Thursday, February 23, 2012

သုည

ကျွန်တော်က သုညပါ

ကျွန်တော့်ရှေ့ကနေရင်တော့

ခင်ဗျားရဲ့တန်ခိုးကို ဆယ်ဆတိုးစေမယ့် သုညပေါ့

ကျွန်တော့် နောက်ကနေရင်တော့

ခင်ဗျားရဲ့ အရှိအတိုင်းပဲ

အရမ်းနီးလို့ ဒသမခြားရင်လည်း ခင်ဗျားအဖြစ်နဲ့ ခင်ဗျား

ကျွန်တော်က သုညပါ

ခင်ဗျားလည်း သုညပဲဆိုရင်တော့

ရှေ့ကရပ်ရပ် နောက်ကရပ်ရပ် ဒသမပဲခြားခြား

ဒါပေမယ့်

ကျွန်တော့်အပေါ်တော့ လုံးကြီးမတင်ပါနဲ့

ပြီးတော့ ကျွန်တော့်နားကပ်ပြီးလည်း ထပ်ဆင်မထူးချင်နဲ့

ကျွန်တော်ကမရူးချင်ဘူး…

ကျွန်တော်က သုညသက်သက်ပါ

သန့်သန့်စင်စင် အဓိပါယ်မဲ့ချင်လို့…။


နွေအာရုံဦး

Wednesday, February 22, 2012

တစ်ညလုံးမအိပ်ခဲ့ရတဲ့ ညကြီးရဲ့ ကောင်မလေး


(၁)
ကျွမ်းကျင်လွန်းလှတဲ့ ဝက်သတ်သမား
နံကြားကလှံကိုဆွဲအနှုတ်
အဲဒီနှုတ်ချက်ဟာ အသက်ပါလှချည်ရဲ့
မင်းကလေးအကြည့်
ဒီက တစ်ညလုံး မအိပ်ခဲ့ရတဲ့ ညပါကွယ်။
ခုတော့
မြင်းတွေ မြင်းပေါက်စတွေ
အကောင်တစ်ရာလောက်
ငါ့ရင်အုံကြီးထဲကနေ
ကဆုန်ပေါက်ခုန်ထွက်
ငါ့နှလုံးသားခမျာ ဖုံပူပူထဲလဲကျ
လူးလဲထ
အဲဒီ ဒရယ်မျက်လုံးလဲ့လဲ့ကလေးကိုလေ
တစ်ဒေါင့်ထဲစုကပ်ပြီး မကြည့်လိုက်ပါနဲ့
ဧရာဝတီတစ်မြစ်လုံး
ငါသောက်မိပါလိမ့်မယ်ကွယ် ...

(၂)
လာပြီ
မောင်းပြန်ဓားခလုပ်ကိုနှိပ်လိုက်သလို
ထပ်ခနဲ
မြည့်နေတဲ့အကြည့်
ငါ့ရင်ခေါင်းကြီးထဲ
အောင့်ကနဲ ပူကနဲ
ငုံထားမိချောကလက်
ရာဘာတုံးကြီးဖြစ်သွား
အသာကလေး အသက်ရှူအောင့်ထားခိုက်
နောက်ထပ်ဓားရောင်လက်ကနဲ
ဒင်းကလေး မျက်လုံးတစ်ချက်
သတိ
ကင်မရာခလုပ်ကိုနှိပ်ချဖို့မမေ့နဲ့
လက်ကနဲဝင်းပ
ဖလက်ရှ်ဂန်းကျွမ်းသွား
ဒီမှာ
အလိုလိုနေရင်း သကြားတွေ
အရည်ပျော်ကုန်ရပါပြီကွယ်။

သည်မှာ
တို့ဆေးနဲ့တို့ခံလိုက်ရသလို
မတ်တတ်ကြီး
ဝိုက်လက်သီးတွေမေးရိုးပေါ်
ဆင့်ဆင့်ဝင်လာ
ဖျောက်ကနဲ
မှောက်သွားရပါပြီကွယ်
"ဒိုင်း" ကနဲ မိုးပေါ်ပျံတက်
"ဒိုင်း" ကနဲ ချောက်ထဲပြုတ်ကျ
မြေကြီးနဲ့ မထိခင် ပြန်ထိလုလုမှာ
ကြက်သွန်ခင်းပေါ် လူးလိမ့်ပေးလိုက်ရ
အို ... အိစက်ညက်ညော
ငါဟာ
တစ်ညလုံး မအိပ်ခဲ့ရတဲ့ ညကြီးပါကွယ်။
ခုတော့
ဓားရေးကျွမ်းသူ ဓားသမား
လျှပ်လက်သလို ဓားစွမ်းစွမ်းနဲ့
ခုတ်ချ
ထက်ပိုင်းပြတ်ကျသွားတာမှန်ပေမယ့်
လဲကျဖို့မေ့ခဲ့သူ
ငှက်ပျောပင်တစ်ပင်ဖြစ်ခဲ့ရပါပြီကွယ် ...
မင်းကလေး ဘယ်သူလဲ
ဘုရား ... ဘုရား .....
ဟောသည်ငါ့ရင်အုံကြီး
ကုန်ကုန်ခမ်းခမ်းပါကွယ် ...
မင်းကလေး ဘယ်သူလဲ
ဘုရား ... ဘုရား .....
ငါ့မှာ
ပေါင်မုန့်ဝယ်သွားရင်း ပေါင်မုန့်ဖြစ်
ငါ့မှာ
လက်ဖက်ရည်ဝယ်သွားရင်း
လက်ဖက်ရည်ဖြစ်ရပေါ့ ...
မင်းကလေး ဘယ်သူလဲ
ဘုရား ... ဘုရား ...
ငါ့မှာ
"လယ်ထွန်သွား နွားမေ့" ဆိုစကား
ဘယ်ကလိမ့်မလဲ
နွားကိုငေါက်မယ့်ကိုယ့်အသံကိုယ်တောင်
သည်မှာ မေ့ကျန်မယ့်ကောင်ပါကွယ် ...

အသက်ရှူမဝသလိုလို
အပမှီလိုက်သလိုလို
အိုကွယ်
တိမ်တွေအားလုံး ငါ့ကိုယ်ပေါ်
ပြိုကျသလိုလိုပါကွယ်
အချစ်ကလေးရယ်
ငါ့လည်ပင်းကြီးကို ခင်းပေးလိုက်ပါ့မယ်ကွယ်
မင်းရဲ့ခြေထောက်အလှကလေးတစ်စုံနဲ့
နင်းလျှောက်လိုက်ပါတော့
အဲသည် အချိန်။

ငါ့ခပ်မြှင်းမြှင်းအသက်ရှူသံလေးကအစ
မင်းကိုချစ်နေမိပါပြီကွယ်
သူများ မိန်းကလေးတွေ မတတ်စွမ်းဖူး
လျှပ်တပြက်မင့်အပြုံး
ဝတ်မှုန်ကူး
အတိအကျအပိုင်ပြုံးချက်တွေ
ရှောင်တခင်ပြုံးချလိုက်တဲ့
အပိုင်ပြုံးချက်တွေ
အဲဒါက ... ကွန်တဲ့လား
ဟောသည်က
တစ်ညလုံး မအိပ်ခဲ့ရတဲ့ညကြီးက
ကွန်ထဲကငါးပေါ့
ချစ်တယ်ကွယ် ...

လက်ကလေးကိုဝှေ့ရမ်းပြီး
တယ်လီဖုန်းနီနီရဲရဲလေးကို
စွေ့ကနဲဖမ်းကိုင်လိုက်ပုံဟာလေ
လှလွန်း၊ လှပြီးရင်းလှလွန်း
ချစ်တယ်ကွယ် ...

သက္ကလပ်ဦးထုပ်အညိုကလေး ခပ်စွေစွေဆောင်းလို့
မထေမဲ့မြင်ဟန် မျက်နှာရစ်သမ်လေးနဲ့
ပုခုံးသားကို လှိုင်းကြက်ခွပ်တွေတွန့်သလို
တွန့်တွန့်ပြီး စကားပြောတတ်တဲ့
မင့်ကိုယ်ဟန်အထည်ကလေး
ငုံထားပစ်လိုက်ချင်တော့တာပဲ
ချစ်တယ်ကွယ် ...

ဆောင်းဦးပေါက်ခွေးပေါက်စလေးတွေ
နို့ဆာလို့ ချမ်းလို့
တအိုင်အိုင်
မင်းကလေးကို မမြင်ရရင်လေ
(ဆောင်းဦးပေါက်ခွေးပေါက်စလေးတွေလို)
ငါ့မလဲ တအိုင်အိုင်ရယ်ပါ
ချစ်တယ်ကွယ်
..

အလကားနေရင်း
သွားတိုက်ဆေးကို ဖျစ်ဖျစ်နေတော့တာပဲ
ချစ်တယ်ကွယ် ....

တက်သစ်စကျွန်းကလေးလို အုံ့ဆိုင်းဝေဆာ
မို့မောက်ဖောင်းကားနေ မင်းကိုယ်လုံးကလေးမှာ
အပျိုစင်သွေးကလေးတွေ
ပတ္တမြားရည်လို
တဖျပ်ဖျပ်စီးလည်နေတာ
အဲဒါကလေးကိုလည်း
သည်က
တစ်ညလုံး မအိပ်ခဲ့ရတဲ့ညကြီးက
ချစ်တယ်ကွယ် ...

မင်းရီလိုက်တော့
လီမွန်ဘာလီရည်သောက်လိုက်ရသလိုပဲ
ချစ်တယ်ကွယ် ...

အမေရေ
သင်းကလေးရဲ့ လှဂုဏ်ရည်ကြောင့်ရယ်
မနေနိုင်တဲ့သားရင်အုံကြီးကြောင့်ရယ်
ချစ်မိတယ် ...
မိချောင်း ကျောက်ခက်ပန်းရုံလို
မင့်ဆံပင်အုံကလေး
အမွှေးဖွားဖွားရှဉ့်ကလေးများ
သစ်ရွက်သစ်ခက်ပေါ်ဆော့ကစားသလို
မင့်လည်တိုင်ပေါ်လှုပ်ရှားလို့
ချစ်တယ်ကွယ် ...

ဂျွိုင်းဂျက်ကက်ကလေးနဲ့
တောရိုင်းပန်းပွင့်လိုဟန်နဲ့
စက်ဘီးပေါ်မင့်ကိုယ်ထည်ကလေး
ဝေ့ကနဲ ဝဲပျံတက်လိုက်တာများ
ငါ့တစ်ကိုယ်လုံး
သုံးသိန်းထီတွေပေါက်ကုန်ရပါပြီ
ချစ်တယ်ကွယ် ...

တစ်လုံးချင်း ခုတ်မောင်း နေတယ်
တစ်လုံးချင်း
တစ်လုံးချင်း
ခုတ်မောင်း နေတယ်
မင့်ရင်အုံ မင့်တင်သားတွေ
တစ်လုံးချင်း ခုတ်မောင်းနေတယ် ...
ဟောသည်ကမ္ဘာကြီးပေါ်မယ်
ဘယ်လိုမြစ်တွေက ရေစီးကြမ်းသတဲ့လဲ
ငါထမ်းရ ထမ်းရပါကွယ်
မင်းကိုချစ်တယ် ...

ငါလာမယ်
မင့်ချစ်ဝတ်မှုန်အိမ်ကလေးဆီ
အဲသည်
ကျောက်ကျောတုံတုံကလေးလို
မင့်နှုတ်ခမ်းသားတုံတုံကလေးဆီ
မင့်ကိုချစ်တယ် ...

အသည်းနှလုံးကို ခလုပ်တိုက်
မင်းကလေး
အား
ပင်နယ်ဆလင်အလုံးတစ်ရာထိုးထားသလို
နာလှချည်ရဲ့ ...
မင့်နာမည် ... ကလေး ခေါ်နေလိုက်လို့
ငါ့မှာလေ
ရထားမမီ ကားမမီ
လေယာဉ်ပျံမမီ
သေခြင်းတရားမမီ
မမီဘူး
ဘာမှမမီတော့ပါဘူးကွယ် ...

အကျင့်မရှိပဲဝိတ်မပြီး နောက်တစ်နေ့
တစ်ကိုယ်လုံး နာကျင်ကျန်ရစ်သူလို
တစ်ဘဝလုံး။

ယူပါကွယ်
လည်ဆွဲမဟုတ်ဘူး
ပုတီးကုံးကလေးမဟုတ်ဘူး
ဆွဲခြင်းကလေး
ငါ့အသည်းနှလုံးကိုထည့်ဆွဲသွားဖို့
ဆွဲခြင်းကလေးပဲ
ယူသွားပါကွယ် ...

ကမ္ဘာကြီးရေ
ကျွန်တော်လည်းမှားတော့မယ်
သူ့အသီးကအလွန်ကိုထွားပါတယ်
ချစ် ... ချက် ... ချောက်
ချစ် ... ချက် ... ချောက်
ချစ် ... ချက် ... ချောက်
ချစ် ... ချက် ... ချောက်
လာနေပြီ
လာနေပြီ
လှပသူသစ်ပင်ကလေး
တစ်ပင်လုံး
တစ်အုံလုံး ရွှေ့လာနေပြီ
အဝေးမြင်ကွင်းပေမယ့်
ထင်လင်းလှချည်ရဲ့ ...

ငါဟာ
နာရီအိုကြီးတစ်လုံးထဲက မြည်သံဖြစ်
တက်ကလောက်
တက်ကလောက်
တက်ကလောက်
တက်ကလောက်
တက်ကလောက်
တက်ကလောက်
ငါ့ရင်အုံပေါ် ငါ့ရင်အုံကြီးပေါ်
မြင်းပြိုင်ကွင်းလို သဘောထား
တက်ကလောက်
တက်ကလောက်
သူကလေးလာနေပြီ ...

ငါ့ရင်ထဲမှာ
တက်ကလောက်
နီးလာပြီ
နီးလာပြီ
တဖြည်းဖြည်း
မနှေးမမြန်ကလေး
မမြန်မနှေးကလေး
ငါဟာ၊ ကောင်းဘွိုင်လိုမြင်းစီးသမားဖြစ်
ဒိန်းတပ်တပ်
ဒိန်းတပ်တပ်
ဒိန်းတပ်တပ်
ဒိန်းတပ်တပ်
ငါဟာ ဒရမ်မာ (ဗုံတီးသမား) ဖြစ်ခါ
ငါ့ရင်အုံငါပြန်တီးမိ
လောကကြီး ချက်ချင်းလင်းပေးသွား
လောကကြီး ချက်ချင်းမှောင်လိုက်
လောကဓာတ်ကြီး ချက်ချင်းလင်းပေး
ငါ့အချစ်မှာ
ညမရှိဘူး ...
ဘယ်ဘဝက သွေးလည်း
သိလား
သင်းကလေးကိုချစ်မိ
အညတရပါ ...

မင်းကလေးရဲ့ ရင်၊ တင်၊ ခါး
အတိုင်းအတာဖြင့်
ဂရင်းနစ်စံတော်ချိန်ပေါ့
မင်းကလေးရဲ့ ရင်ဘတ်ကြယ်သီးတွေ
ထွားလွန်း
တစ်လမ်းလုံး မွှေးသွားတယ်
မင်းကိုယ်နံ့တွေကြောင့်လမ်းမှာ
မွှေးခွင့်ရ
လာပြီ
သင်းကလေးလာနေပြီ။

ဆံပင်ကလေးခါလိုက်တာ
ကဗျာ
မင်းကလေးတစ်ချက်ပြုံးလိုက်တာ
ငါ့လယ်ယာထွက်သီးနှံတွေ
အကုန်လုံးဖွံ့ထွားကြီးမားကုန်ရပါပြီ
မင်းကလေးဟာ
ပွဲတော်ထဲက မြို့ကလေးပါ
မင်းကလေးမျက်ခွံပေါ်
ငါ နေခိုပါရစေတော့
မင်းဆံပင်ကလေးနမ်းပြီးမှ
အသက်ရှင်ရမယ့်သူပါကွယ်
ချစ်တယ် ...

ဟော .....
ကောက်နေတဲ့ လမ်းတွေဖြောင့်သွားပေါ့
လာနေပြီ
ငါ့နွေဦးပေါက်အသစ်စက်စက်ကလေး
လာပြီ
လာပြီ
ငါ့နွေဦးပေါက်ကလေးလာနေပြီ
ပန်းပွင့်သံတစီစီ
ပေါက်ပွင့်သံ ဒိုင်းကနဲ
ငှက်အမျိုးမျိုးပျံဝဲပုံနဲ့ သစ်ရွက်တွေ
ဝဲပျံကြ
အသီးသစ် အရွက်သစ်တွေ
ပျားရည်ရွှဲကြလို့
အလင်းလှ
အလင်းပြေပြေချောချောကလေး
ပျားအုံဗရန်ဒီအရက်ကလေးထွေထွေနဲ့
တောက်စား
အဲသလို နွေဦးပေါက်ကလေး
အဲသလို နွေဦးပေါက်သင်းကလေး
လာနေပြီ.......

မိန်းမဆိုတာ
သည်လိုဝပ်အား
ခပ်များများနဲ့မှပေါ့ ...
ခြေသဲကလေး ဝိုင်အိုလက် ပန်းခရမ်းရောင်
ခြေထောက်အုအုကလေးမှာ
ရွှေလိမ္မော်သီးဖိနပ်နဲ့တင့်
သစ်တောစိုက်ခင်းတစ်ခင်းလို
ခြေသလုံး ဝ၀ကစ်ကစ်မှာ
မွှေးညင်းနုကလေးတွေစီရီ
လေကပွတ်သပ်လိုက်တိုင်း
စီးချက်ညီညီက ...

ပြီးရင်
မြင်ရမှာက
ရွှေပိုးကောင်ဂုတ်သားအရောင်လုံချည်
လှိုင်းအိလို့
သင်းကလေး ပေါင်သားပေါ်အိလို့ ...

ပြီးရင်
စရွေးကိုက်ပြီး
ရွှေဘော်ထိုးပြီး
ပါလစ်သုတ်ပြီး
ပွတ်လုံးလို
လုံးကျစ်ဝန်းဖုတဲ့
တင်သားတင်းတင်းကလေး ...
ရွလို့ ...

ပြီးရင်
ခါးကလေး
ခါးသားကလေး
ခါလို့ ...

သည်ခါးကလေးပဲဖြစ်မှာ
သည်ကမ္ဘာကြီးကို ဆွဲကိုင်လှုပ်ရမ်းခဲ့တာ
သည်ခါးကလေးပဲဖြစ်မှာ
သည်ကမ္ဘာကြီးကို တဒီးဒီးလည်စေခဲ့တာ
သည်ခါးကလေးပဲဖြစ်မှာ
သည်ကကောင်ကြီးရဲ့ အသည်းကိုလေ
ခဲကလေးလို
ရေပေါ်ရှပ်ရှပ်ပစ်ကစားတာ
သည်ခါးကလေးပဲ
သည်ခါးကလေးပဲ
သိပ်သေချာပါတယ်
အဲသည်ခါးကလေးပဲပေါ့ ...

ရေကျချိန်
မို့မောက်ပြီးခုံးခုံးကလေးကျန်ရစ်ခဲ့
ထွန်းသစ်စသောင်ခုံမို့မို့လိုရင်သား
တင်းလို့
အဲသည်ဝင်းပရင်သားအထက်မှာပေါ့
ဂျက်လေယာဉ်တွေ
ဂျက်လေယာဉ်တွေ
တစ်စီးပြီး တစ်စီး
ပျက်ပျက်ကျရာ
မျက်နှာလွင်ပြင်လေး
ဝင်းပ ...

ဟုတ်တယ်
သင်းကလေးမျက်နှာဟာ
နှလုံးသား ဂျက်လေယာဉ်တွေ
တစ်စီးပြီး တစ်စီး
ပျက်ပျက်ကျရာလွင်ပြင် ...

အမေရေ
အမေ့သား မလဲ
သင်းကလေး မျက်နှာလွင်ပြင်ပေါ်
ဘဝတစ်ခုလုံး
ပျက်ကျရ လေယာဉ်တစ်စီးပေါ့ ...

မိုးစပ်စပ်ကလေးရွာပြီးကာစ
နေရောင်အဝါက
စပေါ့လိုက်တစ်ခုလိုထိုးပြထား
ငုပင်
သည်ငုပင်က ငုပွင့် ငုဖတ်တွေ
တစ်ဖြာဖြာခါဆင်းပုံမျိုး
သင်းကလေး
လှမ်းလျှောက်လို့လာနေခဲ့ပြီ ...

ဒါဟာ
ငါ့နွေဦးပေါက် အသစ်စက်စက်ကလေးပေါ့
ဒါဟာ
ငါ့ဂေါ်ဖီခင်း ထွေးထွေးထပ်ထပ်ကလေးပေါ့
ဒါဟာ
ငါ့အသည်း ပလုပ်တုတ်ဖြစ်ပုံရှုမျှော်ခင်းကလေးပေါ့ ...

အမေရေ
၁၆-အောင်စ အလေးချိန်ရှိတဲ့
သားရဲ့ နှလုံးသားလေးဟာ
သူကလေးလှုပ်ကစားမှ
ပျော်ရတဲ့
သူ့လက်ထဲက
ပလုပ်တုတ်ကလေးဖြစ်နေရတာ
ဘယ်ရှေးကုသိုလ်ဆက်လဲဟင် ...

"ဒါကဘာလဲ"
(သင်းကလေးအသံလေ)
လက်ကလေးနဲ့ ပွေ့ယူလိုက်သလိုပေါ့
"ဖိတ်စာ"
(ငါ့အသံလေးပါ ...
အကြောက်တရားနဲ့ မွေးဖွားလာသမို့
အသံဖြစ်ရုံတင်လေးပေါ့ ...)
"ဖိတ်စာ ... ပါ"
"ဖိတ်စာ ... ပါ"

"ပေး"
(သင်းကလေးအသံပါ)
ငါ့သောတာရုံတစ်ခုလုံး
ပန်းရုံတစ်ရုံဖြစ်သွား .....

ငါ့အသည်းနှလုံး ငါ့ဘဝ
မင်းမျက်ဝန်းလေးထဲ
ပစ်ထည့်မိ။

ပြန်ဆွဲနှုတ်ကြည့်တော့
အသည်းနှလုံးရော ဘဝရော
တစ်ခုမှပြန်ပါမလာတော့ဘူး ...

မြေပဒူအောင်း တွင်းထဲ
ခြေထောက်ကျွံကျခဲ့သူ မုဆိုးခမျာ
ပြန်ဆွဲနှုတ်တော့
ခြေထောက်ပြန်ပါမလာတော့သလိုလေ
ဒါပေမယ့်
ချစ်တယ်ကွယ် ...

ငါ့အိပ်ကြီးထဲ
ငါ့အက်ႌထဲ
အချစ်တွေပါတယ် ......

ငါ့အသားတွေ ပွတ်သပ်တိုက်ခတ်သွားတဲ့လေမှာတောင်
အချစ်တွေပါတယ် ...

ငါ့အဆုပ်ထဲ
အချစ်တွေပြည့်ဖောင်းလို့
အချစ်တွေနဲ့
ငါ့အဆုပ်ကြီးပြည့်ဖောင်းလို့

သင်းကလေး
တသွင်သွင်စီးဆင်းပုံဟာ
တစ်သက်လုံး ငါ့မှာချစ်မှားယွင်းခဲ့
အလကားပါ
ဘဝတစ်လျှောက်လုံးလောက် ချစ်မှားယွင်းသင့်တာပေါ့ ...

မြောက်ဥက္ကလာဟိုးမားက
ငါ့မိတ်ဆွေ ဖိနပ်ချုပ်သမားလေးရေ
ငါ့အသည်းနှလုံးကိုပေးပို့လိုက်ပါရဲ့
အလှဆုံး ဖိနပ်ကလေးတစ်ရံ
အမြန်ဆုံးချုပ်ပေးပါ
သူကလေးစီးဖို့ပါကွယ် ...

တယ်လီဗေးရှင်းထဲမှာလဲ
ငါမင်းကိုရှာတယ်
တယ်လီဖုန်းလေးထဲမှာလဲ
ငါမင်းကိုရှာတယ်
မိုက်ကရိုဝေ့စလောင်းကြီးထဲမှာများ
မင်းကိုယ်ရိပ် ကိုယ်ရောင် ရှိမလား
ငါမော့ကြည့် အနံ့ခံမိတယ။်

ဆ.သ.ရ ကိုလဲ
အကြောင်းကြားထားပါတယ်
သူကလေးကိုတွေ့ရင်လေ
အမြန်ဆုံးသတင်းပို့ပါလို့။

အလှဆုံး ဇာပန်းကွက်ကလေးတွေ
တစ်ခုပြီး တစ်ခု
ငါ့စိတ်ရဲ့ ပိတ်သားပေါ်
မင်းတိုးဖွဲခဲ့ပါလားကွယ် ...

သစ်ကြားသီးလေးပူနွေးနေပုံဟာလေ
မင်းကိုယ်ထည်အနွေးဓာတ်ကလေးလား
သစ်ကြားသီးလေးစားမိတုန်းအခါ
ငါခံစားရပုံများ
ဖရိုဖရဲအုတ်ပုံတွေလို
ငါ့မှာ
"အင်ထရိုပီ" တွေ မြင့်ကုန်ရပါပြီကွယ် ...

ခဲတန်ချွန်စက်ထဲကထွက်လာစ
ခဲဆံလို
ကိုက်ခဲပါကွယ်
အဲသည် သွားထက်ထက်ကလေးတွေနဲ့
ငါ့အသည်းနှလုံးကိုလေ
ကိုက်ခဲပါကွယ် ...

အို ... ဘာဖြစ်လို့များ
မင်းညကို ငါချစ်မိပါလိမ့်
ဒါ ငါမမျှော်လင့်ခဲ့ဖူး
ဒါ မျှော်လင့်လို့မဟုတ်ခဲ့ဖူး
လုံးလုံးမဟုတ်ခဲ့ဖူး
ထူးဆန်းလှချည့်.....

ဒါ ငါမသိခဲ့
ငါ့နှလုံးသား ဘာဘီကျူမီးဖိုဖြစ်
လှိုင်းသစ် ဝင်ပြေး ပင်လယ်ရင်ခွင်
ဘယ်သူသိသလဲ
ဘယ်လောက်ကောင်းတယ်ဆိုတာ ...

စိတ်ကူးယဉ်နေတုန်း ရင်ဘတ်ပေါ်
ကြွက်ပေါက်စနီနီရဲရဲလေးတွေ
ရုတ်တရက်ပြုတ်ကျ
လန့်ခုန်
အူတွေယားလို့
ငါ့မှာအူတွေ အထပ်ထပ်ယားလို့ ...

စိတ္တဇဆေးရုံကုတင်ပေါ်မှာတဲ့
ငါ့ကိုလူတွေကပြောကြ
ဘယ်ဟုတ်ရမလဲ
ငါဟာ မေတ္တာလမ်းပေါ်ရောက်နေတာပါ
အိမ်နံပါတ်က
၁၅၀ဝ လေ ...

လူတွေဟာ ခက်ပါတယ်
သည်လောက်ရိုးရိုးစင်းစင်းလေးတောင်
မသိကြချေဘူး
ခက်တယ် ...
အိပ်မက်တွေခြောက်ဆင့်မက်
ညကျရင်အိပ်မက်ထဲမှာ
တဝကြီး သင်းကလေးနဲ့ ...

အချစ်နဲ့ပတ်သက်ရင်
နပိုလီယံဆိုတဲ့ကောင်ဟာ
ငါ့ဘယ်မှီမလဲ
မြို့တွေရွာတွေ
တစ်မြို့ပြီး တစ်မြို့ရပေမယ့်
သိတယ်မှုတ်လား
သင်း ချစ်သူ ဂျိုးဇက်ဖင်းဆီတော့
နပိုလီယံဟာ ကျဆုံးခဲ့တယ်မှုတ်လား ...

ငါကတော့
ငါ့ချစ်သူလေးလက်ထဲ
မြို့တွေရွာတွေ
အကုန်လုံးပုံပေးထားတဲ့ကောင်
ဘယ်ကောင်ယှဉ်ရဲသလဲ ...

ညညအိပ်မရဘူးကွယ်
အိပ်ခန်း ခန်းစည်းလေးကို လေတိုးတိုင်း
ကြည့်စမ်း
မင်းအပြုံး အရမ်းပဲမွှေးလာ
ကောင်းကင်ကိုမော့ကြည့်တော့
မင်းအပြုံးတွေ
ကောင်းကင်အပြည့်
အသည်းလေးရယ်
မင်းကလေးဟာ လမင်းအသစ်ပါကွယ် ...

သိပြီ သိပြီ
မင်းလေးကြောင့်
သည်ကောင်ရင်ခုန် မိုးလုံးပြည့်
ငါ့ချစ်စိတ်တွေလွှင့်ပစ်မရတော့ဘူး
ဆိုး ...
သွားနှုတ်ဆရာက
မနာမကျင်အောင်
ကျွမ်းကျွမ်းကျင်ကျင်သွားနှုတ်ပုံမျိုးခံရ
သွားတစ်ပြုံလုံးကုန်သွားပေမယ့်
ငါ့မှာ
သွားတွေရှိသလို အားကုန်ပြုံးမိ
ပစ်ရက်စရာ မရှိအောင်ပဲ
ငါ့အဖြစ်ကဆိုး
ချစ်တယ်ကွယ် ...

မိုးအသစ်တွေရွာသွန်းဖြိုး
ရေသစ်တွေမြစ်ဖြစ်
ဒါငါ့ရင်ခွင်လေ ...

အဆုံး
အဆုံးရဲ့ အဆုံး ခုံးခုံးပေါ်မှာ
ဒါဘယ်သူ့ကောင်းကင်တဲ့လဲ
ဝင်းပ
ဝင်းပ မင့်အပျိုရည်ကလေး
ဘယ်လဲ
ဘယ်ရောက်သွားပြီတဲ့လဲ
အဲဒါဟာ
အပင်ပေါက်သွားပြီလားကွယ် ...

ဟေ့
ကောင်းကင်ပြာလေး
ငါ့ကို တစ်ခုခုပြောစမ်းပါ
ပြောခဲ့စမ်းပါ
ဟောသည်က သွေးခဲတစ်ခဲကို
ပြောခဲ့စမ်းပါ
အနာတစ်ခုကို အနာတစ်ခုနဲ့
ကုသရတယ်လို့
သည်သွေးခဲတစ်ခဲကိုလေ
ပြောခဲ့စမ်းပါ ...

ခုတော့
ဓားပေါက်ဝိဇ္ဇာရဲ့ ဓားပေါက်ချက်တွေထဲ
ငါ့မှာ
အသည်းတယားယား
ကြက်သီးတဖြန်းဖြန်း မှန်တွေကွဲ
ဓားပေါက်ချက်တွေထဲ
ငါ့မှာ
လောကဓံတရားကိုတွေ့
ငါ့အသည်း
ကျောက်စရစ်ခဲလေးဖြစ်ကျန်ရစ်ခဲ့
ချစ်တယ်ကွယ် ...

ငါ့အသက်
မင်းလေးလက်အပ်နှံထား
အထပ်ထပ်ခွဲစိတ်
လွှာချ
တစ်လွှာပြီးတစ်လွှာ
လွှာချ ...
အို ... အသည်းခွဲစက်ကလေးရဲ့
သိပ္ပံနည်းကျ မင်းပြုစား
ငါ့ရင်ခေါင်းကြီး တစ်ခုလုံး
ရန်သူမလေးရယ်
ချစ်အခိုးတွေအလိပ်လိုက် အလိပ်လိုက်
ထကုန်ရပါပြီ
ငါ့မှာ
ချစ်ပြီးရင်း ချစ်ရင်း
ချစ်တယ်ကွယ် ...

ငါ့ကိုဘဝကူးသွားပြီတဲ့
လူတွေက
လူတွေဟာ အတော်ကြီးကိုခက်တယ်
ငါမပြောဖူးလား
အရာရာဟာ တွန့်လိမ်ကောက်ကွေးပြီး
သေးမွှားသွားရုံကလွဲပြီး
ဟောဟို ... နေအောက်မှာ
ဘာမှမဆန်းသစ်ဘူးဆိုတာ
မသိကြရှာဘူး ...

သည်မှာ ... ပြောလိုက်မယ်
တွေ့လား ...
အက်စစ်နဲ့ နှလုံးသားကိုပက်မှ
လူဟာသေတာ မဟုတ်ဘူး
ပန်းတစ်ပွင့်ရဲ့ ဝတ်မှုန်တစ်မှုန်နဲ့ထိလဲ
သေတယ်ဆိုတာ
သင်း တို့သိသွားစေရမယ် ...

တစ်ညလုံး မဟုတ်ဘူး
ဆယ်ဘဝ ဆယ်ညလုံး မအိပ်ရရ
ချစ်နေမှာပဲ
သိကြ ... သိကြ
ချစ်တဲ့အကြောင်းကို
တစ်ဘဝလုံး အကုန်ခံပြီး
အကျယ်ကြီး အော်ပြောသွားတဲ့ကောင်
ဝံ့စားကြလား ...

အော်ပြောလိုက်မယ်
ချစ်တဲ့အကြောင်းကို အော်ပြောလိုက်မယ်
သင်းကလေး တစ်ကိုယ်လုံး
ချစ်စရာချည်းပဲ
ချစ်တဲ့အကြောင်းကို
အကျယ်ကြီး အော်ပြောလိုက်မယ်
အချစ်နိုင်ငံကူးလက်မှတ်အမြန်ထုတ်ပေးပါကွယ် ...

ဝင်းပပါ ... ဝင်းပပါ
ငါ့အသည်းနှလုံး Betelgues ကြယ်ကလေးရဲ့
စွတ်စို စိုထိုင်း
ငါ့မှာ ထွန့်ထွန့်လူး
ငါ့အချစ်တွေ
တိတ်တခိုးကြီးထွန်းလင်း
အိုး ... တိတ်တခိုးကြီးပါလားကွယ်
သိကြ
ခု ငါ့ချစ်သူလေး ရင်အုံထဲ
တစ်နေ့ကို အကြိမ်တစ်သိန်းတိတိ
ခုန်ပေါက်နေတဲ့ အသည်းနှလုံးဟာ
ငါ့အသည်းနှလုံးစစ်စစ်ပဲ ...

သူငယ်ချင်းတို့ရေ
ဘုရားသခင်စားနေကျ
တော်ဝင်တဲ့ အစားအစာကို
ကိုက်ချီဖို့ကြိုးစားတဲ့
ခွေးတစ်ကောင်ရဲ့ဇာတ်လို့
မှတ်လိုက်ကြပါတော့ကွာ ... ... ... ...။


မောင်ချောနွယ်

Monday, February 20, 2012

အချိန်တွေက ရပ်နေတယ်


ကမန်းကတမ်း နံရံပေါ်က နာရီကို

လှမ်းကြည့်လိုက်တော့….

နာရီကရပ်နေတယ်…

ဒါဆို ဘယ်အချိန်ရှိမှန်း မသိနိုင်တော့ဘူးပေါ့

နာရီက အကြောင်းတခုခုနဲ့ ရပ်သွားတာနဲ့

အကျိုးအရ အချိန်ဟာ အဲဒီမှာမရှိတော့ဘူး

သေချာတယ်…

မသေချာဘူး…

အချိန်ဆိုတာ မသေချာတဲ့ သေချာခြင်းတစ်ခုပဲလား

“ အချိန်ဆိုတာ ရပ်နေတဲ့ အရာ

လူတွေက ရွေ့နေတာ

ခေတ်တွေ အဖြစ်အပျက်တွေ ရွေ့နေတာ

စင်္ကြာဝဠာကြီးကရွေ့နေတာလို့”

ဘန်အိုခရီရေးဖူးတယ်

အချိန်ဟာ နာရီမှာ မရှိတော့ရင်လို့

ငါဆက်စဉ်းစားတယ်

ပြကဒိန်ပေါ်မှာလား

စင်္ကြာဝဠာပေါ်မှာလား

အချိန်ဟာ ၀ိဥာဉ်လိုပဲ

ဟိုနေရာမှာ တွယ်မှီလိုက်

ဒီနေရာမှာ တွယ်မှီလိုက်နဲ့

အချိန်ဟာ တစ်နေရာနဲ့တစ်နေရာ ကွာခြားနေပြန်တယ်

ဘ၀၊ အချိန်၊ လောကဟာ ခက်တယ် ငါနားမလည်နိုင်ဘူး…။

နားမလည်နိုင်ဘူးဆိုတာကို နားလည်လိုက်မိတဲ့ ခဏ

ခဏဟာလည်း အချိန်တစ်မျိုးပဲ

“ အချိန်အကြောင်းဆို ပညာရှင်တွေ သိပ်ဖွင့်ဆိုချင်တယ်တဲ့

ရစ်ချတ်ဖိုင်းမန်းတစ်ယောက်ပဲ နားမလည်ဘူးလို့ ၀န်ခံသတဲ့

ထွန်းဝေမြင့်ရေးခဲ့ဖူးတယ်”

အဲဒါဘယ်တုန်းကလဲ…

အဲဒီအချိန်ဟာ ကျန်ခဲ့ပြီလား

ပြန်လာဦးမှာလား

သံသရာလည်သလို အချိန်ဟာလည်းလည်လို့

အချိန်ကိုယ်တိုင်က သံသရာပဲလား

ညနေခင်းလင်းနေတဲ့ နေရာင်ထဲမှာ

လည်နေတဲ့ နာရီတစ်လုံးကို

အစိမ်းရောင် ကန်ရေပြင်ထဲပြစ်ချလိုက်တယ်…။


နွေအာရုံဦး

Thursday, February 2, 2012

`ခွတ်ဒေါင်းဩဘာစာ´ (မဟာကဗျာလေးချိုးကြီး)

ပြည်ဗဟို . . . .ချီ , အေးစေဖို့
ညီသကို . . .နီ, သွေးတွေနဲ့
ဒီမိုကရေစီ ဒီအရေး
ဟစ်ကြွေးမဆုံး ကမ္ဘ္ဘ္ဘ္ဘာအသိပါကွဲ့ ခေါင်းမငိုက်ပါဘု သောင်းထိုက်ခေါ်
ရှစ်လေးလုံး ဇာတိမဟာနဲ့ ကျောင်းတ၀ိုက်က ဒေါင်းတစ်သိုက်မော် ။


မြန်မာပြည်ဆိုတာ . . .
လောင်းနိမိတ်ချွေ ကောင်းဟိတ်တဝေေ၀နဲ့ ဒေါင်းတံဆိပ်အမေပါဘဲ
အစဉ်အလာကောင်းတဲ့ မင်္ဂလာဒေါင်းရဲ့ သားတွေမို့
ချောင်းရှိရင် ရေရှိသလိုပ
ကျောင်းရှိရင် သမဂ္ဂရှိရမယ်တဲ့
ကျောင်းသားလွှတ်တော်မှာ အကောင်းစားအထွဋ်အမော်တွေ
မင်းကို . . .နိုင်တဲ့ မင်းကိုနိုင် ကိုကိုကြီးတို့အပြင်
အသွင်ညီ ဂျင်မီ ခေါ် ကျော်မင်းယုနဲ့
အဖော်တစ်သင်းစုလိုက်တော့ . . .
ကိုမြအေး ကိုဌေးကြွယ်
လိုသမျှ အရေးဆို သွေးမငယ်ခဲ့ပါဘူး
ဘုန်းတမိုမိုချဲ့ နှစ်ဆ , တိုးအောင်
ပြုံးချိုနဲ့ လှမျိုးနောင်တို့ပါ ၊ ၀ိုင်းခဲ့ သိုင်းခဲ့ကြ
သမိုင်းတဲ့ပါနော် . . . (အိုကွယ်)
တိုင်းနဲ့ကမ္ဘာကျော် ။


သောင်းထိုက်အဇဠာမြေ ချက်ဗွေစွန်းဆီက
ဒေါင်းတစ်သိုက်လာပလေ တက်နေ၀န်းကဲ့သို့ , မူအတိအကျ
လူရှိသမျှ အယူသိကြပါတယ်
သူရိယ ဆိုတာ ဒေါင်းပါပဲ
မလျှော်မကန် စနစ်ဟောင်းအသွင်ကို
တော်လှန်ခေတ်ပြောင်း အမြင်နဲ့ , အကြောင်းခံ
မကောင်းမှန်ရင် ဗြောင်းဆန်အောင် ဒေါင်းအလံလွှင့်ခဲ့ပေါ့
လွတ်ကြောင်းဓမ္မံ မေတ္တာအပြည့်နဲ့
ခွတ်ဒေါင်းသရဏံ ဂစ္ဆာမိကြပါစို့
မပြတ်စေတနာဆော်လို့ အမှုမပျက်ယွင်း
မြတ်ဆွေသဟာဖေါ်တို့ တုဖက်ကင်း ။



သံသရာသည်ပျက်မဆုံး ဇန္န၀ါရီ တစ်ဆယ့်သုံးမှာပေါ့
ကံသမ္ဘာရည် တက်အပြုံးတွေနဲ့ ပြန်လာပြီ စက်ဘုန်းခေါင်ကျော့
သရက်မှာ ရက်ကြာကြာထွက်ခဲ့တာတောင်
မျက်နှာ မသက်မသာ တစ်ချက်တစ်ခါ မပျက်ခဲ့ပါဘု
ဒေါင်းအလံ ဒေါင်းအရိပ်အောက်မှာ
ဒေါင်းမာန် ဒေါင်းစိတ်မပျောက်ခဲ့
အကျိုးကုဋေ အမွန်အထူး ခေါင်းအထက်မှာနော်
အိုးဝေ တွန်ကျုး ဒေါင်းငှက်အော်မတဲ့
အပေါင်းအများကို ဒေါင်းစကား ဒေါင်းတရားပါးရင်း
သရက်အောင်လံ ပြည်ခရီးတလျောက် , မငြိုမငြင်ပြန်
ဟို . . ယခင်စံလို အပိုအသွင်ဟန်နဲ့ ဗိုလ်ဝင်ခံတာ မဟုတ်
ပြည်သူနဲ့အတူဝေ ပြည်သူနဲ့အတူကြွေမယ့်သူတွေ
ပြည်သူ့ခံစားမှုနဲ့ မခြားမယွင်းမလပ်
ပါးခြင်းအပ် ဖ၀ါးခြင်းထပ်ခဲ့
အော် ဘာမထီ ဒေါင်းအဖော်အားတွေနဲ့
အာဇာနည် ကျောင်းတော်သားတွေကွဲ့
လေချိုချို ပြည်(ပြေ) ဗဟိုအတွင်းမှာကွယ်
အို . . . ရွှေကိုယ်တစ်သင်းဟာ နေလိုလင်း





သစ္စာနီ
ဇန္န၀ါရီ ၂၀၁၂
(မင်းကိုနိုင်၊ကိုကိုကြီး၊ဂျင်မီနဲ့တစ်ကွ ၈၈ မျိုးဆက်ကျောင်းသားအားလုံးသို့

http://ghost-cafe.blogspot.com/

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...