Pages

Thursday, July 29, 2010

တတိယအကြိမ် လက်မထပ်မီ ရက်ပိုင်းအလို…

ဒီလိုပါသူငယ်ချင်းရ
ငါကအလုပ်အရမ်းများတယ်လေ
အလုပ်များထဲကြားထဲက အိမ်ထောင်နှစ်ဆက်ကျတယ်ဆိုတော့
မင်းငါ့ကို တော်တော်ကမြင်းတဲ့ကောင်လို့ မှတ်ချက်မစောပါနဲ့ဦး
ငါက အသက်ကြီးမှ အိမ်ထောင်ကျတာ
မင်းလည်းအသိသားပဲ…
လူငယ်ဘ၀ကတော်တော်ရုန်းကန်ခဲ့ရတာ
တစ်ရက်တော့ကွာ…
ဆယ်စုနှစ်တစ်ခုစာလောက်ပြတ်သွားလိုက်ပြန်တွဲလိုက်နဲ့
မရေမရာ ငါ့ငယ်ချစ်ကြီးက ငါ့ဆီကိုရောက်လာတယ်
အဲဒီအချိန်က မိုတွေသည်းနေတဲ့ ညနေစောင်းကြီး
သူမလည်း မိုးစက်တွေစိုရွှဲနေတယ်
သူမမျက်နှာပေါ်မှာလည်း ဖြေရှင်းရခက်တဲ့အရှုပ်အထွေးတွေရှိနေပုံပဲ
အဲဒါနဲ့ ငါတို့နှစ်ယောက် အနွေးဓါတ်ကောင်းကောင်းရတဲ့
ကော်ဖီဆိုင်တစ်ဆိုင်ကိုသွားကြတယ်…
ငါလည်း သူ့ကို ငါတို့နှစ်ယောက်အခုကော်ဖီသောက်မှာ
နှစ်ယောက်စလုံးအကျိုးမရှိနိုင်မယ့် ဘယ်လိုစကားမျိုးနဲ့မပြောပါနဲ့လို့ ပြောထားလိုက်တယ်…
ပထမတော့သူလည်း ကြောင်အမ်းအမ်းဖြစ်သွားတယ်…
ငါလည်းအခွင့်အရေးကို လက်လွှတ်မခံပဲ
ကော်ဖီတွေအကြောင်း မိုးရာသီအကြောင်း Just for Laugh တွေပြောနေလိုက်တယ်
ညနေခင်းထဲမှာ အရေးတကြီးချိန်းဆိုမှုတွေရှိပေမယ့်
သူမနဲ့သုံးနာရီကြာ ထိုင်စကားပြောဖြစ်တယ်…
အဲဒီနောက်တော့ သူငါ့ကိုလက်ထပ်ခွင့်တောင်းတယ်..
ငါ့အသက်လည်းသိပ်မငယ်တော့တာနဲ့
ပထမအကြိမ် အိမ်ထောင်ကျတယ်ပေါ့…
လက်ထပ်ခွင့်ကြိုမတင်ထားလို့ ကော်ပိုရိတ်က
ငါ့ကို ဟန်နီမွန်းထွက်ခွင့်မပေးဘူး..
အေးအေးဆေးဆေးအတူနေရဖို့ ငါတို့နွေဦးပေါက်အထိစောင့်ခဲ့ရတယ်…
ဒီလိုနဲ့လေးငါးနှစ်ကြာသွားတယ်…
ပုံမှန်အတိုင်းပဲ ငါအလုပ်တွေများနေတုန်းပဲ..
ညဆိုအိမ်ကို မိုးစုန်းစုန်းချုပ်မှာပြန်ရောက်တယ်..
မနက်ဆို ကလေးတွေမနိုးသေးဘူး ငါအလုပ်ထဒိုးရတယ်…
မိသားစုပိုင် ကုမဏီတစ်ခုထောင်ထားရသလို
ငါအမှုဆောင်လုပ်နေတဲ့ကော်ပိုရိတ်ကလည်း
လုပ်ငန်းခွဲတွေ ထပ်တိုးချဲ့ရတယ်…
အဲဒီအချိန်မှာ ငါ့မိန်းမဟာ ငါ့အတွက်အဖော်မဖြစ်နိုင်တော့ဘူး
လုပ်ငန်းကိစ္စတွေ စီမံတာကအစ
အထွေထွေ ကိုယ်ရေးကိုယ်တာ အဆုံး
ငါ့အတွင်းရေးမှုးလက်ထဲအပ်ထားရတယ်…
ဘယ်လောက်ထိအခြေအနေဆိုးသလည်းဆိုတော့ ငါအားကစားလုပ်ချိန်.
သတင်းစာဖတ်ချိန်.. ကော်ဖီသောက်ချိန်ကအစ.. အတွင်းရေးမှုးအာဂျင်ဒါနဲ့သွားနေရတာ
သူမက ငယ်ရွယ်ဖျတ်လတ်ပြီး.. ငါစိတ်တိုင်းကျကိုသိတယ်
ပြီးတော့ လုပ်ငန်းခွင်မှာ အထောက်အကူအများကြီးရတယ်..
လက်တွဲလုပ်ဆောင်တဲ့ သုံးနှစ်အတွင်း ဘာအမှားအယွင်းမှမရှိဘူး..
အဲဒီ့ဝန်ထမ်းကောင်းကို ငါလက်လွှတ်လို့ဖြစ်ပါ့မလား…
တစ်ရက်တော့ သူမအလုပ်ထွက်ခွင့်လျှောက်လွှာတင်တယ်
ငါလည်း တစ်ပါတ်စဉ်းစားပါဦးဆိုပြီး ပြောလိုက်တယ်..
တကယ် တစ်ပါတ်လုံးလုံး စဉ်းစားခန်းဝင်နေရတာက ငါ…
နောက်တစ်ပါတ်ကျတော့ငါသူ့ကိုလက်ထပ်ခွင့်တောင်းရတာပဲ…
မိန်းမနဲ့ ကလေးတွေအတွက် မိသားစုကုမဏီကိုအပြီးအပိုင်လွှဲပေးလိုက်တယ်
ငါအလုပ်လုပ်တဲ့ကော်ပိုရိတ်မှာ ငါက ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်ဖြစ်လာတယ်..
ရှယ်ယာအတော်များများလည်း ငါနဲ့ ငါ့ပါတနာတွေလက်ထဲမှာ…
တကယ်တော့ ဘ၀ဆိုတာ ကြွေတစ်လက် ကြက်တစ်ခုန်ပါ
ငါငယ်ငယ်က ဆင်းရဲတာ မင်းလည်း အသိသားနဲ့
ငါကလောဘလည်းမကြီးခဲ့ပါဘူး
နယ်ဘက်မှာ စိုက်ပျိုးရေးခြံလေးနဲ့ စာအေးအေးဆေးဆေးရေးချင်တယ်လို့
မင်းကိုငါ ခဏခဏပြောဖူးတယ်လေ…
မင်းအိမ်ထောင်ပြုတုန်းက ငါပြောခဲ့ဖူးတဲ့ဟာသကို မှတ်မိသေးလား..
ပထမအကြိမ် အိမ်ထောင်ပြုတာ မသိနားမလည်လို့
ဒုတိယအကြိမ် အိမ်ထောင်ပြုတာက ရူးသွပ်တာ
တတိယအကြိမ် အိမ်ထောင်ပြုတာက မိုက်မဲမှုလို့…
အခု ငါ့ဘ၀က အေးချမ်းနေပြီ..
မထင်မှတ်တဲ့အလှည့်အပြောင်းမှာ.. ငါစီးပွားရေးတွေ လုံးလုံးဆုံးရှုံးသွားတယ်
ငါ့အတွင်းရေးမှုးလေးလဲ တခြားကော်ပိုရိတ်ကိုလွင့်သွားတယ်..
ငါ့မှာ ငွေဖြစ်လွယ်တဲ့ အမာခံပစ္စည်းတချို့ကျန်ခဲ့တယ်လေ..
အဲဒါလေးတွေရောင်းပြီး..
နယ်မြို့လေးမှာ သပြေခြံစိုက်စားနေတယ်
အေးချမ်းတယ်ကွာ… မင်းကိုလာလည်စေချင်တယ်
လာမယ့် တနင်္ဂနွေမှာ ရွာတွဲဖက်ကျောင်းက ဆရာမလေးတစ်ယောက်နဲ့
လူကြီးစုံရာရှေ့မှာ တတိယအကြိမ်လက်ထပ်မလို့…
နှစ်ယောက်စလုံးချစ်ကြတယ်ဆိုပါတော့ကွာ..
အဲဒါမင်းကိုဖိတ်ချင်လို့ ငါတကူးတကလာခဲ့တာပဲ..
တတိယအကြိမ် အိမ်ထောင်ပြုတာဟာ မိုက်မဲတာပဲလို့ဆိုရင်
ငါ့အတွက်တော့ ဒီတစ်ခါတည်းပါ…။


မိုးလှိုင်ည

Wednesday, July 28, 2010

ဆေးလိပ်မသောက်ရ..။

စီးကရက်တွေလို

ဘ၀ကိုတစ်ဖွာပြီးတစ်ဖွာ

အိပ်မက်က ပြာတွေလိုကြွေကျတယ်

ငယ်ငယ်က သူငယ်ချင်းနဲ့အတူ

ရှေ့နှုတ်ခမ်းလေးတွေစူပြီး

စီးကရက်ငွေ့အ၀ိုင်းလေးတွေကို

ရင်ခုန်မျှော်လင့်ပြီး လေ့ကျင့်ခဲ့ဖူးတယ်

စီးကရက်ခိုးခိုးသောက်တဲ့အခန်းထဲမှာ

အပြင်ဘက်ကဘ၀တော့ လေသိပ်ထန်တယ်

ဖွာရှိုက်လိုက်တဲ့စီးကရက်မှာ

သက်ပြင်းချသံဘယ်လောက်များနေမှာလည်း

မရေမရာမီးခိုးငွေ့တွေကိုငေးရင်

မရေမရာကိုယ့်ကိုယ်ပြန်တွေ့တယ်

နောက်ဆုံးမီးစအကြွေမှာ..

နောက်ထပ်တစ်လိပ်ကို မီးငြှိလို့…

မိုးလှိုင်ည

Saturday, July 24, 2010

မာတိကာထဲမှာ ဒီစာမျက်နှာမပါ...။

တစ်ယောက်ရဲ့ စိတ်အခေါ်မှာ
တစ်ယောက်က လမ်းပျောက်လို့..
ဘယ်လိုဝေးဝေး ဘယ်တော့မှမဝေးဘူးလို့
အဆုံးသတ်ထားတယ်...
မမှတ်မိတော့တာထက်
မေ့ချင်ယောင်ဆောင်သွားရတာ ပိုသက်သာတယ်
ကမ္ဘာ...
အဝေးကိုငေးဖို့.. နံဘေးကမြင်ကွင်းကို
ကျောခိုင်းထားလိုက်ရတာ...
စိတ်အဖုံးကိုဖွင့်လိုက်လည်း
စကြာဝဠာလိုတစ်ခုစာဟင်းလင်းပ

ဒါပေမယ့်ဘယ်အရာမှရှိမနေပါလု
ိ့ ဘယ်သူငြင်းမလည်း
ကမ္ဘာအဆက်ဆက်စာ အမှတ်တရတွေရှိတယ်...။


မိုးလှိုင်ည

Tuesday, July 20, 2010

အာဇာနည်ဆိုတာ...

အာဇာနည်ဆိုတာ...

အာဇာနည်တွေရဲ့ သက်စောင့်ဓါတ်က သစ္စာတရားပဲ..
အာဇာနည်ဆိုတာနဲ့
ခန့်ငြားလုံခြုံတဲ့ အရိပ်က..အလိုလိုလွှမ်းခြုံပေးလိုက်တယ်..

အာဇာနည်ဆိုတာ
အောင်နိုင်ခြင်း..ဒါမှမဟုတ်...တစ်စုံတစ်ရာအတွက်
ပေးချေလိုက်ကြရတဲ့..အရင်းအနှီး

အာဇာနည်ဆိုတာ
တိုင်းပြည့်နဖူးပြင်ပေါ်က အမာရွတ်လည်းဖြစ်ခဲ့ပေါ့

အာဇာနည်ဆိုတာ..
မြောက်များလှစွာသော..နှလုံးအိမ် အစုအဝေးတွေထဲက
တညီတညွှတ်တည်း..ယိုစိမ့် ကျလာခဲ့တဲ့ ပညတ်ချက်

အာဇာနည်ဆိုတာ
မျိုးနွယ် သို့မဟုတ်..နိုင်ငံ...သို့မဟုတ်...ယုံကြည်ချက်..သို့မဟုတ်..အားလုံးရဲ့
အထွဋ်အမြတ်ဝိဥာဉ်တစ်ဆူ

အာဇာနည်ဆိုတာ ငြင်းပယ်မရနိုင်တဲ့ သမိုင်းကြောင်းပေါ်က
အနှစ်ချုပ်စာမျက်နှာလည်းဖြစ်ခဲ့တယ်.

အာဇာနည်တွေရဲ့ရာဇ၀င်ဟာ
နာကျည်းကြေကွဲဖွယ်ရာ ဇာတ်ဝင်ခန်းတွေနဲ့...ခန့်ငြားသိပ်သည်းလို့

အာဇာနည်ဆိုတာ
ပြောင်းလဲခြင်းတစ်စုံတစ်ရာကိုရည်သန်တဲ့
မီးဟုန်းဟုန်းတောက် ပဋိပက္ခအကြား...မားမားစွင့်စွင့် ရပ်ဝံ့ သူ
အာဇာနည်ဆိုတာ ရဲဝံ့စွန့်လွှတ်နိုင်ခြင်းရဲ့ ဧကရာဇ် တစ်ဆူပဲ

အာဇာနည်ဆိုတာ ပြည်သူ့သွေးကို သူ့အသက်နဲ့မောင်းနှင်ပေးသူတွေ..

အာဇာနည်ဆိုတာ အသက်ကိုခဲယမ်းလို သဘောထားနိုင်ကြသူတွေ...

အာဇာနည်ဆိုတာ အဆုံးစွန် စွန့်လွှတ်နိုင်ခြင်းစွမ်းရည်ရှိသူတွေ...

အာဇာနည်တွေမှာ
တစ်ဘ၀လုံးဖြန့်ကြည့်တာတောင်
ဝတ်စုံကောင်းကောင်း မရှိခဲ့ကြဘူး...

အာဇာနည်ဆိုတာ...အမှန်တရားကိုကိုးကွယ်ပြီး
သူ့လည်ဂုတ်ပေါ်မိုးနေတဲ့ ဓါးသွားထက်
စိတ်တွေပေါ်က ဓါးအတွက် စိုးကြောက်တတ်ခဲ့တာ....


အာဇာနည်ဆိုတာ.
..................................

အာဇာနည်ဆိုတာ.
သေတာတောင်မျက်စိမပိတ်နိုင်ကြသူတွေ...။ ။

အိန္ဒြာ
(၁၉.၇.၂၀၀၉)


(ကျဆုံးလေသော အာဇာနည်ခေါင်းဆောင်ကြီးများအား ဤကဗျာဖြင့် ဦးညွှတ်ကန်တော့လျက်....)

Sunday, July 18, 2010

အာဇာနည်နေ့ တို့ မေ့သွားခြင်း

မျက်ရည်ဖြိုင်လို့ ရွာသွန်းဖြိုး ဇူလိုင် တစ်ဆယ့်ကိုး
ဟိုး ... နှစ်ပေါင်းများစွာ ... ကျန်ခဲ့ပါပြီ

စာတစ်ကြောင်း ကဗျာတစ်ပုဒ် ဆောင်းပါးတစ်အုပ်ကြီးနဲ့
ရင်ဘက်ပေါ် တက်တက်လွမ်းပြနေလိုက်ရတာ
အာဇာနည်နဲ့ Rဇာနည် ဘယ်သူ့ကို အလွမ်းပိုကြမလဲ
ဘာကို လွမ်းကြရမှာလဲ

ဗိုလ်ချုပ်ရဲ့ ဆဲသံဆိုသံ ဂရုဏာဒေါသောသံတွေကိုလား
သွေးနဲ့ ရေးတဲ့လွတ်လပ်ရေးကိုလား
လူမျိုးချင်း မေးကြောတင်းပြီး တိုက်ခိုက်သံတွေကိုလား
သူတလူ ငါတမင်းဆိုတဲ့ ကိုယ့်မင်းကိုယ်ချင်းကိုလား

သေချာတာကတော့ ငါတို့ လူနည်းစု
တစ်နှစ်မှာ တစ်ခါ ထထလွမ်းပြကြသေးရဲ့
လူတစ်ချို့ ဘ၀ရေယာဉ်ကြောမှာ
ပေါလောကြီး မျောပြီး
ရင်ခုန်သံတွေ မောဟိုက်သွားကြပြီ။


ကိုဖြိုး

Friday, July 16, 2010

အာဇာနည်တွေအကြောင်းကို ဖတ်တယ်..။







ဂျော့ဝါရှင်တန်အကြောင်းဖတ်တယ်

ဝင်စတန်ချာချီအကြောင်းကိုဖတ်တယ်

အေဗရာဟင်လင်ကွန်းအကြောင်းကိုဖတ်တယ်

နယ်ဆင်မင်ဒဲလားအကြောင်းကိုဖတ်တယ်

ချားဒီဂေါအကြောင်းဖတ်တယ်

ငုရင်ဟိုချီမင်းအကြောင်းကိုဖတ်တယ်

မော်စီတုန်းအကြောင်းဖတ်တယ်

ဗလာဒီမာလီနင်အကြောင်းကိုဖတ်တယ်

ချေဂွေဗားယားအကြောင်းဖတ်တယ်

ဖီဒယ်ကတ်စထရိုအကြောင်းကိုဖတ်တယ်

မဟာသီအကြောင်းဖတ်တယ်

ဂျဝါလာနေရူးအကြောင်းကိုဖတ်တယ်

ဂန္ဒီအကြောင်းဖတ်တယ်

ဟိုဆေးရီဇာအကြောင်းကိုဖတ်တယ်

ဒေါက်တာဆွန်ယက်ဆင်အကြောင်းဖတ်တယ်

ပါမောက္ခပရီဒီအကြောင်းကိုဖတ်တယ်

မစ္စဘူတိုအကြောင်းဖတ်တယ်

ဒေါ်အောင်ဆန်းစုကြည်အကြောင်းကိုဖတ်တယ်

ရွှေတိဂုံကို ဘယ်နေရာကလှမ်းတွေ့တွေငါ လက်အုပ်ချီမိတယ်

ငါဟာ… မြန်မာ..။

ရွှေတိဂုံဘေးပါတ်လည်မှာ…

သခင်ကိုယ်တော်မှိုင်းရှိတယ်

ဦးသန့်ရှိတယ်

ရဲဘော်ကိုထွေးရှိတယ်

မိုင်းပွန်စော်ဘွားကြီးစပ်စံထွန်းရှိတယ်

ဦးရာဇတ်ရှိတယ်

ဒီးဒုတ်ဦးဘချိုရှိတယ်

ဦးဖိုးကျားရှိတယ်

မန်းဘခိုင်ရှိတယ်

ဦးအုန်းမောင်ရှိတယ်

ဦးဘ၀င်းရှိတယ်

သခင်မြရှိတယ်…

ပြီးတော့ သခင်အောင်ဆန်း(ဗိုလ်တေဇ)ရှိတယ်…

ရန်ကုန်ကို ရန်သူ့လက်ထဲမှာ ငါတို့ ဘယ်လိုစိတ်ချထားရက်မလည်း…

ရွှေတိဂုံကိုမြင်တာနဲ့ ငါဟာ လက်အုပ်ချီရှီခိုးမိတုန်းပဲ…။


မိုးလှိုင်ည


Tuesday, July 13, 2010

တစ်ယောက်တည်း ပျောက်ဆုံးသွားတဲ့ အဓိပ္ပါယ်===

အဓိပ္ပါယ်မရှိဘူး။ အဓိပ္ပါယ်မရှိဘူး။ အဓိပ္ပါယ်မရှိဘူး။

အဓိပ္ပါယ်မရှိဘူးလို့ အထပ်ထပ်စဉ်းစားရင်း

အဓိပ္ပါယ်မရှိဘူး ဆိုတဲ့အဖြေပဲထွက်ထွက်လာတယ်

တကယ်ဆို အဲဒီ အဓိပ္ပါယ်တွေဟာရှိနေဖို့လိုလို့လား…

ဒါလည်း အဓိပ္ပါယ်မရှိတဲ့မေးခွန်းပဲ

အဓိပ္ပါယ်မရှိမှန်းသိသိနဲ့ အဓိပ္ပါယ်ရှိရှိစဉ်းစားနေရတာ

အဓိပ္ပါယ်ရှိသယောင်ဟန်ဆောင်နေရတာ

အဓိပ္ပါယ်မရှိမှန်းသိသိနဲ့ သံတမန်ဆန်ဆန်

အဓိပ္ပါယ်မဲ့ပြုံးပြနေရတာ…

အဓိပ္ပါယ်ဟာ ပေါ်လိုက်ပျောက်လိုက်

ဖြစ်လိုက်ပျက်လိုက် အဓိပ္ပါယ်မရှိပဲ သံသရာလည်လို့

နေတိုင် အဓိပ္ပါယ်ရှိရှိနေထိုင်ဖို့

နေ့တစ်နေ့ရဲ့ အဓိပ္ပါယ်ကို ဘာတွေနဲ့ လိုက်ဝယ်နေရမှာလည်း

အဓိပ္ပါယ်ဟာဈေးကြီးလား

အဓိပ္ပါယ်ဟာ ဒီဂျစ်တယ်ပစ္စည်းလား၊ လူသုံးကုန်လား

အဓိပ္ပါယ်ဟာ လူမသုံးကုန်လား

လူတွေမှာ အဓိပ္ပါယ်ရှိလား

ကိုယ့် အဓိပ္ပါယ်နဲ့ကိုယ်ဆို

သူများ အဓိပ္ပါယ်တွေဟာကိုယ်နဲ့ မတော်ဘူးလား

အဓိပ္ပါယ်ကိုစုဆောင်းထားနိုင်သလား

အဓိပ္ပါယ်ကိုရောင်းဝယ်ဖောက်ကားလို့ရသလား

အဓိပ္ပါယ်ဟာကမ္ဘာပါတ်တတ်သလား

အဓိပ္ပါယ်ဟာအွန်လိုင်းတက်တတ်သလား

အဓိပ္ပါယ်ကိုဘယ်လိုခေါ်ရမလည်း

အဓိပ္ပါယ်မရှိရင် အဓိပ္ပါယ်ဆင်းရဲတယ်လို့ခေါ်မလား

ဆင်းရဲတဲ့ အဓိပ္ပါယ်ကိုကော အဓိပ္ပါယ်ကသိသလား

အဓိပ္ပါယ်ဟာဖျားတတ်နာတတ်သလား

အဓိပ္ပါယ်ဟာအသက်အာမခံထားသလား

တစ်နေ့လုံး အဓိပ္ပါယ်နဲ့ အဓိပ္ပါယ်မရှိငြင်းခုန်နေရင်း

အဓိပ္ပါယ်ဟာ အဓိပ္ပါယ်မဲ့စွာပျောက်ဆုံးသွားပါတယ်…။

မိုးလှိုင်ည