Pages

Wednesday, November 30, 2011

ကြယ်ကလေးရဲ့ ရယ်သံ


မိုးကုတ်စက်ဝိုင်း အစွန်းမှာ

လ၀န်းက မေးတင်ပြီးကြည့်နေတယ်….

ကြယ်ကလေးရဲ့ ရယ်သံတွေ

ပြည့်နှက်ခဲ့တဲ့ ညကောင်းကင်ထဲ

အလင်းတွေ…

မျှော်လင့်ချက်တွေ…

အနာဂါတ်တွေ…

အမှောင်ထဲက စိန်ပွင့်တွေလို ဖြိုးဖြိုဖျပ်ဖျပ်

“ကြယ်ကလေးရဲ့ ရယ်သံတွေထဲမှာ ငါကြွေသွားတယ်”

ဟင်းလင်းပွင့်ကောင်းကင်ကို ထိစမ်းဖို့

တတိယ ညဉ့်ယံရဲ့ အိပ်မက်တွေမှာ အရူးအမူး

ကြယ်ကလေးက ရယ်တယ်

ခိုးခိုးခစ်ခစ်နဲ့ တကယ့် အစစ်အမှန်အတိုင်းပဲ

ကြယ်ကလေးရဲ့ ရယ်သံတွေကို ဖမ်းဖို့အတွက်နဲ့

ကိုယ့်ကိုယ်ကို အမှောင်ဆုံးဖြစ်အောင်

ထွန်းညှိပစ်လိုက်ရတာတွေလည်း ရှိခဲ့တယ်

ည…က လမသာခဲ့ဖူး

ကြယ်ကလေး ရယ်သံလွင်လွင်တွေ

အဆုံးစွန်ဆုံးထိ ကြားလိုက်ရတယ်

ငါဆိုတဲ့ ကောင်းကင်တစ်ခုလုံးပျက်ကျသွားပေါ့

ဘ၀ကဗလာနယ်ပါ

ကြယ်ကလေးက အထပ်ထပ်ရယ်နေတယ်

ကြယ်ကလေးရဲ့ ရယ်သံတွေထဲ ငါကြွေသွားခဲ့တာ

ဘယ်နှကြိမ်မြောက်လဲ…။


မိုးလှိုင်ည

Tuesday, November 29, 2011

တကယ်ဆို ဒီလိုနေရာမှာ ရှင်နဲ့ကျွန်မ ဘယ်နည်းနဲ့မှ တွေ့စရာ အကြောင်းမရှိဘူး


ဝတ်ထားတဲ့ ရှင်ရဲ့ ရှပ်အကျီဖြူဖြူလို

ရှင်စိတ်တွေ ဖြူရဲ့လား

မယားတစ်ယောက် သားတစ်ယောက်ဟာ ရှင့်ရဲ့

“ ဖြောင့်ကွယ်”

ဆိုနေကျသီချင်းက “ချစ်အားငယ်ရသူမယ်”

ကျွန်မပခုံးပေါ်က ရှင့်လက်ကို မဖယ်တော့ဘူးလား

ရှင့် ရင်ခွင်မှာကွယ်နေတဲ့ ကျွန်မနှလုံးသားကို မြင်ရဲ့လား

ရှင့် အိမ်ထောင်ရေး အဆင်မပြေတာ ကျွန်မနဲ့

ဘာဆိုင်လဲ

ကျွန်မလည်း ဆယ်တန်းအထိ နေခဲ့ဖူးပါတယ်

ဒီအလုပ်လုပ်နေတာ အိမ်က

မသိဘူး

ဖုန်းနံပါတ်ရရင် ရှင့်ကိုပေးမယ်

“သစ်သီးပွဲ” ဟာ “ချစ်တီးပဲ” လို ညှစ်တာ သက်သက်လို့

ခဏခဏ ရှင်မပြောနဲ့

ဒါ သူ့အရပ်နဲ့ သူ့ဇာတ်

ရောမရောက်ရင် ရောမလို ကျင့်ရမှာပဲ

“အချိုရည်ဘူး” က မမှာလည်း လာချမှာပဲ

ရှင်က

ရူးလည်း ရူးချင်တယ် ရင်းလည်း မရင်းချင်ဘူး

ရန်ကုန်မှာ ဒါမျိုးမရဘူး

ကျွန်မက တိုက်ကြီးက

တိုက်ကြီးမှာ “.....” တာပဲဆိုပြီး

လူရွှင်တော်တွေ ပြောတဲ့စကား ကျွန်မ လာမပြောနဲ့

ပျော်လို့

ဘယ်သူမှ ဒီအလုပ် လုပ်နေတာ မဟုတ်ဘူး

ကဲ... အခု ဘာသီချင်းထည့်ပေးရမလဲ

“ငယ်ကျွမ်းဆွေ”

ရှင်တို့ယောကျာင်္းတွေ အကုန်လုံး လာလိုက်ရင်

ဒီလိုချည်းပဲ

“ ဒီတံတားလေးပေါ်မှာ”မှာ

ရှင်က မှတ်မိပေမယ့် ကျွန်မက မမှတ်မိချင်တော့ဘူး

“နောက်ထပ် မြန်မာတစ်လုံး”

ဒီည ရှင်များနေပြီ

ရှင့်ပိုက်ဆံနဲ့ ရှင်သောက်တာပဲ

ကျွန်မက ဘာပြောလို့ရမှာလဲ

ကျွန်မကို မယုံကြည်သလို ရှင် မဆက်ဆံနဲ့

ကျွန်မသွေးက သန့်ပြီးသား

ရှင်သာ

ရှင့်သွေး ရှင်မဖောက်ရဲတာ

ပညာရှင်လိုလို သူတော်စင်လိုလိုနဲ့ နောက်ကနေ

ကျွန်မဆံပင်တွေ ခိုးခိုးနမ်းတာ

ကျွန်မ မသိဘူး မှတ်နေလား

ဘယ်အချိန်ရှိပြီလဲ

ဒီည ရှင်အိမ်မပြန်တော့ဘူးလား

အဲဒီလောက် ၀ါသနာပါရင်

အိမ်မှာ “စက်” ၀ယ်ထားပါလား

ခုတော့ရှင့်မှာက

တစ်ရက်လည်းမဟုတ် နှစ်ရက်လည်း မဟုတ်

တစ်ညလည်း မဟုတ် နှစ်ညလည်း မလည်းမဟုတ်

ရှင့်ပိုက်ဆံတွေ ရှင် မနှမြောဘူးလား

ရှင့်နေရာမှာ ကျွန်မသာဆို

ဒီလိုနေရာမှ ရှင်နဲ့ကျွန်မ

ဘယ်နည်း နဲ့မှ

တွေ့စရာ အကြောင်းမရှိဘူး...။ ။

ညီမင်းညို

ပျော်ပျော်ရွှင်ရွှင်မဂ္ဂဇင်း ၊ ၂၀၀၈ ၊ ဇွန်

ဘဂ္ဂဒက် လုံးချင်း ကဗျာစာအုပ် ကူးယူဖော်ပြပါသည်..။

Sunday, November 27, 2011

ညှို့ချက်


မျက်လှည့်ပွဲထင်ပြီး
ဝင်ငေးမိတာက…အစ
အဲဒီမှာ ကိုယ့်ကိုကိုယ်
ပြန်သတိမရတော့ဘူး။
သူ့ခေါင်းစဉ်က
မီးငြိမ်းနေတဲ့ ဖရောင်းတိုင်ကို
မီးထွန်းပြဖို့တဲ့။
ကျွန်တော်သိချင်တာက
အလင်းထက် ခရီးသွားနှုန်းပိုတဲ့
ဝါကျတစ်ကြောင်း
မျက်လှည့်ဆရာ ခေါင်းလောင်းတီးတော့
ကျွန်တော် လှည့်ပြန်လာခဲ့တယ်
အိမ်ကိုတော့ မဟုတ်ဘူး
နောက်ထပ်မျက်လှည့်ပွဲ တစ်ခုဆီ…။

မိုးလှိုင်ည

Friday, November 11, 2011

ပြစ်ဒဏ်စီရင်ခံရသူ တရားသူကြီး ။


အို ဆိပ်ကမ်းမှာ နှင်းထုထဲက သဘောင်္တွေကို အချက်ပေးတဲ့ ဟွန်းသံတွေ ကြားရဲ့လား။

ခင်ဗျားကိုယ်ထဲမှာ တောက်လောင်နေတဲ့ ရွှေအိုရောင်အလင်းကို ခင်ဗျား ခံစားမိရဲ့လား။

အဲ …

လူတစ်ယောက် ရေထဲခုန်ချတယ်ဆိုတဲ့ အကြောင်းတွေးကြည့်လိုက်ပါ။

ခင်ဗျား လုပ်ရမှာ နှစ်ခုထဲက တစ်ခုကတော့ ချမ်းချမ်းစီးစီးကြီးထဲ လိုက်ဆယ်နေရမှာပေါ့။

ဒါ ဧရာမ စွန့်စားခန်းပဲ !

ဒါမှမဟုတ်ရင်တော့ သူ့ကို အဲ့ဒီအတိုင်းပစ်ထားခဲ့ရမယ်။

ဘာပဲဖြစ်ဖြစ် တစ်ခါတစ်ခါမှာ ဒိုင်ဗင်ထိုးချပစ်ဖို့ ချုပ်တီးလိုက်ရတာ လူတစ်ယောက်ကို

ထူးထူးဆန်းဆန်း ထိခိုက်နာကျင်စေပါတယ်။

လူဆိုတာ အဲ့ဒီလိုပါပဲ မိတ်ဆွေကြီးရေ။ သူ့မှာ မျက်နှာနှစ်ခုရှိတယ်။

ကိုယ့်ကိုယ်ကိုယ် ချစ်တာမပါဘဲနဲ့ သူမချစ်နိုင်ဘူး ။

ကျွန်တော့်မှာ စိတ်ပါလက်ပါရှိတဲ့ ရယ်သံကောင်းကောင်းတစ်ခုရယ်၊ ခွန်အားပြည့်တဲ့

လက်ဆွဲ နှုတ်ဆက်မှုတွေရယ်ရှိတယ်။ ဒါတွေဟာ ၀ှက်ဖဲတွေပါပဲ။

သံလမ်းတွေပေါ်မှာ အရှိန်နဲ့ရှေ့ကိုပြေးနေတယ်။ လူတွေရဲ့ ချီးမွမ်းသံတွေက

တမင်ရည်ရွယ်ထားသလိုမျိုး များများလာတယ်။ ဒုက္ခတရားရဲ့ အစကတော့ အဲဒါပါပဲ။

ဘ၀ တစ်ခုထဲမှာ မုသားတစ်ခုလောက် ၀ှက်ထားတာနဲ့ သေခြင်းတရားက ဒါကို အပြတ်ဖြတ်ပစ်မှာပါ။

ကျွန်တော်ဟာ လူလိမ်တစ်ယောက် ။

ကျွန်တော်ဒါကို ဖော်ထုတ်ပြရမယ် ။

ရယ်သံတွေ ထက် အရင်ဦးအောင် ဆိုပြီး ၀ိုင်းဟားနေကြတဲ့အထဲ

ကျွန်တော့်ကိုယ် ကျွန်တော်ပစ်ချလိုက်တဲ့ အကြောင်း အိပ်မက်ကြည့်တယ်။

ညစဉ် ညတိုင်း နီကျင့်ကျင့် အလင်းရောင်နဲ့ ဒီကမ္ဘာမြေပေါ်က နိဗာန်ဘုံရဲ့ ဖုန်မှုန့်တွေအကြား

စိတ်ကူးယဉ်ဆန်ဆန် လဲလျောင်းလို့၊ အရက်တွေ အကြာကြီးသောက်လို့ပေါ့။

ရေတွေကလည်း အေးလိုက်တာ…

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ သိပ်ပြီး မစိုးရိမ်ကြပါစို့နဲ့လား

အခုသိပ်နောက်ကျနေပြီ ၊ အမြဲတမ်း သိပ်ကိုနောက်ကျနေဦးမှာပဲ။

ကံကောင်းလိုက်တာ!

ရေထဲခုန်ချဖို့ကို ကိုယ်တိုင်ပဲ လုပ်လိုက်ကြဖို့ ကောင်းတာပေါ့ ။ ဘွား…….

မိုးလှိုင်ည

(ကိုးကားး အဲဘတ်ကမျူး ၏ The Fall ကို လူတစ်ယောက်ဖွင့်ဟ ၀န်ခံချက်အဖြစ် နရီမင်း မြန်မာပြန်စာအုပ်မှ ကူးယူဖော်ပြသည်)

Wednesday, November 2, 2011

ဗိုက်ပြည့်ရုံနဲ့ အသက်ရှင်ရတဲ့ ရောဂါက မသက်သာဘူး

ဗိုက်ပြည့်ရုံနဲ့

အသက်ရှင်ရတဲ့ ရောဂါက မသက်သာဘူး

ငါ ကဗျာရေးချင်တယ်

ငယ်ငယ်ကလို့

BMXစက်ဘီးလေးစီးချင်တယ်

Nikon ကင်မရာ DSLR လေးနဲ့ ဓါတ်ပုံတွေရိုက်ချင်တယ်

ရန်ကုန်မြို့ပေါ်က

ပြန်လည်ပြည်ဖြိုးမြဲ စွမ်းအင်နဲ့

ဆိုက်ကားယာဉ်တွေအကြောင်း

ရုပ်ရှင်ဇာတ်ကားတိုလေး ရိုက်ဖို့စိတ်ကူးယဉ်တယ်

လှသန်းလို့ သစ်ကောင်းအိမ်လို

မောင်ချောနွယ်လို့ ကဗျာကောင်းကောင်းလေး တစ်ပုဒ်

နေမျိုးလို လွန်းဆတ်နိုးမြတ်လို ငြိမ်းအေးအိမ်လို

တစ်ဘ၀စာ ၀တ္ထုတိုလေးတစ်ပုဒ်

ကိုဖြိုးလို ကိုမျက်လုံးလို ကိုကောင်းထက်လို

အကောင်းစားဓါတ်ပုံလေးတစ်ပုံ

အဲဒါလေး တွေတစ်ခုပြီးတစ်ခုပြီး

တစ်ခုစီ တစ်ခုစီ ငါလုပ်ချင်တယ်

အသက်ရှင်တဲ့ရောဂါက

ရွှေကောင်းကြွယ်မှာ လက်ဖက်ရည် တစ်ခွက်သောက်ရုံ

၃၇လမ်းထိပ်မှာ ငါးရာတန်ထမင်းတနပ်စားရယုံ

ပါဝမှာ ဘီယာ အ၀အပြဲသောက်ရုံနဲ့ မသက်သာဘူး

ရန်ကုန်ဆေးရုံကြီးမှာ ဆရာဝန်တွေ လာမကြည့်ယုံ

အက်စ်အစ်ကစီမှာ ဆေးမှာထိုးရုံ

ထိုင်းနိုင်ငံက အထူးကုဆေးရုံကြီးစကင်ဖတ်ယုံ

အသက်ရှင်နေတဲ့ ရောဂါက မပြည်စုံဘူး...

ငါ... သေပြီ..

ငါမသေချင်ဘူး...

သူတို့ သူတို့ သူတို့လို့ အုတ်တစ်ချပ်သဲတစ်ပွင့်လေး

ဖြစ်ချင်ယုံသက်သက်..

ငါရောဂါကို အမြစ်မဖြတ်ပါနဲ့...

မိုးလှိုင်ည