Pages

Saturday, March 31, 2012

အပြုံးကင်ဆာ


တကယ်ဆို လက်ဆွဲ နှုတ်ဆက်မှုတွေဟာ သေဒဏ်ပေးမယ့် နာကျင်မှုတွေဆို ကြိုသိဖို့ကောင်းတယ်..။ ကိုယ်တိုင် အပြုံးတွေကို မယုံကြည်တတ်သူလေ… ပူအိုက်တဲ့အခန်းထဲမှာ အသက်ပါတဲ့အပြုံးကို ချိတ်ဆွဲမထားသင့်ဘူး… နာမည်ကြီး .. မျက်နှာကြီးတွေ ကြားထဲမှာ ယောင်ချာချာ ဖြစ်နေတဲ့ ကိုယ့်အပေါ် အဲဒီအပြုံးဟာ.. ဘာဖြစ်လို့ တိုက်တိုက်ဆိုင်ဆိုင်.. ထိုးနှက်တိုက်ခိုက် လိုက်တာလည်း… နာမည်တွေပြော လက်ဆွဲနှုတ်ဆက်လိုက်ကြ… ကျောခိုင်းရင်မေ့ပစ်ဖို့ ၀န်မလေးအောင် … အထပ်ထပ် လေ့ကျင့်ထားခဲ့တာပဲ..။ ဟိုတစ်လော ခင်ဗျား အနုပညာလေး … တော်တော်ဆွေးဖို့ ကောင်းတယ်.. အဲဒီလို မရေမရာစကားတွေ ခပ်တိုးတိုး ပြောဖြစ်ကြတာမျိုးပါ..။ ကိုယ်က ဘ၀ဆိုတာမှာ ဘာကိုမှ မယုံကြည်တတ်တဲ့ သံသရ၀ါဒီလေ.. ။ တကယ်ဆို ကိုယ်နယ်နမိတ်ထဲကို မိတ်ဆွေဖွဲ့မှုတွေနဲ့ ဗုံးမကျဲသင့်ဘူး… ကိုယ်တိုင်က ခင်မင်မှုနည်းပါးတဲ့ အထီးကျန် မုန်တိုင်းသစ်ပင် ဒဏ်ရာတွေ နာကျင်မှုတွေနဲ့ ဖုထစ်နေတတ်တာမျိုး…။ စစ်ပွဲတွေ အမြဲဖြစ်နေရင် ကောင်းမှာပဲ ဆိုတဲ့ မာရေကျောရေ အမှန်တရားမျိုးနဲ့ ပေါင်းဖော်ကြီးပြင်းခဲ့ရတာ… အကောင်းမြင်ဖို့ဆိုတာ ကိုယ်ဘယ်တော့မှ မကျင့်သုံးတဲ့ ဆက်ဆံရေး…။ ဖြစ်နိုင်ရင်.. ကိုယ့်နဲ့ တူတဲ့ သက်ရှိမျိုးစိတ်တွေနဲ့ ခပ်ဝေးဝေးက တိတ်တိတ်ဆိတ်ဆိတ် နေထိုင်လိုသူသာ… ဒါဟာ ဘယ်ဖြစ်နိုင်မှာလည်း.. သက်တံ့တွေရဲ့ ကျူးကျော်မှုလို့… ကိုယ်စိတ်ကို ကျောခိုင်းမှုတွေနဲ့ ခေါ်ဆောင်သွားတဲ့ ပန်းချီကားထဲအပြုံး…။ ဘ၀ရဲ့ အသေးကျုံ့ဆုံး မာနတွေကို ကျစ်လျစ်မာကျောဖို့… နေထိုင်ခြင်းမှတ်စုတို တွေထဲ နေ့စွဲထဲ အမှတ်တရ လက်ရေးအမှတ်အသားတွေ… သိုးဆောင်းတွေရဲ့ စကားလုံးတွေပေါ်.. လက်ဖ၀ါးတွေထိရှမိတိုင်း… ခံစားမှုတွေ ဒါမှမဟုတ် စိတ်အလျဉ်နှုန်းတွေ … မြန်နှုန်းမြင့် အိပ်မက်တွေက ဆောင်းငတ်တဲ့ နှင်းတွေလို ဘယ်အချိန်မှာ ဖွေးဖွေးလှုပ် အေးစက်ရမယ် မသိတော့ဘူး ။ အခုဆို ကိုယ်က ခဏခဏ ပြုံးတတ်တာကို ကင်ဆာလို အမြစ်တွယ် ခံစားတတ်နေပြီ..။ မရေမရာ နိုင်လွန်းတယ် .. တစ်ယောက်တည်း..လည်း… ဒါမှမဟုတ် နာရီတွေ ပြက္ခဒိန်စာရွက်တွေ ရန်ကုန်မြစ်ရေတွေ ပြီးတော့ နေ၀င်ချိန်တွေ ပြီးတော့ အသုဘ အခမ်းအနား တွေ နောက်ပြီး လရိပ်ပြာတွေ မြင်တိုင်းလည်း ကိုယ်ပြုံးနေတတ်ပြီ..။ အခုတော့ ကုထုံးမရှိတဲ့ ခံစားမှုတွေနဲ့… ကိုယ်လုံးပါးပါးရတော့မလား… ဓာတုဆေးဝါးတွေ သုံးစွဲပြီးတော့ နုနုနယ်နယ် ညရေးညတာ လေးကို ဖျက်ဆီးမထားခဲ့ချင်ဘူး… ကိုယ့်အတွက် အပျင်းကြီးတဲ့ကော်ဖီတွေ မိတ်ဆွေမရှိတဲ့ စာအုပ်တွေ ပြီးတော့ အထီးကျန်လွန်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေ.. ၂၀ ရာစုနောက်ဆုံးပါတ်က ကုလားထိုင်အိုကြီးတွေနဲ့ … အဖော်လုပ်ပြီး ဖျော်ဖြေနေရတယ်… အလိုလိုက်ထားတဲ့ ကြားက ဘ၀က တစ်ခါတစ်ခါ အထပ်ထပ်ပြုံးတယ်..။ ကိုယ်လက်ထဲ စာအုပ်ကို အပြုံးကင်ဆာတွေ ကူးစက်မှာဆိုးလို့ ခပ်ဝေးဝေးထားလိုက်တယ်…။ မိုက်မဲလွန်းတဲ့ ညမှာ အပြာရောင်လလေးက ကွေးကွေးလေးသာလို့…။

မိုးလှိုင်ည

Thursday, March 15, 2012

တစ်နေ့..


မိုးလင်းတော့..ကိုယ့်ဘ၀လေးကို

ဖုတ်ဖတ်ခါပြီး ထဆွဲလာတယ်..

အသပြာလား ပညာလား အထာမရှိတဲ့မြိုကြီး

အထာမကျတဲ့အနေအထားနဲ့

ဆက်သွား..

လမ်းတွေမဆုံးသေးဘူး

လူတွေခင်းထားတဲ့လမ်းပေါ်မှာ

လမ်းတွေခင်းထားတဲ့လူတွေနဲ့

ကိုယ့်လမ်းကိုယ်ထွင်လျှောက်

ထင်တစ်လုံးနဲ့ ဘ၀င်တစ်လုံးနဲ့

နေပူပူမိုးရွာရွာ တချို့ မနက်တွေမှာ

ကမ္ဘာမကြေဆိုရတာလည်းအမော

အဟောအပြောသမားတွေကလည်း

လေထဲမိုးထဲ

တစ်ရာသီပြီးတိုင်းနောက်တစ်ရာသီအတွက်

ကစားသမားတွေ အပြောင်းအရွှေ့နဲ့

နေ့လိုလို ညလိုလို ဘာမှမလိုရဲတဲ့အခါ

ဘာလိုလိုအချစ်တွေနဲ့ ဘာလိုလိုပဲ ပြီးသွားတော့ပေါ့

ရေမျောကမ်းတင် အိမ်မက်တွေနဲ့

ညဥ့်နက်ခဲ့ပေါင်းလည်းများပြီ

ဆင်ဖြူတော်အဟောင်းအနွမ်းနဲ့

ပြန်မအမ်းချင်တဲ့ယာဉ်နောက်လိုက်တွေကြား

တစ်ခါတစ်ရံ စကားတွေများရသေးတယ်..

ဒါဗင်ချီကုတ်ဇာတ်ကားကို နှစ်ပေါင်းနှစ်ရာကျော်ကြာ

ကြည့်ဖို့ကြိုးစားပြီးတဲ့နောက်

အမြဲတမ်းကြည်ပါတယ်ပြောတတ်တဲ့ ပလက်ဖောင်ပေါ်က

ခွေရောင်းသမားများကို မေတ္တာပို့ပြီးသကာလ

သဗေသတ္တာဝေနေယျအပေါင်းကို ကျန်းမာချမ်းသာပါစေကြောင်း

ပုဒ်မပုဒ်ထီးလေချ

ကန့်လန်ကာပိတ်လို့ရပြီ

လျှပ်စစ်ဓါတ်အားပေး စက်ရုံဆောက်ပေးဖို့ အစီအစဉ်မရှိလို့

အိမ်ရှေ့မီးချောင်းကြီးကိုထွန်းလျှက်သာ အိပ်ဖြစ်တော့တယ်..။

မိုးလှိုင်ည