရထားဖြတ်တုန်း
ခင်ဗျားက ကျွန်တော်တို့ကို
လက်ပြထားခဲ့တယ်….
မာယာကော့ဖ်စကီးနဲ့တင်မလုံလောက်လို့
ဘုရားသခင်က မောင်ချောနွယ်ကို ထပ်လွှတ်လိုက်တယ်လို့
ခင်ဗျားမိတ်ဆွေ ကဗျာဆရာတစ်ယောက်ပြောဖူးတယ်…
ဟုတ်တယ်
ကမ္ဘာကြီးက ကဗျာဆရာအလုံအလောက်မရရှိသေးဘူး
ကဗျာတွေအလုံအလောက် မရရှိသေးဘူး
ခင်ဗျားက ထွက်ခွာသွားနှင့်ပြီ
ဂျက်လေယာဉ်စီးကြောင်းလို
အလင်းဖန်မျှင်တွေတန်းလို့
တစ်လောကလုံးကို ထစ်ချူန်းမြည်လို့
ကိုချောနွယ်
တစ်ကြောင်းထဲ စာချွှန်လွှာရေးရရင်
ခင်ဗျားချစ်မက်ခဲတဲ့ကမ္ဘာကြီးက ခင်ဗျားကိုပြန်လည်လွမ်းဆွတ်လို့…
မြို့သစ်မိုးထဲမှာ ကျွန်တော်တို့တစ်တွေ စိုရွှဲနေတုန်းလေ…။
မိုးလှိုင်ည

Thursday, August 23, 2012

သမ္မတကြီးဦးသိန်းစိန်၊ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်း၊ ဒီမိုကရေစီခေါင်းဆောင်NLDဥက္ကဌဒေါ်အောင်ဆန်းစုကြည်တို့ဖတ်ဖို့ အိတ်ဖွင့်ကဗျာ



"လူပြိန်းတစ်ယောက်က လူပြိန်းတစ်ယောက်လိုတွေးတာပါပဲ.."
အိမ်တစ်လုံး..လိုချင်တယ်..
မိသားစု စုံစုံလင်လင်...လိုချင်တယ်
အလုပ်တစ်ခုခု..လိုချင်တယ်
သင့်တင့်တဲ့..ညစာလေးလည်း..လိုချင်တယ်
.....................................................
တစ်ခုခုကိုတွေးလိုက်တိုင်း
အသက်ရူသံတွေမှာ သက်ပြင်းချသံတွေက အလိုလိုကပ်ပါလာမြဲ
နေ့စဉ်နေ့တိုင်း..ခန္ဒာကိုယ်က ပြေးလွှားလှုပ်ရှားသမျှ.
စိတ်မှာလာလာပြီး အမောဆို့တယ်။
"မနေ့နဲ့ဒီကနေ့".သိပ်ပြီးမထူးခြားတဲ့အခြေအနေ
တစ်နေ့လုံး ထမ်းတာတဲ့..အမောတွေကို ပစ်ချ
"တောက်"...
လူနေမှုအဆင့်တန်းတွေကို ဘယ်လိုဥပဒေတွေနဲ့ များမြှင့်လို့ရမလဲ
လမ်းဘေးလ္ဘက်ရည်ဆိုင်ထိုင်
အထပ်မြင့်တိုက်တွေကို..ရည်ရွယ်ချက်မဲ့စွားငေးပြီး
ရည်ရွယ်ချက်ရှိရှိ."တောက်" တစ်ခေါက်ခေါက်လုပ်ရတာကိုပဲ အရသာတစ်ခုလိုခံစား
"ရိုးရိုးပေါ့စိမ့်တစ်ခွက်ကို ကာလာတင်ပေးပါ"
ဒီမိုကရေစီဆိုတာကြီးရလာရင်တော့ အားလုံးဖြစ်လာမှာပဲ
အဲ့ဒီလို မျှော်လင့်ချက်ကို ကြီးကြီးမားမား ခံစားတယ်
တကယ်တော့
လုပြိန်းတစ်ယောက်က လူပြိန်းလိုပဲ..တွေးသင့်တာပေါ့
ဘာမဆို..ရှားပါနေတဲ့ ကမ္ဘာကြီးမှာ လူလာဖြစ်တာကိုက ပြသာာနာပဲနေမှာ
လူနေမှုအဆင့်အတန်းတွေက တစ်ရက်ပြီးတစ်ရက်..
အရပ်တွေပိုပိုပြီးရှည်လာသလို..
အရွယ်မရောက်သေးတဲ့ကလေးတွေလည်း..
လမ်းပေါ်မှာ..ပိုပိုများလာတယ်။
အိမ်ငှားတွေလည်း..နေစရာပိုပိုကျပ်တည်းလာပြီ..
" iphone" ဆိုတာ ဘယ်လိုပစ္စည်းမျိုးလဲ..
နားဝမှာကြားကြားနေတာကြာပြီ
laptop တစ်လုံးဈေးနူန်းကို ဟန်ပါပါနဲ့မေးကြည့်မိရင် ဘယ်လိုနေမလဲ
လွှတ်တော်အကြီးကြီးရဲ့သတင်းကို
TV သေးသေးလေးနဲ့ကြည့်နေရ သိပ်အဆင်မပြေဘူး
၂၇ လက်မအရွယ်LCD flat ဆိုရင်ဘယ်လောက်ပေးရမလဲ..
နှစ်သိန်းတန်ဆင်းကဒ်ဝယ်ပြီး လက်နဲ့တွန်းရတဲ့ ဟန်းဆက်လေး ကိုင်ကြည့်ချင်တယ်
ဖွဲ့စည်းပုံအခြေခံဥပဒေကြီးပြင်ပြီးသွားရင်..တော့
အဲ့ဒါတွေ ဖြစ်လာမှာပဲ...ဒီမိုကရေစီဆိုတာကြီးက..
လမ်းပေါ်ကကလေးတွေကို..စာသင်ကျောင်းတွေထဲရောက်သွားစေမှာလား
အိမ်စပေါ်တင်ခါးနီးတိုင်း စိုးရိမ်ထိတ်လန့်နေရတဲ့စိတ်တွေ ပျောက်သွားစေမှာလား
ကာအိုကေခန်းတွေထည်းက ကောင်မလေးတွေ စက်ရုံအလုပ်ရုံထဲကိုပြန်ရောက်သွားစေမှာလား
တကယ်ဆို..
လူပြိန်းတစ်ယောက်က လူပြိန်းလိုပဲ တွေးသင့်တာပေါ့
ခုတော့..
အိမ်တစ်လုံး..လိုတယ်..
မိသားစု စုံစုံလင်လင်..လိုတယ်
အလုပ်တစ်ခုခု..လိုတယ်
သင့်တင့်တဲ့..ညစာတစ်ခု..လိုတယ်
သန်းခေါင်ချိန်မှာ အလန့်တကြား..ဧည့်စာရင်းအစစ်မခံရဖို့လိုတယ်
သေစာ..ရှင်စာလေး..စိတ်ချမ်းသာထားဖို့လိုတယ်
တကယ်တော့
လူပြိန်းတစ်ယောက်က လူပြိန်းတစ်ယောက်လိုတွေးတာပါပဲ..
အရေးကြီးတာတွေ အရေးမကြီးတာတွေ သိပ်တော့မသိ
ဖွဲံစည်းပုံအခြေခံဥပဒေကြီး ပြင်ပြီးသွားရင်
ဒီမိုကရေစီဆိုတာကြီးရပြီးသွားရင်...
လိုချင်တာတွေ ဖြစ်လာမှမဟုတ်လားး
လူပြိန်းတစ်ယောက်ဟာ.. လူပြိန်းတစ်ယောက်လိုတွေးပြီး..
လက်ခုပ်တီးရင်း..မျှော်လင့်ချက်ကို ခံစားတယ်
အသက်ရူသံတွေမှာတော့ သက်ပြင်းချသံတွေ ကပ်ပါနေရဆဲ..
တစ်နေ့လုံးထမ်းထားတဲ့အမောတွေကို..
ဘယ်နားမှ ပစ်ချထားရမလဲ..။

မှူးသစ်
12;15 --AM     21/4/2012

Wednesday, August 22, 2012

ရန်ကုန်



အပေါ်ယံရွှေမှုန်ကြဲထားပုံက
ရင်ခုန်စရာ
ရေကြည်ရာ မြက်နုရာများ
တောမှောက်သော နက်ရှိုင်းခြင်းများ
ခိုများ၊ ကျီးကန်းများ၊ ထပ်ခိုးများ
လူဖြစ်ရကျိုးနပ်ချင်လို့ တွန်းကန်တယ်
လေချွန်သံလား
မြွေတွန်သံလား
လောကဓံကိုပဲ ရည်းစားစကားပြောနေရတယ်
ကြည်….
ကျပ်တိကျပ်တည်းနဲ့
ငါနဲ့မတော်တဲ့ ဂျင်းဘောင်းဘီ…။


လင်းလက်တာရာ

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...