Pages

Sunday, January 30, 2011

ကျွန်တော်နဲ့သောကြာနေ့များ…


အမှန်တကယ်တော့ ကျွန်တော့်ဆီမှာ သောကြာနေ့တွေမရှိပါ

သောကြာနေ့တွေဟာ သူဘာသာရောက်ရှိလာပြီး

သူဘာသာ ဆုတ်ခွာပျောက်ဆုံးသွားခြင်းသာပါ

သောကြာနေ့မှာ ကျွန်တော်အတွက် ထူခြားမှုတစ်စုံတစ်ရာမရှိပါ

ခါတိုင်းနေ့များလို သောကြာနေ့တွေဟာ

သောကြာနေ့ဆိုပြီးရောက်ရှိလာခဲ့ခြင်းပါ

သောကြာနေ့များမှာ ကျွန်တော်ဟာ ခါတိုင်းလိုအပျင်းကြီးနေတတ်ပြီး

သောကြာနေ့တွေက ကျောင်းဆင်းခေါင်းလောင်းသံတွေ

ကျွန်တော်ကြာဖူးသည်

သောကြာနေများမှာ အိမ်ပြန်နောက်ကျခဲ့ဖူးတဲ့

နေ့တွေရှိသလို…

သောကြာနေ့များမှာ လခထုတ်ခဲ့ဖူးတဲ့နေတွေလည်းရှိပါတယ်

သောကြာနေ့တွေဟာ သောကြာနေ့ချည်းသက်သက်နဲ့..

ဒါနဲ့စကားမစပ် ကျွန်တော် သောကြာသားမဟုတ်ပါ..

သောကြာနေ့များမှာ ကျွန်တော် မနက်စောစော မထတတ်သလို

သောကြာနေ့မှာ ကျွန်တော်ထီမပေါက်ဘူးပါ…

ကျွန်တော် ဆယ်တန်းအောင်တဲ့နေ့က သောကြာနေ့မဟုတ်သလို

ကျွန်တော်ဆယ်တန်းကျတဲ့နေ့ကလည်း သောကြာနေ့မဟုတ်ပါဘူး

ဘာမှမဟုတ်တဲ့ သောကြာနေ့များနဲ့ ကျွန်တော် တော်တော်ကြာကြာ

နေ့ထိုင်ခဲ့ပါလား..

သောကြာနေ့တွေ ဘယ်လိုဖြစ်လားလည်း ကျွန်တော် မတွေးတော့ဖူးပါ

အိပ်ရေးဝတဲ့သောကြာလို့ သူငယ်ချင်းတစ်ယောက်ကဗျာစပ်တာကို

ဖတ်ဖူးတယ်.. အဲဒီနေ့ကလည်း မတိုက်မဆိုင်

သောကြာနေ့ မဟုတ်ပါ

ကျွန်တော်ဘာအကြောင်းမှမဟုတ်ပဲ

သောကြာကို အမှတ်ရနေပါတယ်…။

ဘ၀မှာ သောကြာနေ့ဘယ်လောက်ကျန်သေးလည်း

အလုပ်အားသောကြာတစ်ရက် ကျွန်တော်တွက်ကြည့်မိပါမယ်

သောကြာနေ့ကို ကျော်လွန်ပြီး မှသောကြာနေ့အကြောင်း

တကူးတက ပြန်ရေးရတဲ့အတွက်သောကြာနေ့ကို ကျွန်တော်

အားနာနေပါသည်…

လွန်ခဲ့တဲ့သောကြာက ကျွန်တော့်ကိုယ်ကျွန်တော် ခဏဖြစ်ဖြစ်

ပြန်တွေ့ချင်ပါတယ်… အဲဒါဆို ကျွန်တော်တို့ တိုက်တိုက်ဆိုင်ဆိုင်

သောကြာနေ့ကို အမှတ်ရကြည့်တာပေါ့…။

မိုးလှိုင်ည

Monday, January 24, 2011

လက်ကျန်ဆောင်း

ငါဟာ

ဘယ်လိုစာလုံးပေါင်းရမှန်းမသိတဲ့

အသံထွက်တစ်ခု

ဘန်းစကားအဘိဓာန်ထဲမှာတောင်

ရှာလို့မရတဲ့ အဓိပ္ပါယ်

လွင့်ပြယ်သွားတဲ့ရနံ့လို

ဘယ်လိုမှဖမ်းဆုပ်လို့မရနိုင်ခဲ့

လူတွေက ငိုလိုက်ရယ်လိုက်

အပေါ်ယံတိမ်တိုက်တွေ ဖယ်လိုက်ရင်

ကောင်းကင်ကဗလာပါ

ဘာအရောင်မှမပါဘူး

ငါ့ကောင်းကင် ဆိုတဲ့ပန်ချီကား

ကင်းဗတ်စအဖြူထည်အတိုင်း ထားလိုက်တယ်

ငါယုံကြည်ခဲ့ဖူးတယ်

ငါမယုံကြည်တော့ဘူး…..

သံသယဟာ ဟောဒီတစ်ဆောင်းလုံး

ငါ့ကိုခုတ်မောင်းခဲ့

ဘယ်လိုလွင့်ဝေမှုမျိုးနဲ့မှ

မကျွတ်လွတ်ချင်ခဲ့

ငါဟာဝိဥာဉ်လွှတ် ဂါထာများနဲ့ကင်းလွတ်ရာ

အဝေးမှာနေခဲ့

ချုပ်ရိုးအဟောင်းနဲ့ ဆောင်းကို

စိတ်ရှည်လက်ရှည်ခြယ်သရင်း

အေးစက်နာကျင်တဲ့

အမှောင်ထုကိုတပ်မက်နေခဲ့

နာကျင်ဖွယ်နာရီတွေဟာ

စိုက်လိုက်မက်တပ်ကြေကွဲ

အေးခဲသွားတဲ့ ဒဏ်ရာဒဏ်ချက်တွေက

ရှိုက်သံသဲ့သဲ့..

ဆောင်းလက်ကျန်ထဲ ထိုးသွင်းထားတဲ့

ဓားတစ်လက်လို

ဂီတက တစ္ဆေတစ်ကောင်သဖွယ်….။



မိုးလှိုင်ည

Sunday, January 23, 2011

အစိမ်းသေ

ဘယ်ကစလောင်ကျွမ်းရမယ်မသိ
ဓားရိုးကို ဓားရိုးအတိုင်း ကမ်းခဲ့ရတဲ့
နေ့တွေပဲ

သေကွဲရှင်ကွဲတွေကြား
မသေမရှင် ကျန်ရစ်ခဲ့ရတဲ့
နေ့တွေပဲ

ခုလည်း
တညောင်ညောင်အော်မြည်နေတဲ့ နာရီက
ည(၁၁)နာရီခွဲပြီတဲ့
ညနဲ့ (၁၁)နာရီကလည်း
ငါ့ကို ခွဲပြန်ပေါ့
‘ငါ’……
‘ည’….
‘၁၁နာရီ’…
ခွဲပြီ။

ပါရမီအခံကိုက
လွမ်းတတ်တာပါ ‘ကိုယ့်သင်းရနံ့လေးရယ်’

မင်းကလေးရဲ့ချွဲနွဲ့သံမှာတောင်
တတိယနိုင်ငံရဲ့ ‘အလံ’ တွေပါတယ်။

မဟာယဉ်ကျေးမှုတော်လှန်ရေးရယ်
ဥက္ကဌကြီး ‘မော်’ မယားငယ်ယူတာကအစ
အားကျမိတယ်

ကလေးတွေက မြေတလင်းမှာ
ဘုရားစာကို ကစားစရာလုပ်လို့
လူကြီးတွေက အိမ်ဦးခန်းမှာ
လေးချိုးကဗျာကို ကစားစရာလုပ်လို့

ပင်ဒါဝက်ဝံလေးတွေ မျိုးတုံးတော့မယ်
ကိုယ်လည်း ဆန္ဒမဲ မပေးဖူးသေးဘူး

သံသရာဟာ သံသရာအတွက်
သံသရာဟာ ပြည်သူ့အတွက်
သံသရာဟာ ဘယ်သူ့အတွက်မှ မဟုတ်ဘူး

ဘဝမှာ
ဘဝရှင်မင်းတရားကြီးလည်း မဖြစ်ချင်ပါ

ဆံပင်ဖြတ်လိုက်
ဆေးလိပ်ဖြတ်လိုက်
အရက်ဖြတ်လိုက်
ပြီးတော့….
လက်ကိုပါ ဖြတ်လိုက်

ရုပ်နဲ့နာမ်မှာ
ရုပ်က နံတာလား
နာမ်က နံတာလား
ဘုရားသခင်က ဂျိုင်းပတ်စော်နံတယ်

ချစ်ခြင်းမေတ္တာကို
အမီလိုက်ကြလော့
ပေါင်မုန့်ပုံပန်းချီကားဆွဲခြင်းဖြင့်
ငတ်မွတ်ခြင်းကို ပျောက်အောင်မတတ်နိုင်
သုနာတုမေ ဘန္တေ သံဃော
……….
……….
ဟော……
လေထဲ တထောင်းထောင်းမျောလို့
အမျှဝေသံတွေလား
ကိုယ်မကြားလိုက်မိဘူး။ ။

(ကောရိသ်နုသြဝါဒ ပထမစာစောင် အခန်းကြီး (၁၄)၊ အခန်းငယ် (၁)
အမ်စတာဒမ်မြို့လယ်တနေရာက ဆိုင်းဘုတ်၊ ကမ္မဝါစာ)

သစ်ကောင်းအိမ်
၂၀၀၆၊အောက်တိုဘာ
ခင်ဗျားစိတ်ကို နှိုးထားလိုက် မစခင် ဆီ ရေ လေ ၀ိုင် ဂတ်စ် စိတ် စိတ်နဲ့စစ် တိကျပြီလား သေချာပြီလား စနစ်ကျပြီလား… နှိုးထားတဲ့စိတ်ကို အသံနားထောင် သတိမလွတ်စေနဲ့ အာရုံမလွင့်စေနဲ့ နေ့တစ်နေ့ထဲ မောင်းထွက် လမ်းညွှန်ဆိုင်းဘုတ်တွေကို အတိအကျလိုက်နာ ဘယ်ကျောကကျော်တက်လို့မရဘူး ဘေးဘယ်ညာရမ်းလို့မရဘူး မီးနီလည်း စိတ်မပျက်နဲ့ ၀ါလိုက်စိမ်းလိုက် ဒီလမ်းမကိုဘယ်သူမှသိမ်းပိုက်လို့မရဘူး ဖြတ်မျဉ်းမရှိရင် ဖြတ်မကွေ့နဲ့ လမ်းပြောင်းပြန်ကြီးအတင်းမကျော်နဲ့ နှိုးထားတဲ့စိတ်ကိုခဏခဏထိုးမရပ်စေနဲ့ စိတ်ကို ဘရိတ်ပေါက်လို့မရဘူး စိတ်ကိုအရှိန်မလွန်စေနဲ့ (Speed is Killer) ဒါမြို့ကြီးပြကြီး လမ်းကွေ့တိုင်းမှာ ခေါင်းချင်းဆိုင် အန္တရာယ်တွေတွေ့နိုင်တယ် စိတ်ကိုစိတ်မလွတ်စေနဲ့ စတီယာရင်မြဲမြဲကိုင် စိတ်ကိုတည်တည်ငြိမ်ငြိမ်မောင်း ရှေ့မှာမီးနီပြရင် စိတ်ကိုညင်ညင်သာသာရပ် အရှိန်ကုန်သွားရင် စိတ်ကိုစက်သက်လိုက် ဒါဆိုအိပ်စက်လို့ရပြီ….။


မိုးလှိုင်ည ]

Thursday, January 13, 2011

နှစ်ထောင့်ဆယ့်တစ်

အပြစ်မရှိဘူး အပြစ်ရှိတယ်

မကြားချင်ဘူး ကြားနေတယ် ..။

တချို့  အပြစ်တွေမှာ မပစ်နိုင်တာတွေ ပါတယ် ..။

တဇောက်ကန်း ယုံကြည်ချက်တွေ ပါတယ် ..။

အန္တာရယ်များတဲ့ လောကကြီးကို အန်တုခြင်းတွေ ပါတယ် ..။

မနေနိုင်မထိုင်နိုင် အဲ ဇာတ်ခုံမှာ ကမိတော့

ငါက ပြိုင်ဘက်ကင်း ငမိုက်သားပဲ ...။

ကျေးဇူးပဲ လောကဒါဏ် ..

ဘယ်တော့မှ မရိုးအီတဲ့ ရိုက်ချက်တွေ အတွက်

ဒီနှစ် အကယ်ဒမီလည်း ခင်ဗျားပဲ ဖြစ်သင့်ပါတယ် ..။

နှစ်ထောင့်ဆယ့်တစ်မှာလည်း ဆက် တစ်ဦးမှာပေါ့ ..

စစ်တွေဖြစ်နေကြဦးမှာပဲ..။

ဘာမှ စိတ်ပူစရာမလိုဘူး ...

အချစ်နဲ့ ပေါင်မုန့်မရှိလည်း ...

ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘ၀ကို ရောင့်ရဲနေလိုက်လို့ ရတယ် ..။

ဒါက စိတ်ရှုပ်လို့ ရေးတဲ့စာ ...

ရီရင်လည်း ရီ.. ငိုရင်လည်း ငို..

ပြုံးပြုံးကြီးကြည့်ပြီးတော့ လှည့်ထွက်မသွားနဲ့..

ရင်ထဲမှာ ဘာမှန်းမသိတဲ့ အရာတွေ ဘာတစ်ခုမှ

လက်ခံမထားချင်တော့လို့...

တွန်း ဖယ် ထား တယ် ..

ခဏလောက် ငါ့ကို ရုန်းထွက်ခွင့်ပေး ..။

အိပ်မက်တွေလည်း မကောင်းတာ ကြာပြီ ...

မကောင်းတာတွေ မမက်အောင် မအိပ်ရရင်ကောင်းမှာပဲ

ဘာလုပ်ရမလဲ ...

စစ်ထဲပဲ ၀င်ရမလား

စစ်မှုပဲ ထမ်းရမလား ..

၅ သိန်းတန် ဖုန်းဝယ်ရမလား ..

၃၁ စီးရမလား ..

ကော်ဖီသောက်ပါ !

လဘ္ဘက်ရည်သောက်ပါ !

ေ-ာက်အမျိုးမျိုးပြောထားတဲ့ Billboard တွေကိုပဲ

ဖြတ်သွားဖြတ်လာ ဆဲနေမိတယ် ... ။



နွေလမ်းကလေး

Monday, January 10, 2011

ငါနဲ့ ဒီပရက်ရှင်ဆိုတဲ့ ငနဲနဲ့



အချိန်နှင့်ဒီရေသည် လူကို (ငါ့ကို) မစောင့်၊ ဒါပေမယ့် ကိစ္စမရှိ..

ငါ ဘာလို့စိတ်ကျရမှာလဲ

ငါ အချိန်မရွေး တီဗီ ခလုတ်ကိုဖွင့်လိုက်လို့ရတယ်

ငါ အချိန်မရွေး ကြက်ဥ တစ်လုံးလုံးကို ကောက်ကြော်လိုက်လို့ရတယ်

ငါ အချိန်မရွေး စာအုပ်တစ်အုပ်အုပ် ဆွဲယူ ဖတ်ရှုနေလို့ရတယ်

ငါ အချိန်မရွေး ကွာတားပင် ကောက်စွတ် ၇ ဘတ်ဖိုး ကားပတ်စီးနေလို့ရတယ်

ငါ အချိန်မရွေး မြစ်ကို ဖြတ်ပြီး ဖယ်ရီသင်္ဘောစီးလို့ရတယ်

ငါ အချိန်မရွေး ရေခဲသေတ္တာဖွင့်ပြီး တစ်ခုခု ပါးစပ်ထဲ ပစ်ထည့်လို့ရတယ်

ငါ အချိန်မရွေး အင်တာနက်ဖွင့်ပြီး ငါ့ကိုဖော်ရွေချင်စိတ်မရှိတဲ့သူတစ်ယောက်ယောက်ကို ဟိုင်း လို့

စာရိုက်ထည့်လို့ရတယ်

ငါ အချိန်မရွေး မျိုးချစ်စိတ်ရှိကြောင်း ဗလောင်းဗလဲ ပြောလို့ရတယ်

ငါ အချိန်မရွေး ရေထ ချိုးချင် ချိုးလို့ရတယ်

ငါ အချိန်မရွေး သိချင်ရာရာကို ဆာ့ခ်ျအင်ဂျင်ထဲ ရိုက်ထည့်ပြီးရှာဖွေမွှေနှောက်လို့ရတယ်

ငါ အချိန်မရွေး လိင်ပိုင်းဆိုင်ရာ အလိုဆန္ဒတွေ ပိုက်ဆံအထိုက်အလျောက်သုံးပြီး ဖြေရှင်းလို့ရတယ်

ငါ အချိန်မရွေး ငါ မနှစ်လိုတဲ့ကိစ္စတွေကို ငါ ငြင်းပယ် နေလို့ရတယ်

ငါ အချိန်မရွေး စပါးကြီးမြွေလို တခုခု မြိုထားပြီး အကြာကြီးငြိမ်နေလို့ရတယ်

ငါ အချိန်မရွေး အရှေ့အနောက်တောင်မြောက် ကီလိုမီတာ ထောင်သောင်းခရီးဆန့်လို့ရတယ်

ငါ အချိန်မရွေး အနုပညာကိစ္စ တခုမဟုတ် တခုခုနဲ့ ပါတ်သက်ယှက်နွှယ်နေလို့ရတယ်

ငါ အချိန်မရွေး အစိုးရမကောင်းကြောင်း(ပြောချင်ရင်)ပြောလို့ရတယ်

ငါ အချိန်မရွေး အခင်းကြီး အခင်းလေး သွားလို့ရတယ်

ငါ အချိန်မရွေး ဓမ္မဒိဌာန်မေးခွန်းတွေ အပျင်းပြေ ဖြေနေလို့ရတယ်

ငါ အချိန်မရွေး ရာသီဥတုကို တုံ့ပြန် ချိန်ညှိနေလို့ရတယ်

ငါ အချိန်မရွေး အနည်းဆုံး တယောက်မဟုတ်တယောက်ကို အရေးပေါ်အခြေအနေ ကြေညာလို့ရတယ်

ငါ အချိန်မရွေး အရှုံးကို နှစ်နှစ်ကာကာ ပွေ့ဖက်လိုက်လို့ ရတယ်

ငါ အချိန်မရွေး အားလျားမှောက်လိုက် ပက်လက်လှန်လိုက် ဘေးတစ်စောင်းလျောင်းလိုက် နေလို့ရတယ်

ငါ အချိန်မရွေး လုပ်လို့ရတာတွေ အများကြီးပဲ ခန္ဓာကိုယ်ပေါ်က အမွှေးအမျှင်တွေထက်တောင် များသေးရဲ့

ဒါပေမယ့်..

ငါ အချိန်မရွေး ငါတကယ်လုပ်ချင်ဖြစ်ချင်တာကို လုပ်လို့ (ဖြစ်လို့) မရဘူး

ဒါပေမယ့်..

ငါ ဘာလို့ စိတ်ကျ ရမှာလဲ..

ငါ လုပ်နိုင်တာတွေ ဒီကမ္ဘာကြီးပေါ်မှာ တပုံတပင်ကြီး(အထက်က စာရင်းရှု)

ငါ စိတ်မကျကြောင်း

အချိန်မရွေး စိတ်မကျကြောင်း

အချိန်မရွေး စိတ်မကျအောင် အချိန်မရွေး ငါ့ကိုယ်ငါ တည်ဆောက်ပုံအကြောင်း

ငါ အချိန်မရွေး….

အချိန်မရွေး ငါ….။

ခင်အောင်အေး

၁၀၊ ဒီဇင်ဘာ၊ ၂၀၁၀ ဘန်ကောက် ၁၄း၂၁ နာရီ

Friday, January 7, 2011

ကဗျာတွေသေပြီ.. ကဗျာဆရာမသေဘူး..။

အနုပညာရဲ့ရည်ရွယ်ချက်ကို ငါမသိဘူး

ငါက ကဗျာရေးတယ်..

တစ်ခါတစ်လေ ပညာပြချင်လို့

တစ်ခါတစ်လေ ပိုက်ဆံရချင်လို့

တစ်ခါတစ်လေ ကြွားချင်လို့

တစ်ခါတစ်လေ ဖားချင်လို့

တစ်ခါတစ်လေ ငါရေးတာ ကဗျာမဟုတ်ဘူး

တစ်ခါတစ်လေ ငါက အနုပညာကိုမရေးဘူး

တစ်ခါတစ်လေ နာမည်ကြီးကွက်တွေဆင်တယ်

တစ်ခါတစ်လေ အရူးသမိုင်းရေးတယ်

တစ်ခါတစ်လေ ကောင်မလေးတွေကိုပေးဖို့

တစ်ခါတစ်လေ လူကြီးတွေကိုပြန်ဆရာလုပ်ဖို့

တစ်ခါတစ်လေ ပိုက်ဆံချေးဖို့

တစ်ခါတစ်လေ လက်ဆောင်ပေးဖို့

ငါက တစ်ခါတစ်ခါ ကဗျာထထရေးတယ်

အနုပညာဆန်ချင်လို့ ဟုတ်ချင်မှဟုတ်လိမ့်မယ်...

တစ်ခါတစ်လေ အရက်သောက်ကောင်းအောင်

ကဗျာရေးတယ်.. ရေးချင်တဲ့အခါရေးတယ်

တွေးချင်တဲ့အခါတွေးတယ်

ဘယ်အတွက်ရယ် ဘာရယ်မဟုတ်

ရည်ရွက်ချက်ရှိရှိ ပိပိရိရိကြီးကို..

ဟုတ်တာရော ရှုပ်တာရော...

ဖောတာရောကျောတာရော...

ငါစိတ်ကူးနဲ့...

ဒါပေမယ့် အနုပညာကဘာစိတ်ကူးမှာလည်း

ကဗျာတွေက ဘာစိတ်ကူးမှာလည်း...

အနုပညာရဲ့ ရည်ရွယ်ချက်ကိုမသိဘူး..

ဘာကိုမှမရေရာတဲ့ ငါ့ရည်ရွယ်ချက်ကို ငါသိတယ်

မွေးကတည်းက အသက်မပါတဲ့ကလေးလို

ရေးပြီးတာ ငါ့ကဗျာတွေ သေသွားတယ်

ငါကလည်းသိပ်ကြာကြာ လွမ်းဆွတ်မနေရပါဘူး...။


မိုးလှိုင်ည

ဒီလိုရှိတယ် ဒေါက်တာလွဏ်း



သတင်းကျွတ်ခဲ့ပြီ
တန်ဆောင်တိုင်ခဲ့ပြီ
နယူးလည်းယားခဲ့ပြီ

ကျွတ်ပေါ့
သတင်းကျွတ်တော့ မီးပုံပျံလွှတ်ကြပေါ့
တန်ဆောင်တိုင်တော့ နှစ်ဆောင်ပြိုင်ကြပေါ့
နယူးယားတော့ ဝူးဝူးဝါးဝါးထအော်ပေါ့
ဘာဆန်းလဲ

ဘုရားသခင် သေပြီ
ကဗျာ သေပြီ
ဂန္ဒီကြီးလည်း သေပြီ

သေပေါ့
ဘုရားသခင်သေတော့
ဘာသာရေးသမားတွေ စစ်ထဲလိုက်ကြပေါ့
ကဗျာသေတော့
ကဗျာဆရာတွေဇာတ်ထဲလိုက်ကြပေါ့
ဂန္ဒီကြီးသေတော့ ငြိမ်းချမ်းေ၇းသမားတွေ
သားသတ်ရုံမှာအလုပ်ဝင်ကြပေါ့
ဘာဆန်းလဲ




ဘာဆန်းလဲ
လူ့အခွင့်အရေးဆုတွေရပြီး
လူ့အခွင့်အရေးမရရှာသူ
ကမ္ဘာကြီး


ဘာဆန်းလဲ
လူကလူကိုမွေးပြီး
လူကလူကိုသတ်ဖြတ်လျက်၇ှိသော
ကမ္ဘာကြီး

ဘာဆန်းလဲ
ငရမန်လက်ထဲ
ခွေးသေဝက်သေ သေရစ်ခဲ့ပါလေ
ကမ္ဘာကြီး။ ။

သစ်ကောင်းအိမ်
(၆၇က်.ဇန်နဝါရီ.၂၀၁၁)