Thursday, April 29, 2010

မကံ့ကော်

မကံ့ကော်
ချစ်တယ်ဆိုတာ နှလုံးသာနဲ့ အရှုံးပေးတဲ့ ကိစ္စနှစ်ကိုယ်တူ အတ္တ
တွေကို တံခွန်တိုင် တက်ပြလို့မှမရနိုင်တာ…။
မကံ့ကော်က ဖယောင်းသား ဆိုရင် ကျွန်တော်ကတော့အလယ်က
မီးစာ အပ်ချည်ကြိုးလေး ဖြစ်လိမ့်မယ်…
အတူတူလောင်ကျွမ်းဖို့ ဒါမှမဟုတ်လည်း အတူတူလင်းရှကြဖို့
ဘ၀က အဲဒီလို ပြဠန်းခံဖြစ်ပြီးသားလား မကံ့ကော်ရယ်…
ချစ်ခြင်းမေတ္တာ မပါရင် ကျွန်တော်တို့ ခန္တာကိုယ်အတ္တထုထည်တွေက
ကမ္ဘာမြေကို လေးလံစွန်းထင်းစေတာ ကလွဲလို့ ဘာများပိုဖြစ်နိုင်မှာမို့လည်း..။
ကန္တရဆန်တဲ့နေ့စွဲတွေမှာ ကိုယ့်ကိုယ်ကို စိမ်းလန်းအောင်
မကံ့ကော်ကို ချစ်တဲ့စိတ်နဲ့ စိုက်ပျိုးထားခဲ့ရတယ်…
နွေလယ်လေပြင်းတွေကြားထဲမှာ
မကံ့ကော်လည်း မငြိုးမခြောက်ပွင့်လန်းဝေဆာနိုင်ပါစေ..။
မကံ့ကော်ရေ ဆယ်စုနှစ်တွေကတော့ လေထဲမှာပျောက်ပျက်သွားပါပြီ…
ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် လွမ်းတတ်နေတုန်းလေ..
မကံ့ကော်ကို စတွေ့တဲ့ ဆောင်းမနက်ခင်းထဲက လေပြည်တွေဟာ
ကျွန်တော့်ကို ပွေ့ဖက်ထားတုန်းလို့ ကျွန်တော် တစ်ခါတစ်ခါ ခံစားမိနေတယ်..
မကံ့ကော်..။
ပူပြင်းလောင်မြိုက်လွန်းတဲ့ ကမ္ဘာမှာ နေသာထိုင်သာရှိပါရဲ့လား မကံ့ကော်
ဗဟိဒ္ဓ အရေးအခင်းတွေကြားမှာ ကဗျာရေးတဲ့ ကောင်လေးအကြောင်းကို
မကံ့ကော်မေ့ကောင်းမေ့နေနိုင်ပါတယ်…
ကျွန်တော်ကတော့ စာရွက်အလွတ်တွေ တွေ့တိုင်း
မူလတန်း ကလေးတစ်ယောက်လို မကံ့ကော်ဆိုတဲ့ စာလုံးပေါင်းကို
မတော်တဆ မေ့ဖြစ်သွားမှာစိုးလို့ ချချရေးဖြစ်နေတယ်…
ဆယ်စုနှစ်တွေကြာတာတောင် မကံ့ကော်ရဲ့ စာသင်ခန်းထဲမှာ
ကျွန်တော် အောင်မှတ်မရသေးဘူးလေ..။
မေးခွန်းတွေ အားလုံးအတွက် ကျွန်တော်မှာ အဖြေ တစ်ခုပဲရှိတယ်…
အဲဒါ
မကံ့ကော်ကို ချစ်တယ်…။


မိုးလှိုင်ည

Monday, April 26, 2010

နာမ်

သစ္စာနီ၊ ဟိန်းမြတ်ဇော်၊ လူဆန်း၊ လွန်းဆက်နိုးမြတ်၊ မြေမှုန်လွင် စတဲ့ ကဗျာဆရာငါးယောက်ရဲ့ ကဗျာစုစည်းမှုစာအုပ်ဖြစ်ပြီး.. ငါတို့ စာပေ ကနေ ၂၀၀၉ ခုနှစ်မှာ ပထမအကြိမ် အဖြစ်ထုတ်ဝေပါတယ်…။ ခေတ်ပြိုင်ဖြတ်သန်းမှုအနေနဲ့ ကဗျာဆရာတစ်ဦးချင်းရဲ့ ရေးချက်တွေကို အရောင်စုံတွေ့မြင်နိုင်ပါတယ်..။ ကဗျာအပေါ်မြတ်နိုးတန်းဖိုးထားပြီး ဘ၀အစိတ်အပိုင်းတွေထဲ ကဗျာနဲ့မှော်ဝင်မှု တည်ဆောက်ထားတဲ့ ကဗျာ ဆရာတွေဖြစ်တဲ့အတွက် ကဗျာနဲ့ပက်သက်ပြီးတော့ ရင့်ကျက်တဲ့ အတွေ့အကြုံတွေကို တွေ့မြင်ရပါတယ်..။ ခေတ်ကာလ အပေါ်သစ္စာထားတဲ့ အရေးအသားတွေဖြစ်တဲ့ အတွက် အနည်းငယ် ခါးသက်ကောင်း ခါးသက်နိုင်ပါတယ်… ဘ၀တန်ဖိုးကို နက်နက်ရှိုင်းရှိုင်း ဆာလောင်တတ်တဲ့ ကဗျာချစ်သူတွေအတွက်တော့ အာသီသတချို့ပြေပျောက်နိုင်တဲ့ စာအုပ်ကောင်းတစ်ခု ဖြစ်တယ်ဆိုတာ ညွှန်းဆိုပေးပါရစေ..။ နမူနာ ကဗျာတွေကို ပူးတွဲတင်ဆက်ပေးလိုက်ပါတယ်..။


ချီးမွမ်းခုနစ်ရက် ကဲ့ရဲ့ခုနစ်ရက်

ငါဟာရွက်လွှင့် ငါဟာရွက်လွှင့် သီချင်းကိုအော်ဆိုတယ်

ပြုဖူးခဲ့တဲ့ အပြစ်တစ်ခုအတွက် လူတွေကဲ့ရဲ့ကြတာဆန်းသလား

အိမ်ရှေ့လမ်းထွက်လျှောက်ရင်တောင် မြင်တဲ့သူက မတော်တဆလိုလို

(တကယ်က တမင်တကာ) တံတွေးကို အသံမြည်အောင်ထွေးတယ်မျက်နှာကို

လေဖြတ်ထားသလို ရွှဲ့ကြည့်တယ်အကြောင်းရှိလို့ အခေါ်အပြော

လုပ်ရင် ရွံ့သလိုလို တွန့်သလိုလို မကောင်းတတ်လို့ စကားပြန်ပြော

လိုက်ရတာလို့ သတင်းဖြန့်မယ် အဘိုးက တော်သလောက် အဖေက

ရည်မွန်သလောက် ဒင်းတို့ကျမှ မိုက်ရိုက်လိုက်ကြတာ ကြုံကြိုက်လို့

တွေ့တဲ့အခါ အဝေးကြီးက ပါတ်ရှောင်ပြေးပြီးရင် လက်ညိုးငေါက်ငေါက်

ထိုး မကောင်းပြောကြ အုပ်စုဖွဲစည်ကားနေတဲ့ကြားရောက်သွားရင်

ရှဲကနဲ ချက်ချင်း လူစုကွဲသွားကြ တစ်ကြိမ်တစ်ခါမှမသိကျွမ်းဖူး သူ

ကတောင်ယောင်တောင်တောင်နဲ့ အမြင်ကပ်ခြင်းခံရ ဒီလိုနဲ့ ခုနစ်ရက်

ပြည့်လို့ လမ်းမှာတွေ့တော့ အလကားနေရင်း ပြုံးပြတာကြုံရတယ်

ဒီအင်္ကျီဘယ်က၀ယ်သလဲ ဒီဖိနပ် နဲ့သိပ်လိုက်တာပဲ အကြောင်းမဲ့သပ်

သပ် ထမင်းစားဖိတ်ကျွေးခံရ မတွေ့ချင်လို့ ရှောင်သွားရင်တောင်

နောက်ကဇွတ်အတင်း လိုက်နှုတ်ဆက်ကြ တော်လွန်းလို့ အိမ်က သား

သမီးတွေကို ဆုံးမတိုင်းထည့်ထည့် ပြောရတယ် မျိုးရိုးက ဂွတ်ရှယ်

ဘမျိုးဘိုးတူ သားသမီးတွေလေ အကြောင်းမရှိအကြောင်းရှာ ဖုန်းတ

ဂွမ်ဂွမ် လှမ်းဆက်ကြ ကိုယ်ရေးကိုယ်တာ ပြသနာအတွက် အကြံဥာဏ်

တွေ တောင်းလားတောင်း ထင်းရေးမီးရေး လာတိုင်ပင်လို့ တိုင်ပင် ဘာမဆို

ခင်ဗျားထောက်ခံမှုလေးပါမှ လုပ်ဝံ့တယ်ဆိုသူက ဆို ဒီမှာတော့ ဆရာကြီး

စတိုလ်နဲ့ပဲ နေရတော့မလိုလို ဘ၀င်ပဲ မြင့်ရတော့မလိုလို အနေအထားမှာ

နောက်ထပ် ခုနစ်ရက်တစ်ခါ ပြည့်ပြန်တော့ ငါဟာ ရွက်လွှင့်

ငါဟာ ရွက်လွှင့်ဆိုတဲ့ သီချင်းက တစ်ကနေပြန်စပါလေရော ။


လွန်းဆက်နိုးမြတ်

၆.၂.၂၀၀၉

၀၀း၁၀ နံနက်


ရှုခင်းများ (၇)


ငါရင်ခုန်ခဲ့ဖူးတယ်

ဟောဒီမှာ..

တိုက်တာတွေ ပိုကြီးလာတယ်

လူတွေပိုသေးလာတယ်

မော်တော်ကားတွေပိုများလာတယ်

သစ်ပင်တွေပိုရှားလာတယ်

ဆိုင်းဘုတ်တွေပိုပေါလာတယ်

တံတွေးတွေ ပိုပေါလာတယ်

ရန်ကုန်…

သွေးဆုံးခဲ့တာကြာပြီ…။


သစ္စာနီ

ဝယ်ယူချင်တယ်ဆိုရင်တော့ ရန်ကုန်မြို့နဲ့ မန္ဘလေးမြိုပေါ်ရှိ စာအုပ်ဆိုင်တွေ ၀ယ်ယူရရှိနိုင်ပါတယ်.. ။ ခေတ်ပြိုင်မှတ်တမ်း အနေနဲ့ကဗျာချစ်သူတွေ ၀ယ်သိမ်းဆည်းထားသင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်..။

ခင်မင်လေးစားလျှက်

မိုးလှိုင်ည

Sunday, April 25, 2010

ကဗျာသင့်ခဲ့တဲ့ ကျိန်စာ

သမိုင်းတစ်ခုစာ ဆုံးရှုံးဖို့

အခိုက်အတန့် နီးကပ်ခွင့်ရခဲ့တာလား. . . .

တိုးတိုးဆိတ်ဆိတ် မျှော်လင့်ခြင်းတွေလည်း

သွေးထွက်အောင် မှားခဲ့တယ် . . . . ၊၊ ၊၊

သစ်ရွက်ကြွေတိုင်းသာ

စိတ်ကူးယဉ်ခွင့် ရခဲ့ရင်

( ငါလည်း )

အစိမ်းရောင် ကောင်းကင်လေး

မျှော်လင့်ချင်ပါတယ် ၊၊

ကျိန်စာတစ်ခွင်လုံး မိုးစင်စင်ချုပ်မှ

သန်းခေါင်ယံမှာ ည ပါမလာမှန်းသိရသလို . . .

ပိတ်ထားတဲ့ တံခါးရွက်တွေ ဖွင့်အဖတ်မှာ

အလင်းတစ်စက်မှ တွေ့ခွင့်မရဘူး . . . ၊၊

ပြက္ခဒိန်တွေလည်း အဆိပ်မိသလိုမျိုး

တစ်ရွက်ပြီး တစ်ရွက် လဲကျသေဆုံး

ပိုးကဗျာ ရေ . . .

အတိတ်ဆိုတာက တိတ်မနေခဲ့သေးဘူး ကွယ် . . . . ၊၊ ၊၊


ဇာတိ

Wednesday, April 21, 2010

ဗုံးကွဲပြီးနောက်

ဗုံးတွေမကွဲဖို့
ကာကွယ်ဆေးမရှိသေး
တိတ်ဆိတ်သွားတဲ့အသံမှာ
အရေးပေါ်တုန့်ပြန်ချက်များ
စွပ်စွဲခံလျာထားချက်များ
စီအိုင်အေကလည်း
လက်ညှိုးတွေလျှောက်လျှောက်ထိုးတယ်
အမ်အိုင်၆ကလည်း
လက်ညှိုးတွေလျှောက်လျှောက်ထိုးတယ်
ကေဂျီဘီကလည်း
လက်ညှိုးတွေလျှောက်လျှောက်ထိုးတယ်
မော့ဆက်ကကော
ဟားမာစ့်ကကော
အယ်ခိုင်းဒါးကကော
လက်ညှိုးတွေလျှောက်လျှောက်ထိုးတယ်
မီးတောင်ပေါက်ကွဲတာရော
ငလျင်တွေလှုပ်ခတ်တာရော
မုန်းတိုင်းတွေတိုက်ခတ်တာရော
ဘယ်သူတွေကြိုတင်စီမံနေကြတာလည်း
အတ္တတွေမဖောက်ခွဲခဲ့ရင်
အားလုံးလုံလုံခြုံခြုံအိပ်စက်နေရမှာ
နင်းထားတဲ့မြေကြီးကို
မိုးထားတဲ့ကောင်းကင်ကိုစိတ်မချနိုင်ရတဲ့ကြားက
တိတ်ဆိတ်သွားတဲ့အသံမှာအရေးပေါ်တုံ့ပြန်ချက်
ဗုံးတွေမကွဲဖို့ ကာကွယ်ဆေးထုပ်လုပ်ပေးကြပါ…။


မိုးလှိုင်ည

Monday, April 19, 2010

ခဏခဏ .. ဘာမှလာမရှင်းပြနဲ့

အမြဲတမ်းကဗျာတွေ
တဖွဲဖွဲရွာကျမယ်လို့
ဘယ်သူမျှော်လင့်လို့ရမှာလည်း
ကျွန်တော်ဟာ ကုန်ကြမ်းရှာ ကုန်ချောရှားတဲ့
စက်ရုံအိုကြီး တစ်ခုမဟုတ်ပါဘူး…။

ဆင်တဲဘက်မှာနေတုန်းက
သော့ပိတ်ထားတဲ့ စက်ရုံအသစ်စက်စက်ကြီး
တစ်ရုံတွေ့ခဲ့ဖူးတယ်..
ဒေသခံတွေ ပြောတာတော့ ဓါတ်ပြားစက်ရုံတဲ့
သူက မလည်ပါတ်ရပဲ ခေတ်ကုန်သွားခဲ့တယ်လေ…။

တစ်နေ့ချင်းပြန်ပြောနေရရင်
ကျွန်တော်ဘယ်လောက် အမောဆို့လိုက်မလည်း
ပျော်ချင်ယောင်ဆောင်ထားရတဲ့ အမှောင်မှာ
အရည်ပျော်မတတ်အေးခဲလို့…။

မိုးလှိုင်ည

Sunday, April 18, 2010

သူပဲအကြမ်း သူပဲ အချော…

ကဗျာ ဆရာမိုးဝေးရေးဖွဲ့ တဲ့ ကဗျာ ပေါင်း (၁၃၂) ပုဒ်ပါဝင်တဲ့ ကဗျာ စာအုပ်ဖြစ်ပါတယ်..
မျက်နှာဖုံး ပန်းချီကို မောင်ဒီရေးဆွဲပါတယ်.. သူပဲ အကြမ်း သူပဲအချော… မြစ်ဝကျွန်းပေါ်ကနေ
အပြားခတ်ခံရတဲ့ ယဉ်ကျေးမှုတွေနဲ့ ၂၁ရာစုဆီကို ကဗျာဓါတ်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ပြီးဖြတ်သန်းလာတဲ့
ဆရာမိုးဝေးရဲ့ စီးဆင်းမှုကို နှလုံးသားနှင့် မြင်တွေ့နိုင်ပါတယ်… ပါဝင်တဲ့ ကဗျာတွေက ၁၉၉၅ကနေ ၂၀၀၉ ခုနှစ်အထိ ရေးဖွဲ့ထားတဲ့ကဗျာများ ဖြစ်ပါတယ်.. ဆရာဇေယျာလင်းနဲ့ ဆရာအောင်ချိမ့်တို့က အမှာစာများ ပါဝင်ပါတယ်.. နှစ်ကာလများစာအုပ်တိုက်က ၂၀၀၉ ခုနှစ် နိုဝင်ဘာမှာ ပထမအကြိမ်ဖြစ် ထုတ်ဝေပါတယ်.. ယနေ့ ခေတ်ပြိုင်ကဗျာဟာ
မိုးဝေးကို အပိုင်ရသလို.. သူပဲအကြမ်း သူပဲအချောက ကျွန်တော်တို့ ကိုယ်တိုင်ကိုလည်း ပြန်ရှာဖွေတွေ့ရှိနိုင်ပါတယ်…


ကျောက်စာတိုင်

မခြောက်သေးပါ
မကိုင်ပါနဲ့ ငါ့စိတ်ကူး
မင်းတို့ ရူးသွားလိမ့်မယ်။

ဒါဟာ
ရွှေထက်ရှားတဲ့ အရာ
မီးနဲ့ပြုပြင်ပြီးရထားတဲ့စကား။

ဒါဟာမင်းကိုငါ
တစ်နေ့လုံး တစ်ညလုံး
ပြောနေတဲ့ တစ်ခွန်းတည်းသောစကား။
ဘယ်လိုလဲ
စာရောက်မလာသေးဘူးလား
ခိုတစ်ကောင်ထပ်လွှတ်လိုက်မယ်လေ။…။

(၂၀၀၀)


အာတီဖစ်ရှဲလ် မိုးဝေး


ဖွာနေတဲ့ စီးကရက်ပုံမှန်အရဆို
ရုတ်တရက်ကင်းလွတ်နေချင်တယ် ရုတ်တရက်
ရောက်လာတာ ယုတ္တိကားတစ်စီး
ငါမပါဘဲ လိုက်သွားလို့ရတယ်လို့ လိုက်ဖူးလား
ရှေ့ မှာလာနေပြန်ပြီ ဟောရှေ့ မှာယုတ္တိယိုယွင်းစကားတစ်စီး
ယုတ္တိကို အမြင်နဲ့တည်ဆောက်ကြတယ်
တည်ဆောက်ထားတဲ့ပလက်ဖောင်းပေါ်မှာ
ယုတ္တိကင်းမဲ့သွားတဲ့ အရိပ်ထင်းထင်းကြီး
အဲ့ဒီစီးကရက်ထဲမှာ အဲ့ဒီစီးကရက်ဖွာနေတာ
ငါလို့ ဘာကြောင့် ပြောလို့ပြောရတာလဲ
ကားမီးရောင်ကြောင့် ပြောလို့ရတယ်
ပြောလို့ရတာတွေကိုဆွဲဆန့်ကြည့်စမ်းကွာ
ပြောလို့ရတာတွေကို ဓါတ်ငွေ့တန်းစီးစောင့်သလို ဆောင့်တွန်းလိုက်ဦးကွာ
ဟေ့… ငါအရင်ရောက်တာ၊ ဟေ့… သူအရင်ရောက်တာ၊
ဟိုမင်း အရင်ရောက်တာဟေ့၊ ဟေ့… ဟိုကောင်အရင်ရောက်တာနော်
အော်ချင်သလိုအော်ကြ၊ ဆိုက်ရောက်ရာ သွားရမယ့် ဘူတာအဖြာဖြာ
ဝေနေတဲ့ ပန်းတွေဟာ လျှပ်စစ်သားနဲ့ လုပ်ထားတယ်
ဘူတာတွေဟာ လျှပ်စစ်အားနဲ့ ပြောင်းရွှေ့ ထားတယ်
ဘူတာရှိရင် ရထားရှိရမယ်လို့ ဘယ်သံလမ်းက လမ်းပေးထားသလဲ
နောက်က ကားကို နောက်ခံကားပြောင်းကြည့်လိုက်ပါခင်ဗျာ
မြစ်ထဲမှာ အမြစ်တွေပွားနေတာ
အနက်တစ်ခုဆီပဲ ရောက်ချင်ရင် လိမ္မော်မရောက်ဘူးဟာ
စကားထာ/ စကားလိမ်လား
စကားတိမ်သားများ နယ်စွန်နယ်ဖျား ဒေသများအထိ ပြေးလွှားနေကြသည်
ရှပ်ပြေးသဘောင်္ပေါ်မှာ ကိုရှပ်ပြေးတစ်ယောက် ရှပ်ပြေးနေသည်
ဟေ့ကောင် … ကြပ်ကြပ်သတိထားပြေး..။…။

မိုးဝေး(၂၀၀၇)

Saturday, April 10, 2010

နွေဦးကပွင့်ထွက်တော့မယ်

နွေဦးကပွင့်ထွက်တော့မယ်

မိုးပြေးလေးတစ်ပြိုက်နှစ်ပြိုက်မှာ
ပိတောက်တွေ
ကတိုက်ကရိုက်ထပွင့်သလိုမျိုး

အမြန်ယာဉ်တစ်စီးရဲ့
ဝန်ခံအားဘီးတွေပွင့်ထွက်သလိုမျိုး

မနက်မိုးလင်းတော့
ဘာလင်တံတိုင်းကြီးပြိုကျသလိုမျိုး
မနက်မိုးလင်းတော့
စီးပွာပျက်ကပ်ဆိုက်ပြီးနေပြီတဲ့

ပါဆယ်ဗုံးထဲမှာ
နွေဦးကိုထည့်ပြီးလက်ဆောင်ပေးသလို
နွေဦးကထထပွင့်တယ်…

ပရမ်းပတာလွင့်စင်ထွက်လာတဲ့
နွေဦးအစအနတွေက
ငါတို့ရင်ဘတ်ကို လာလာမှန်တယ်

တချို့ကနွေဦးကို
ဝါယာကြိုးတွေနဲ့ပူးချည်တယ်

တချို့က့ နွေဦးကို
ဖန်ကြိုးမျှင်ထဲထည့်ပြီး
ဒေတာဘေ့စ်တွေပြောင်းလဲပစ်တယ်

တချို့ကနွေဦးကို
ကွန်ဆာဗေးတစ်သမားဆိုပြီးကန့်ကွက်နေတယ်

တချို့ကနွေဦးကို
ပိုစ့်မော်ဒန်သမားဆိုပြီးရှုံ့ချနေတယ်

တစ်ခါတစ်လေတော့ နွေဦးလည်း
ရပ်တ်ပါလိုဝတ်ချင်ဝတ်မှာပေါ့…

တစ်ခါတစ်လေတော့ နွေဦးက
ပန့်ရောစ့်ဆိုချင်ဆိုမှာပေါ့…

အခုနွေဦးက
ငါတို့ဆီကိုပွင့်ထွက်လာပြီ…

နွေဦးက ကတိုက်ကရိုက်နဲ့
ခေါင်းလည်းမဖြီးခဲ့ရသေးဘူး
သူက အကြမ်းဖက်သမားတွေကိုလည်း
ကျောခိုင်းထားခဲ့ရတယ်တဲ့…
မုန်တိုင်းနဲ့ ငလျင်တွေကိုလည်း
ဖျောင်းဖျထားခဲ့ရတယ်…
အလုပ်လက်မဲ့ ပြဿနာကိုလည်း
သေချာမကိုင်တွယ်ရသေးဘူး….

သူအခု
ကော်ဖီသောက်နေတယ်
စီးကရက်ဖွာနေတယ်
ကဗျာရွတ်သံကိုနားစိုက်ထောင်နေတယ်
သူအခု ပွင့်ထွက်တော့မယ်…
နွေဦးဆိုတာက ခင်ဗျားကိုယ်တိုင်ပဲလေ… ။

မိုးလှိုင်ည

Friday, April 9, 2010

နွေ

တစ်ယောက်အရိပ်ပေါ် တစ်ယောက်ဖိတ်ကျခဲ့ပြီးမှ
ငါတို့ တိတ်တိတ် ဆိတ်ဆိတ် ဝေးကွာသွားခဲ့ရပြီ...။

မိုးလှိုင်ည

Thursday, April 8, 2010

သုံးနှစ်ပြည့် ဧပြီ…

သုံးနှစ်လုံးလုံး အပူချိန်တွေ ဆက်တိုက်မြင့်မားနေတယ်… ဒီနောက်ဆုံး သုံးနှစ်လုံးလုံးလည်း.. ကျွန်တော် ရန်ကုန်မြို့ပေါ်မှာ အခြေချနေထိုင်နေဆဲပါ.. ပိုစ့်တွေ တင်လိုက်ဖြုတ်လိုက်. .. မြန်မာစာ လက်ကွက်ကလည်း ရခါစ.. ဘယ်ဖောင့်စ်နဲ့ ရိုက်မှန်းမသိပဲ .. ဘလော့စပေါ့ပေါ် စာတွေ ရေးလိုရေးနဲ့ မြင်ချင်တဲ့အခါ မြင်ရတာ.. ကိုယ့်ဘရောက်ဇာမှာတောင် လေးထောင့်တုံး တွေပေါ်လိုပေါ်နဲ့… နောက်ဆုံး ဧပြီ ၈ရက်ရောက်မှ တည်တည်ငြိမ်ငြိမ်ဖြစ် သွားတယ်… မနိုင်းနိုင်းစနေ ကျေးဇူးနဲ့… အဲဒါက ၂၀၀၇ ခုနှစ်… အပြင်လည်း သိပ်မထွက်ဖြစ်ဘူး ကိုနေဘုန်းလတ်နဲ့ လက်ဘက်ရည်ဆိုင်ထိုင် စကားတွေပြောဖြစ်တယ်.. ပြီးတော့ တိတ်တိတ် ဆိတ်ဆိတ် ကဗျာတွေ ရေးဖြစ်တယ်.. အဲဒီတုန်းက ကိုပွတ်အပါအ၀င် သူငယ်ချင်းလေးငါး ယောက်လောက်ပဲ ပုံမှန်လာဖတ်ကြတယ်… အခုတော့ အဲဒီသူငယ်ချင်းတွေ ကွန်မန့်တွေ ကတောင်လွမ်းစရာ ဖြစ်ကျန်ခဲ့ပါပြီ…

ပထမဆုံးကွန်မန့်

ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော် said...
on
May 9, 2007 8:41 PM
ဟက်ထိတယ် ... မင်းရဲ့ ဖေဖော်ဝါရီလေးကတော့ ဘယ်လိုနေမယ်မသိဘူး ...
ဒုတိယကွန်မန့်

mmblogbook2 said...
on
May 26, 2007 5:56 PM
အစ်ကိုရေ - စာအုပ်အတွက် အစ်ကို့ ဘလော့ဂ်က ကဗျာ ၃ ပုဒ်တင်ပေးလိုက်ပါတယ်။ အိပ်မက်ရာသီ၊ ရင်ဝေးငှက် နဲ့ မျှားနေကြသူများပါ။ ပါဝင်ကူညီမှုကို ကျေးဇူးတင်ပါတယ်။ သဘောမတူတာရှိရင်လည်း သိပါရစေ။ ကျွန်တော့် လိပ်စာကတော့ http://myanmaroa6.blogspot.com ပါ။

Mr.Pooh (for MM Blog Book)
တတိယကွန့်မန့်
နိုင်းနိုင်းစနေ said...
on
May 8, 2007 1:36 AM
ကဗျာတွေကို တစ်ပုဒ်ချင်း သေချာပြန်ဖတ်မိတယ်...အကုန်ကောင်းတယ် သိလား...များများရေးနိုင်ပါစေး)
အဲဒီစာမူခတွေနဲ့ ကျွန်တော် ဆက်လက်ချီတက်လာခဲ့တာ အခု သုံးနှစ်မြောက် ဧပြီထဲထိရောက်လာ ခဲ့ပါ တယ်.. တစ်ခါတစ်လေတော့ ဘလော့မရေးချင်တော့လောက် အောင် စိတ်ပျက်ခဲ့ရတာမျိုးတွေ ရှိပါတယ် .. ကွန်မန့်ဆိုတာ အမြဲတမ်းအကောင်းတွေ မရနိုင်ပါဘူး.. ကွန်မန့်ထဲကနေ လာဆဲကြတဲ့ ချစ်ဖို့ကောင်းတဲ့ အမည်မသိ လူယဉ်ကျေးတွေ ရှိတတ်ပါတယ်.. မဆိုးပါဘူး.. အဲဒီလောက်ဆို ကျွန်တော် ရဲ့ ဆိုဒ်ကို လာရောက်လည်ပါတ်သူရှိသေးတယ်ပေါ့.. အင်တာနက် ကော်နက်ရှင်တွေက တဖြည်းဖြည်းပိုနှေးလာတယ်.. မီးတွေ က ပိုပျက်လာတယ်.. အပူချိန်တွေ ပိုတက်လာတယ် ပြီးတော့ လူငယ်တစ်ယောက်ရဲ့ လမ်းမတွေဟာ ပိုပြီး ပျက်စီးလာတယ်… ကျွန်တော် ရန်ကုန်မြို့ပေါ်မှာ ရှိတုန်းပါ အွန်လိုင်းပေါ်မှာ ကဗျာအတူရေးဖြစ်တဲ့ သူငယ်ချင်း တွေရှိလာတယ်… အပြင်မှာ ရန်ကုန်မြို့ပေါ်က ဘလော့ အတူရေးဖက် သူငယ်ချင်းတွေနဲ့ လည်း ထိစပ်လာတယ်.. ဒီနေ့အထိ ရန်ကုန်ကနေ ဘလော့ ရေးတဲ့ သူငယ်ချင်းတွေကို လည်း လေးစား ယုံကြည်ရင်း .. ကျွန်တော်လည်း နောက်ထပ်သုံးနှစ် ဘလော့ရေးဖြစ်နေဦးမှာလား … ကိုယ့်မေးခွန်းကို သက်ပြင်းရှည်တွေ နဲ့ ပြန်ဖြေရင်း..

အခု ဒီနေရာလေးမှာ ကျွန်တော်ရေးထားတဲ့ အက်ဆေးလေးတွေ အီးဘုတ်ခ် ဒေါင်းလုပ် ဆွဲလို့ရနိုင်ပါတယ်… သူငယ်ချင်းတွေ သင်္ကြန်းတွင်းဖတ်ဖို့ပါ.. ကိုသိုးထိန်းဒီဇိုင်းလုပ်ပေးပါတယ်…။
အားလုံးကိုကျေးဇူးတင်ပါတယ်..
မိုးလှိုင်ည

Monday, April 5, 2010

ပြိုကျသွားတဲ့ မနက်ဖြန်

ပြိုကျဖို့က စက္ကန့်ပိုင်းလေးပဲလိုတယ်
ငါတည်ဆောက်ခဲ့ရတာ တစ်ဘ၀စာ
အခုတော့ မင်းပြန်မရောက်လာတဲ့
ညနေခင်းတွေထဲ...
ငါဟာငေးနေကျလမ်းလေးကို
ဆွေးနေကျအဆွေးတွေနဲ့..
ငါစောင့်ဆိုင်းနေဆဲပါ... ။

အရင်လိုပါပဲ
ဂျင်းဘောင်းဘီအဟောင်းလေးနဲ့ကောင်လေးလေ
ဂျစ်တစ်တစ် ကန်တန်တန်...
မင်းပြောပြတဲ့ မနက်ဖြန်တွေကို
လက်ခါခါပြတတ်တယ်...။


အနုပညာမပါပဲ..လူရာမ၀င်ချင်ဘူး..
ဆင်းဆင်းရဲရဲနေမယ်
စိတ်ဓါတ်တွေမွဲခြောက်မနေရင်ပြီးတာပဲ
ညနေခင်းလေးကိုဆွဲထားတဲ့ ပန်းချီကားထဲက
နတ်သမီးလေးပျောက်သွားပြီ...


မင်းအတွက်ရင်မှာ တစ်နေရာစာကိုယ်ဦးထားတယ်
ဗဒင်သီချင်းလေးကိုခပ်တိုးတိုး ညည်းမိ
ပိုင်ရှင်မဲ့ နေရာလေးတဖြည်းဖြည်းဟောင်းသွားပြီး
သဲမုန်တိုင်းတွေကြောင့် တွန့်ကွေးသွားတဲ့လမ်းကလေးကနေ
ရင်ထဲက ရိုမန်တစ်အိမ်ကလေးဆီ
မင်းပြန်လျှောက်မလာနိုင်ခဲ့တော့...


နောက်ဆုံးစက္ကန့်မှာ ကောင်လေးက
စီးကရက်ကိုထိုးချေလိုက်တယ်...
ပြိုကျသွားခဲ့ရတာက တစ်ဘ၀စာလေ...။

မိုးလှိုင်ည

Saturday, April 3, 2010

သို့ဧပရယ်လ်

ဘ၀မှာ ကြုံခဲ့တဲ့ နှစ်တွေများများ
ဧပရယ်လ် ကိုရောက်ရင် ခံစားချက်တွေလှိုက်ဖိုသွားတယ်
ဧပရယ်လ်ဟာ နှလုံးသားကို အမြဲဖမ်းစားခဲ့


နှစ်သစ်ကူးမယ်...
မျော်လင့်ချက်စိတ်ကူးအသစ်နဲ့
ဧပရယ်လ်ရောက်တိုင်း ဘ၀ကိုအသစ်ပြန်ပြန်စချင်
မမြင်ရတဲ့ခွန်အားတွေနဲ့
ဧပရယ်လ်ဟာ ငါတို့အိပ်မက်တွေနုပျိုစေခဲ့


ငယ်ငယ်က ဧပရယ်လ်ကိုအမြဲလွမ်းတယ်
အသက်ကြီးလာတော့လည်း ဧပရယ်လ်ကို
ဘယ်တော့မှမမေ့ခဲ့ဘူး...
ဧပရယ်လ်ဟာ အမြဲတမ်းအမှတ်တရတွေနဲ့
ဧပရယ်လ်ဟာ.. ကမ္ဘာမြေရဲ့နေ့
ဧပရယ်လ်ဟာ... ကမ္ဘာကျန်းမာရေးနေ့


အဲဒီဧပရယ်လ်ထဲမှာပဲ..
ကမ္ဘာမြေရဲ့ ဥာဏ်ပညာအကြီးမားဆုံး
သိဒ္ဓတ္ထ မင်းသားကို
လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်က
ဖွားမြင်ခဲ့ဖူးတယ်...


ဧပရယ်လ်မှာပဲ ကမ္ဘောဒီးယား ထိုင်း
လာအို မြန်မာ အဲဒီလူမျိုးတွေ နှစ်သစ်ကူးတယ်


သူများပုံစံခွက်တွေထဲနေရတာ အဆင်မပြေပါဘူးလို့
ဟစ်ကြွေးနေတတ်ပြီး ကိုယ့်ပုံစံခွက်ထဲမှာကိုယ် မွန်းကြပ်နေတဲ့သူ။
(ရည်မွန်)
ဧပရယ်လ် ဘွန်းတွေဟာ
အဲဒီလိုလည်း နေထိုင်တွေးခေါ်တတ်ခဲ့တယ်..
မျှတတဲ့စိတ်ထားနဲ့ သိမ်မွေ့မှုပေါင်းစပ်ထားတဲ့
ဧပရယ်လ်


ယဉ်ကျေးတဲ့အပြုအမူနဲ့ ပျော်ရွှင်တတ်သူ ဧပရယ်လ်
အခု ဒီစာကြောင်းတွေကို
နယူးယောက်မြို့က မမီးငယ်
မလေးရှားမှ မချိုသက်
ရန်ကုန်မြို့ဝါးတန်းလမ်းက ကိုဇော်မျိုး
လှည်းတန်းမှ ရည်မွန်
သုဝဏမှ ကိုသူရကျော်
အလုံမှ အရုပ်ကလေး
ဖေ့ဘုတ်ခ်က ညီမလေး Tim Tam
ရန်ကုန်မြို့ပေါ်က သတင်းထောက်မလေး အိမ့်ခိုင်ဦး
တို့ကိုမွေးနေ့လက်ဆောင်ပေးခဲ့ချင်တယ်..
ပြီးတော့နှစ်စဉ်နှစ်တိုင်း
ပျော်ရွှင်မှုတွေနဲ့အတူ ငါတို့ ရင်ထဲကို အလည်လာပါ ဧပရယ်လ်


မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...