Pages

Sunday, October 31, 2010

လူဆန်း အသက် ၄၅ နှစ်

စက်ဝိုင်းခြမ်း သံကိုင်းတွေ ဇာတပ်အုပ်ဆောင်း အုပ်ထားတယ်။ အိတ်ကပ်မှာ ငါးရှဉ့်သွေးနှင်းဆီးကြီးကြီး တစ်ပွင့်ပွင့်နေတုန်း အိပ်ပျော်မောနေ၊ အ၀တ်တွေအောက်မှာ ခြေမ လက်မ ပတ်တီးကြိုးနဲ့ ဖဲပြားသဏ္ဍာန် မေမေ ကိုယ်တိုင် ချည်ထားပေးတယ်။ ရေခဲစိမ် ပန်းသီး အအေးချွေးထွက်နေတာ ဘီးတပ်စတီးလ်တွန်းလှည်း အေးစက်နေတာ အနက်ရောင်ဝတ်စုံနဲ့ အနီရောင် မျက်လုံးများ စားဝတ်နေရေး အဖော်မွန်တွေ ဘာဖြစ်နေတာလဲ။
ရာသီ နေပူလွန်းမယ်။ မိုးတစ်ခိုက်ဖြတ်သွားမယ်။ မိုးတစ်စက်စက် တစ်မနက်လုံးကျနေပြီး ညနေချိုချို စောင်းစောင်းတစ်ခုလည်း ဖြစ်နိုင်တာပဲ။ အမွေးနံ့တလူလူ ကန်တော့ပွဲ ဖယောင်းမီး ပန်းခြင်းပန်းခွေနဲ့ အမှတ်ရမှု ရောင်စုံအရေးအသား A-4 စာရွက်တွေ လေထဲ တဖျတ်ဖျတ်တပ်ထားတယ်။
နေမယ်ဆို နေလို့ရသေးလို့ ဒီအတိုင်းပဲ နေထိုင်နေကြ အတွင်းထိ လူတစ်သိုက် နှလုံးသားကျကျ ရွေ့တွားထူးခေါ်နေ အလွန်ဆုံး မိနစ်ပိုင်းပေါ့။ သစ်သားရောင်ကျယ်သေတ္တာရှည်နား ၀န်ထမ်းတွေ စီးကရက် မွှေးလိုက်တာ မဲအူပြီး လွင့်တက်သွားရမှာလား မြေအောင်ပိုးမွှားတို့နဲ့ နေရမယ်လား။
မင်းဘယ်လိုစီစဉ်ထားလည်း ချစ်ခြင်းသည်တို့ ပလပ်စတစ်ကုလားထိုင်တွေ စောင့်နေကြအားပါးတနာ။ မကြားနိုင်ပါ မပြောမဆိုနိုင်ပါ ဝေမျှလို့မရပါ ဘာမျှမယူခဲ့ပါ။ အဟုန်ပြင်းပြင်းအရောင်တွေ စူးစူးမှောင်မှောင် ထိန်ထိန်လွင်ပြင် ချိုင့်ဝှမ်းတောင်ကြော ထက်ထက်မျက်နှာပြင်တွေပေါ်မျက်နှာပြင်တွေပေါ် ဖြတ်သန်း ငါ့အမှတ်အသားနဲ့ ငါပြန်ခဲ့ရာလမ်းမှာ တပ်အပ်သေချာ မပြောနိုင်ဘူး။ ရေတွေ အရည်တွေ။ ချက်ကြိုးတစ်ချောင်းတည်းနဲ့ ပွင့်ဖတ် ပွင့်ချပ် အင်္ဂါအိမ်ကြီးထဲ ငါ ဦးစောက်ကျွမ်းပြန်လည်မွတ်နေပြီ…။

ရေးသူ လူဆန်း

ခင်အောင်အေး ဆိုတဲ့ကောင် သေသွားပြီ

အဲဒီဖိုင်ကိုဆေ့ဖ် ထား ဟာ့ဒ် ကော်ပီလဲကူးထား
မောင်ပြည့်မင်းကိုပြရမယ် ဇေယျာလင်းကိုပြရမယ်
ကိုအောင်ချိမ့်ကို တချက်မေးရမယ်
လှသန်း မိုးဇော် တပ်လှန့်ထား
မိုးဝေးရေ.. ဖုံးနံပတ်တွေ ရသလောက်ပြန်ရှာ
အပြင်မှာ မိုးတွေတအား ရွာကောင်းရွာနေလိမ့်မယ်
ကဗျာရေးလို့တော့ တအားကောင်းပြီပေါ့
သူနေထိုင်ကြီးပြင်းခဲ့ရာတလျှောက်
လက်ဗွေရာ ခြေဗွေရာတွေ ရသလောက်စုဆောင်း
အငယ်တန်းသတင်းထောက် နှစ်ယောက်သုံးယောက်လောက် အမြန်လွှတ်
ဘာတွေ့လဲ ဘာမြင်လဲ ဘာသတင်းရသလဲ ချက်စားလို့ရပြီလား
သူ့ဘ၀ သူ့ဇာတ်ကြောင်း/သူ့ဇာတ်ကြောင် သူနဲ့ပတ်သက်ခဲ့သမျှ ဇာတ်ကောင်တွေ/ဇာတ်ကောင်မတွေ
မွေးသက္ကရဇ် အဖေနာမည် အမေနာမည် ( နောက်ဘာတွေ ဆက်ဖြည့်စွက်ရအုန်းမလဲ)
သူ့ချစ်သူ သူ့မုန်းသူ သူ့ရန်သူ သူ့မိတ်ဆွေ ခင်ဗျား ဘယ်လောက်သိထားသလဲ
သူ့ အသုဘ လူဘယ်လောက်လာလဲ နတ်ပြည်က ဘယ်လောက်လာလဲ ငရဲပြည်ကပရိသတ်ပိုများလား
စစ်တမ်းကောက်အဖွဲ့ ကိုလွတ်လွတ်လပ်လပ် စာရင်းပြုစုပါစေ
သေပြီဆိုမှတော့မလှုပ်တော့ဘူး ( တယောက်က၀င်နောက်တယ်) တကယ်က သူအသက်ရှင်နေတုန်းက
လှုပ်နေရမှ ကျေနပ်သူ သူ့မိတ်ဆွေဆိုသူတွေ ကွာစေ့နွှာရင်း ၀ါးရင်း ရေနွေးကြမ်းငှဲ့ရင်း အိနြေ္ဒဆည်ရင်း
ပြန်ပြောပြနေကြ သူတို့ထိတွေ့မိသမျှ သူ့အကြောင်းတွေ အထွေထွေ အပြားပြား
သူသေသွားပြီ နောက်ထပ် သူ ဘာမှပြောလို့မရတော့ဘူး၊ သူများပြောတဲ့သူ့အကြောင်းတွေလဲ
သူမကြားနိုင်တော့ဘူး၊ သူဆိုတာမရှိတော့ဘူးတဲ့ (တကယ်တော့ ‘သူ’ ဆိုတာ ဘယ်တုန်းကမှလဲ မရှိခဲ့)
လောကဆိုတာ တကယ်မရှိတဲ့ အကြောင်းတွေပဲ အရှိလုပ် သိတယ်ထင်ကြ ပြောကြ ဆိုကြရတာ
ခုတော့ ခင်အောင်အေးက သူသေသွားပြီဆိုတဲ့အကြောင်း သူမရှိတော့ဘူးဆိုတဲ့အကြောင်း
သူ့မျက်ကွယ်ကအကြောင်းတွေ သူမျက်စေ့မှိတ်ပြီးသွားကာမှ ဖြစ်ပျက်တဲ့ အကြောင်းတွေပြန်ပြောနေတော့
ဘယ်လိုလဲ ဖဲကောင်းလား ကုလားပျောက်နေလား သူ့နာမည်တ, လိုက် ပန်းကန်ဖဲ ဆွဲတက်တယ်
ဘုန်းကြီးပွဲ အတွက် အရင်ဆီသတ်တော့မလား ကြက်သားဟင်း လုံးတော့မလား ကွမ်းအစ်ပြင်ပြီးပလား
သမိုင်းမှာ ကြက်ရေးငှက်ရေးဆိုရင် ဘယ်သူ့နံမယ်တွေ အတည်ပေါက်ပြောကြမှာတုန်း
လူကတော်တော်ကြီးတော့မှ ကမောက်ကမတွေ တော်တော်လုပ်သွားတာပဲ
(ကဗျာတွေ တော်တော်ရေးသွားတာတော့ ဘယ်သူမှ ဆေးဖော်ကျောဖက်လုပ်ပြီး မပြောကြ)
လူပျံတော်လေးလို ၀ဲကြည့်နေတယ် အသုဘရှု လာကြသူတွေကို
“တလောက သေသွားတဲ့ သူ့သူငယ်ချင်းအကြောင်းတောင် ကဗျာစပ်လိုက်သေးတာ”
လို့ ပြောတဲ့ သူက ပြော “နိမိတ်ဖတ်သွားတာပေါ့လေ” မှတ်ချက်ချသူကချ
စကားပြေကို ကဗျာလုပ်ယူဘို့ ဘယ်အပလီကေးရှင်းကို အတက်ခ်ျ လုပ်ရမလဲ
ဝါကျသစ် စကားပြေကဗျာ စမ်းသပ်ရင်း သူ့ခမျာ ရေတိမ်နစ်ရရှာတာ
ဇာတ်က အခိုင်ကြီးတော့မဟုတ်ဘူး မင်းသားဦးစားပေးဇာတ်ပဲ ပရိုဂျူဆာ လဲ အိပ်ပျော်စားဝင်အောင်
နောက်တနေ့ မျက်နှာသစ်ဖို့.. မဟုတ်ဘူးလေ ဆပ်ပြာနဲ့သွားတိုက်ဆေးအကြောင်းရေးကြီးခွင်ကျယ်လုပ်ပြီး
ပြောနေတာမဟုတ်ဘူး နို့- ဒါဖြင့်…။ ။




ခင်အောင်အေး
၂၇၊ စက်တင်ဘာ၊ ၂၀၀၉
၂၃း၁၂ နာရီ ဘန်ကောက်စံတော်ချိန်

ကွယ်လွန်သူမိုးလှိုင်ည

ကြေးစည်ကိုထုကြပြီ

ရေအိုးကိုခွဲကြပြီ

စည်ပင်ဝန်ထမ်းက

စန့်စန့်ကြီးသန့်သန့်ကြီးငါ့အလောင်းကို

လက်တွန်းလှည်းပေါ်တင်ဆွဲတော့

မျက်ရည်စစတွေနဲ့ ငါအနည်းအကျဉ်းကောင်းခဲ့တာလေးကို

ဝတ်ကျေတန်းကျေပြောကြဦးမယ်

လေးယောက်ဝင်ကြည့်လို့ရမယ်

လောင်မီးတိုက်တာဝန်ရှိသူကပြောတော့

သူဝင်ငါဝင်နဲ့

သိဟောင်းကျွမ်းဟောင်းနှစ်ယောက်ရယ်

မိန်းမဘက်ကဦးလေးရယ်

စာမူခတွေပေးပြီးစာမူမရလိုက်လို့

စိတ်ထဲကကျိန်ဆဲနေတဲ့ထုတ်ဝေသူတစ်ယောက်ရယ်

သုံးမိနစ်အတွင်းလူတစ်ကိုယ်လုံးပြာကျစေမယ့်

နိုက်ထရိုဂျင်မီးတောက်ထဲ

နှလုံးသားတည့်တည့်ကိုသံချွှန်နဲ့ထိုးမကော်ထည့်တော့

ဟိုလေးယောက်က ဘယ်တော့မှမရတဲ့

သံဝေဂစကာလုံးတွေရေရွတ်ကြမယ်

အဲဒီလိုသရုပ်မှန်ဇာတ်ကွက်အတိုင်းလိုက်သေရမှာ

ပျင်းရိလွန်းလို့

ပိုင်ရှင်မဲ့အလောင်းကောင်(ကဗျာဆရာဖြစ်ကောင်းဖြစ်နိုင်သည်)

သေစာရင်းအရာရှိရဲ့မှတ်ချက်

ငါ့ဝိညာဉ်မှာကပ်ပေးလိုက်ရင်တော်ပြီ....။



မိုးလှိုင်ည

Sunday, October 17, 2010

စီးမလား..

http://i524.photobucket.com/albums/cc324/moehlaingnya/69432_141693459210553_100001096991179_216906_1973434_n.jpg

မြေမှုန်လွင်ရေးသည်..
ငါတို့ စာပေက ထုတ်ဝေပါတယ်...
ဘယ်လိုကဗျာတွေလည်း..ကျွန်တော်မသိသေးပါ..။
စိတ်ဝင်စားသူများ ၀ယ်ယူဖတ်ရှုနိုင်ရန်ကြော်ငြာသည်...။

မိုးလှိုင်ည

ငါ့မနက်ဖြန်တွေဟာ သိမ်းဆည်းခံထားရပြီ..။

ငါမှာ မနက်ဖြန်တွေ မရှိတော့ဘူး

ဒိုင်ယာရီစာအုပ်တွေထဲမှာ ရေးမှတ်စရာအဖြစ်အပျက်တွေ မရှိတော့ဘူး

နံရံချိတ်ဆွဲထားတဲ့ ပန်ချီကားလို

ဘ၀ဆိုတာ တစ်ချိန်ချိန် ဖုန်တွေကြားမှာငြိမ်သက်မွန်းကျပ်

အလင်းရောင်ငတ်တဲ့အခန်းလို့

စိုထိုင်းထိုင်း မှိုင်းမှုန်နေမလာ..

ငါဟာ လက်ပါတ်နာရီတစ်လုံး

အဓိပါယ်မပါ့တပါ ဒီသံသရာကိုပါတ်ပြေးဖူးတယ်

အခုမနက်ဖြန်တွေမရှိတော့ဘူးတဲ့

မနေ့က ကတည်းက အသိက ငါ့ဆီမှာ မနက်ဖြန်တစ်ချို့

လက်ကျန်ရှိသေးတာပဲ..

အခုမရှိတော့ဘူး…

ချက်ခြင်းကြီး လက်ငင်းကြီး ငါမှာ နောက်ထပ်ပေးချေစရာ

မျှော်လင့်ချက်မပါတော့ဘူး..

အခုမနက်ဖြန်တချို့ တရားဝင်ဖျက်သိမ်းခံလိုက်ရပြီ

မတရားဝင်ရောက် ဖျက်သိမ်းတာလည်း ဖြစ်နိုင်တာပဲ

ကမ္ဘာကြီးလည်တာမှန်ရင် အဲဒီမနက်ဖြန်တွေ ငါ့ဆီပြန်လာမှာလား

ငါက မရေမရာ အနာဂါတ်နဲ့ မနက်ဖြန်ကို ချိန်ရွယ်ကြည့်တယ်

အရင်လို ငါ့ကို ပျော်ပျော်ရွှင်ရွှင်ပြန်ပေးပါ မနက်ဖြန်..

အိတ်ကပ်ထဲမှာ ပေးချေစရာမရှိပေမယ့်

ငါရသင့်တယ်ထင်တဲ့… ပျော်ရွှင်မှုတွေ

ငါရသင့်တယ်ထင်တဲ့… ပူပန်မှုတွေ

ဘာဖြစ်ဖြစ် လူတစ်ယောက်ဟာ မနက်ဖြန်တွေရှိနေသင့်တယ်မဟုတ်လား

လူမသေခင် မနက်ဖြန်တွေ ဘာလို့အရင်သေနေတာလည်း..

ငါက ဘ၀မှာ ဘယ်လိုမေးခွန်းမျိုးမှ မဖြေရှင်းနိုင်ခဲ့ဘူး

အရှုပ်ထွေးဆုံး ရိုးရှင်းနေတဲ့ဘဝ

ဘယ်သူမှမနက်ဖြန်တွေ လုယက်မခံရဖို့ ငါဆုတောင်းတယ်

အခုတော့ ငါဆီမှာမရှိတော့တဲ့ မနက်ဖြန်အတွက်

ငါလမ်းဆုံလမ်းမမှာ မက်တပ်ရပ်ရှာရင်း…





မိုးလှိုင်ည



Tuesday, October 12, 2010

လရောင်တစ်ခြမ်း ပန်းနေကြာ

ဓူဝံကြယ်မြောက်အရပ်မှာရှိသလိုပဲ

မြို့တော်ရဲ့ မြောက်စူးစူးတစ်နေရာမှာ

သီရိမင်္ဂင်္လာရွှေဘုံဦးဆိုတဲ့

အ၀ါ

သာသာနာရောင်တွေနဲ့ မြူးလွင့်ပျံ့

ဆည်းလည်းသံလွင်လွင်လေးတွေနဲ့ တောက်ပ

ပဋိရူပ

အေးမြတဲ့အရိပ်အာဝါသလေးတစ်ခု ရှိပါတယ်။



ဒီလို

သာယာလှပ

မွှေးမြတဲ့နေရာလေးရှိတာကို

လူတွေများများစားစား မသိကြပါဘူး



နေပါစေ

မသိလည်းကိစ္စမရှိ

သတိကို မြို့ပြသိလို့

သိကြသူတွေ လာလိမ့်မယ်။



ဒါဟာ

အမျိုးဘာသာ၊သာသနာနဲ့ ဝံဿာနုရက္ခိတ

ပရဟိတ

ပညာဒါနတွေ ဖြန့်ဝေရာ မဟုတ်လား။



မိုနေးရဲ့ ပန်းရောင်နှင်းနဲ့

ဗန်ဂိုးရဲ့ နေကြာက

ကင်းဗတ်စ ပေါ်မှာ ပွင့်တယ်၊

ဂေါ်ဂင်ရဲ့ အ၀ါနဲ့

ဟောဒီ ရွှေဘုံဦးနေကြာတွေက

ပညာရှိရာ

နေရှိရာဘက် မျက်နှာလှည့်

ဝင်းမှည့်တဲ့ အားမာန်အလင်းတွေနဲ့

မနက်ခင်းရဲ့

အဖြူရောင်လေညင်းမှာ ပွင့်ကြတယ်

ရဲရင့်တက်ကြွရနံ့တွေနဲ့

တင့်တယ်ခမ်းနားပါပေရဲ့...။



အဲ့ဒိဝန်းကျင်မှာ

စပါးပင်နဲ့ သစ်ပင်တွေဝန်းရံလို့

အပင်တွေရှင်သန်ဖို့ ဓာတ်မြေသြဇာလိုအပ်သလို

လူတွေမှာ

စိတ်အာဟာရ(သို့မဟုတ်)...

အရသာတစ်ခုခု လိုအပ်တယ်။



နေရောင်ပူပူမှာ

ဘယ်သူမှ မကူးခတ်ချင်ဘူး

ကျေးငှက်တွေလို

လွတ်လပ်စွာ ပျံမြူးချင်ကြလိမ့်မယ်။



ကျောပေါ်မှာ တငွေ့ငွေ့လောင်နေတဲ့

နေရောင်ကို လက်နဲ့သပ်ချဖို့

သူတို့စာဖတ်နေကြတဲ့ အသံတွေ

အခက်အခဲတွေကို ပက်ထုတ်

ပညာကို

ယက်သဲ့ကျင်ယူနေကြတဲ့ ဟန်တွေက

အားမာန်တွေနဲ့ တဖျတ်ဖျတ်။



သူတို့....ဓားတောင်ကိုလှော်ခတ်လို့

မီးပင်လယ်ကို ကျော်ဖြတ်နေကြတယ်။



ဟိုးဖက်ကမ်းမှာ

နမ်းစရာ

ပညာပန်းတွေရှိတယ် မဟုတ်လား။



ပညာပဒီပေါ၊ ဣဓအဓိပဇ္ဇောတော

လောက၌ ပညာဆီမီးသည် အတောက်ပဆုံး ၊

ပညာသမ္မာ အာဘာနတ္တိ၊

ပညာနှင့်တူသော အလင်းရောင်မရှိ

ပညာရွှေအိုး လူမခိုး...တဲ့လား

တန်ဖိုးကတော့ ကြီးမားပါပေရဲ့။



ဒီယနေ့ E ခေတ်မှာ

ပညာရဲ့ အခန်းကဏ္ဍ၊ပဓာနကျလာတယ်

ညာနေလို့ မရဘူး

ညံ့နေလို့မရဘူး

ညည်းနေလို့ မရဘူး

ပညာမတတ်ရင် လူရာမ၀င်နိုင်ဘူး။



ချစ်သားတို့ အတတ်ပညာသင်ကုန်လော့

အဘယ်ကြောင့် ပျင်းရိဘိသနည်း

ချစ်သားတို့ နေ့တိုင်းအတတ်ပညာသင်ကုန်လော့

အတတ်ပညာမရှိသောသူသည်

သူ၏၀န်ထမ်းဖြစ်တတ်၏

အတတ်ပညာရှိသောသူကို

သူတစ်ပါးတို့ ပူဇော်အပ်၏...တဲ့



လောကနီတိကျမ်းက

နေကြာပန်းတွေကို လှမ်းအသိပေးတယ်။



ပညာရဲ့ အမြစ်တွေက ခါးသက်ပေမယ့်

အသီးကတော့ ချိုမြိန်တယ်လို့

အရစ္စတိုတယ်က လှမ်းပြောတယ်

အာဖရိကကြယ်ပြာကြီး

နယ်ဆင်မင်ဒဲလားကလည်း

ပညာရေးဟာ

ကမ္ဘာကြီးကိုပြောင်းလဲပစ်နိုင်တဲ့

အစွမ်းထက်ဆုံးလက်နက်ပဲ ....တဲ့။



တကယ်တော့

ပညာရေးဆိုတာ

လူတိုင်းရဲ့ ရပိုင်ခွင့်ပါ

ယောက်ျားမိန်းမ၊ကလေး ဘယ်သူမဆို

ကမ္ဘာ့ဘယ်နေရာမှာ နေနေ

အားလုံးရရှိသင့်တဲ့ အခွင့်အရေးပဲ

အဲ့ဒီလို....

ယူနက်စကိုကလည်း ကျားကန်အားပေးခဲ့။



ဒါပေမယ့်

လူတိုင်းအတွက် ပညာရေး

နေပူလမ်းဟာ ထွက်ပြေးနေတယ်။

ဘယ်လိုမှ လိုက်လို့မမှီဘူး

ဆန်ပေးမှ ဆီရမယ့်ပုံမျိုး

လှေမရှိဘဲ

မြစ်ကိုဘယ်လိုဖြတ်မလဲ

တက်မရှိရင် လက်နဲ့လှော်လို့ရသေးတယ်။



နေပူပူမှာ

ငူငူကြီးရပ်နေလို့ ဖြစ်မလား

ဘယ်သူလာကူပါ့မလဲ။



တချို့က

စိတ်ကူးသစ်နဲ့ စာနာသနား

နေရောင်ကို ကြွေအောင်မျှားသလို

မြစ်ကို တံတားထိုးကြတယ်

အတ္တကိုရှေ့တန်းမတင်ကြဘူး

လောကကို အလှဆင်ကြတယ်။



ဗားတော့ဗရက်ရဲ့ ကဗျာထဲကလို

နှင်းတွေသိပ်သိပ်သည်းသည်းထူထူထပ်ထပ်ကျနေရင်

ပဲကလေးတွေ အညှောင့်မပေါက်နိုင်မှာကို တွေးပူပြီး

လဲသူကိုထူ၊ငူသူကို မတ်စေတယ်

ရပ်သူကိုဖေး ကိုယ်ငွေ့ပေးတယ်

ငါးကလေးတွေ ရေမနစ်စေရဘူး။



လာ....

ဒီမှာ ရင်ငွေ့လှုံ

ပညာစုံအောင်သင်ကြမယ်

လရောင်တစ်ခြမ်းပဲရရ

ပန်းတစ်ပွင့်မှ မထစ်အ မကန်းစေရဘူး။



ဒီမှာ

ရှင်မဟာရဋ္ဌသာရ

သံဝရပျို့မှာ ရေးထားသလို

ကျောက်ရည်တိုးအောင်၊ သွေးသောယောင်သို့

စောင်စောင်မမ ဆုံးမတတ်စွာ

မြတ်ဆရာတွေနဲ့ စနစ်တကျ။



ဒီမှာ

သစ်ပင်ကို သစ်ပင်လိုမြင်အောင်သင်ကြား

သစ်ပင်ကို သစ်သားလိုမြင်တတ်တဲ့

အကြင်နာမဲ့ ခါးသက်နှလုံးသား

မျိုးမပွားစေရဘူး။



ရေစီးမှာ လရောင်ကောက်ရင်း

လောကဓံမြစ်ရိုးထဲ

တစ်ယောက်ကို တစ်ယောက်သယ်ပိုး

မုန့်ကြိုးလိမ်အမူအကျင့်ကို မုန်း

ဖြောင့်မှန်တဲ့

အဖြူရောင်နှလုံးသားပွေ့ဖက်မယ်။



မိုးလေတွေဘယ်လိုမွှေမွှေ၊မရွေ့တဲ့စိတ်နဲ့…

နှင်းခါးတွေကို ဘယ်လိုပုတ်ပုတ်၊မဆုတ်မယ့်စိတ်နဲ့….



လာ...

ရွှေဘုံဦးမှာ ပညာရွှေမှုန်တူးကြ

ဘ၀အနာဂတ်တောက်ပအောင် ရွှေချကြ

ပြီးတော့

ပင်လယ်ခေါင်ရေ၀ဲမှာ လှေကွဲလို့မှောက်သူချင်း

တစ်ယောက်ကိုတစ်ယောက် ဖေးကူစောင့်ရှောက်ကြ

တစ်ယောက်ကျောတစ်ယောက်

အလျားမှောက်တံတားခင်း

ဖြတ်သန်းခြင်းကို ဖြတ်သန်းကြ

စိန်ခေါ်ခြင်းကို စိန်ခေါ်ကြ

ဟိုးအမြင့်က ကြယ်တွေမှာ

သင်တို့နာမည်ရေးထိုးနိုင်အောင် ကြိုးစားကြ

ဦးနှောက်ခါးတောင်းကျိုက်ရင်း

အောင်စိတ်တွေနဲ့

အောင်ပွဲတွေကို ရိတ်သိမ်းကြ

အားလုံးငြိမ်းငြိမ်းချမ်းချမ်း

နေကြာပန်းလို မိုးလင်းမယ်။



ကွန်ပြူတာတဂျောက်ဂျောက်နှိပ်နေတဲ့

ခေတ်ကြီးရဲ့ မနက်ခင်း

ပြတင်းပေါက်က ချောင်းကြည့်လိုက်တော့

စက်မှုသိပ္ပံလောင်းရိပ်အောက်မှာ

အလိမ်အညာတွေနဲ့

ကမ္ဘာကြီး မလိမ္မာသေးဘူး



ဒါပေမယ့်

ဟောဒီ...ပြာလဲ့လဲ့မိုးကောင်းကင်အောက်မှာ

ပတ်ဝန်းကျင်လိမ်မာဖို့

သူတို့လိမ္မာဖို့

တစ်နေ့မှာ

လရောင်ကို ကြိုးချည်အိပ်ဖို့

ခမ်းခမ်းနားနား ပညာသင်ကြား

နေကြာပန်းများပွင့်နေတယ်။



မိတ်ဆွေတို့ရေ..

သူတို့အတွက် အရေးပေါ်လိုအပ်နေတာကလည်း

အမှားအမှန်ပိုင်းခြားဝေဖန်တတ်သော

"ပညာ..." ဆိုတဲ့

အသက်ကယ်ဆေးတစ်ခွက်ပဲ မဟုတ်လား။





မင်းချမ်းမွန်

(လေးထောင့်ကန်၊သီရိမင်္ဂလာရွှေဘုံဦးကျောင်း ပရဟိတပညာသင်တန်းသို့ အမှတ်တရ)

Monday, October 11, 2010

သူမ( her ) သက်သက်

သူမဟာသက်သက်..

သက်သက်မဲ့ သူမဟာ…

သူမဟာ ကောက်စိုက်ရင် အရမ်းမြန်တယ်

သူမ (her) စက်ချုပ်ရင် အရမ်းသေသပ်တယ်

သူမ (her) သက်သက်

သက်သက် လာရင်

ကာလသားခေါင်းတွေက အစ

သက်သက် မဲ့ ခေါင်းငဲ့ကြည့်တယ်…

သက်သက် (her) တည်ကြည်တယ်

သက်သက် (her) လေးနက်တယ်…

သက်သက်မဲ့ သူမ (her) မြို့ပေါ်တက်သွားတယ်

သက်သက်မဲ့ သူမ(her) နိုင်ငံခြား ထွက်သွားတယ်

သက်သက် (her) မင်းကြိုက် စိုးကြိုက်တဲ့

သက်သက် အမျိုးတစ်သိုက် က အဲ့လို့

သက်သက် ကို တန်ဖိုးထားတာ..

သက်သက် (her) သက်သက်မဲ့

သူမ (her)…. သက်သက်

သက်သက်မဲ့ချည်းတော့… သူမ (her)

မိုးလှိုင်ည

Saturday, October 9, 2010

တွေးမိတိုင်း

မြန်မာတွေ စည်းကမ်းဖောက်လို့ 

ထီးနန်းပျောက်ဖြစ်ပြီ

မှီငြမ်းထောက် အသစ်မှီတယ်

ညစ်ပလီလူမျိုး

မိပစ်လို့ ဖရှောင်သွေသည်

ခွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။



မြန်မာချင်း ကြွားကြချင်

ဓားပြသွင် သူခိုး

ကုလားမြင် သူ့ အမေရိုးတော့မလို

ခုမြေလျှိုး ပုန်းရှောင်

မိုက်မနော် ပြုမဟေးရယ်နဲ့ 

သူ့ ပထွေးတော့ ထွက်၍မဟောင်။



ပြောရောဟဲ့ ရာဇ၀င်ပြောင်အောင်

စာဇင်တောင် ဦးချလို့ 

ပလူးကြ ပြေးကြို့ ခါခါ

ခွေးသို့ ပမာ။



တွေးမိတိုင်း အရိုးနာတယ်

အမျိုးပါ ဆဲချင်ပေါ့လေး။







(အချုပ်တန်းဆရာဖေ)

Monday, October 4, 2010

ဆုံမှတ်

အမေ...
နေကောင်းပါရဲ့လား အမေ...
ခြံနံပတ် ၅၄ ကို
အမေ့လက်နဲ့ ကိုယ်တိုင်ဖွင့်မယ့်တနေ့ကို
တက္ကသိုလ်ရိပ်သာက သစ္စာတော်မပျက်
စောင့်နေဆဲပါ အမေ...

ရှိပါတယ်အမေ...
ကျွန်တော့်သူငယ်ချင်းတွေလည်း ရှိပါသေးတယ်...
သူတို့လည်း နေကောင်းကြပါရဲ့

တချို့ကတော့
နိုင်ငံသားပြောင်းလဲခံယူရင်း
မြန်မာပြည်ကို ချစ်နေကြတုန်းပဲ အမေ
ဇာတိမြေကို အလည်အပတ်ပြန်တိုင်း
“အရင်အတိုင်းပဲနော်” လို့
ဝတ်ကျေတန်းကျေနှုတ်ဆက်
ဈေးဝယ်မပျက်ကြပါဘူး

တချို့ကတော့
ဒုက္ခသည်ယောင်ဆောင်ရင်း
(သူတို့အရေးအတွက်) ဒို့အရေး ဒို့အရေးနဲ့
နယူးယောက်ကနေ
အမေ့ လွတ်မြောက်ရေး ကြိုးပမ်းနေကြပါသတဲ့။

အမေ့ပါတီလည်း ရှိပါသေးတယ် အမေ...
တချို့က မဲဆွယ်တုန်းမှာ တချို့က မဲမပေးဖို့ပြော
ပါတီဖျက်သိမ်းခိုင်းကာမှ မွေးနေ့ပွဲလုပ်နဲ့
ကြေညာချက်မထုတ်တော့တာကလွဲရင်
အရင်လို ခမ်းခမ်းနားနားပါပဲ အမေ...

ရန်ကုန်ကတော့ ခြူချာရှာတယ်အမေ...
ဦးနှောက်ယိုစီးမှုကို ကုစားတုန်း အေအိုင်ဒီအက်စ်ဖြစ်
မီးစက်မောင်းသံတွေကြားက “စခန်းခဏလိုက်ခဲ့ပါ” ခေါ်လိုခေါ်
ဆယ်တန်းသမားတွေက အနှိပ်ခန်းမှာစာကျက်
တချို့က ထမင်းမချက်နိုင်တော့
ထမင်းရည်ဝယ်သောက်ကြရတယ် အမေ
ဘာပဲပြောပြော အမေ
ရန်ကုန်မှာ ကျော်သူနဲ့ ထောင်မှူး
သူတို့နှစ်ဦးလောက်တော့
ဘယ်သူမှ အလုပ်မများဘူးလေ

အမေ
အမေမရှိတုန်း ကျွန်တော်တို့ နာဂစ်ကို သိသွားတယ်
ရွှေဝါရောင်၊ အီလက်ထရောနစ်ဥပဒေ၊ နယ်ခြားစောင့်တပ်၊
ရွေးကောက်ပွဲ၊ နေပြည်တော် - ဒါတွေနဲ့လည်း ရင်းနှီးသွားတယ်
အပြောင်းအလဲတွေကတော့
အများကြီးပေါ့အမေရယ်
ရန်ကုန်မှာ မွေးခဲ့တဲ့လူတွေက
နိုင်ငံခြားသားလုပ်ပြီး ပြန်လာ
ဇာတိကို ရွံရှာသလိုလိုနဲ့ပြန်ကြည့်
မချိပေမယ့် မပြောသာပါဘူး အမေ
ကျွန်တော်တို့က နိမ့်ပါးချိန်ကို။

အမေ
ကျွန်တော်တို့ တိုက်ပွဲမှာ
ခဏခဏကျဆုံးပေးနေရတာက
ပြက္ခဒိန်စာရွက်တွေပါ အမေ
ဟောတစ်ရွက် ဟောတစ်ရွက်နဲ့
ဆုတ်ဖြဲပစ်နေလိုက်ကြတာ ...
အဲဒါ ရက်ရာဇာတွေချည်းပဲဆိုတာ
ကျွန်တော်တို့ အသိနောက်ကျခဲ့ပါတယ် အမေ

အမေ
ပြောကြည့်ပါရစေ
ကျွန်တော်မျှော်လင့်နေတာကလေ
ဒီမိုကရေစီလည်း ဟုတ်ချင်မှဟုတ်မယ်
ငြိမ်းချမ်းရေးလည်း ပါချင်မှပါမယ်
အစည်းအဝေးလည်း တက်ချင်မှတက်ရပါလိမ့်မယ် အမေ
ဒါပေမယ့်
နိုင်ငံသားတွေ နိုင်ငံခြားသား ဖြစ်စရာမလိုတော့တဲ့နေ့
ဒုက္ခသည်တွေ ဒုက္ခသယ်စရာမလိုတော့တဲ့နေ့
နှစ်ယောက်ရှိရင် သုံးဖွဲ့မကွဲတော့တဲ့နေ့
ပညာတတ်ရင် ထမင်းမငတ်တဲ့နေ့
အရောင်မတူတာကို ရန်သူလို့ မသတ်မှတ်တဲ့နေ့
အဲဒီနေ့ကိုပါ အမေ

ကျွန်တော်လဲသွားရင် အမေထူပေးပါ
အမေ့အားနဲ့ မနေမနားကြိုစားစမ်းပါ့မယ်
ကျွန်တော်တို့အားလုံး ရန်ကုန်မှာ ပြန်ဆုံကြဖို့လေ။


(ကမ္ဘာစိုးမင်း)

Friday, October 1, 2010

ရပ်



တော်ပြီ

ဒီအကြောင်းပြောရင်

စက္ကူကပ်နေတဲ့ မုန့်လုံးစားနေရသလို

ဖွယ်တယ်တယ်ကြီး ဖြစ်မှာ..

တော်ပြီ

ဒီအကြောင်းပြောရင်

ညှီစို့စို့နဲ့ စက်တင်ဘာလည်း ပါလာဦးမှာ...

တော်ပြီ

ဒီအကြောင်းပြောရင်...

ဖုန်းလိုင်းတွေ ပြတ်ပြီး ကွန်နက်ရှင်တွေ ကျသွားမှာ..

[စိုးရိမ်ရတယ် ...

ငါတို့ခေတ်က မုန်တိုင်းစော်နံလို့..

ကန်းလွန်းပါတယ်ကွာ..

ကမ်းမြင်ဖို့တော့ အဝေးကြီးပဲ..

အနေအထားကိုက နင်ရော ငါရော

အရူးစွတ်စွဲတာ ခံနေရတာကလား ]

တော်ပါပြီ

လူကြိုက်နည်းတဲ့ အမှန်တရားလည်း ..

တော်ပါပြီ...

ဖုန်ထူနေတဲ့ ရွေးကောက်ပွဲလည်း ..

တော်သင့်ပြီ..

ခြင်ဆေးခွေ ယဉ်ကျေးမှုနဲ့ ဖယောင်းတိုင် ယဉ်ကျေးမှု၊

လူတွေလည်း မီးခိုးတွေ တအူအူနဲ့..

ချို့ တဲ့မှုတွေ စားသုံးဆဲ...

ချုပ်ရိုးပြေသံချပ်ကာထဲ

ဘာကိုမှ အာမခံနဲ့။

တော်လိုက်တော့.. ။

ခင်ဗျား မသိဘူး

လူတန်းစားခွဲခြားတဲ့ ကွန်ကရစ်လမ်းမကြီးမှာ

သောက်ရေးမပါတာတွေပဲ

ခေတ်မှီဖွံ့ဖြိုးတိုးတက်တယ်

ဒါနဲ့များ မြို့အင်္ဂါရပ်နဲ့အညီ ဘာညာကွိကွတွေ

တော်ပါတော့...။

အားနာစရာပဲ ရန်ကုန်ရေ...

ခင်ဗျားကို ချစ်မိလို့ကျုပ်မှာ လူရာမ၀င်တော့ဘူးတဲ့ ..။

တကယ်ပဲ

ဒီနေရာမှာ..

တော်ပါပြီ ...။ 


[summer]

လူကြီးမင်းခေါ်ဆိုသော ဒီမိုကရေစီ...

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ

အသံထွက်မှားနေပါသဖြင့် ခေါ်ဆိုမရနိုင်ပါ...

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ

အဓိပါယ်မရှိပါသဖြင့် ခေါ်ဆို၍မရနိုင်ပါ...

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ

ဆက်သွယ်ရေး ဧရိယာပြင်ပရောက်ရှိနေပါသဖြင့် ခေါ်ဆိုမရနိုင်ပါ

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ

စက်ပိတ်ထားပါသဖြင့် ခေါ်ဆိုမရနိုင်ပါ....

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ

လိုင်းများမအားသေးပါသဖြင့် ခေါ်ဆိုမရနိုင်ပါ

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ

အစည်းအဝေးခန်းထဲဝင်နေပါသဖြင့် ခေါ်ဆိုမရနိုင်ပါ

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ

စာလုံးပေါင်းမှားနေပါသဖြင့် ခေါ်ဆိုမရနိုင်ပါ

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ

လိုဂိုအမှတ်တံဆိပ်များ တုပထားသဖြင့် ခေါ်ဆိုမရနိုင်ပါ

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ

အချိန်မရွေး အာဏာသိမ်းယူနိုင်ပါသဖြင့် ခေါ်ဆိုမရနိုင်ပါ...

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ

လူတကာ ဖုတ်ဖတ်ခါပြောလွန်းလို့

ဖွတ်ဖွတ်ညက်ညက်ကြေနေပြီဖြစ်ပါသဖြင့်...

သေဆုံးသွားခဲ့ပါပြီ...။

မိုးလှိုင်ည