Pages

Thursday, July 10, 2014

ငြိမ်းချမ်းပါစေ…။




ငါက ဒီတရားတစ်ခုပဲ ယုံလို့
ဒီစကားတစ်ခွန်းပဲ ပြောတတ်တယ်…
ငြိမ်းချမ်းပါစေ
သေဆုံးသွားတဲ့ လူတွေလည်း ငြိမ်းချမ်းပါစေ
ရှင်ကျန်နေဆဲသူတွေလည်း ငြိမ်းချမ်းပါစေ
ဘယ်ဘုရားမှ မကယ်ထားနိုင်တဲ့
သေခြင်းဆီသွားနေတဲ့ရက်တွေထဲမှာ
ငါတို့ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်နေဖို့
ဘာအတွက်လိုအပ်ဦးမလည်း…
မြေအတွက်လား ငွေအတွက်လား
တစ်ပါးသူ လည်ချောင်းသွေးနဲ့မှ
အာသာပြေဒေါသကိုတိုက်ကျွေးရင်
ငါတို့ ငြိမ်းချမ်းရေးနဲ့ ဝေးနေဦးမယ်…
ငြိမ်းချမ်းပါစေ မဆုံးတဲ့သေခြင်းနဲ့
ငြိမ်းချမ်းပါစေ မဆုံးတဲ့သမိုင်းကို
လှိုင်းလေထန်ထန် ခါးသီးမုန်တိုင်းထန်အောင်
အမုန်းနဲ့စိုက်ပျိုးရင်း နာကျင်ခြင်းအဆိပ်သီးတွေ
နှစ်ဘက်စလုံးရိတ်သိမ်းရလိမ့်မယ်…
မဆုံးမယ့် ရန်မီးများဆီ
တားဆီးမရ ထိန်းချုပ်မရ စစ်ပွဲတစ်ခုနဲ့ တစ်ခုကြားက
ငြိမ်းချမ်းရေးကာလတွေဆီကို …
ဓားတွေပြင်ရင်း သွေးစက်စက်ညှီနံ့တွေ
ရမ္မက်ပြင်းပြင်း စစ်ခင်းရင်းကုန်ကျမယ့်အသက်တွေ
ဘယ်ကံကြမ္မာမှာ လောင်းကြေးထပ်မလဲ…
ငြိမ်းချမ်းပါစေ..
သေခြင်းမှာလည်းကောင်း
နေခြင်းမှာလည်းကောင်း
စစ်ပွဲဟာ အားလုံးအတွက်အရှုံးပဲ..
အသုံးမ၀င်ပေမယ့်
 ငြိမ်းချမ်းပါစေ ဒီစကားပဲ…
ငါလက်ဆောင်ပေးထားပါရစေ…။

မိုးလှိုင်ည