Pages

Tuesday, July 31, 2012

ဘာရယ်မဟုတ်ဖူး အဲဒီနေ့တွေက ရောက်ရောက်လာတယ် သြဂုတ်စ်


သြဂုတ်စ်ရေ
အဲဒီနေ့တွေက ဘာရယ်မဟုတ်ရောက်ရောက်လာတယ်
မိုးထဲရေထဲပေါ့ ရွှဲရွှဲစို မျှော်လင့်ချက်တွေနဲ့
ဒီနေ့ဒီရက်တွေ
ကိုရွှေဘုန်း လက်ပြထွက်သွားတယ်
ကိုငှက် သံသရာခရီးတစ်ထောက်ထပ်သွားတယ်
ပျဉ်မငုတ်တို..ဖိုးမောင်လာပြီ..
မိုးစက်တွေတစ်ဖျောက်ဖျောက်
ဆရာကြီးမင်းသုဝဏ်လည်း
ဒီမိုး ဒီရေထဲ ဆိတ်ငြိမ်တိတ်ဆိတ်
သူတို့ရဲ့ အနုပညာအင်ပါယာတွေက
ခိုင်ခိုင်မတ်မတ် သြဂုတ်စ်ရေ..
ဒီလိုနေ့တွေက လွင့်လွင့်ဝေေ၀ ရောက်လာတာပဲ
ဆွေးဆွေးမြေ့မြေ့ ကြေကြေကွဲကွဲ
လမ်းတွေပေါ် မိုးစက်တွေ တဖြောင်းဖြောင်းရိုက်ခတ်နေသလို
အတိတ်ဝိုးတ၀ါးမှာ သေနတ်သံတွေများ မတော်တဆ
ကြားမိမလား သြဂုတ်စ်ရေ..
အဲဒီနေ့က ညှို့ညှို့မှိုင်းမှိုင်း ထိုင်းမိုင်းတွေဝေတုန်းပဲ
သြဂုတ်စ်ရေ..
ပြက္ခဒိန်စာရွက်ပေါ်မှာ နှလုံးသွေးနဲ့ မှင်နီခြစ်
အဲဒီနေ့ဟာ အားလုံးအတွက် ၀မ်းနည်းတိတ်ဆိတ်
အမျှဝေဖို့ အထိမ်းအမှတ်နေ့ဖြစ်သင့်တယ်…
တကယ်တော့ သြဂုတ်စ်ရေ အာဟာရပြတ်တဲ့
ကလေးလို ကောင်းမွန်တဲ့အခွင့်အရေးဆိုတာ
အလှမ်းဝေးနေတုန်း…
မိတစ်ကွဲ ဖတစ်ကွဲ လွင့်ပြန့်ကျဲနေတဲ့
မိသားစုထမင်းဝိုင်းကိုတွေးရင်
အနက်ရောင်သြဂုတ်စ် မိုးဖွဲဖွဲထဲ
ကြေကွဲစိတ်သာ လှိုင်းလေထန်ဆဲလေ…။

မိုးလှိုင်ည

Wednesday, August 24, 2011 


Sunday, July 22, 2012

ဘ၀တံငါ…



တံငါသည်တစ်ယောက်မဟုတ်ရင်
ဘာဖြစ်ခဲ့မှာလည်း
ပိုက်ထဲက ယက်ကန်ယက်ကန်ငါးတွေကို
ဆွဲမနေရင်း စဉ်းစားမိတယ်….
ဒီမေးခွန်းက ခပ်တုံးတုံးကြီးပါ….
တံငါသည်တစ်ယောက်မဟုတ်တဲ့
တခြားတစ်ယောယောက်ဖြစ်နေမှာပေါ့…
ဘယ်တစ်ယောက်ဖြစ်မှာလည်း…
အလယ်ကလူလား ဘယ်ဘေးညာအစွန်ကလား
တီဗွီမှာ စကားတွေခဏခဏပြောတဲ့လူလား
ဝတ်ဖြူစင်ကြယ်နဲ့ ဘုရားထီးခဏခဏတင်တဲ့လူလား
နဖူးစည်းနဲ့ ရဲရဲတောက်မိန်ခွန်းခြွေတဲ့လူလား
စင်ပေါ်ကလား စင်အောက်ကလား….
အခုတော့ ကိုးကွယ်ရာဘာသာတရားကိုပဲ
ခွင့်လွှတ်ဖို့ အကြိမ်ကြိမ်တောင်းတယ်…
သူ့ဘ၀က ရွာဘုရားသူကြီးကောင်းမှုလို
ကုသိုလ်ထူးတွေလည်း ပြုဖူးတာ မရှိနဲ့
တံငါသည်တစ်ယောက်မဖြစ်ခဲ့ရင်
သူ့မြုံးထဲ ငါးလို နုန်းနှစ်တွေထဲ ပျော်မိလိမ့်မယ်…။ 
 
မိုးလှိုင်ည

Wednesday, July 18, 2012

ငါ့ကိုလေးလံစေသူများ

ငါဟာ
တောင်တန်းတွေကို ထည့်ယူသယ်ပိုးနေမိတဲ့ ကျောပိုးအိတ်တစ်လုံးဖြစ်တယ်
ကြမ်းတမ်းသောမြစ်တချို့နဲ့ နူးညံ့သောမြစ်တချို့လည်း ငါ့ကိုယ်ပေါ်မှာစီးတယ်
လျှို့ဝှက်နက်နဲတဲ့ တောအုပ်တွေနဲ့ နက်ရှိုင်းတဲ့ ချောက်ကမ်းပါးတွေလည်း ရှိတယ်
ပြန့်ပြူးရှင်းလင်းသော လွင်ပြင်တချို့နဲ့ စိမ်းလန်းသော မြက်ခင်းတချို့လည်းရှိတယ်
အရိပ်ခိုနေတဲ့ တောရဲသားကောင်တချို့ပါသလို
ဘာကိုမှဂရုမစိုက်တဲ့ သေနတ်သမားတစ်ယောက်လည်း...ပါတယ်
ကုန်ကုန်ပြောမယ် အားလုံးနဲ့ဝေးဝေးနေချင်တဲ့ ရသေ့တစ်ပါးလည်းရှိတယ်

ကျွန်တော်က ကျောပိုးအိတ်တစ်လုံးဆိုတော့ တောင်တန်းတွေကို သယ်ခဲ့မိတာပေါ့
စိတ်ကူးယဉ်စေတဲ့ ကောင်းကင်တွေ ပင်လယ်တွေတော့ အစထဲက ချန်ထားရစ်ခဲ့တယ်

ဒီလိုဆိုတော့
ကျွန်တော့်မှာ အလင်းဆိုတာ မရှိဘူး
မိုးချုန်းသံတွေမရှိဘူး
လေကောင်းလေသန့်မရှိဘူး
တိမ်တွေနဲ့ မိုးစက်တွေမရှိဘူး
စိတ်ကူးယဉ်စရာဆိုလို့ ဘာမှမရှိဘူး။

ခရီးရှည်လျား သွားမိတဲ့ ညညတွေဆို
တောနက်ထဲကသားကောင်တွေ အသက်ရှူမဝလို့ စုစုပြီး အော်ကြဟစ်ကြ
မြစ်တွေလည်းအငွေ့မပျံရလို့ တဝုန်းဝုန်းနဲ့ စီးကြဆင်းကြ
သစ်ပင်တွေလည်း နေရောင်မရလို့ အုံ့အုံ့ဆိုင်းဆိုင်း ညှိုးကြနွမ်းကြ
ချောက်ကမ်းပါးတွေကလည်း လူသူလေးပါးမတွေ့ရလို့တဲ့ ပဲ့တင်သံတွေ ဆက်ဆက်ပြီး လွှင့်ကြထုတ်ကြ
ရသေ့လည်း ရှေ့ဖြစ်ဖတ်ဖို့ရာ နက္ခတ်တာရာမတွေ့လို့ နည်းသစ်လမ်းသစ်တွေ တကုပ်ကုပ်နဲ့ ရှာရဖွေရ
သေနတ်သမားလည်း အလင်းရောင်မရလို့ မည်းမည်းမြင်တိုင်း ပစ်ရခတ်ရ

ဆူညံတယ်
လှုပ်ရှားတယ်
လေးလံတယ်

ဘဝဟာ ကျောပိုးအိတ်တစ်လုံးလို တစုံတရာကိုသယ်ပိုးမိတဲ့အခါ
အခြားမသက်ဆိုင်သော အရာများစွာ ပါလာတတ်တယ်
ကျွန်တော်က တောင်တန်းတွေသက်သက်ကို သယ်ပိုးချင်ခဲ့မိတဲ့ ကျောပိုးအိတ်သက်သက်ပါ
သေနတ်သမားတစ်ယောက်အဲဒီမှာ ရှိနေနိုင်တာကိုတောင်
ထည့်မတွက်မိခဲ့ဘူး။

လင်းဆက်
အိုင်ဒီယာမဂ္ဂဇင်း (?)

Friday, July 6, 2012

ကြွက်တွေနေတဲ့မြို့



မြို့ကြီးတစ်မြို့မှာ ကြွက်တွေနေတယ်
အဲဒီမြို့က ကြွက်တွေက ဒိန်ခဲသိပ်ကြိုက်ကြတာပေါ့…
မနက်လင်းတာနဲ့ ကြွက်တွေဟာ
တစ်မြို့လုံးလျှောက်သွားပြီး ဒိန်ခဲတွေရှာကြတယ်…
နှစ်တွေကြာလာတော့ ဒိန်ခဲတွေလည်း ရှားပါးကုန်တယ်
တချို့ ကြွက်ဆရာကြီးတွေဆီမှာတော့
ဒိန်ခဲတွေ တစ်ထပ်ကြီးရှိတာပေါ့…
ကြွက်တွေဟာ မိုးလင်းတာနဲ့ တစ်လမ်းဝင် တစ်လမ်းထွက်
တစ်အိမ်ဝင် တစ်အိမ်ထွက် ဒိန်ခဲတွေလိုက်ရှာကြတယ်
တချို့ နံရံတွေမှာ ဆောင်ပုဒ်တွေ ကပ်ထားတယ်
မြန်မြန်ပြေးနိုင်မှ များများရမယ်
တချို့ကြွက်တွေဟာ မြန်မြန်ပြေးဖို့ကြိုးစားတာပေါ့
ကြွက်ဆရာကြီးတွေဟာ … မိုးလင်းတာနဲ့
ဒိန်ခဲတွေ မြို့မြို့ကြီးထဲ ချချပေးတယ်…
မြန်မြန်ပြေးတတ်တဲ့ ကြွက်တွေလည်းများလာခဲ့တယ်
ပြေးထားပြေးထား… များများရဖို့ မြန်မြန်ပြေးထား
ကြွက်တွေကြားမှာ ကြွေးကြော်သံတွေဆူညံလာတယ်
မြန်မြန်ပြေးဖို့ နည်းစနစ်လိုတယ်တဲ့ …တချို့ နံရံတွေမှာ
ဆောင်ပုဒ်အသစ်ထပ်ပေါ်လာတယ်..
တချို့ကြွက်တွေဟာ ပြေးနည်းသင်တန်းတွေ သွားတတ်ကြတော့တယ်
ကြွက်တွေအရမ်းပြေးကြလွန်းတော့…
တချို့ကြွက်တွေဟာ သတ်မှတ်မိုင်နှုန်းထက်ပိုမြန်နေလို့
ထိန်းချုပ်ခံလိုက်ရတယ်… တချို့ကြွက်တွေကမြန်နှုန်းထက်
ကျော်ပြေးချင်လို့ …. သူတို့ဖွက်ထားတဲ့ ဒိန်ခဲတွေ လာဘ်ထိုးတတ်ကြသေးတယ်..
ကြွက်တွေဟာ မိုးလင်းတာနဲ့ မြို့ကြီးထဲ လျှောက်ပြေးတော့တာပဲ
ကြွက်ဆရာကြီးတွေကလည်း သင်တန်းတွေဖွင့်လိုက်
ကြွက်ပုလိပ်တွေမွေးလိုက်…
ကြွက်ဥပဒေတွေထုတ်လိုက်နဲ့…
သူတို့ပစ်ချလိုက်တဲ့ ဒိန်ခဲတွေ သူတို့အိတ်ထဲပဲ
ပြန်ပြန်ရောက်လာတယ်…
တချို့ကြွက်တွေ အချင်းချင်း ပူးပေါင်းမှဖြစ်မယ်တယ်
အဲဒီကြွက်တွေဟာ ပါတီထောင်ကြလေရော
ကြောင်ဖြူတာမည်းတာ အရေးမကြီး
အရေးကြီးတာ ဒိန်ခဲရဖို့
ကြွက်ပါတီခေါင်းဆောင်ကြီးက ကြွေးကြော်တယ်
ပါတီဝင်ကြွက်တွေကလည်း တခဲနက်နဲ့
ကျွီကျွီလုပ်လိုက်ကြတော့…
သာမာန်ကြွက်တွေကတော့ကြွက်လျှောက်တန်းတွေကနေ
မရဲတရဲလှမ်းကြည့်တယ်
တချို့ကြွက်တွေကတော့ ဒိန်ခဲကို စိတ်ထဲမှာမှတ်ပွားများ ..
ဒိန်ခဲဟာမရှိဘူး … ဒိန်ခဲဟာ ဖြစ်လိုက် ပျက်လိုက်
ပေါ်လိုက်ပျောက်လိုက်နဲ့ ဒိန်ခဲဟာ ပညတ် …
အဲဒီတော့ ဒိန်ခဲနောက်လိုက်နေတာ
ဒိန်ခဲရဲ့ အဝေးကိုပြေးနေတာလည်း ဖြစ်နိုင်တယ်
ကြွက်တွေဟာ ဒိန်ခဲနောက်ကို ပြေးလိုက်နေဆဲ
စဉ်းစားတွေးခေါ်တတ်တဲ့ ကြွက်တွေဟာ
ဒိန်ခဲရဖို့ သီအိုရီတွေထုတ်တယ်…
တချို့ ကြွက်တွေက ဒိန်ခဲရဖို့ အင်းအားသုံး ဖြေရှင်းတယ်
တချို့ကြွက်တွေဟာ ဒိန်ခဲရဖို့ ထောင်ချောက်တွေ အသုံးပြုလာတယ်
ကြွက်အချင်းချင်း လှည့်ဖျားခြင်းတွေလည်း များလာတာပေါ့
လမ်းမှားတွေ လမ်းမြှောင်တွေ ဖြတ်လမ်းတွေ
အထူးလမ်းတွေနဲ့… ကြွက်တွေဟာ
နှစ်ကာလ ရွေလျားလာတာနဲ့အမျှ…
နည်းစနစ်တွေပြောင်းလဲ တိုးတက်လာတယ်
မပြောင်းလဲတာကတော့ မိုးလင်းတာနဲ့ ကြွက်တွေဟာ
ဒိန်ခဲနောက်ကိုပြေးလိုက်ကြတော့တာပဲ..
မြို့ကြီးကလည်း… ဒိန်ခဲနဲ့ ကြွက်နဲ့ သံသရာလည်နေတော့တယ်..။


မိုးလှိုင်ည