Saturday, January 31, 2009

ဖေဖော်ဝါရီမပါတဲ့ ဖေဖော်ဝါရီ

တစ်ရာသီလုံး
ဒဏ်ရာရနေတဲ့ကစားသမားလို့
ကိုယ့်ကိုယ်ကိုစိတ်ပျက်လက်ပျက်
မပျော်ရွှင်ခဲ့ရတဲ့နေစွဲတွေ
ဘယ်လောက်တောင်များနေပြီလည်း
ရင်ဘတ်ဟောင်းလောင်းနဲ့
ငါ့ကိုလာထိစပ်တဲ့
ဖေဖော်ဝါရီမှာလည်း
ငါဟာ
လမ်းကွေ့လေးကိုငေးနေတုန်း
သေချာတယ်
မင်းကိုအရှုံးပေးပြီးတဲ့နောက်
ငါ လောကကြီးတစ်ခုလုံးကိုရှုံးတယ်
ရာစုနှစ်တွေကိုရှုံးတယ်
နာရီလက်တံတွေကိုရှုံးတယ်
ငါ့ခေါင်းပေါ်ပိနေတဲ့
ဆီးနှင်းတွေကိုလွှဲဖယ်ရင်း
ဒီဖေဖော်ဝါရီမှာလည်း
ငါ့ ဘ၀ကိုလှမ်းမြင်နိုင်တဲ့
ပွဲကြည့်စင်ပေါ်မှာ မင်းမရှိဘူး...။


မိုးလှိုင်ည

Tuesday, January 27, 2009

အပြောင်းအလဲ

ညနေ ခြောက်နာရီဆယ်မိနစ်ဆို
ငါ့အိပ်မက်လေးဟာ
ငါနဲ့ လေးဖာလုံ အကွာအဝေးကနေ
ကွေ့ကွေ့သွားတယ်…။

မိုးလှိုင်ည

ဂဏန်းငြိမ်ပြီ စိတ်ငြိမ်ငြိမ်ထားလို့မရ…

ခြောက်နာရီနောက်ဆုံးထားပေါ့

အုံနာကြေးက ရှာမရသေးဘူး

တစ်နေ့ တစ်နေ့

နှစ်နေ့ပေါင်းတောင်

ငွေတစ်သောင်းမရဘူး…

နေ့ပြန်ကြေးလည်း ရက်ဆွဲမေးနေပြီ

ငွေရေးကြေးရေးလား

အောက်မေးခိုင်နေတာကြာပြီ..

ဂဏန်းငြိမ်ပြီတဲ့

စိတ်ငြိမ်ငြိမ်ထားလို့မရ…

ပွဲမရှုံးဘူး ပြားပဲရှုံးတာ…

မူးစေ့ပဲစေ့ကအစ မူးလို့ရှုစရာမရဘူး

ငါတို့လူမျိုးက အကြွေမသုံးဖူး

ထောင်တန်တွေအထပ်လိုက်

ညာဘက်လက်ဖ၀ါးကဖြန့်လိုက်ရင်

ညာဘက်လက်ဖ၀ါးပေါ်ကအငွေ့ပျံသွားမယ်

ဘယ်ဘက်ကဖြန့်ရင် ဘယ်ဘက်ပေါ်

စိတ်ငြိမ်ငြိမ်ထား အတိုးသတ်စရာမလိုသေးဘူး

သွေးတက်နေလိုက်…

စိတ်ပျက်လိုသတ်မသေကြေး

လူမိုက်တွေကျိတ်ပျော်နေလိမ့်မယ်

စိတ်ကို အရူးထောင်ပို့

ခန္ဒာကိုယ်ကို တရားထိုင်ခိုင်း…

ထိုင်းထိုင်းမှိုင်မှိုင်းဆိုရင်လည်း

ဆင်ခြေပေးစရာ မိရိုးဖလာဆိုတာရှိတယ်…

ဘာဖြစ်လည်း ခေတ်ကြီးကညံ့တဲ့အခါ

ကိုယ့်ကိုယ်ကို သိပ်တော်ပြလို့မရဘူး….။


မိုးလှိုင်ည

Saturday, January 24, 2009

အညော်

ဘ၀က
ပရိုမိုးရှင်းကာလထဲရောက်နေတယ်
ငါတို့အားလုံးဈေးကျလို့
တစ်ယောက်ယောက်က
မသတ်ဘဲထားခဲ့တဲ့မီးကြောင့်
နှလုံးသားကိုယ်စီ
လောင်ကျွမ်းလို့
စစ်ပွဲသတင်းပါတဲ့
ကဗျာတစ်ပုဒ်
ငြိမ်းချမ်းရေးကို
အနူမြူဓါတ်ပေါင်းဖိုက ထုတ်လုပ်တယ်
ကောင်မလေးဆုတ်ဖြဲခဲ့တဲ့
ညနေခင်းကို
ငါနဲ့မောင်လွင်ပြင်ကငေးလို့...။


မိုးလှိုင်ည

Wednesday, January 21, 2009

ပြောပြလို့မရဘူး

ငါ့နောက်ကျောမှာဓားစိုက်နေတာကအမေမွေးလိုက်ကတည်းက

နာကျင်ခြင်းကိုအရသာခံဖို့ဆောင်းရာသီမှာဒဏ်ရာပြင်းပြင်းထန်ထန်လိုတယ်

အမဲလိုက်အကမှာမိုးခြိမ်းသံပါသလား…

ကမ္ဘာကြီးရေလွှမ်းမိုးတာရာစုနှစ်ဘယ်လောက်ကြာခဲ့သလဲ..

မလေ့လာရသေးခင်

ရေခဲခေတ်ဇာတ်ကားကရုံပြည့်သွားပြီ

စိတ်ရှိလက်ရှိညှို့ယူကြည့်လည်း ကိုယ့်ကိုယ်ကိုပြန်မျိုလို့မရတာဆိုးတယ်

လေထဲကရနံ့ကို စကားလုံးအားဖြင့်ဖော်ပြရန်မတတ်နိုင်ပါ…

jpgဖိုင်ပေါ်ကမျက်လုံးမှာဆာလောင်မှုကိုဖုံးအုပ်ထားတယ်

နန်းစွန့်ဘုရင်တစ်ပါးလို

ငါတစ်ယောက်တည်းပေမယ့် အပြုအမူကတော်ဝင်စံတယ်

ကိုးကွယ်ယုံကြည်မှုက ပိုစ့်မော်ဒန်ဘာသာရေးပဲ…

အငြင်းပွားဖို့ရာစိတ်မ၀င်စားဘူး

လှေနံဓားထစ်စာမျက်နှာတွေကို အလွတ်မကျက်တတ်လို့ပါ..

လိပ်စာမသိတဲ့မြို့ကိုအလည်သွားဖို့လက်မှတ်ဖြတ်ထားတယ်

ဖေဖော်ဝါရီမရောက်ခင် ရန်ကုန်မြို့ကဆုတ်ခွာချင်တာလည်းအလွန်အမင်းပဲ..

ငါ့ကော်ဖီခွက်ထဲမှာ ကူးခတ်နေတဲ့ပိုးဟပ်တစ်ကောင်ရှိတယ်

အိပ်ဆေးပုလင်းထဲမှာ အိပ်မက်တွေရှိမနေပါ

ငါ့နောက်ကျောကိုအမှတ်မထင်လှည့်ကြည့်မိတော့

လက်ကနဲပဲ

ပြောပြလို့မရအောင်ဆောင်းက ပိုပြီးပြည့်စုံသွားပေါ့…။


မိုးလှိုင်ည

Saturday, January 17, 2009

အဖြူဆွတ်ဆွတ် နွေရာသီ

အဖြူဆွတ်ဆွတ် နွေရာသီထဲမှာ

စိုက်ပျိုးနေကျသီးနှံတွေ

ရောင်းတမ်းမရဘူး…


အဖြူဆွတ်ဆွတ်နွေရာသီထဲမှာ

ခန္ဒာကိုယ်အပူချိန်က

ရေခဲမှတ်ထိရောက်တယ်

စိတ်ကတော့ရေဆူမှတ်…


အဖြူဆွတ်ဆွတ်နွေရာသီထဲမှာ

ကြားနေကျ ဗုံသံတွေပျောက်ဆုံး

တိုင်နေကျသံချပ်တွေကို ပြန်မကြားရ


အဖြူဆွတ်ဆွတ် နွေရာသီထဲမှာ

ငါတို့ဟာ တစ်ခုခုကိုဆာလောင်လို့


အဖြူဆွတ်ဆွတ် နွေရာသီထဲမှာပဲ

အားလူးစားသူများ ပန်းချီကားကိုမြင်ယောင်လို့


အဖြူဆွတ်ဆွတ်နွေရာသီထဲမှာပဲ

ထပ်ပြိုလာမယ့် မိုးကိုစိုးရိမ်လို့


အကြိမ်ကြိမ်ပျက်နေတဲ့ ကမ္ဘာကို

အဖြူဆွတ်ဆွတ် နွေရာသီထဲမှာ အဖတ်ဆည်ရမလားလို့

ငါတို့အားလုံး အဖြူဆွတ်ဆွတ်

နွေရာသီကိုပဲ….


မိုးလှိုင်ည

Wednesday, January 14, 2009

စစ်ပွဲကို ခဏရပ်ပါ

`အို ဂျေရုရှလင်သားတို့

သင်တို့၏

ကလေးငယ်တို့အတွက်စိုးရိမ်ပူပန်လင့်ကုန်လော့´

ခရစ်တော်

ခဏလေးရပ်တန့်ကြည့်ပါ

အသက်ပေါင်းများစွာသက်သာရာရပါလိမ့်မယ်။

တုံ့ပြန်မယ်ဆိုတဲ့ ရန်ကြွေးက

နှလုံးသွေးတွေကိုဆူပွက်စေလိမ့်မယ်။

ကောင်းကင်မှာက မီးခိုးလုံး

မြေပြင်မှာက အပျက်အစီးပုံ

လေထုထဲမှာက သွေးညှီနံ့နဲ့

ယမ်းညော်နံ့

စစ်ပွဲဟာ ငရဲဘုံကို ဂါဇာအထိကိုလှမ်းခေါ်ရဲ့

စစ်ပွဲကိုခဏရပ်လိုက်ပါ…

အသက်ရှင်လျှက်လူတွေကိုအသက်ရှုဖို့အတွက်

စစ်ပွဲကိုခဏရပ်လိုက်ပါ

သေဆုံးခဲ့သူတွေအတွက်ငိုကြွေးဖို့အတွက်

စစ်ပွဲကို ခဏရပ်ပေးပါ

ကလေးငယ်လေးတွေကျောင်းပြန်တက်ဖို့

စစ်ပွဲကို ခဏရပ်ပေးပါ

သက်ကြီးရွယ်အိုတွေကို ဘေးလွတ်ရာပို့ဖို့

စစ်ပွဲကို ခဏရပ်ပေးပါ

မိန်းမတွေကို ရွေ့ပြောင်းပေးဖို့

စစ်ပွဲကို အမြဲရပ်လိုက်ပါတော့

ဘာသာတရားပေါင်းစုံရဲ့

ငရဲဘုံတံခါးမကြီးတွေကိုပိတ်ပြစ်ဖို့အတွက်။

မိုးလှိုင်ည

Monday, January 12, 2009

အနေအထိုင်မတတ်တဲ့ အချစ်

အစိမ်းရောင်မြစ်တစ်စင်းလို

ငါကလည်း မင်းရင်ခွင်မှာ

ရစ်ခွေပြီးစီဆင်းချင်ခဲ့တယ်

အခုဖြစ်နေတာက

အသားသေနဲ့မြေရိုးတမံလို

ငါကမာကျောခက်ထန်နေသလား

နေပြောက်တွေမညှာမတာထိုးတယ်

ကောက်ရိုးတစ်ထုံးလိုတောင်

ဝုန်းခနဲ

ထတောက်လို့မရတဲ့ငါက..

မင်းအိပ်မက်ဆီမှာတော့

ကြယ်တံခွန်ဖြစ်ချင်မိသေးတယ်…

မင်းဘ၀လမ်းမကြီးတွေဘေးမှာ

လှမ်းငေးဖို့တောင်သတိမရနိုင်တဲ့

လမ်းသွယ်လေးလိုငါ ကျုံ့ရုံ့နေခဲ့

အဖြူထည်သက်သက်ကောင်လေးလေ

အနေအထိုင်မတတ်ပဲ ချစ်မိခဲ့တယ်။

မိုးလှိုင်ည

Friday, January 9, 2009

ကြေးကြီးတဲ့ သက္ကရာဇ်တွေ


အလောင်းအစား လုပ်တာ ၀ါသနာမပါပေမယ့်

ကျွန်တော်တို့ဘ၀တွေက

လောင်းကစားဆန်တယ်. . . အမေရယ်

မြင်းကောင်းမှန်ရင်

ဘယ်အချိန်မှာ ခွာလိပ်မလည်း

ဟောဒီ ရင်တထိတ်ထိတ်နေ့စွဲတွေထဲ

ခွေးတွေ သေနတ်ကိုင်ထားတာ

မြင်ဖူးချင်သလား

ငါတို့ဆီကို လာခဲ့တဲ့

ကျွန်တော့်သူငယ်ချင်းက ရယ်သွမ်းသွေးတယ် . . .

ထောင်တန်တဲ့စကားတွေလည်း

အခါခါရယ်ပေါ့ . . .

လောကဓံ ခါးခါးသီးသီးအောက်

အသက်ဓာတ်ကို ကိုယ်ဖော့တတ်ရတယ်

အနာဂတ်နေ့စွဲတွေကိုဓားနဲ့ထစ်

အမှန်တရားဆိုတဲ့ ငနဲကလည်း

‘ငယ်ငယ်က ခြေကျိုးလိမ်တစ္ဆေခေါ်သလို

ဘယ်အခါမှ ပေါ်ပေါ်မလာဘူး

ကဗျာတစ်ပုဒ်အတွက်၊ ဆောင်းပါးတစ်ပုဒ်အတွက်

မှန်သော စကားတခွန်းအတွက်

ကျွန်တော့်သူငယ်ချင်း ကဗျာဆရာတွေ

ထောင်ဒဏ်တွေအများကြီး စာမူခရထားဖူးတယ်

မငိုပါနဲ့အမေ

ကျွန်တော့်ခေတ် ကျွန်တော်တို့လောကဓံကြားမှာ

သမိုင်းနံရံပေါ်က

အမှန်တရားဖြင့် လောင်ကျွမ်းခဲ့သူစာရင်း

အနာဂတ်နိုင်ငံမှာ လင်းလက်နေလိမ့်မယ်

ကြေးကြီးတဲ့ သက္ကရ်ာဇ်ထဲမှာ

လက်မထိပ် အပ်စိုက်ထားသူချည်းပါပဲ . . .

မိုးလှိုင်ည

Tuesday, January 6, 2009

မေတ္တာရေစင်တရား

ဒေါင်းရောင်နေ မှေးသကို အခိုက်တွင်မှ၊

ခေါင်းဆောင်တွေ ရှေးနဂိုမလိုက်ပြန်တော့၊ အရေးထိုထို၌

အခိုက် အခွင့်မဟန်၊ ခွေးလို ကိုက်ချင်တဲ့ စရိုက်အကျင့်တန်။

တဖြီးဖြီး ဟိန်းချင်တဲ့၊ အရီးစိမ်းကိုဖြင့်၊

မီးငြိမ်းအောင် ခါခါကြံရက်ကယ်နှင့်၊ စွာထန်ထန် ဟောင်ပိမ့်

မကြာမကြာ လောချိန်မို့၊ အညာပြန်မောင်စိန့် ဆရာပြောလိုက်မယ်မကွဲ့၊

ဒေါသာမခြံရံ မေတ္တာနဲ့ ဆိုင်းတဲ့ပြင်၊ သောတပန် ခေတ်သာတဲ့စကိုင်းဆီက၊

ရိုင်းခွင့်အပြီး မကြံတယ်နော်ကွယ်၊ ကသိုဏ်းအဆင့်ဆင့် ဗျိုင်းအကျင့်

ရယ်နှင့်၊ မှိုင်းဖြင့် သည်းခံ။

လေဦးရန် မြန်မာပြည့် ခေါင်းတွေကြောင့်၊

ခွေးရူးပြန် မသာ၏အလောင်းလိုပါ့၊ အခါအလှည့်မကောင်းစေဖို့

အစား ချောင်စရာကြံ၊ မယား တောင်ညာစံတွေနှင့် စံမည်တကား၊

ငါးထောင်သပြာ စမာန်ရယ်နှင့် မာန်တဖီဖီပွား။

နွံ့နစ်ရှာတောင်၊ ကျွှန်ခေတ် ငါတကောင်ဟဲ့လို့၊

စွာဟောင်ဟောင် သို့ကလောက် ဟိန်းကြလျှင်ဖြင့်၊ မှောက်ကိန်း

အရှေသွားမည်ကြောင့်၊ ငွေငါးထောင် အရာလုတွေကဖြင့်၊ သာဓု

ခေါ်စရာပါ့၊ အကြော်အညာ ရှိုသမိုင်းရယ်နှင့်၊ တော်ဝနာထိုစကိုင်းဆီက၊

ဖိုကသိုဏ်းနဲ့ ဖြစ်ပါပေလျှင်ဖြင့် ရွှေစင်ငွေစင်လဲ မရှားပေဘု၊ နဂိုအတိုင်း

တဲ့တဲ့ပြီး၊ ဗြဟ္မစိုင်္ရဂိုဏ်းနဲ့ ချစ်ပါစေချင် အများကိုဖြင့်၊ (အို ပုည၀တီရဲ့)

ကိုမှိုင်းရဲ့ မေတ္တာရေစင်တရား။

သခင်ကိုယ်တော်မှိုင်း

ခွေးဋီကာမှ

Sunday, January 4, 2009

ပြေးလမ်းပေါ်ကညများ

`ရိုးရိုးကျင့် - မြင့်မြင့်ကြံတဲ့

သက္ကရာဇ်များရဲ့ ဧည့်ခန်းဆောင်မှာ

ယောင်လို့တောင် မပြောတော့ဘူးမေမေ။

အကျင့်လွန်ဒုက္ခသည်များ

မြင့်မြင့်ကြံရင်း လွဲချော်သူများ

လူမှုဗေဒ လှိုင်းလုံးတွေကြားမှာ

သွားပါများ ဖိနပ်ပေါက်လို့

ခိုတစ်ကောင်စာလောက်တောင်မှ

ကိုယ့်ဝပ်ကျင်းကိုယ်မသာယာနိုင်ခဲ့ဘူး။

`ကြည့်သောသူသည် …. မြင်၏တဲ့

မြင်သူတိုင်းလည်း မကြည့်နိုင်ပါဘူး မေမေ။

ရောက်တဲ့ရာသီမှာ

အချိန်အခါကိုယ်စီနဲ့

ဘယ်လမ်းဟာ

ဘယ်ပန်းနဲ့ထိုက်တန်တယ်ဆိုတာမျိုး

လက်မှတ်ရက…

လက်မှတ်မဲ့ကို အားကိုးနေရမှတော့

ခါးချိုးနေရတာကိုက

အကျင့်တစ်ခုလို ဖြစ်ခဲ့ပေါ့။

`လှိုင်းကြီးလှေအောက် ဆိုတာလည်း

လှေမှောက်ရင်တော့

လှိုင်းအောက်ရောက်တတ်တာပဲ မဟုတ်လားမေမေ။

မေမေ…

ဟောဒီ ကမ္ဘာကြီးကိုပြောင်းပြန်လည်လို့

တစ်ကစပြီး ငယ်ခွင့်ရမယ်ဆိုရင်

တစ်ချိန်တစ်ခါဆီက မျော်တမ်းဖူးတဲ့

ထမင်းဆီဆမ်း ရွှေလင်ပန်းကို

လွမ်းလှတယ်ပေါ့မေမေ။

ခုမနေတော့…

ဘ၀ဆိုတဲ့စိုက်ခင်းကြီးထဲမှာ

အိပ်မက်တွေကို အခါခါကြဲချရင်း

ကလေးဘ၀က ရင်ဘတ်တွေကိုသာ

မြင်ငတ်နေမိတော့တယ်။

မြင့်မြင့်မကြံနိုင်တာကလွဲရင်

ရိုးရိုးတော့ ကျင့်ဆဲပေါ့ မေမေ ။


ငြမ်းမြင့်အောင်(ချောက်)


အမှတ် (၃၈) ဇန်န၀ါရီ၊ ၂၀၀၉၊ရယ်စရာ ရသစုံမဂ္ဂဇင်း

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...