Pages

Monday, September 27, 2010

သာမန်ပြည်သူတယောက်

ဘယ်သူ့ဂရုစိုက်ရမှာလဲ
ငါတို့အခုရောက်နေတာ
အရက်သောက်ဖို့နဲ့စိတ်အချဉ်ပေါက်ဖို့ပဲကောင်းတဲ့
ခေတ်ကြီး အခါကြီး သမယကြီဲး
ဆင်ဖြူများရှင်ဖြစ်ရတာလည်း ဒုက္ခ
နိုဗယ်လ်ဆုရှင်ဖြစ်ရတာလည်း ဒုက္ခ
အတွင်းမှာ အပြောင်းအလဲတခုတော့လိုအပ်နေပြီဗျ…
အဲဒါတော့ မင်းပြောမှလား နွားရဲ့
ဒီမှာလည်း အရေးတကြီး
ပေါင်းလက်စမယားကို အသစ်လဲဖို့လိုနေတယ်
စီးလက်စ, ကားကိုအသစ်လဲဖို့လိုနေတယ်
လေပါတယ်
ခင်ဗျားကြီးဟာ အပူသက်သက်
ဒယ်အိုးတင်ပြီးကြော်ရုံပဲ….
အသားတင်ပြီးကင်ရုံပဲ….
အဲဒီမှာ စတွေ့တာပဲ
ဘင်လာဒင်နဲ့ချောစုခင်နဲ့
ဘုန်းကြီးရူးနဲ့ဝိုင်းစုခိုင်သိန်းနဲ့
…..ဒီမယ် မိန်းကလေး
ိ ငါ့ရင်ခွင်ကို မင်းဝင်ချင်ဝင် ထွက်ချင်ထွက်
ဟိုသတ္တဝါရွေးကောက်ပွဲဝင်သလိုမဝင်လေနဲ့…..ဆိုတဲ့
တောပြဇာတ်ထဲကဒိုင်ယာလော့နဲ့
ဥဿဘတွေများလွန်းလို့
ဘယ်နွားနောက်လိုက်ပြီးမြက်စားရမယ်မှန်းမသိတဲ့လောကကြီးပါကွာ
အိုနာကျိုးကန်းကြီး
မြေခွေးအမြီးပြတ်ကြီး
သူ့အမြီးပြတ်နဲ့သူ ယပ်ခတ်လို့ လေချွန်လို့
ဘုရားဖူးထွက်လို့ ချစ်ကြည်ရေးခရီးတွေသွားလို့
ရဲရဲတောက်ကျွန်ုပ်တို့သည်လည်း
ဆိုင်ကယ်တဝီဝီကားတဝီဝီနဲ့
ဘယ်ကိုချီတက်နေသလဲရဲဘော်တို့
ဒီတချီ ညနေစောင်းပြန်တော့
ကမ္ဘာမကြေဘူး သီချင်းဟောင်းတပုဒ်နဲ့ပဲ
ဒီနှစ်ကိုလည်း ဒီအဖြစ်နဲ့ပဲ ခုခံကြပါဦးစို့။ ။


သစ်ကောင်းအိမ်
(၂၅. စက်တင်ဘာ.၂၀၁၀)
http://thitkaungeain.blogspot.com/

မြေနီကုန်းမှာ နှင်းဆီဖြူတွေဝယ်တုန်းက

မြေနီကုန်း.. မြေနီကုန်း ... မြေနီကုန်း
မြေနီကုန်းမှာ
နှင်းဆီဖြူတွေ
အစည်းလိုက်ဝယ်တုန်းက
မြေနီကုန်းဂမုန်းပွင့်ကုန်တိုက်ရှေ့
ပလက်ဖောင်းပေါ်က ပန်းသည်
နှင်းဆီဖြူတွေဖွေးနေတာပဲ
ပွင့်မှာစိုးတဲ့ပန်းတွေကို
ပိုက်ပါးလေးနဲ့အုပ်ထား
မြေနီကုန်း...
မြေနီကုန်း..
နှင်းဆီဖြူတွေအစည်းလိုက်
နှင်းဆီဖြူတွေအစည်းလိုက်
ညနေစောင်းကြီး
မိုးဖွဲလေးတွေကျနေတယ်
မြေနီကုန်းမှာနှင်းဆီဖြူတွေ
အစည်းလိုက်ဝယ်တုန်းက
နင့်ကိုပေးဖို့
နင်ကပန်းမပန်ဘူး
ဘုရားမှလှုနော် ငါမှာတယ်
ဘ၀မှာတစ်ခါပဲ ပန်းပေးဖူးတယ်
ထာဝရရှုံးတယ်
မြေနီကုန်းမှာ မြေနီကုန်းမှာ
နှင်းဆီဖြူတွေ ၀ယ်တုန်း...
လွမ်း... လိုက်...တာ... ကွာ....။


မိုးလှိုင်ည

Saturday, September 18, 2010

၎.၃.၂.၁.ဝ

Edit
၎.၃.၂.၁.ဝ
by Moe Hlaing Nya on Saturday, 18 September 2010 at 14:43

၎.၃.၂.၁.ဝ

ချာချာလည် ကမ္ဘာကြီးထဲဝင်ထိုင်

ယိုင်လဲမသွားအောင်

ကိုယ့်အသက်လေးကျစ်ကျစ်ပါအောင်ဆုပ်ထား

တစ်ကဒ်ပြီးတစ်ကဒ်

တစ်ခန်းပြီးတစ်ခန်း

ဇာတ်လမ်းကရှည်လာတယ်

ဇာတ်သိမ်းကမလှတော့ဘူး

နေမ၀င်ခင်အထိ...။



၎.၃.၂.၁.ဝ

ဘ၀ထဲခုန်ချလိုက်

လေထီးဖွင့်မရတော့ဘူး

ထုံးစံအတိုင်း

ကံကောင်းထောက်မတာက

သစ်ကိုင်းနဲ့ငြိနေတယ်

ချက်ခြင်းကြီးတော့မသေဘူး

အဆက်အသွယ်တွေအကုန်ပြတ်တောက်ပြီ

ဒီခရီးပြီးပါ့မလား

တစ်နေ့တစ်လံ ပုဂံဘယ်တော့မှမရောက်လား...။



၎.၃.၂.၁.ဝ

ကြောက်သွားပြီ

ဒီထက်ပိုစွန့်စားလို့မရတော့ဘူး

အရင်းအနှီးတွေသိပ်များလွန်းနေမလား

အချိန်တန်ရင်

နုတ်ထွက်ပေးဖို့တောင်းဆိုကြလိမ့်ဦးမယ်

အစကတည်းကရှုပ်ထွေးပြီးသား

ဒီနေရာကကြည့်ရင် အရင်းအတိုင်းမြင်ရတယ်

ခြေတစ်လှမ်းမှာရင် အသွားကတော်တော့...။



၎.၃.၂.၁.ဝ

အသံဖလှယ်ပုံခြင်းမတူဘူး

မြင်သိမှုတွေမှာအနှောင့်အယှက်ရှိနေပုံပဲ

ဒီမှာအနှောင့်အသွားမလွတ်ဘူး

နောက်ထပ်နည်းနည်းထပ်ရွှေ့

မရွေ့တော့ဘူး၊ မရွေ့နိုင်ဘူး

နောက်ထပ်တန်ချိန်တွေထပ်ပိုးရင်

ထိန်းထားဖို့မလွယ်တော့ဘူး..



၎.၃.၂.၁.ဝ

တိတ်တိတ်ဆိတ်ဆိတ်မှောင်ကျသွားပါပြီ...။

မိုးလှိုင်ည

Friday, September 17, 2010

ဗီလိန်

ဟိုး....ဇာတ်လမ်း အစကတည်းက

ကိုယ့်ဓါးကိုယ်ဆွဲ ရင်ဝကိုစိုက်ပြီး

ရဲရဲကြီးသေပလိုက်ဖို့ကောင်းတာ

ခုတော့ အဲဒီ ခပ်ညံ့ညံ့ ဇာတ်ဝင်ခန်းမှာ..

လွမ်းချင်ရက်နဲ့ ကြမ်း

ကြမ်းချက်ရက်နဲ့ လွမ်းနေရတာ

အမည်မဲ့ ဒါဏ်ရာတွေကိုပဲ တခုတ်တရ..

ဒီ ဘ၀ကြီးကိုက ခြောက်သွေ့ အက်ကွဲလွန်းတယ်..



ကိုယ့်ကိုယ်တိုင် နာကျင်နေရတဲ့ ဇာတ်မှာ

ကျုပ်က ဘယ်သူ့ကို ကြင်နာပေးရဦးမှာလဲပြော ဇာတ်ဆရာ..!

မိုက်လက်စနဲ့ ကန်းကုန်အောင်ဆက်မိုက်ပါရစေတော့..

ခင်ဗျား ဓါးချက်တိုင်း ကျုပ်ရင်ဝကို တည့်တည့်မှန်တာချည်းပါပဲ..

ကျုပ် ကျရှုံးခြင်းမှာ ခင်ဗျာ့ ပရိတ်သတ်လက်ခုပ်သံလေ ..

ကျုပ် မျက်ရည်ဟာ ခင်ဗျားအတွက် အကောင်းဆုံး ဇာတ်ကွက်တွေပေါ့..

ဒီ ရင်ကျိုးပေါ်နင်းခြေသွားရင်း ဆုတွေအလီလီ ဆွတ်ခူးပေတော့ ဇာတ်ဆရာ ..

ပြင်ဆင်ခွင့် မရှိ၊

ရွေးချယ်စရာ မရှိတဲ့ ဒီဇာတ်ရုပ်ကို ခင်ဗျားကြီး အလိုကျ ကျုပ် 'က'ခဲ့တာ..

ရွှေ့စရာအကွက်တွေ ကုန်ရင်

ကျုပ်ကို ထိုးကြွေး ..ခင်ဗျားလက်ထဲက နယ်ရုပ်ဟာလည်း ကျုပ်ပဲတဲ့လေ..



လောဘကြီးတဲ့ ဇာတ်ဆရာရေ...

ခင်ဗျား လက်နဲ့ ရေးတဲ့ ဇာတ်ညွှန်းမှာ

ကျုပ်တစ်ဘဝလုံး စုတ်ပြတ်သတ်သွားပြီပဲ

နောက်ဆုံး ဇာတ်သိမ်းခန်းမှာတော့ ခပ်ပြင်းပြင်းလေးရယ်မောပါရစေလား...

ယုံထားလိုက်စမ်း

အဲဒီ 'ကဒ်' တစ်ခွန်းတည်းနဲ့တင်

ကျုပ် နှလုံးသားကို ထိုးခွဲ သတ်ဖြတ်ပစ်နိုင်တယ်ဆိုတာလေ ..

'ရသ' မြောက်ပါတယ်ဗျာ ..

ခင်ဗျားရဲ့ ရိုက်ချက်တိုင်းမှာ

စနစ်တကျ ရှုံးနိမ့်ဖို့ အသင့်ဖြစ်ခဲ့ဖူးတဲ့လူတစ်ယောက်ပေါ့...

ဒီအချိန်ရောက်မှတော့ ကားလိတ်ချသင့်ပြီ ဇာတ်ဆရာ ...

ဒီဇာတ်လမ်းကို ဖလင်တလိပ်စာ ပြန်မစချင်နဲ့

နိုးလိုက် မျောလိုက် ပြိုလဲလိုက်နဲ့ အရိုင်းဆန်တဲ့ ညတွေထဲမှာ

ကျုပ်တစ်ယောက်တည်း ပဒိုင်းပင်လို ပွင့်နေရတာ..

ဘာ မျှော်လင့်ချက်အစုတ်အပြတ်တွေမှ

သမန်ကာလျှံကာ ထပ်မပေးနဲ့..

ဖွာလန်ကြဲ မာနတွေနဲ့ ကျုပ် ...

ပျောက်...ဆုံး...လက်...စ...နဲ့...ပျောက်...ဆုံး...နေ...ပါ...စေ့...တော့...လေ




[Summerway]

Thursday, September 16, 2010

မေမေကအစောကြီးကတည်းက သေသေချာချာ

မေမေက သူမကို စာချုပ်စာတမ်းနဲ့ မလွှဲအပ်သေးခင်ထိ သေချာအောင်မေးခဲ့

ပါတယ်။ သမီးသူမျောက်တစ်ကောင်ကို ထောင့်တစ်ခုမှာ လုံခြုံအေးချမ်းပြီး

ဖရဲသီးတစ်စိတ်ကိုက်နေရင် မေမေက ကလေးများတဲ့ကြားက တော်တော်

ပူပင်ခဲ့တာ သိသာပါတယ်။ သမီး သူ တိရစ္ဆာန်တစ်ကောင်လို အခြားအင်္ဂါတွေ

ရှုရှိုက်လိုက်ပါနေရင် မေမေက အစကနေအဆုံး လက်မလွှတ်ချင်ပေမယ့်

အဆုံးထိ နတ်ဘုရားမ, လို သိတယ်။ သမီးဆီကို အမျိုးမျိုးဖောက်ခွဲရေး

ကိရိယာ တွေသုံးပြီး နာကျင်ပြိုကျစေခဲ့ရင် မေမေက သူပြိုလဲ နာကျင်ခဲ့

ကြောင်းကိုလည်း အဆုံးစွန် ထိန်ချန်မထားဘူး။

သမီးကို သူ့အတတ်ပညာ အကျင့်ဆိုးတွေနဲ့ ပြုစားပြီး ဖတ်ပြီးသား စာအုပ်

တစ်အုပ်လို ရောင်းစားခဲ့ရင် မေမေက သူ အပေါင်းအသင်းစုံခဲ့တာ အလုပ်

တစ်ဖက်နဲ့ မတားနိုင်ခဲ့တော့ တချို့အရာတွေ သော့ခတ်ထားခဲ့ရတယ်။

သူက ပတ်ဝန်းကျင်မျိုးစုံရောနေပြီး သူ့ အဖေဆီကရော ၇၀ စုလမ်း သူရဲ

တွေဆီကရော သူက ကြီးလေချဉ်လေ သံပုရာသီးပဲ။ သူ့ကိုအမြဲ

မောင်းထုတ်ခဲ့တာ သူ ဘယ်တော့မှထွက်မသွားဘူးလို့ ကြွေးကြော်ရင်း

ကျွေးထားရတာပဲ။ သမီး ခံနိုင်ရည်မကောင်းမှာ၊ သမီးဒုက္ခလှလှ လွဲပြောင်း

လက်ခံရမှာ၊ သမီးဘ၀ နာကြည်းစရာတွေနဲ့ပဲ ပျော်မွေ့တော့မှာ- ဂန္ဒီစာချုပ်၊

လကျာ်ဖရီးမင်းစာချုပ်တွေအရ မေယုစစ်သဘောင်္ကလေးတွေ၊ တိုက်ရေယာဉ်

အမှန်က ကင်းလှည့် ရေယာဉ်တစ်ရာ့သုံးလို အခုခေတ် ငါးဖမ်းလှေသာသာ

ရခဲ့ပါတယ်။ ဒီစာချုပ်အရ သမီးဘ၀မျှော်ခေါ်ချက်တွေမှာ ဘာတွေ

ပါဝင်လိမ့်မယ် ခန့်မှန်းထားပါသလဲ။ အတန်ကြာပျောက်ဆုံးနေလို့

မြင်နေကျမဟုတ်တော့လို့ စိတ်နှလုံး၏ ပူပန်ရခြင်း၊ ဆေးရုံဆီ၊ ထမင်းမှန်မှန်

ပို့ရခြင်း၊ စောင့်ရခြင်းတွေနဲ့ ထောင်ဝင်စာတွေ သွားသွားတွေ့ရခြင်း

မျက်နှာကျုံရခြင်းတွေ တထိတ်လန့်လန့် အိပ်မက်ဆိုးတွေ သေချာပါတယ်။

သမီး ဒီနေရာမှာ လက်မှတ်ထိုးပါ။ အန်တီက ဒီမှာလက် မှတ်ထိုးပြီးရင်

သမီးတစ်ခု အန်တီတစ်ခု။ သမီးသူ့ကို ယူသွားလို့ရပါပြီး။ နောက်ဆုံးတစ်ခု

ခု ပြောပါဆိုလို့ ပြောရရင် အခုမှာခဲ့တာတွေ၊ သမီးမမေ့ပါနဲ့ ။ အန်တီဆီပြန်ပို့

ဖိုလည်း အန်တီလည်း လူအိုဂေဟာမှာ စာရင်းသွင်းပြီးပြီ။ သမီး လက်မခံနိုင်

ဘူးဆိုရင် ဒီစာရွက်တွေပြန်သိမ်းပြီး အန်တီဆီမှာပဲ ထားခဲ့ပါ။ သမီးနဲ့ အန်တီ

အသက်အရွယ်ကွာတာကလွဲလို့ သူ့ အတွက်တော့ အတူတူပဲ။



ရေးသူလူဆန်း

Monday, September 13, 2010

ဗီလိန်

ဇာတ်လမ်းဆုံးတော့

ငါ့ကိုမုန်းတဲ့ လက်ခုပ်သံရတယ်

ဘဝ

အဓိပ္ပါယ်မရှိ အဓိပ္ပါယ်ရှာရင်း

အဓိပ္ပါယ်မဲ့ကုန်ဆုံးသွားရပေါ့…။

တောင်ယာ

ကိုယ့်ကိုယ့်လင်းချင်းအောင်

မီးရှို့ခံထားရတယ်

ဘယ်လိုမှ စိုက်ပျိုးလို့မရတော့ဘူး…။

အချစ်

ဘယ်တော့မှမပြောဖြစ်တော့ဘူး

ခေတ်ဟောင်းတေးတွေထဲက တစ်ခါတစ်ရံကြားတယ်…။

ပိုက်ဆံ

ကိုယ့်ထောင်ချောက်ကိုယ်ပြန်နင်းမိတာ

ခဏခဏ

ဘယ်အခါမှနောင်တမရဘူး…။

အရက်

နှစ်ခွက်မသောက်သမျှ

ဘယ်တော့မှမမှားဘူး…။

နိုင်ငံရေး

ဘယ်ယိမ်းညာယိမ်း

ဘယ်တော့မှ ပွဲမသိမ်းဘူး..။

အမှန်တရား

ဘယ်သူမှဝယ်မစားဘူး

ဖော်စပ်သူတိုင်းအရူးဖြစ်ခဲ့ရပေါ့…။

အသက်

မသေခင်က မသေဘူးမှတ်တယ်

သေတော့ ဘာမှမမှတ်မိဘူး…။

အနုပညာ

ကိုယ်ကိုယ်တိုင်ပြန်သေချာစေတဲ့

အရူးလက်မှတ်…။

တရားဓမ္မ

အပျော်အပါးမက်သူတွေသာ

လိုက်စားကြသည်..။

ဗီလိန်

ဇာတ်လမ်းဆုံးတော့

ငါ့ကိုမုန်းတဲ့ လက်ခုပ်သံရတယ်…။

မိုးလှိုင်ည

Saturday, September 4, 2010

တစ်အိမ်လုံးအိပ်နေတဲ့အိမ်

အပေါ်ထပ် ထပ်ခိုးကျဉ်းကျဉ်းလေးမှာ အမေနဲ့ညီမလေး၊ အောက်ထပ်အိပ်ခန်းထဲမှာ စောင်ကိုခြင်ထောင်အပြင်ကန်ထုတ် ထားတဲ့ မောင်လေး၊ ဧည့်ခန်းထဲမှာ အစ်မအကြီးဆုံးပြန်လာချိန်ကိုစောင့်နေရင်းနဲ့ ပက်လက်ကုလားထိုင်ပေါ် သွားရည်တွေ ကျနေတဲ့ အဖေကြီး၊ ပက်လက်ကုလားထိုင်အောက်မှာ အမြီးမှန်းခေါင်းမှန်းမသိအောင်ခွေနေတဲ့ ရွှေဝါ။

ခြေရင်းအိမ်က ကုလားလင်မယားက အာခေါင်ခြစ်ပြီး ရန်ဖြစ်နေတယ်။ ခေါင်းရင်းအိမ်က ၁၀တန်း သုံးခါကျထားတဲ့ ကောင်မလေးက အသံတိမ်ဝင်သွားတဲ့အထိ အော်ကြီးဟစ်ကျယ်စာကျက်နေတယ်။ အဖိုးကြီး အဖွားကြီး ပြန်မလာသေးတဲ့ အပေါ်ထပ်ကကလေးနှစ်ယောက်ကတော့ တဒုန်းဒုန်းနဲ့ မီးကုန်ယမ်းကုန် ပြေးလွှားသောင်းကျန်းနေတယ်။ ရေမော်တာတွေ ဖွင့်ထားတယ်။ လမ်းထိပ်လက်ဖက်ရည်ဆိုင်က အေသင်ချိုဆွေကို ၃၆ ခေါက်ထပ်ဖွင့်တယ်။ လမ်းပေါ်မှာ ကိုးလိုးကန့်လန့် ရပ်ပြီး Taxi တစ်စီးက ကားတံခါးကိုဖွင့်လိုက်တယ်။ လမ်းပိတ်သွားလို့ မကျေနပ်တဲ့ Taxi နောက်ကဆိုက်ကားဆရာက တဂင်ဂင်နဲ့ Bell တီးတယ်။ ဆိုက်ကားနောက်က ၄၃ ဘတ်စ်ကားဆရာက ဒေါသနဲ့ ဟွန်းကိုဖိချလိုက်တယ်။ “ပွမ် ပွမ်”။ ကားကြီးဟွန်းသံကြောင့် မုဒ်အောက်သွားတဲ့ အပေါ်ထပ်ရဲ့အပေါ်ထပ်မှ ဂစ်တာတီးနေတဲ့ ကောင်လေးက တောက်ခေါက်လိုက်တယ်။ ဂစ်တာတီးနေတဲ့ ကောင်လေးရဲ့ခြေရင်းခန်းက အဖွားကြီးက ကားဟွန်းသံကြောင့် ဘာရယ်မဟုတ်ပဲ လမ်းထိပ်ကိုခေါင်းထုတ်ပြီးစပ်စုတယ်။ ကားကြီးရဲ့ဟွန်းသံကြောင့်ပဲ ရန်ဖြစ်နေတဲ့လင်မယားအပေါ်ထပ် က ညားကာစဇနီးမောင်နှံတို့ မွေ့ယာပေါ်မှာ ခန္ဓာကိုယ်တွေ ခေတ္တခဏကွာသွားကြတယ်။ ကားဟွန်းသံရပ်သွားပြီး ဘယ်အခန်းကလဲမသိဘူး မော်တာထပ်မောင်းတယ်။ အေသင်ချိုဆွေ ၃၇၊ စာကျက်နေတဲ့ ကောင်မလေးအိမ်ပေါ်ထပ်က ရေမွှေးနံ့ပြင်းပြင်းနဲ့ ကောင်မလေးသုံးယောက်က တံခါးကို ဂျိုင်းကနဲပိတ်လိုက်ပြီး ဒေါက်ဖိနပ်သံတဒေါက်ဒေါက်နဲ့ အောက်ကိုဆင်းလာကြတယ်။ အရက်နံ့ချဉ်ချဉ်စူးစူးနဲ့ သူတို့အပေါ်ထပ်ကိုတက်သွားကြတဲ့ သူတို့နားမလည်တဲ့စာတွေကို ရေးတဲ့ကောင်နှစ်ကောင်ကို နှာခေါင်းရှုံ့လိုက်ကြတယ်။ စာကျက်နေတဲ့ ကောင်မလေးအပေါ်ထပ်ရဲ့ အပေါ်ထပ်က တယ်ရီလာခွေးလေးဟာ သခင်နံ့ကိုရလိုက်လို့ထင်ရဲ့ အသံသေးသေးလေးနဲ့ တဂစ်ဂစ်ဟောင်နေတယ်။

ထပ်ခိုးခန်းလေးထဲမှာ အငယ်မက သူ့အမေကိုခွလိုက်တယ်။ အိပ်ဆဲ။ ခြင်ထောင်ထဲက ကောင်လေးက စောင်တင်မကဘူး လက်ရောခြေထောက်ပါ အပြင်ကိုထွက်နေပြီ။ အိပ်ဆဲ။ “ဖုတ်” ကနဲ အဖေကြီးရဲ့လက်က ပက်လက်ကုလားထိုင်ပေါ်မှ ပြုတ်ကျတယ်။ အိပ်ဆဲ။ ရွှေဝါလေးကတော့ ပုံစံမပျက်ခွေခွေလေး။ အိပ်ဆဲ။ အိပ်မြဲ။ အိပ်လျှက်။

မြေမှုန်လွင်