Tuesday, May 10, 2011

ယှဉ်ရုန်းခဲ့တဲ့ ဘော်ဒီ




ယှဉ်ရုန်းခဲ့တဲ့ ဘော်ဒီ

မေလ ၇ ရက်နေ့ အေဂျီအမ်ပီရဲ့ လစဉ်ကဗျာ ၀ပ်ရှော့လေး လုပ်ဖြစ်တယ်.. ဒီတစ်ခါ ၀ိုင်းပြီး စုဖတ်ဝေဖန် ဆွေးနွေး တဲ့ ကဗျာစာအုပ်လေးက တော့ ကဗျာဆရာ လင်းခါးရဲ့ ပထမဆုံး လုံးချင်းကဗျာ ယှဉ်ရုန်းခဲ့တဲ့ ဘော်ဒီ ဆိုတဲ့စာအုပ်ပါ .. ကဗျာဆရာလင်းခါးဟာ ၂၀၀၄ ခုနှစ် နိုဝင်ဘာလထုတ် ချယ်ရီမဂ္ဂဇင်း ပထမဆုံးကဗျာ ကို ပုံနှိပ်ဖော် ပြခံခဲ့ရပြီး ပုံနှိပ်စာမျက်နှာ တွေပေါ်မှာ စိုက်လိုက်မတ်တပ် ကဗျာရေးသားနေတဲ့ လူငယ် ကဗျာဆရာ တစ်ဦးဖြစ်ပါတယ် အခုထွက်ရှိတဲ့ ယှဉ်ရုန်းခဲ့ တဲ့ဘော်ဒီ ကဗျာစာအုပ်ဟာ သူ့ဘ၀ရဲ့ ပထမဆုံး သူ့စိတ်ကြိုက် ကဗျာတွေ စုစည်းထုတ်ဝေခဲ့တာပါ

ငါ့ကို နွေးနွေးထွေးထွေး ဆက်ဆံပါကွာ

ငါက ကျန်းမာရေးလည်း မကောင်းဘူး

အရေးအကြောင်းဆို မူးမူးမိုက်မိုက် ဖြစ်နေတတ်လို့

နားနားနေနေ နေရ

အထိုင်အထ မြန်လို့လည်း မဖြစ်

မင်းသိသားနဲ့

ဆရာဝန်ကဆို ငါ့ကိုငေါက်ငမ်းနေလိုက်တာ

ဘာညာ

ငါမင်းကို ချွဲ၊ အဖြစ်သည်းခဲ့ပုံ

အခုလို မိုးလေး တဖွဲဖွဲ စဲခဲ့ပုံ ။

( မိုးရွာသွန်းပြီးစ ညနေ) မှာ အဲဒီလို ကိုလင်းခါးက ဖွဲ့နွဲပါတယ်.. ။ ပြီးတော့…….

လူဟာ

လူနဲ့တူဖို့

ခေတ်ကို နည်းနည်းဖြစ်ဖြစ် အပြစ်တင်ရမယ်

ခေတ်က သွေးစွန်းတဲ့ ပန်းလို

တစ်မျိုးလှမယ်

တစ်မျိုးကြောက်စိတ်နဲ့ မွှေးပျံမယ်

အမှောင်ထဲမှာ

တစ်ဦးနဲ့တစ်ဦး ရက်စက်မှုတွေ ရှိတယ်

ဒါဆို ဘာလို့ မှောင်ခွင့်ပေးထားလဲ

ဘာလို့ လမ်းတစ်ဝက်မှ ကျ ကျ သွားရလဲ

လူဟာ လူနဲ့တူဖို့

ကျေနပ်ဖွယ် အမာရွတ်တွေရှိရမယ်

(လူနဲ့တူဖို့) ထဲမှာ ကဗျာဆရာ လင်းခါးဟာ လူသားဆန်ဆန်အဖွဲ့တွေ နဲ့ ကဗျာဖတ်လှလှပပ သယ်ဆောင် ခေါ်ယူ သွားနိုင်ပါတယ်။ လူနဲ့တူအောင် ခေတ်ကြီးကို နည်းနည်းဖြစ်ဖြစ် အပြစ်တင်လို့ရပါတယ်။ ကိုလင်းခါးရဲ့ ထူးခြားချက်က ၀ါကျတွေ ရှုပ်ထွေးခက်ခဲလွန်းတာ မပါပဲနဲ့ ခံစားမှုနဲ့ အတွေးအားကောင်းကောင်း ၀ါကျတွေ ယှက်ဖွဲ့ထားတာပါပဲ။ ကဗျာပုဒ်ရေ ၆၀ ကျော်ပါဝင်ပြီး စာမျက်နှာ ရှစ်ဆယ်ကျော်ပါဝင်ပါတယ် မော်ဒန်ကဗျာ အမျိုးအစား နှစ်သက်ကျတဲ့ ကဗျာချစ်သူတွေအတွက် စိတ်အဆာပြေနိုင်ပါတယ် ။ ကဗျာစာအုပ် တစ်အုပ်ထွက် ပေါ်တာဟာ တော်တော် စွန်းစားလွန်းတဲ့ ရင်းနှီးမြုပ်နှံမှုပါ.. လူလုပ်ထွက်ကုန်တွေထဲမှာ အနည်းဆုံးအရေအတွက် ကဗျာစာအုပ်များက လူသားသမိုင်း စာပေသမိုင်းအပေါ်မှာတော့ တန်ဖိုးအနဂ္ဂကို တိုင်းတာသတ်မှတ် နိုင်ဖို့ ခက်ခဲပါလိမ့်မယ် ခေတ်ပေါ်စိတ္တဇ များစွာထဲမှာ အတွေးရှင်းရှင်း အရေးရှင်းရှင်းနဲ့ ကဗျာဆရာ လင်းခါးရဲ့ ယှဉ်ရုန်းခဲ့တဲ့ဘော်ဒီဟာ လူသားသမိုင်းရဲ့ ခေတ်ပေါ်ကမ္ဘာကြီးထဲ ရုန်းကန်တွန်းထိုးရင်းနဲ့။ ကဗျာချစ်သူတွေ အတွက် ၀ယ်ဖတ်သိမ်းထားသင့်တဲ့ စာအုပ်လေးဖြစ်ကြောင်း ညွှန်းဆိုပေးပါရစေ..။

ချစ်ခင်လျှက်

မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...