Showing posts with label ကျွန်တော်ကြိုက်သော ကဗျာများ. Show all posts
Showing posts with label ကျွန်တော်ကြိုက်သော ကဗျာများ. Show all posts

Saturday, October 3, 2015

-အမည်ကောင်မပေါ်-


ကိုဇာတိ ကျွန်တော့် ကောင်မလေးကို ရည်းစားစာ ပေးချင်လို့ ကဗျာလေးတစ်ပုဒ်လောက် ရေးပေးပါလား တောင်းဆိုမှု့ကတည်းက ဒီဘဲမှာ မျက်ရည်မရှိတော့တာပါပဲ ၊၊ လူငယ်တွေဆိုတော့ ကိုးကွယ်ချင်ရင် ကိုးကွယ်တယ် ၊၊ မကိုးကွယ်ချင်တော့ လက်ခလယ်လေးတွေ ထုတ်ပြလိုက်တာပဲ ၊၊ ဥပမာ ဗျာ လူငယ်တွေဟာ ခေတ်ကို ကိုယ်စားပြုရမယ်ဆိုတဲ့ စကားမျိုးက အစ ဒီဘဲလေးတွေ လက်ခလယ် ထုတ်ပြတော့ တာပဲ ၊၊ ခေတ်ကပဲ လူငယ်တွေကို ကိုယ်စားပြုပါစေ ၊၊ ရီမုကွန်ထရိုး တစ်ချက်နှိပ်လိုက်ရုံနဲ့ အသက်ပေါင်းများစွာ ပေါက်ထွက်နိုင်တဲ့ ခေတ် ၊၊ ဝဋ်လည်တဲ့ ခေတ် ၊၊ သံသရာလည်တဲ့ ခေတ် ၊၊ မပြောကောင်းမဆိုကောင်း လေလည်တဲ့ခေတ် အားလုံးပေါ့ဗျာ ၊၊ ဟား) ဟား) ဟား) ဟား) ၊၊ ခွေးပစ်တဲ့ တုတ် နွားရိုက်တဲ့ ကြိမ် မွေးမေလေ့ ဘူးထွားဟားဟားဟား ၊၊ [ မှတ်ချက် ၊၊ ၊၊ ရယ်သံနှစ်ခုအား ကြား အပြီး ပထမ ရယ်သံ သည် ဒုတိယ ရယ်သံ အား ကိုးကားမထားပါဟု ဘလိုင်းကြီး ဝန်ခံအပ်ပါသည် ၊၊ စာရေးသူ ၊၊ ] ကလေးငယ်များ သည် ရုပ်ပြကြည့် ဘဝ မှာ ပင် ထွက်ကျသည် ၊၊ လူငယ်များကတော့ ရုပ်ရှင်ဇာတ်လမ်း များ ကြည့်၍ ထွက်ကျသည်၊၊ အောင်မြင်လိုမှု ၊ စွန့်စားလိုမှု ၊ အမြင်ကျယ်မှု ၊ တီထွင်လိုမှု ၊၊ အသက်တစ်ရာမနေရ ၊ အမှုတစ်ရာပွေကြ ၊၊ ရှုပ်ကြ တယ် ဆိုတာကတော့ လူငယ်(မှ မဟုတ်) လူကြီး မရွေးပါပဲ ၊၊ ဦးတို့ လက်ညိုးတွေက သားတို့ ဆီမှာ ချည်းပဲ ၊၊ ဒါနဲ့ ခုနက လူငယ်တွေဆီက ထွက်ကျလာတာတွေ ဘယ်ရောက်သွားလဲ ၊၊ ဘယ်လို ? ၊၊ ထွက်ကျလာတာ မဟုတ်ဘူး ဖောက်ထွက်လာတာလား ! ၊၊ အင်္ကျီအပွ အင်္ကျီအကျပ် ဖောက်ထွက်သည် ၊၊ ဘောင်းဘီအပွ ဘောင်းဘီ အကျပ် ဖောက်ထွက်သည် ၊၊ အလုံ့အလုံ မှ မလုံ့တလုံ ဖောက်ထွက်သည် ၊၊ ဂါဝန်အရှည်မှ ဂါဝန်အတို ဖောက်ထွက်သည် ၊၊ ဖောက်ထွက်သည် ၊၊ လူငယ်တွေဆိုတော့ကာ ဖောက်ထွက်ချင်တာပေါ့ ၊၊ ဟိုရုပ်ပြ တွေ နေရာ ကို ဒီရုပ်ပြတွေက နေရာယူလိုက်တော့ရော မအေးဘူးလား ၊၊ မအေးတော့လဲ ပူကြပေါ့ဗျ ၊၊ ဖောက်ထွက် တာပဲ ဗျာ ၊၊ ဟား) ဟား) ဟား) ဟား) ၊၊ ဦးတို့ မျက်လုံးတွေက သမီးတို့ဆီမှာ ချည်းပဲ ၊၊ လူငယ်တွေဆိုတော့ ကိုးကွယ်ချင်ရင် ကိုးကွယ်တယ် ၊၊ မကိုးကွယ်ချင်တော့ လက်ခလယ်လေးတွေ ထုတ်ပြလိုက်တာပဲ ၊၊ ခလုတ် တစ်ချက်နှိပ်လိုက်ရုံနဲ့ အသက်ပေါင်းများစွာ ပေါက်ထွက်နိုင်တဲ့ ခေတ် ၊၊ လူငယ်ဆိုတော့ မျက်ရည်မရှိတော့ မှ ပဲ ငို ချင် လာ တယ် ၊၊ ဒါ နဲ့ ဒါနဲ့ ကိုဇာတိ ကို ဇာ တိ ကိုဇာတိ က လူငယ်လား ဟင် ၊၊ ၊၊
ဇာတိ

Saturday, April 25, 2015

ဒီမိုကရေစီ ရပြီ မေမေ

ဒီမိုကရေစီ ရပြီ မေမေ

ကိုကာကိုလာ သောက်လို့ရပြီ
မာစီးဒီးလည်း ဝယ်လို့ရပြီ
KFC လည်း စားလို့ရပြီ
နိုင်ငံခြားသားတွေ အလုပ်အကိုင် အဆင်ပြေပြီ
ပရောဂျက်သမားတွေလည်း အိမ်အပြန်ဒေါ်လာပိုက်လို့

စစ်သားတွေလည်း အမတ်ဖြစ်ပြီ
လက်နက်ကိုင်တော်လှန်သူတွေ ကားပါမစ်ရပြီ
တာဝန်ရှိ ပြည်သူတွေ အများကြီး ထွက်လာပြီ
ရဲတွေ ရိုက်ချင်တိုင်း ရိုက်လို့ရပြီ
သတင်းထောက်တွေကို သတ်လို့ရပြီ
ဒီမိုကရေစီတော့ ရပါပြီ မေမေ…..

ဒါပေမယ့် ကုန်သွားတဲ့ သစ်တောတွေ
ပျောက်သွားတဲ့ တောင်တွေ
ကောသွားတဲ့ မြစ်တွေ
အသက်ပေးလိုက်ရတဲ့ အခြားအဆင့်လက်နက်ကိုင်တွေ
ဘဝပျက်သွားတဲ့ အကျဉ်းသားတွေ
ပပျောက်သွားတဲ့ ဆင်းရဲမွဲတေသူတွေ
ဆေးမကုလိုက်ရတဲ့ လူနာတွေ
ကျောင်းမတက်လိုက်ရတဲ့ ကျောင်းသားတွေ
သူတို့ကို ဒီမိုကရေစီကြီးနဲ့ ပြန်လဲယူချင်တယ် မေမေ။     


မျက်လုံး

Thursday, June 5, 2014

ဖျာ






ဖျာလေ ဖျာပဲလေ ဖျာပဲပေါ့
တစ်ကယ်က ဖျာသည်မလို့ ခေါ်တိုင်း သီရိမင်္ဂလာဈေးမှာ ဖျာသည်တွေပါးလာတာသိတယ်။
ကျွတ်ကျမဲ့ဖိနပ်ကိုပဲ သဲကြီးမဲကြီး ကုန်းကိုက်နေတော့တာပဲ
တယ်လေ.... ငါ ဒီ ထမီ ။ မလိုအပ်တဲ့အခါ သိပ်ခိုင်တယ် ။
ခါးကြားထဲကဖုန်းလို့ အသုံးသိပ်များတယ် ။
ဖုန်းထားတဲ့ကြားက ခါးကလည်းသိပ်ပေါ်တာပဲ
ဖျာပေါ်မှာတင်ကောက်ရတဲ့ ငွေ (၂၀၀၀) ကို ညည်းဘယ်လိုများသုံးလိုက်သလဲတဲ့
သမီး ဖျာနာကိုက်နေတယ် ။ သင်ဖြူးဖျာလား ကော်ဇော်ဖျာလား ။
ဖျာပေါ်ကရတဲ့ငွေဟာ ရောဂါလား ဒါမှမဟုတ် သမီးလေးပါးစပ်ထဲက ချိုချဉ်လေးလား ကျောင်းလွယ်အိတ်လား
သိန်းတစ်ထောင်လောက်ပေါက်ရင်သိပ်ကောင်းမှာပဲ ။
အဲဒါဆို ယောက္ခမကိုအရင်သတ် တဲ့ ။
ရှင့်ဦးရေဖျားပေါ်မှာ ကျမ ကျွတ်ကျခဲ့တဲ့ အမွှေး (ဘာအမွှေးလဲ မမေးနဲ့ )
ရှင်တို့ လူတွေများဟာလေ
လိင်ဇာတ်နဲ့ ဆဲရေးတိုင်းထွာခြင်းကို ယဉ်ကျေးမှု မရှိတဲ့ အရိုင်းအစိုင်းလိုထင်ကြပြီး
အဲ့ဒီ ...လိင်ကိစ္စဆို သိပ်ဝါသနာပါကြတာပဲ ။
လက်ညှိုးဆိုတာနဲ့ ထိုးဖို့ ပဲမြင်တော့တယ်
ကျမတို့ ဆို လက်ညှိုးလည်းကိုက်တာပဲ
လက်ခလယ်လည်းကိုက်တာပဲ ။
ဒါစီးပွားရေးပဲ ဒါကြီးပွားရေးပဲ
ဒါကျမရဲ့ဒုတိယမြောက်အပြုံးပဲ ။
ဖျာကားစီးချင်တဲ့သူတွေ ဖိလစ်ပိုင်သွားစရာမလိုသလို
ကျမလည်း ဖျာပေါ်ကနေ စတော့ရှယ်ယာတွေကို ကစားနိုင်တယ်။
ကျမ ရွှေ့ နိုင်တယ် ။
အမေမွေးတုန်းက ကျမဒီဖျာပေါ်မှာပဲ ။
ဖျာဟာ ကျမရဲ့ အပျိုစင်ဘ၀ကို ပန်းခူးသလိုလည်းမခူးဘူး
ဖျာက ကျမကို သေတ္တာတစ်လုံးလိုဖွင့်ပေးလိုက်တယ် ။
အလှူပွဲမှာသုံးတဲ့ဖျာ ၊ သံဃာတော်တွေထိုင်တဲ့ဖျာ ၊ အသုဘမှာသုံးတဲ့ဖျာ
ခေါင်းပေါ်ရွက်ရောင်းတဲ့ဖျာသည်တွေ
ဆိုင်မှာတင်ရောင်းတဲ့ဖျာသည်တွေ
လက်ဖက်ကောင်းကောင်းလေးကို ဖျာလေးပေါ်မှာစားမလား
ရေနွေးကြမ်းကို ဖျာလေးပေါ်မှာသောက်မလား
ဖျာလေ ဖျာပဲလေ ဖျာပဲပေါ့ ။
တယ်လေ ... ငါ ဒီထမီ ။ မလိုအပ်တဲ့အခါ သိပ် ခိုင်တယ် ။


(ရင်ခွင်ရှိန်း)

Thursday, January 2, 2014

ဘီလူးဂမုန်း




မအောင်မြင်တဲ့ဘူတာစဉ်တွေနဲ့
မဆုံးနိုင်တဲ့ဇလီဖားတုံးတွေကို
ခေါင်းငိုက်စိုက်ဖြတ်သန်း
ကိန်းစစ်မျဉ်းတန်းဘယ်ဘက်ခြမ်းကို
ဆုတ်ခွာနေရတဲ့ကိန်းဂဏ္ဍန်းတစ်လုံး

လိပ်တကောင်လို
ဖြစ်ခြင်း အခွံကြီးကိုလည်း စွပ်မထားလို…
အရေပြားရောဂါသည်တယောက်လို
ပျက်ခြင်း အရေပြားကြီးကိုလည်း ခြုံမထားလို..

ငါဟာ သွေးနဲ့လောင်းစိုက်ရတဲ့
အပင်တပင်…
ငါဟာ မကောင်းဆိုဝါးအထပ်ထပ်စောင့်ကြပ်တဲ့
အပင်း တပင်း…

ငါ့ သင်္ဘောပျက်ထဲ ငါငုပ်ခဲ့တယ်
ငါ့ ရေတွင်းပျက်ထဲ ငါဆင်းခဲ့တယ်။ 
 

သစ်ကောင်းအိမ်
( ဇန္နဝါရီ။ ၂၀၁၄ )

မင်္ဂလာပါနှစ်သစ်




နံနက်လင်းတော့
ရေပုပ်မြောင်းထဲ
ကွန်ဒုံးအဟောင်းလို
ပေါလောမျောလို့….

ပြီးခဲ့တဲ့နှစ်က
ဆဒမ်ဟူစိန်ကို ကြိုးမိန့်ပေးခဲ့တယ်
အာဏာရှင်စနစ်ကို ကြိုးမပေးနိုင်သေးဘူး
ငွေကြာရံမှာ သွေးပွက်ပွက်လျှံခဲ့တယ်
ငမိုးရိပ်ချောင်းမှာ
သံဃာတော်ရုပ်အလောင်းတွေ
မျောခဲ့တယ်

တိရိစ္ဆာန်ရုံထဲက
တောရိုင်းသတ္တ၀ါတွေကို
လွတ်ငြိမ်းချမ်းသာခွင့်ပေးချင်တယ်
လူ့တိရိစ္ဆာန်တွေကို ခြံခတ်ပြီး ပြပွဲလုပ်မယ်

မပြီးသေးဘူး
လမ်းပေါ်က
လိင်တူအခွင့်အရေး ချီတက်ပွဲတွေ
မပြီးသေးဘူး
အီရတ်စစ်ပွဲ မပြီးသေးဘူး
ရွှေဝါရောင်တော်လှန်ရေး မပြီးသေးဘူး
ပိရမစ်ကပြီးပြီ
ဆေးစီရင်လို့မပြီးသေးဘူး။

ဆိုဟာတို ရှောသွားတာ အကြောင်းမဟုတ်ဘူး
ငါတို့ရှင်သန်နေတာက ပြဿနာ။

အနာမျိုး ၉၆ ပါး မကပေမယ့်
နာရေးကြော်ငြာက ၉၆ပါးသာဆန့်ခဲ့

အနှစ်မဲ့နှစ်တွေထဲ နှစ်ခဲ့
နှစ်များ
မနှစ်ကနဲ့လည်း မတူခဲ့
မနှစ်ကနဲ့လည်း တူခဲ့…..

အသေခံဖောက်ခွဲရေးသမားရဲ့
ဂျာကင်အောက်က
အမောဖောက်နေတဲ့
ဗုံးတစ်လုံးရဲ့ ဒုလ္လဘမှာ
ခင်ဗျားနဲ့ ကျွန်တော်ဆုံခဲ့ကြတာ
ဝမ်းသာမဆုံး ဖြစ်ရတယ်။ ။

သစ်ကောင်းအိမ်
(၁-၂-၂၀၀၈ မှာ အဆုံးသတ်ဖြစ်တယ်)

Thursday, December 19, 2013

ဆူရှီသမားလိပ်တဲ့ကဗျာ



မြက်ကလေးတွေ တပင်ချင်းစီက
ပရေရီမြက်ခင်းကြီးဖြစ်ခဲ့တာ
အဲဒါ ငါဘာသာငါ လျှောက်ပြောနေတာ


ရှင့်သတင်းနားထောင်ဖို့
ရေဒီယိုထဲ ဓာတ်ခဲထည့်ရမယ်
အရပ်ထဲ ထမိန်လှည့်ပေါင်နေရတယ်.
...ကိုကိုရေ

ခင်ဗျားရေးတာတွေကို
လူတွေနားမလည်ဘူး
(အင်းပါ….)
ခွေးကလေးတွေကိုပဲ နို့ပေးစို့လိုက်တော့မယ်

ကြုံလို့ပြောပြတာပါ
မဝေးတော့တဲ့တလံမှာ
၂၀၁၀ဇာတ်ခုံတော်ကြီးတောင်
ရုံတင်ဖြစ်တော့မယ်ထင်တယ်နော်

ဝယ်တိုင်းရမယ်ဆို
ငါ့အမေကို ငါပြန်ဝယ်မယ်
လေထန်ကုန်း ညနေခင်းတွေကို
ငါပြန်ဝယ်မယ်
ထုံထောင်းက
ဒေးမူရဲ့ ကျောက်စားပွဲလေးကို
ငါပြန်ဝယ်မယ်
ကိုယ့်မိသားစုလေးကိုလည်း
ကိုယ်ပြန်ဝယ်မှာပေါ့

ကြိမ်ဒဏ်တွေပြီးမှ
နောက်ကျောကို
လက်ခုပ်သံတွေရောက်လာတတ်စမြဲ
ငါ့သွေးငါ
မထေမဲ့မြင် လျှာနဲ့ရက်
ချိုမြိန်လှချေရဲ့

ပြီးပါပြီ………..လို့
ဘယ်သူတွေစာတန်းထိုးထိုး
အရိုးတွန်သံတွေမဆုံးဘူး
ကိုယ့်လူတို့ ။



( ၃ရက် ။ မတ်လ။ ၂၀၀၉)

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...