Pages

Tuesday, January 29, 2013

ရန်ကုန်ကို ရောက်ခဲ့တယ်


ရောက်ပြန်ပြီလေ ညနေ

အရိပ်တွေရှည်ထွက်တတ်လွန်းလို့

အလွမ်းတွေကို ခေါက်သိမ်းထားရတဲ့

ညနေ။ ။

ကိုယ်ဖေါ့ထားတယ် ၊ အကြောလျှော့တယ်

ရွှေငါးတွေကို အစာကျွေးသလို

သစ်ခွပင်တွေကိုရေလောင်းသလို

ပျော်ရွှင်မှု့ ကိုကျပ်ဖုထိုးပေးရတယ်။

သံသယဖြစ်ချင်းနဲ့

အပစ်အခတ်ရပ်စဲထားတာကြာတော့

ကိုယ့်ကိုကိုယ် မှန်ထဲ ပြန်ပြန်ကြည့်ပေးရတယ်။

ရွှေမှုန်တွေလို

အချိန်တွေက အဖိုးတန်တော့

ငွေစက္ကူတွေနဲ့ လဲလှယ်ရတယ်။

ခလုတ်တိုက်မှာကြောက်လို့

ဘယ်မှ မရောက်ခဲ့တဲ့ ရှု့မျှော်ခင်းတွေ

ခဏခဏ ဖုန်သုတ်ပေးရတယ်။

တမိုးအောက်အတူတူ

ကြမ်းတပြေးထဲ သူစိမ်းများကြား

လောဘနဲ့လောက ကို

ဆွေမျိုးစပ်ပေးရတယ်။

အံ့သြတယ်...........

အလွယ်တကူလောင်းရိပ်မိလို့

အလွယ်တကူ တွန့်လိပ်ကောက်ကွေးလို့

အလွယ်တကူ အခက်အလက်တွေ ဝေဆာလို့

အညှောက်ပေါက်တာချင်းတူတူ

ကြီးထွားနှုန်းမတူတဲ့ တောအုပ်တွေ

မြို့ပြတွေမှာ စိမ်းလန်းလို့....။ ။

စိုးရ
( အကြောင်းကြောင်းကြောင့်
ရန်ကုန်နှင့်ဝေးခဲ့ရစဉ် ရက်များတွင် ရေးသားသည်။)

Saturday, January 26, 2013

ရန်ကုန်ပြန်တုန်း ရန်ကုန်ကပြောပြလို့ ကျနော်သိခဲ့ရတဲ့ ရန်ကုန်အကြောင်း


( ၁ )
“ ရန်ကုန် ”
“ မဟာရန်ကုန် ” တဲ့လေ ...
ရန်အပေါင်းကုန်စင်တဲ့ အထိမ်းအမှတ်
အလောင်းဘုရား ကင်ပွန်းတပ်ခဲ့တဲ့မြို့။

( ၂ )
အဲ့ဒီမြို့ကြီးပေါ့ ... “မီဂါစီးတီး” တဲ့
ရွံစရာအနာကြီးနဲ့ ကိုယ့်အမြီးကိုယ်ပြန်မြို
ကိုယ့်အနာဖေး ကိုယ်ပြန်ခွာ
တစ်စက်လေးမှ မသာယာနိုင်တဲ့မြို့။

ယင်တလောင်းလောင်း ၊ ပြည်တစိုစို
ညနေညိုချိန် “အေ့”ခနဲ ယင်းထ
လှောင်ချိုင့်ထဲက ရုန်းမပြနိုင်သေးတဲ့မြို့။

အနာဂတ်နိုင်ငံတော်ကိုရည်စူး
ပင်လုံရေသောက်မြစ်အတွက်
သွေးမြေကျ အာဇာနည်တွေ
ခေါင်းမော့ရင်ကော့ လက်ပမ်းခတ်ခဲ့ဖူးတဲ့မြို့။

အောင်ကျော် ၊ ဖုန်းမော် ၊
ဝင်းမော်ဦး ... ၊  ..... ၊ ....
အာဏာရှင်စနစ်အောက်မှာ
ပလိုင်းပေါက်နဲ့ အိပ်မက်ကောက်ယင်း
“ မိုးပေါ်ထောင်မဖောက်ဘူး ” လို့ အပြောခံလိုက်ရတဲ့မြို့။

၆၂ - ၇၄ - ၇၆ - ၈၈ - ၉၆ - ၂၀၀၇
လောကဓံထွန်သွားရဲ့ ရိုက်ပုတ်မောင်းမဲမှုတွေကြား
နေသားတကျစီးမြော
သွေးကြွေးအထပ်ထပ် ၊ သမိုင်းအဆက်ဆက်
ဖွတ်သထက် ညစ်ပတ်လာတဲ့မြို့။

လူတစ်စုက သုဘရာဇာလုပ်
လူတစ်စုက ဂုပ်သွေးစုပ်ယင်း
ကျန်တဲ့ သတ္တဝါ ၆ သန်းကျော်က
ကိုယ့်အထုပ် ကိုယ်ပြန်ဖြည်ပြနေတဲ့မြို့။

သေနတ်ဖောက်သံကို ပန်းနဲ့ပေါက်သလောက်သဘောထား
ဆူးအထပ်ထပ်ကြားမှာ သွေးရည်လိမ်းကျံနေပေမယ့်
“ဟန် .. ကိုယ့်ဖို့ပါကွာ .. ” တဲ့
ရင်ဘတ်ပိန်ပိန်လေး ကောကော့ပြတတ်သေးတဲ့မြို့။

ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် လို့ ဆိုရမလား
တချို့က မင်္ဂလာ ၆ ကြိမ်ဆောင်နေချိန်
တချို့က နို့ညှာကလေးသေလို့တောင်မှ
မသင်္ဂြိုလ်နိုင်တဲ့မြို့။

ဒေါင်းယောင်ဆောင်သောကျီး
ခြင်္သေ့ယောင်ဆောင်ထားတဲ့ ဖွတ်
အဖြူအစိမ်းဝတ်လို့ လမ်းသလားပြ
ရေပေါ်ဆီလက်တစ်ဆုပ်စာက
ထူးခတ်တာခံလိုက်ရတဲ့မြို့။

ဘီယာဆိုင် ၊ မာဆက်
ညကလပ် နဲ့ ကေတီဗွီ
မာကျူရီမီးသီးတွေကြား
ပျော်တော်ဆက်တဲ့ညီမလေးတွေ
ဈေးကောင်းမရနိုင်သေးတဲ့မြို့။

တစ်ချိန်တုန်းကတော့
စင်္ကာပူနဲ့ အမွှာညီအမတဲ့
ခုကျတော့ ....
ဂိုချောက်တောင် ၊ ဟူဂျင်တောင်းတို့က
နှပ်ပစ် ၊ သလိပ်ဟပ်သမျှ ခံနေရတဲ့
အရပ်ပျက်မ သာသာ တတိယကမ္ဘာကမြို့။

နွေရာသီဈေးကွက် ၊ မြက်တုခင်းလေ့ကျင့်ရေးကွင်း
အသင်းပြောင်းရွှေ့ခ ၊ နိုင်ငံခြားသားနည်းပြ
ဂျိုလေးတသသ
ခွလေး တကြွကြွလုပ်
ဆန်မရှိ သောက်စားကြီး
သုဝဏ္ဏကွင်းထဲ  လီး ၊ လချီး အတိုင်းခံရတဲ့မြို့

ငွေစကား ၊ ကြေးစကားပြောယင်း
“အနုပညာသမားပါ ...”လို့  ကိုယ့်ကိုကိုယ် တံဆိပ်ကပ်ဂုဏ်ဖော်
ဆိုက္ကားသမား နဲ့ အဆိုတော်
ထပ်တူညီအချိုးကျတဲ့မြို့။

“ဒုတိယတန်းတစ်နေရာ” မှာ
“ငါးကျပ်တန်တစ်ရွက် ” ကျပျောက်တုန်း
“မိုးလိုက်လို့ရွာ” ခံရ
ပိုးထိုးလောက်ကိုက် ၊ အခွံချည်းကျန်ခဲ့တဲ့မြို့။

မီးပျက် ၊ ဖုန်ထူ ၊ ရေမရှိ
“ရေမီးရှား” လို့အခေါ်ခံရတော့
ဆတ်ဆတ်ခါ နာလိုက်သေးရဲ့
အသည်းကြားက မဲတစ်ပြားအတွက်
လမ်းတစ်ခြမ်း ခင်း ခင်းပြတတ်
ကိုရီးယားဘာသာစာတန်းထိုး အိပ်မက်အသိုးတွေနဲ့မြို့။

ရာစုနှစ်ဝက်နီးပါးခြေတော်အတင်ခံ
နု တလှည့် ၊ ကြမ်းတဖုံ
လက်သရမ်းခံခဲ့ရပုံများ
ရင်ဘတ်စည်တီး ခါးစီးခံယင်း
လင်ကောင်ဖော်ရခက်နေတဲ့မြို့။

ဘူတာရုံမှာ သင်္ဘောကြီးတွေကပ်တယ်
လေယာဉ်ပျံကို ခဲနဲ့ပေါက်ယင် ထိမယ်
တစ်လုံး ၊ နှစ်လုံး ၊ သုံးလုံး ....
မနက်တစ်နပ် ညတစ်နပ်
လက်ဖက်ရည်ဆိုင်မှာ အိပ်မက် မက်တတ်တဲ့မြို့။

ရှမ်းခေါက်ဆွဲ ၊ မာလာဟင်း
သမီးရည်းစား အတွဲများစွာ
တစ်ခါသုံးဆပ်ပြာနဲ့ တစ်ဆက်ရှင်စာဟိုတယ်ခန်းမှာ
စာရိတ္ထတွေ ကျ ကျပျောက်နေကြတဲ့မြို့။

လှည်းတန်းမီးပွိုင့်အရမ်းကြပ်သတဲ့
ဆင်ခြေဖုံးမို့ မီးဖြတ်သတဲ့
“စကော့ဈေး ၊ လေဟာပြင် ၊ သိမ်ကြီးဈေး ၊ တရုပ်တန်း”
ခုချိန်ထိ အကြွေ ၁၀၀ ပြန်မအမ်းနိုင်သေးတဲ့မြို့။

တတိယနိုင်ငံတွေဆီကလွင့်ဖိတ်လာတဲ့
ဆီဦးထောပတ်နံ့တွေရှုယင်း
ရေဒီယိုအစုတ်ကလေး ရင်မှာပိုက်
ဗိုက်ဟောင်းလောင်းနဲ့  ငိုက် တတ်သေးတဲ့မြို့။

“ကိုယ့်ဝမ်းနာ ကိုယ်သာသိပါ အမေရယ် ” တဲ့
ခဲတံကို တံတွေးဆွတ်ယင်းပြော
တောကအမေတွေဆီ စာလှမ်းလှမ်းရေးတတ်တဲ့
စားပွဲထိုး ၊ အိမ်ဖော်
လက်ပွေ့သည်လေးများ ပျော်စံရာမြို့။

“ မီဂါစီးတီး ” ဆိုတာ အဲ့ဒီမြို့ကြီးပါဘဲ။

( ၃ )
အဲ့ဒီမီဂါစီးတီးကြီးမှာဘဲ
တိုက်ပျော်၊ သေပျော်
ကျနော်အထင်ကြီးတဲ့ သူရဲကောင်းတွေရှိတယ်။

အဲ့ဒီမီဂါစီးတီးကြီးမှာဘဲ
ဟိန်းသံဟောက်သံမကြောက်တတ်တဲ့
ရဲရဲတောက်လူငယ်တွေရှိတယ်။

အဲ့ဒီ မီဂါစီးတီးကြီးမှာဘဲ
စည်းအထပ်ထပ် ၊ ရိုးအကာကာ
ပါဝါ ၅၄ လည်းရှိတယ်။

အဲ့ဒီ မီဂါစီးတီးကြီးမှာဘဲ
အပြန်နောက်ကျတဲ့သားကို
တံခါးဝခါးထောက်
မျက်နှာမာမာနဲ့ ငေါက်တတ်တဲ့
ကျနော့် မွေးမေမေ ရှိတယ်။

အဲ့ဒီ မီဂါစီးတီးကြီးမှာဘဲ
မှီခိုသူ ....
အမေ တစ် ၊ ညီ တစ် ၊ ညီမလေး တစ်
ကျနော်ချစ်ရတဲ့ အိမ်ကလေးရှိတယ်။

ဘာဘဲဖြစ်ဖြစ်
“ ရန်ကုန် ” ကိုတော့ စစ်မရှုံးစေချင်ဘူး
အဲ့ဒီ မီဂါစီးတီး မဟာရန်ကုန် ဆိုတာကြီးကို
ကျနော် ချစ်တယ် ။


မားဆိုး ( ၂၅၊ ၀၁၊ ၂၀၁၀ )
Top of Form

Friday, January 11, 2013

တစ်နှစ်ပတ်လုံး ဂျလုံးပလုံး


ခရစ္စမတ်ညမှာ မြေစာပင်

နှစ်သစ်ကူးညမှာ မြေကျင်းကြီး
တစ်မြေတည်းနေ တစ်ရေတည်းသောက်
တစ်စစ်ပွဲထဲ တစ်ယောက် တစ်ဖက် ခွဲပြီးတိုက်လို့

အပစ်အခတ်ရပ်စဲတယ်ဆိုတာ ပြောတဲ့စကား မဆုံးခင်အချိန်ထိ
တောင်ကြားနယ်စပ်မြို့ကလေးက ခြောက်ကပ်ကပ်

ထ ရယ်တယ်
ငါ့ဆီမှာ ကျန်ခဲ့တာဆိုလို့ အသားစ ပင်လယ်ပဲ

မိသားစုဆိုတာ
လက်ထဲ အမိအရ ဆုပ်ကိုင်ထားတဲ့ အသားဖတ် အစုအဝေး

ကမ္ဘာပေါ် ရှိရှိသမျှ ထိုးစစ်များ ရှိရှိသမျှ ထိုးဇာတ်များ
အနီရောင်စာတန်းများ

အနီရောင်ကျိန်စာများ
နေလုံးကျသွားပြီးတဲ့နောက် လွမ်းမောဖွယ့်

ယမ်းငွေ့တဝေဝေ တောင်စွယ် တောင်တန်းတွေ
နေရာအနှံ့ ချိတ်ဆွဲထားတဲ့ အပြောင်းအလဲများ

ဆရာဝန်တွေပြောသလို ၅၀-၅၀ ဆိုတာမျိုး
မနက်ဖြန်ရဲ့ ရှိနေခြင်းဟာ တောင်စွယ် တောင်တန်းတွေ

ဟိုးဘက်က မမြင်ရတော့တဲ့ နေလုံးကြီးလို

“ကဘူဂရာအီး” ”ကဘူဂရာအီး”
အဲသလို

အမြဲလို
ခြောက်လှန့်နေတယ်

ရင်ငွေ့နဲ့လုပ်တဲ့ ဆုတောင်းသံတွေဟာ
ယမ်းငွေ့နဲ့လုပ်တဲ့ ဆောင်းအတုထဲမှာ

ပူလောင်အိုက်စပ်လို့
“ည မထွက်ရ” အမိန့်ထုတ်ထားတဲ့ကြားက

အသက်ဟာ ဘယ် လျှောက်လည်တယ် မသိရ
ရွာတွေမှာ အိမ်တွေမရှိတော့တာဟာ

ဝိုင်ပုလင်းမှာ စက္ကူပတ်တံဆိပ်မရှိတော့သလောက်ပါပဲ
ပိုမိုပြင်းထန်တဲ့ အကြွေးတွေ အတွက်

ပိုမိုပြင်းထန်တဲ့ သွေးတွေ
အကြွေးတိုင်းဟာ တန်ဖိုးတက်လာနိုင်ပေမယ့်

သွေးတိုင်းဟာ မြေကြီးထဲပဲ စိမ့်ဝင်ပျောက်ကွယ်သွားတယ်
သွေးမြေကျသလို အကြွေးကျေပါ့မလား

ခြေတုတပ်ထားတဲ့ ၁၂၀ မမတွေ…
ပိန်သွားတယ် မရှိ

ဝလာတယ် မရှိ
နှစ်သစ်ကူးညထဲ ရွာတိုင်း မြို့တိုင်း ဝိုင်းပတ်ကခုန်လို့

ရင်ထဲရှိသမျှ ဖွင့်အန်ထုတ်လို့
သွေးနဲ့ အမြဲနှပ်ထားရတဲ့မြေ

မျက်ရည်ကြိုက်တဲ့ နှစ်ရှည်ပင်တွေပဲ စိုက်ပါစေတော့


သိုးထိန်း (အန္တိမ)


 

Thursday, January 10, 2013

“အမြင့်ကြောက်သူ”

အမြင့်ကိုမရောက်မချင်း
ကျွန်တော့်ကိုကျွန်တော်
အမြင့်ကြောက်တတ်မှန်း မသိဘူး…
အမြင့်ကိုတက်ရတာ အန္တရာယ်များမှန်း မသိခဲ့ဘူး..
ငယ်ငယ်က ကိုယ့်ကိုကိုယ် အမြင့်ကြိုက်သူလို့
ထင်ခဲ့မိတယ်…
တစ်လွဲပဲ
ကျွန်တော်ဟာ အမြင့်ကိုရောက်လာလေ
အမြင့်ကိုပိုကြောက်လာလေလေပဲ
များများမြင့်ရင် မြန်မြန်ပြုတ်ကျပြီး
များများနာတတ်တယ်ဆိုတာ
မြင့်မြင့်လာမှပိုနားလည်လာမိတယ်
မြင့်လွန်းရင်လေတိုက်နှုန်းကအစ
အန္တရာယ်ပဲ
အမြင့်ကပြန်ဆင်းရရင်လည်း
ကြောက်ဒူးတွေတုန်လို့
အမြင့်ဟာမလုံခြုံဘူး
အမြင့်ဟာအန္တရာယ်များတယ်
သိပ်မြင့်လွန်းရင်လေးဖက်တွားတက်ရတာ
အမြင့်ကြီးမှာအကျမနာချင်လို့
ကုပ်ကပ်တွယ်ထားရထာတာကော
အမြင့်မှာ ဒဏ်ရာဒဏ်ချက်တွေ
ပွန်းပဲ့ထိရှလွယ်လို့
ဘဝနဲ့ဘ၀င် ကျွန်တော်ဘာမှမမြင့်ချင်တော့ဘူး
အမြင့်ကြီးကို အများကြီးကြောက်မိလာလို့….။



မိုးလှိုင်ည

Wednesday, January 9, 2013

မမလီဆာလိုင်ဇာ ရောက်ဘူးလား



 

 

မမလီဆာလိုင်ဇာ ရောက်ဘူးလား

 

မမလီဆာဟာ `ဒိုင်းနမိုက်´ပဲ
ကျွန်တော် ကရင်တပ်သားလေးဘ၀ထဲက မမလီဆာကို စွဲခဲ့တာ
ဂစ်တာသံတွေတဒိုင်းဒိုင်းကြားရင်းနဲ့ အိပ်ပျက်ခဲ့ရတယ် မာနယ်ပလောမှာ
ခရစ္စမတ်ပွဲတော်နေ့မှာလည်း လိုင်ဇာဟာ ဒိုင်းနမိုက်ပဲ
လက်ဝါးကပ်တိုင်ပေါ်ကခရစ်တော်ဟာ လောင်ချာစာမိသွားတယ်
`ဒိုင်းနမိုက်´ ၊ တိုင်းရင်းသားကိုချစ်တဲ့အရသာ `ဒိုင်းနမိုက်´
လမ်းဘေးမှာ တန်းစီနေတဲ့ ဒုက္ခသည်တွေ ၊ နိုင်ငံခြားကမတင်သွင်းဘူး
စစ်လေယာဉ်တွေ မောင်းလာတဲ့ ကိုကိုဗိုလ်ကြီးတွေကိုလည်းချစ်
မမလီဆာက ခါးမှာ သေနတ်နှစ်လက်နဲ့ ကျည်ဆံခါးပတ်ချိတ်ပြီး
`ဒိုင်း ဒိုင်း ကောင်းဘွိုင်လိုပဲ ၊ သေနတ်နဲ့ ပစ်မယ်ချစ်သူရယ်´
အဲဒီကျည်ဆံတွေဟာ ကျွန်တော်တို့ချစ်ရသူတွေမှာ အပေါက်တွေချည့်ပဲ
တောင့်တခဲ့တာ ငြိမ်းချမ်းရေးမဟုတ်ရင် နောက်ဖေးယင်လုံအိမ်သာလေး
`ဒိုင်းနမိုက်´၊ မမလီဆာဟာ ကျွန်တော့်ရဲ့ sex symbol ပဲ
တစ်ခါ ၊`ပြည့်ဝ´မှာ မမလီဆာက ကျွန်တော့်ကိုပဲ လက်ညှိုးထိုးပြီး
`မောင်´သီချင်းဆိုခဲ့တာ သူတို့တွေကျွန်တော့်ကို အညှိုးနဲ့ ကြည့်ကြ
မမလီဆာကို သူတို့အကြမ်းဖက် ၊ အချောဖက် ၊ ငွေဖက် ၊ အာဏာဖက်
အချင်းချင်းလက်ဆောင်ပေးဖက် ၊ ကျွန်တော်ပေါက်ကွဲပေါ့ ၊ ဒိုင်းနမိုက်
`သေနတ်နဲ့ ပစ်မယ်ချစ်သူရယ်´
လက်နက်ကြီးတွေ ၊ စစ်လေယာဉ်တွေ ၊ ရဟတ်ယာဉ်တွေ ၊ တပ်ကြောင်းတွေ
လိုင်ဇာက လိုင်ချီးသီးတွေတစ်ဘက်နိုင်ငံထဲခိုလှုံသွားကြတယ်
ဖားကန့်မှာ တစ်တွင်းနဲ့ မကြည်ရင် ခေါက်လိုက်မယ်
နောက်တစ်တွင်းလာလိမ့်မယ်။ ဖေါရင်းကလာတဲ့
ပစ္စည်းမဟုတ်တော့ စစ်အတွက် သေတွင်းဟာ မဆန်းဘူး ၊
ဒိုင်းနမိုက်။ မာလာဆောင်ပြည်လမ်းရဲ့ ရှေ့မှာ ၊ ဒိုင်းနမိုက်
မမလီဆာ ၊ ကျွန်တော်လက်နက်ချလို့ အလင်းဝင်ခဲ့ပါပြီ
ခြေတု ၊ လက်တုကအစ အတုတွေတပ်စင်ထားတဲ့ ဘ၀ကြီးမှာ
စင်ပေါ်လည်း တင်ဆက်ဖျော်ဖြေပေးရတယ် ၊ ချစ်ကြည်ရေး
စင်အောက်လည်း တင်ဆက်ရပြန်တယ် ၊ ဒိုင်းနမိုက်
လမ်းဘေးမှာ တန်းစီနေတဲ့ တိုင်းရင်းသားတွေ
နိုင်ငံခြားမှာ ကျွန်သွားခံကြတယ်။ ပင်လုံဆေးရုံမှာ
ကျွန်တော်သန့်ရှင်းရေးဝန်ထမ်းပါ ၊ သေနတ်ကို
တံမြက်စည်းနဲ့ လဲလှယ်ခဲ့ပါတယ် ၊ ဒိုင်းနမိုက်
မမလီဆာဟာ ဦးစီးချုပ်ကြီးတွေနဲ့ တစ်လှည့်စီ
ဆွေးနွေးညှိနှိုင်းအိပ်ပေးရင် ပြည်ထောင်စုအထွဋ်အထိပ်
ရောက်မလား ၊ ဒိုင်းနမိုက် ၊ အိပ်ယာထဲမှာ ဒိုင်းနမိုက်
ဖေါရင်းက လာတဲ့ ပစ္စည်းမဟုတ်တော့
တန်ဘိုးနဲ တိုင်းရင်းသားတွေလား
တစ်နိုင်ငံလုံးချမ်းသာဖို့ ၊ ဒိုင်းနမိုက်တွေ သတ်သေကြပါစို့
ဒိုင်းဒိုင်းကောင်းဘွိုင်လိုပဲ
လက်နက်ကြီးတွေနဲ့ ချေမှုန်းပစ်လိုက်မယ် ၊ ချစ်လို့ပါကွယ်
မမလီဆာ ၊ ကျွန်တော့်နှလုံးသားထဲက ကျည်ဖူးထုတ်ပေးလိုက်ပါတယ်
အဲဒါအပျော့စား ဒိုင်းနမိုက်၊ တစ်ဒိုင်းဒိုင်းနဲ့ မိုက်တဲ့ ဒိုင်းနမိုက်။ ။



ဇေယျာလင်း
1 – Jan – 13

http://zlkontempo.com/?p=731
 

Wednesday, January 2, 2013

ရန်ကုန်ကို အဆက်အသွယ်မဖြတ်နဲ့



ဘုရားသခင်ဆိုရင်လည်း
သူလိုကိုယ်လို ဘုရားသခင်ပဲနေမှာ ဒါပေမဲ့
ရန်ကုန်ကို အဆက်အသွယ်မဖြတ်နဲ့
အချစ်အလွမ်းနဲ့ ဒူးတင်ပေါင်တင်
မလိမ်မိုး မလိမ်မာ အနေအထိုင်ကပဲ
ကြည့်လို့ပိုအဆင်ပြေသလိုလို
ဒါရန်ကုန်ပဲ
မပြောလည်းသိကြမယ်
မသိလည်းပြောကြပေါ့
ရန်ကုန်ဟာ အုပ်စုနဲ့ စပွန်ဆာနဲ့
လျှပ်စစ်မီးဟာ ABCD
ကိုယ့်သွေးအုပ်စုနဲ့ ကိုယ့်အတင်းမောင်းလို့
အောင်မြင်ကျော်ကြားသူများကလပ်မှာ
ခင်ဗျားလည်း member ဖြစ်နိုင်တယ်
ခင်ဗျားရဲ့ ထင်ရှားတဲ့ ထင်ရှားတဲ့ အမှတ်အသားဟာ ဒါပဲ
ရန်ကုန်ကို အဆက်အသွယ်မဖြတ်နဲ့
ရုပ်ရှင်ရုံတွေမှာဟာသကားတွေ အ၀င်အထွက်များပြီး
ကဗျာဆရာတွေ အရက်စုသောက်နေတတ်တာ ရန်ကုန်ပဲ
ပါဝါအရွှေ့အပြောင်းနဲ့
မျိုးဆက်ကွာဟမှု
အနုပညာနိဂုံးအယူအဆနဲ့ရန်ကုန်ပဲ
အောက်ခြေမှတ်စုနဲ့
သုတေသနအသုံးစရိတ်နဲ့
မီဒီယာလွတ်လပ်ခွင့်နဲ့
ကိုရီးယားအသားကင်နဲ့ ရန်ကုန်ပဲ
ရန်ကုန်ကို အဆက်အသွယ်မဖြတ်နဲ့
လက်လှုပ်သလောက် ပါးစပ်လှုပ်နိုင်တာလည်း ရန်ကုန်ပဲ
သီချင်းကလေး တစ်အေးအေး
လေကလေး တစ်ချွန်ချွန်ဒီလို
ဘ၀လွန်မသားတွေ ရှိနေတာလည်း ရန်ကုန်ပဲ
ဘ၀ကို လုံးထွေးပြီး
ခုံးကျော်တံတားတစ်ခုခုအောက်မှာ ချထားလိုက်
အဆင်ပြေလှတဲ့လူကော် “မ” သွားလိမ့်မယ်
ဒီတစ်လနဲ့ မရရင် နောက်တစ်လ
ပဒုတစ် အခန်းဆက်ရှည်နေတာလည်း ရန်ကုန်ပဲ
မလိုအပ်ရင် အသံကျယ်ကြီးတွေ မထွက်ပြနဲ့
ဟွန်းမတီးနဲ့ ပိတ်မရပ်နဲ့
ကျော်မတက်နဲ့ ဒါရန်ကုန်ပဲ
ရန်ကုန်ဟာ တစ်ယောက်စတာနဲ့ အကုန်ပါတာပဲ
အခုပဲ စူလာနဖာ
အခုပဲ ပိစပ်ရွက်
ဒါကြောင့်ပြောတာ ရန်ကုန်ကို အဆက်အသွယ်မဖြတ်ပါနဲ့လို့။ ။


Aမွန်