Pages

Tuesday, March 30, 2010

ကမ္ဘာကိုဖက်တွယ်ခြင်း

တချို့တွေက ပြတ်ရွေ့ကြောများလိုအုပ်စုဖွဲ့ မိုက်ကြေးခွဲလို့


တချို့တွေက တွန့်ခေါက်တောင်တန်းတွေအဖြစ်အုပ်စုဖွဲ့ တောင်းရမ်းစားသောက်လို့

တချို့တွေက လျှိုမြောင်ချိုင့်ဝှမ်းလို အရူးချီးပန်းလို့

တချို့တွေက အီကွေတာပေါ်မှာ အလေ့ကျပေါက်လို့

ပြောင်းလဲဖောက်ပြန်သူ ရာသီဥတုများနဲ့

စကတ်ပါးပါးအောက်မှာ ကမ္ဘာကြီးဟာ စွဲမက်ချင်စရာကောင်းနေတုန်းပဲ

ငါဟာ မင်းကို အင်ဘီလစ်ကယ်ကြိုးတစ်ချောင်းဘဝကတည်းက ချစ်ခဲ့ရတာပါကွာ

မင်းဂျီစထရင်းက ငါ့ကို ၂၃ ၁/၂ ဒီဂရီ နှာတင်းစေတာတော့ဝန်ခံမိပါရဲ့

(တဆက်တည်း မင်းနောက်ကြောင်းရှင်းမှန်းလည်း ငါရိပ်စားမိခဲ့ပေါ့)

အရှေ့အလယ်ပိုင်းရပ်ဝန်းက

ဟာလာဟင်းလင်း ရေနံတွင်းကိစ္စ ခဏခေါက်ထားလိုက်ပါဦး

တစ်နေ့တာ မင်းလည်ပတ်သမျှနဲ့ တစ်ဘဝလုံးမင်းတိမ်းစောင်းပြသမျှ

မင်းဘာသာတရားနဲ့ မင်းဘာသာစကားကို ဘယ်သူမှ နားမလည်ကြဘူး

မင်းက ဥတစ်လုံး၊ တစ်ကောင်ကြက်ဆိုတော့

ပေါ့စတစ်၊နဂ္ဂတစ် ခွဲခြားစီစစ်ရခက်တယ်မဟုတ်လား

မင်းဖက်ကထူးကဲဒီရေတက်ချိန်မှန်သမျှ

အနုမြူထိပ်ဖူးတတ် စွမ်းအားကြီးလက်နက်ကိုသုံးခွင့်မသာတော့

တောင်ပူစာတွေဖက် ငါ့တပ်တွေခြေဦးလှည့်ရရှာတာပဲ

တစ်ချက်တစ်ချက်လှစ်ဟသွားတဲ့နယ်ခြားမှတ်တိုင်မှာ နှုတ်ရေးနဲ့အနိုင်ရခဲ့အပြီး

မင်း ဆိုင်ကလုန်းကို လေရော မိုးရော စုပ်သွင်းမျိုချချင်နေခဲ့တာငါပဲ

ဆူနာမီတွေတစ်လုံးပြီးတစ်လုံး ဆုပ်ကိုင်ပွတ်သပ်နှစ်မြှုပ်ရင်း

မင်းငလျင်ကြောမှာ ငါဟာတောင့်တင်းမျောပါဆွဲယူသိမ်းပိုက်ခြင်းခံလိုက်ရပါပြီ

မင်းပင်လယ်အော်မှာ ငါမြူးထူးပျော်ပါးခဲ့သလောက်

မင်းပတ်လမ်းကြောင်းထဲ ငါ့“လ”ဟာ တစ်စီးပြီးတစ်စီး ချဉ်းနင်းဝင်ရောက်ခဲ့တော့

ချစ်သော ကမ္ဘာကြီးရေ…

မင်းမီးတောင်သေမှာ ခရေတွေပွင့်ပြီလား

ဒီမှာ ငါ့ချော်ရည်တွေ ပွက်ပွက်ဆူထနေကြပေါ့။




သိုးထိန်း (အန္တိမ)

၂ဝ၁ဝ မတ်လ ၂၉ရက်

Friday, March 26, 2010

ငါအသုံးမပြုတဲ့နေ့စွဲတွေ…

အဲဒီနေ့တွေမှာ ငါ့ကိုယ်ငါ အသုံးမပြုဘူး
ငါ့ယုံကြည်ချက်ကို အသုံးမပြုဘူး
ငါ့ ခံစားချက်ကို အသုံးမပြုဘူး
ငါ့ ပညာရေးကို အသုံးမပြုဘူး
ငါ့ ယဉ်ကျေးမှုကို အသုံးမပြုဘူး
ဘေးဖယ်ထုတ်ခံလိုက်ရတဲ့ င့ါတန်ဖိုးတွေ
ငါအသုံးမပြုတဲ့နေစွဲတွေဟာ
ငါ ကိုယ်လည်းပြန်အသုံးမပြုခဲ့ဘူး
ကိုယ့်ကိုယ်ကို သစ္စာ ဖောက်လိုက်ရတဲ့
အကြောင်းတရားတွေကတော့ အများကြီး
အဲဒီ့နေစွဲတွေဟာ
ဘယ်တောင်များနေလည်းလို့ရေတွက်ကြည့်တော့
ဒီဘ၀လုံးနီးနီးပဲ…
ဒီလိုပြုံးဖြီးဖြီးနဲ့ငါအသက်ရှင်ခဲ့တဲ့နေ့စွဲတွေကို
ငါပြန်ရှက်ခဲ့ရတယ်…။

မိုးလှိုင်ည

Thursday, March 25, 2010

love 2.0

ဆက်သွယ်စရာဆိုလို့
အဲဒီ့ Mail အကောင့်ထဲမှာ
မင်းတစ်ယောက်တည်းရှိတာ..

ငါကမနက်တိုင်း…
အစွဲအလန်းတွေနဲ့ mailတစ်စောင်တစ်လေ
လာမလားလို့ထစစ်တယ်..

Spamer တွေတောင်ရှာမတွေ့တဲ့
Email လိပ်စာကို မင်းမေ့နေလောက်ပါပြီ..။

မိုးလှိုင်ည

Wednesday, March 24, 2010

ငါတို့အားလုံးဟာ ချေ

ချေ ဦးထုပ်ကိုဆောင်းတယ်
ချေဂွေဗားယားတီရှပ်နဲ့
ချေ လိုစီးကရက်ကိုခဲလို့
ချေ လိုပဲ ကဗျာရွတ်တယ်…
ငါတို့လက်ထဲမှာက keyboard

ဒါဟာတော်လှန်ရေးလုပ်နေတာ…

ဆောင်းရာသီနန်းတော်ကိုသိမ်းပိုက်ဖို့
ရေတပ်သဘောင်္ပေါ်က အမြောက်သံ
ငါ့နားထဲ ခုထိတဆတ်ဆတ်ညံတုန်းပဲ

လွတ်လပ်ရေးကြေငြာစာတမ်းကို
ကွန်ဂရက်လွှတ်တော်က အတည်ပြုလိုက်တဲ့အထိ
မြောက်အမေရိကတိုက်မှာ
စစ္သေဘာၤတစ္စီးမွမရွိဘူး….

အဲဒီလိုနဲ့ ကမ္ဘာမှာတော်လှန်ရေးတွေရှိခဲ့တယ်…

`လူဆိုတာတော်လှန်ရေးလုပ်ရတယ်…
ဖိနှိပ်သူတွေကိုတွန်းလှန်တာဟာ တရားမျှတမှုပဲ…´
ဘာတစ္စတာရဲ့ အကျဉ်းထောင်ထဲမှာ
ဖီဒယ်ရဲ့ ရဲရဲတောက်စကား…။

`အနီးကပ်ဆုံးရန်သူကို ရှာပြီးတိုက်´
ရွှေတိဂုံခြေတော်ရင်းမှာ
သခင်အောင်ဆန်းရဲ့ ဂန္တ၀င်စကား
ငါတို့ကြားနာနေဆဲ

ဟနွိုင်းမှာပဲဖြစ်ဖြစ်
ပါရီမှာပဲဖြစ်ဖြစ်
တော်လှန်ရေးသမားဟာ
ဖိနှိပ်မှုတွေကိုတွန်းလှန်နေရမယ်လို့
ဟိုချီမင်းတွေးခဲ့သလို

အခုငါတို့
ငရဲပြည်အထိ အမြန်လမ်းမ
ဖောက်လုပ်ပြီးစီးသွားပြီ
နပိုလီယန်ကို
အဆင်းဘီးတပ်ပေးဖို့ပဲကျန်တော့တာ…။

မိုးလှိုင်ည

မနှစ်က မတ်လမှာ ရေးတဲ့ကဗျာလေးပါ အခုလည်း ပြန်ကြိုက်လို့ ပြန်တင်လိုက်တာပါ..။

Monday, March 22, 2010

ဘာကြောင့်မှန်းမသိတဲ့ ကဗျာ

ဘာကြောင့်မှန်းမသိပဲ သူမက သိသိနေတယ်
ဘာကြောင့်မှန်းမသိပဲ ကျွန်တော်က ကြည့်ကြည့်နေမိတယ်
ဘာကြောင့်မှန်းမသိပဲ သူမက ကျွန်တော်ကို ဘာကြောင့် သိသိနေတာလည်း
ဘာကြောင့်မှန်းမသိပဲ ကျွန်တော်က သူမကို ကြည့်ကြည့်နေရတာလည်း
သူမက ကျွန်တော်ကို သိသိနေတယ် ..
ကျွန်တော် အရွှဲ့တိုက်တတ်တာက အစ ကျွန်တော် အသားမည်းတာအဆုံး
ကောင်မလေးတွေကို ချိန်းချိန်းပြီး မတွေ့ရဲတာကအစ
သူမက သိသိနေတယ်..
သူမက ဘာကြောင့်သိသိနေတာလည်းဆိုတာကို ကျွန်တော်ဘာကြောင့်မသိရတာလည်း
သူမကို ကျွန်တော်က တစ်ချိန်လုံးလှမ်းကြည့်နေတာပဲ..
ပြီးတော့ ကျွန်တော်စိတ်တိုတတ်တာ ကျွန်တော် ပျော်ရွှင်တတ်တာ
ပြီးတော့ ကျွန်တော် ကဗျာရေးတာ.. ပြီးတော့ ကျွန်တော် စီးကရက်ကြိုက်တာ
ပလက်ဖောင်းပေါ်ခြေပစ်လက်ပစ်ထိုင် လမ်းလျှောက်နေတဲ့ လူတွေကိုငေး
ကျွန်တော်တွေးသမျှတွေကို သူမ ဘာကြောင့် သိသိနေတာလည်း
ကျွန်တော်ကတော့ အဆက်မပြတ်ကြည့်နေတာ.. သူမကို ဘာကြောင့်မသိတာလည်း
သူမကို ဘာကြောင့် မမြင်ရတာလည်း..
ကျွန်တော် အရိပ်လို သူမဟာ ကျွန်တော် အရိပ်မဟုတ်ခဲ့ပြန်ဘူး..ကျွန်တော်ကြည့်နေတယ်
အမှောင်ထဲကို သူမအကြောင်း သိမလားလို့..
ကျွန်တော်လည်း ဘာကြောင့်မှန်းမသိပဲ… သူမသိသိချင်လာတယ်..
သူမကျွန်တော်ကို ကြည့်မနေဘူးဆိုရင်..။

မိုးလှိုင်ည

Sunday, March 21, 2010

မီးတောင်တစ်လုံး အကြွင်းသုည ဘ၀ပြဇာတ်တစ်ပုဒ်

အိပ်မက်တွေကို အတောင်တပ်ပြီး
သက္ကရာဇ်တွေထဲပျံဝင်လာတာ ဘာတွေပါလည်း…
အဲဒါ လူတွေပေါ့…
ဒါမှမဟုတ် ငါတို့တစ်တွေလေ…
ရင်ဘတ်ထဲက potential တွေအရ
မီးတောင်တစ်လုံးလို လောင်ကျွမ်းခဲ့ရ
ဒဏ်ရာတွေ အန်ထုတ်ရတာ
လှပစွာနာကျင်နက်ရှိုင်းလို့….

ငယ်ငယ်က အိပ်မက်တွေထဲ
ပြန်မရောက်နိုင်တော့တဲ့အခါ
ငါ့သွေးကြောထဲက နွေရာသီကိုဖောက်ထုတ်ပစ်ခဲ့ရတယ်
အထီးကျန်ညနေစောင်းကို အလုပ်ချိန်နာရီအဟောင်းထဲ
စတေးပစ်ခဲ့ရဖူးတယ်…

တေလေမလေးရေ

ငါကိုယ်တိုင်လည်း
အေးအေးလူလူကော်ဖီပူပူတစ်ခွက်ကို
မသောက်နိုင်ခဲ့သူတစ်ယောက်ပေါ့…

ခံစားမူမရှိတဲ့ မော်နီတာတွေနဲ့ အလုပ်လုပ်နေရတဲ့
လူသားစက်ရုပ်တစ်ခုလို
မှောင်မည်းကျဉ်းကျပ်နေတဲ့အခန်းငယ်ထဲမှာ
လူမသိသူမသိ ကမ္ဘာကြီးကလည်းငါ့ကိုမသိဘူး

အငိုက်မိသွားတဲ့ရာစုနှစ်ထဲမှာ
စွန့်ပစ်ခံထားရတဲ့ဆော့ဝဲလ်တစ်ခုလို
ငါ့ရဲ့လူသားဆန်မှုတွေလည်းမေ့လျော့ခြင်းခံထားရတယ်
လူတွေဆာလောင်နေတာ ပိုက်ဆံဖြစ်ပြီး
ကောင်းကင်ဘုံက ၀ိညာဉ်ဖြူတွေကိုဆာလောင်လို့
ငါက အနုပညာကိုဆာလောင်တယ်
ချစ်ခြင်းမေတ္တာကိုဆာလောင်တယ်

အရင်ကတော့
ကျောက်ဆောင်တစ်ခုလိုလည်းအေးစက်ဖူးတယ်
သဲသောင်တစ်စလိုလည်း နူးညွှတ်ဖူးတယ်

အခု
သွေးဆာတဲ့ပင်လယ်ဟာငါ့ကိုတစ်စစီဖဲ့ခြွေ့ချတယ်…

ပြီးတော့
ပင်လယ်ထဲရောက်သွားတဲ့ မီးတောင်တစ်လုံးလို
ဘ၀မြေပုံအမှတ်အသားမှာ
အစက်အပြောက်လေးတစ်ခုတောင်တင်မထားချင်ပါဘူး…

ငါ့ကိုပေါ့ပေါ့ပါးပါး ရယ်မောလိုက်စမ်းပါ …..တေလေမလေး

ဘ၀ဆိုတာ
ရင်ထဲမှာ မုန်တိုင်းကိုယ်ဆီထည့်ဖွတ်ထားပြီး
ခက်ထန်ပြတ်လျှ
ငါတို့ကောဘယ်လိုလွတ်မြောက်ခွင့်ရမှာလည်း….

နတ်သမီးရဲ့ ရယ်သံအဆုံးမှာ
ကျိန်စာတွေ အားလုံးပျက်သုဉ်းမယ်ဆိုရင်
ငါ့အပေါ်ပုန်းလျှိုးကွယ်လျှိုး
တိုက်ခိုက်နေတဲ့လောကဓံတရားအပေါ်
အဃာတတွေအားလုံးဖျက်သိမ်းထားလိုက်ပါ့မယ်…

မနက်ဖြန်တွေဆီမှာတော့
ငါတို့ရဲ့အဓိပါယ်တွေရနိုင်စရာရှိသေးလား
ငါတို့ရဲ့ပျော်ရွှင်မှုတွေရနိုင်စရာရှိသေးလား
ကင်းဗတ်အဖြူတစ်စလို အနာဂါတ်ကို
ငါ့အတ္တတွေချမရေးချင်ပါဘူး…

ဖြူဖြူစင်စင်ချစ်ခဲ့တာတစ်ခုတည်းနဲ့
ငါက လေးတင်ဖို့ပျက်ကွက်ခဲ့သူပါ

ဘ၀ဟာ အကြွင်းသုညဆိုရင်တောင်
ငါမဆုံးရှုံးခဲ့ရပါဘူး….
တေလေမလေးရေ

မင်းကိုယ်တိုင်တင်ဆက်ခဲ့တဲ့ ဘ၀ကော
ငါကိုယ်တိုင်တင်ဆက်ခဲ့တဲ့ ဘ၀ပါ
ဒီဗီဒီ ဇာတ်ကားတစ်ချပ်လို
Replay ပြန်ကြည့်လို့မရတော့
ငါတို့ရဲ့ ဘ၀ပြဇာတ်တစ်ပုဒ်ဆိုတာ

နှစ်ကာလတွေထဲ
အရောင်လွင့်သွားတဲ့ အဖြူရောင်သက်သက်ရယ်ပါ….။

မိုးလှိုင်ည

Friday, March 19, 2010

ရုံးတော်ကအပြန်…

နှစ်ယောက်စလုံး တိတ်ဆိတ်မှုဆိုတဲ့
ချောက်ကမ်းပါး ထဲကျနေတယ်..
စားပွဲတစ်ခုခြားပြီး.. တစ်ယောက်နဲ့တစ်ယောက်
စစ်ပြင်လို့…
နင်လည်း ဘာထူးလည်း..
ခပ်ညံ့ညံ့လူတွေလို
ရသင့်ရထိုက်တာထက် ပိုလိုချင်နေတာပဲ
ရှင်ကကော ဘာထူးလည်း…
ပိုက်ဆံနဲ့မာနတရားကလွဲရင်
ဘယ်သူခံစားချက်ကိုထောက်ထားဖူးလဲ…
နင်ကပေါင်မုန့်အသိုးတစ်လုံးလို
အမှိုက်ပုံးနဲ့ပဲ တန်တဲ့မိန်းမ
ရှင်က ယင်ကောင်ကျသေနေတဲ့
ကော်ဖီတစ်ခွက်လို အိမ်ရှေ့မြောင်းထဲ
သွန်ပစ်ဖို့ကောင်းတဲ့ယောကျာင်္း
နှစ်ယောက်လုံး မေတ္တာတရားမပါပဲ
ပေါင်းသင်းနေထိုင်မိတာ
အဲဒီအစကတည်းက နှစ်ယောက်စလုံး
စမှားကြတာပဲ…
အခု နှမြောတသ နှစ်ကာလတွေ
လွန်ကုန်ပြီ…
နင့်ကော်ဖီဖိုးနင်ရှင်းလိုက်ပါ…
ငါစားတဲ့ပေါင်မုန့်ဖိုး ငါရှင်းလိုက်မယ်..
ငါဆီမှာ မိန်းမတစ်ယောက်အတွက်အပိုသုံးစရာပိုက်ဆံမရှိဘူး..
ရှင်အဲဒါပဲ မိန်းမတစ်ယောက်မရှိတာနဲ့
ပိုက်ဆံဆိုတာ မူးလို့ရှုစရာ မရှိဘူးမဟုတ်လား…!!!


မိုးလှိုင်ည

Thursday, March 18, 2010

သေဆုံးသွားတဲ့ နေ့တစ်နေ့

ဘာပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဖက်လုံး အပြည့်အ၀ လွှဲချော်ခွင့် ရှိနေတုန်း.. အဖြစ်အပျက်တွေကို ရေစုန် ရေဆန် ရှုမြင်ကြတာပဲ.. ဆုပ်ကိုင်ထားစရာ ကလည်း မှန်တယ်ထင်ရတဲ့ အကြောင်း ပြချက်ကိုယ်စီနဲ့… အချိန်မရွေး ရှုံးနိမ့်နာကျင်နိုင်တဲ့ ပေါက်ကွဲမှုတွေကြားမှာ … မရပ်မနားပြေးလွှားရင်း.. ငါတို့နှင်းဆီခင်းလေး ကျကျန်ခဲ့တယ်..။ လမ်းတွေဟာ ဆုံးစမရှိ ရတဲ့ အထဲ လက်ပြပြီးထားခဲ့ရတဲ့ အမှတ်အသားတွေ နည်းနည်းလေး တိမ်းစောင်းလိုက်ယုံနဲ့ လွဲချော် သွားနိုင်တဲ့ အခြေအနေ .. မသိနားမလည်ပဲ အမှတ်အသားတွေ ထားခဲ့တယ် အတိတ်
ငါတို့ ပြန်မရောက်နိုင်ကြတော့ဘူး.. .. ဒီလိုနဲ့ မှုန်ဝါးတဲ့ နေ့ရက်တွေလို ငါတို့ ၀တ်ဆင်ထားတဲ့ အရေပြားတွေလည်း ဟောင်းနွမ်းညစ်ပါတ်ကုန်ပြီ ယုံကြည်မျော်လင့်ချက် တွေ ချေးအထပ် ထပ်တင်ကျန်လို့… ဆားငွေ့တွေ ရိုက်ခတ်လောင်ကျွမ်း သွားတဲ့ ရွက်လှေအိုကြီးလို ပင်လယ်ထဲမှာ ပင်လယ်ကို တစ်စခြင်း နစ်မြုတ်ခဲ့ရတယ်… အိပ်မက်တွေဟာ ရိတ်သိမ်းလွန်
ယာခင်းအို ထဲ ရင့်ရော်ကြွေလွင့် ပြီးတဲ့နောက် …


ငါတို့ အတွက် အနောက်တောင် မုန်သုန်လေတွေ အသစ်ပြန်လည် မတိုက်ခတ်တော့ပါ။


ပျင်းရိပျင်းတွဲ မနက်ခင်းတွေ အဖွင့် အရင်လို လင်းလက် နေတဲ့ အာရုံတွေဟာ ငါ့ကို ပိုမို သွေးဆူလွယ် စေတာကလွဲလို့… ဘယ်လိုခံစားမှုမျိုးမှ မပံ့ပိုးနိုင်ဘူး…

ဒီထက်ပိုရှင်းပြလည်း ဒီထက်ပိုနားလည်နိုင် မယ့် အဓိပါယ်မျိုး မရှိပါ…။

ကြယ်စုတွေ ရဲ့ နာမည်ကို ငါမမှတ်မိတော့ဘူး ဒိုင်ယာရီကို ပြန်လှန်တော့
၂၈/ စနေနေ့ … ဆီထည့်မောင်းသည် … သုံးမိုင်ခွဲ
သီချင်းသံက ထပ်ကျော့နေတယ်…


ဒီထက်ပို တွက်ချက်လည်း ဒီအဖြေပဲ ထွက်လာမှာ…
အစားအစာတွေ အားလုံး သိုဝှက်ထားခံရတဲ့အချိန် ဗုံးလည်းကြဲတယ် ဘီစကွတ်လည်း ကြဲတယ်….
အဲဒီ ကဘာကြီးနဲ့ တစ်စားပွဲတည်း ထိုင်ခဲ့ဖူးတာပဲ…
မျက်လုံးထောင့်စွန်းက တိမ်တွေ ရွေ့နေတယ်..
ဒီတောင်ကိုကျော်ရင်တော့ သူတို့လည်း ညှို့မှောင်ပြီး ပြုတ်ကျလာမှာ…
အခုကြိုတင်ပြောပြထားလည်း ကိုယ့်ဘက်ကအလွန်ဖြစ်နေမှာ..
မနက်ကတည်းက မတွေးရသေးတဲ့ စာပိုဒ်ကို ထပ်တွေးတယ်
ကျမ်းစာဟာ ထင်ထားတာထက် သစ်လွင်တုံးပဲ..
အဓိပါယ်ဖော်မရတာတွေကို မနက်ဖြန်အထိ ခေါ်လာခဲ့တယ်
ဒီဂိမ်းက အသက်ရှင်နေတုန်း ကစားရင်ပျင်းစရာကြီး..
နောက်ဆုံးသောက်ခဲ့တဲ့ခွက်ထဲမှာ လက်ကျန်အရက်တွေ ပြန်ပြည့်နေတယ်
နောက်ဆုံး ထားခဲ့တဲ့ရက်မှာ လက်ကျန်ရက်တွေ ပြန်ပြည့်နေတယ်…
အခုတော့ ဘယ်နေရာမှာဖြစ်ဖြစ် အရင်လိုနေလို့ မကောင်းတော့ဘူး
မနက်ဖြန်ရောက်တော့ မနက်ဖြန်နဲ့အတူ သူနဲ့တူတဲ့တစ်ယောက် နိုးထလာဦးမယ်…
သူကတော့ အိပ်ခန်းထဲမှာ နေ့တစ်နေ့ကို အဆုံးစီရင်နေတာ နှစ်နှစ်ခြိုက်ခြိုက်….။


မိုးလှိုင်ည

သောကြာနေ့ညနေများ

ကျွန်တော့် အလွမ်းတွေက တကူးတကနဲ့
လှမ်းလျှောက်သွားလို့မရနိုင်တဲ့
ဟောဟိုက
ကျဲကျဲတောက် နွေရာသီထဲမှာ (99)

သစ်ခြောက်ပင်တွေက ပိုလို့အိုစာတယ်
တံလျှပ်တွေကလည်း..
တငွေ့ငွေ့လှိုင်လို့...
မွေးရပ်မြေကိုပြန်ချင်တဲ့စိတ်ကူးတွေ
ယိုင်နဲ့နေဆဲလေ…

မေတ္တာတရားတွေရဲ့
Soft power ရနံ့ ကွန်ကရစ်ထုထည်ဆီတွေက
မရနိုင်ဘူးလေ..
အနေတွေဝေးပြီးမှ သွေးတောင်းတဲ့
အလွမ်းတွေနဲ့…
ကျွန်တော် အခု တစ်ဘ၀စာနွေရာသီရဲ့
ဗဟိုချက်ထဲရောက်နေတယ်

ရင်ထဲကို အပူဟပ်ရင်
ဘယ်လိုအေးမြမှုနဲ့ကာကွယ်ရမလည်း
အဲယားကွန်းခန်းထဲမှာ မွန်းကျပ်ဖူးတယ်
အိပ်မက်တစ်ဆုံးလှမ်းတွေးရင်တောင်
ငယ်ဘ၀က ယူဇနာတစ်ထောင်ဝေးသွားပြီ…

ကျွန်တော်ရောက်တဲ့နေရာက လှည့်ပြန်ပါမယ်
အိမ်ပြန်လမ်းပေါ်မှာ
ကျွန်တော်ငယ်ငယ်ကလို မပျော်တာတော့
ဝန်ခံခဲ့ရတယ်… အမေ..။


မိုးလှိုင်ည

Monday, March 15, 2010

သူခုန်ထွက်သွားတဲ့ ဇွန်းကိုမဆေးမိလိုက်ဘူး

ဘူးသီးဟင်းချိုသောက်နေရင်း ကုန်ခါနီးမှ ငါးလေးတစ်ကောင် ဇွန်းပေါ်မှာ ပါလာတယ်။


အံသြလို့မကုန်နိုင်အောင် ထိုငါးလေးက အသက်ရှင်နေတယ်။ ထပ်ကာအံသြဖို့မကုန်နိုင်အောင် သူ့စကားတွေက ထူးဆန်း တယ်။ တကယ်တော့ ငါးမျှားချိတ်က တီကောင်နဲ့ သဘာဝတီကောင်ကို မခွဲခြားနိုင်လောက်အောင် ပိန်းတဲ့ ငါးမျိုးသူတို့လော ကမှာ မရှိဘူးတဲ့။ သူရဲကောင်း ငါးတွေသာ ငါးမျှားချိတ်က အစာကိုဟပ်ရဲတယ်တဲ့။ သူရဲဘောကြောင်တဲ့ ငါးတွေကတော့ ရေနက်ထဲတိုးဝင်လို့ လူတွေမမြင်နိုင်အောင် ရွံနွံထဲမှာ ပုန်းကွယ်ကြတယ်။ ဟောဒီလို လူကြီးမင်းတို့ ဇွန်းပေါ်မှာ အလုံးအထည် မပျက်ရှိနေတဲ့ ငါးမျိုးကတော့ သူတို့လောကမှာ ရှားပါးပါတဲ့။ တကယ့်ကို သမိုင်းဝင်ငါးသူရဲကောင်းပါတဲ့။ မျိုးဆက်တိုင်း မျိုးဆက်တိုင်း တို့ရဲ့ငါးမျိုးတွေက သူ့ကို ဦးညွတ်နေလိမ့်မယ်တဲ့။ ငါးမျှားချိတ်ကြီး ရှိမုန်းသိသိနဲ့ တီကောင်ကြီးကို အားရပါးရ ဟပ်လိုက်လို့ အာခေါင်ကြီးပေါက်ပြီး သွေးတွေဖျန်းကနဲ ထွက်သွားပုံမျိုး ခင်ဗျားမြင်ယောင်ကြည့်စမ်းပါတဲ့။ ခံစားကြည့်စမ်းပါ။ လူသားတွေရဲ့ ကြောက်ရွံမှုတွေကိုတော့ သူတို့အံသြမိပါတယ်တဲ့။ သူများရဲ့အသားလည်း စားသေးတယ်။ ဘာမဟုတ်တဲ့ အသားစလေး တစ်စလောက်ညှပ်ကျန်ခဲ့မှာစိုးရိမ်ပြီး တုတ်နဲ့ အတင်းရှာကလော်ထုတ်နေရတာမျိုးဟာ သူတို့အတွက်တွေးမိ လိုက်တိုင်း ဧရာမ ပြတ်လုံးကြီးပဲတဲ့။ သူတို့လိုပဲ အစားတစ်လုတ်အတွက် အာခေါင်ကြီးပေါက်ထွက်ရဲ့တဲ့ သတ္တိမျိုးရှိအောင် ကြိုးစားကြပါတဲ့။ အခုခင်ဗျားကျွန်တော့်ကို စားပြီးရင် အရိုးတွေ ထွေးထုတ်လိုက်ပါဦးဆိုပြီး ရယ်ရယ်မောမောနဲ့ကျွန်တော့် ပါးစပ်ထဲ ခုန်ဝင်သွားတယ်။


အဲ့ဒီ့နေ့က သူခုန်ထွက်သွားတဲ့ ဇွန်းကိုမဆေးမိလိုက်ဘူး။


မြေမှုန်လွင်

Saturday, March 13, 2010

မိုဂါဒစ်ရှုး

တစ်ချိန်တုန်းကတော့ ခမ်းခမ်းနားနား...
အခုတော့ ဆန်းဆန်းပြားပြာလက်နှက်တွေအောက်မှာ
ပြားပြားဝပ်
အီတလီ အနုပညာနဲ့ အဆောက်အဦးတွေမှာ
ရုရှားလုပ် ဗုံးဒဏ်ကြောင့် ဒဏ်ရာတွေနဲ့
အာရပ်စကားပြောချင်ပြော ဆိုမာလီစကားဆိုချင်ဆို
အမ်16 လွယ်ထား အက်ရှနီကော့ ရိုင်ဖယ်ကိုလက်ကမချနဲ့
အဆိုးမြင်သမားတွေပြောသလို
`ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းချက်တွေဟာ အလကားပဲ´
မိုဂါဒစ်ရှုးက သက်သေပြတယ်...
ကျွန်တော်တို့ ဘယ်မှထွက်မသွားချင်ဘူး
ကိုယ့်နိုင်ငံထဲမှာပဲ ကိုယ်နေချင်တယ်..
ငြိမ်းချမ်းရေးကိုစောင့်နေတာ ဆယ့်ရှစ်နှစ်ရှိပြီ
လက်နှက်ကိုင်တပ်ဖွဲ့တွေထဲ ပါသွားတဲ့လူငယ်တွေက
ဘယ်တော့မှ အိမ်ပြန်မလာတော့ဘူး...
ကျွန်တော့်သားကိုတော့ ပင်လယ်ထဲမှာပဲ ငါးမျှားခိုင်းထားပါတယ်
တံငါသည်ပေါ့.. ဈေးမှာသွားရောင်းရင်
သူ့ငါးတွေ တစ်နေ့ နှစ်ဒေါ်လာလောက်ရတယ်
မိသားစုခြောက်ယောက်... လောက်ပါတယ်ဗျာ
ဂျိုင်းထောက်က ပဋိပက္ခတွေက ပေးထားတဲ့လက်ဆောင်
ကမ္ဘာကြီးက ဒီနေရာကို အဆိုးဆုံးအဖြစ်အပျက်တွေ
ဖြစ်ခွင့်ပြုထားတယ်..
ပင်လယ်ဓားမြတွေ၊ ဂျီဟက်တွေ၊ အကြမ်းဖက်သမားတွေ
မျိုးနွယ်စု ပဋိပက္ခတွေ...
အာဖရိက တစ်တိုက်လုံးကို မိုဂါဒစ်ရှုးက
ယဉ်ကျေးမှုတွေ တင်ပို့ဖူးတယ်ဆိုတဲ့ရာဇ၀င်ကို
မပြောဖြစ်တော့ဘူး...
ဘုရားသခင်အားလုံးရဲ့အလိုတော်ကျအတိုင်းပဲ..
အဲဒီစကားကို မိုဂါဒစ်ရှုးနဲ့ ပက်သက်လို့ အားလုံးရေရွှတ်ကြတယ်
လူအဖွဲ့စည်းက လူအဖွဲ့အစည်းကို
ကယ်တင်ဖို့ အမြဲတမ်းနှောင့်နှေးနေရ
နောက်ဆုံးတော့ ဆိုးကျိုးတွေတလှည့်ပြန်လာခဲ့တယ်
ကမ္ဘာကြီးဟာ မိုဂါဒစ်ရှုးရဲ့ ငြိမ်းချမ်းရေးကိုပြန်ပေးဆွဲထားခဲ့တာကြာပြီပဲ...။


မိုးလှိုင်ည

နောက်ဆုံးအချိန်ထိ မြန်မာသဘောင်္သား ၂၁ ယောက်ပါတဲ့ နော်ဝေသဘောင်္ကို ဆိုမာလီပင်လယ်ဓားမြတွေ ပြန်ပေးဆွဲခံထားရတယ်။

Friday, March 12, 2010

မြကြေးမုံ ၀ါကျများ


(ကိုယ်ရေးကိုယ်တာတောင်ပံများ(၃)

ငါလိမ့်ကျခဲ့ရာ ဆင်ခြေလျောများ
ငါလဲကျခဲ့ရာ ကြိုးဝိုင်းကြမ်းပြင်များ
ငါ့ကိုမြှပ်နှံခဲ့ရာ နှစ်ကာလမြေပုံမို့မို့များ

တရားအလွန်တဘူတာမှာ
တရားဟာ တရားကိုမစောင့်တော့ဘူး
တရားဟာ ခင်ဗျားကိုလည်းမစောင့်တော့ဘူး
သူ့တရားနဲ့သူ
သွားနှင့်ပြီ

လောကစွန့်စားခန်းတွေကြား
အသည်းတအေးအေး ရင်တယားယား
တခါတလေတော့
ဘ၀ဟာ ဂျိန်းစဘွန်းဇာတ်ကားပဲ
အခန့်မသင့်တဲ့အခါ
အိပ်ရာထဲ သူလျိုမယ်လေးတွေထံက
သေမင်းတမန်ကျည်ဆံတွေလည်း
လက်ဆောင်ရတတ်ပါသေးရဲ့

ကဗျာက ငါ့ထမင်းလုပ်ကို ပုတ်ချတယ်
ဘ၀က မ ဘက်လိုက်လွန်းတယ်

ကမ္ဘာပြင်ရမယ့် အရွယ် မဟုတ်ဘူး
ကမ္ဘာအပြင်ထွက်နေရမယ့် အရွယ်

ပါတီထောင်ရမယ့် အချိန်မဟုတ်ဘူး
လူမိုက်ဂိုဏ်းထောင်ရတော့မယ့် အချိန်

ပြည်ပုပ်တွေကြောင့်
ပြည်နာတယ်

သမိုင်းဘက်သွားမှာလား
သမိုင်းလမ်းဆုံရောက်ပြီ
ဆင်းတော့………….

ခုလိုမျိုး
ညီအကိုမသိတသိ နွားရိုင်းသွင်းချိန်
ငါနမ်းလိုတာလည်း
မင်းပါးပြင်မဟုတ်ခဲ့
မြကြေးမုံရေ….
ငါနမ်းလိုရဲ့
အမိမြေရဲ့သဲတဆုပ်သာ
ငါနမ်းလိုက်ပါရစမ်းစေကွယ်

တောင်ပေါ်မိုးကြမ်းတွေအောက်မှာ
ငါ့ဆံပင်တွေကို ငါလွမ်းတဲ့အခါ
တာဝါလိန်းလမ်းမှာ မင်းပျော်ပါ

ဘ၀မှာ
စစ်မျက်နှာတွေများခဲ့တယ်
ညီမလေးရယ်
ဟုတ်တယ်
ကိုယ်ကြားဖူးတယ်
..ဟက်ပီး..ဆိုတာ
ခွေးလေးတကောင်ရဲ့နာမည်။ ။


ကိုသစ်ကောင်းအိမ်
(၄၊ ၁၀၊ ၂၀၀၆)

Wednesday, March 10, 2010

မြေနှစ်ကိုက်

သုံးပေ တစ်ကိုက်ဆိုတော့

နှစ်ကိုက်စာလောက် ငါ့ကို မြေနေရာ

ကျယ်ကျယ်လေး ပေးစမ်းပါ..

လူတစ်ယောက်မှာ မြေဘယ်လောက်လိုမလည်း

နေမ၀င်ခင် ထိတော့ လျှောက်မိသမျှ ကိုယ်ပိုင်မယ်

တွေးသလို..

ငါကို.. ဘယ်ခေါ်သွားနေတာလည်း..

ဒီထက်မြန်မြန်သွားလည်း ဒီထက်ဝေးဝေးမရောက်ဘူး..

လူတစ်ယောက်မှာ ငွေဘယ်လောက်လိုမလည်း..

ကာလတန်ကြေးတွေနဲတောင်

ဘယ်လိုမှအရောင်းအ၀ယ်မဖြစ်ဘူး..

အိမ်အပြင်မှာ အကုန်ဈေးကျတယ်

အိမ်ထဲမှာ လူတွေအကုန်ကျဈေးမိ

အရောင်းထိုင်းတဲ့နေ့တွေမှာ…

ကိုယ်ပိုင်အကျပ်အတည်းတွေပြိုင်နေကြတာနဲ့…

အခုမြေယာတွေလည်း ရှားသွားပြီ

ရေတွက်စရာ ငွေကြေးလည်းပါးသွားပြီ…

မသိလိုက်မသိဘာသာ

ငါလည်းဘာကြာတော့မှမို့..

အလွန်ဆုံးခံသုံးလပေါ့..

ဘာဆေးမှမတိုးတာကိုက ကုသိုလ်ထူးလိုလို ဘာလိုလို

ဝေဒနာတစ်ခုအပြီးမှာ နောက်ထပ်

ဝေဒနာတစ်ခုဆက်တယ်

ငယ်ငယ်ကလို အသက်ရှုမ၀တော့ဘူး…

အဆုတ်တစ်ဖက်ကျွမ်းသွားပြီ..

လေတွေကအသက်ရှုရပ်လို့..

မြေနှစ်ကိုက်လောက် ငါ့ကိုပေးပါ..

နားအေးပါးအေး လဲလျောင်းချင်လို့…။


မိုးလှိုင်ည

Monday, March 8, 2010

မကံ့ကော်…

မြူခိုးတွေ မဝေတော့ဘူး မကံ့ကော်..

ကျွန်တော်ငယ်ငယ်က ရေးခဲ့သလို.. ခံစားချက်တွေဘေးဖယ်ပြီး လိုက်လျောညီထွေနေတတ်

ခဲ့ရမှုတွေက ကျွန်တော်တို့ကို ပြန်လည် မမွေးဖွားပေးနိုင်တော့ဘူး မကံ့ကော်လည်း ဆောင်းနှောင်းတွေ

တစ်ခေတ်ပြီးတစ်ခေတ် ကျော်ခဲ့ပြီ.. ကလေးတွေလည်း ကြီးထွားလာကြပြီ

သစ်ပင်တွေလည်း မရှိကြတော့ဘူး.. မျော်လင့်ချက်က ရေကြည်မျက်နုရာအရှာထွက်.. အိပ်မက်တွေက ငယ်ငယ်က အိမ်ကျဉ်းကျဉ်းလေးမှာ အသက်ရှုကျပ်နေတုန်း.. မကံ့ကော်

အိမ်မပြန်ဖြစ်တဲ့ သက္ကရ်ဇ်တွေထဲ မကံ့ကော်ကို အသေအချာလွမ်းရဲခဲ့ပါတယ်…။

ဒါပေမယ်… မကံ့ကော်ရယ်….

ကမ္ဘာပျက်တဲ့ ဇာတ်ကားတွေ ခဏခဏကြည့်ရတယ်…

ကမ္ဘာပျက်မယ့် စာသားတွေ ခဏခဏဖတ်ရတယ်…

မကံ့ကော် ကျွန်တော် တို့ နှစ်ယောက် ကမ္ဘာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းက ပျက်ပြီးပြီ.။

ဘ၀ဟာ ရယ်စရာပဲနော်… ကျွန်တော်တို့ မရယ်မောဖြစ်ခဲ့ပါဘူး..။

မြူခိုးတွေ မဝေတော့ဘူး မကံ့ကော် လေတိုက်နှုန်းတွေလည်း ပိုပြင်းထန်တယ်…။

ကျွန်တော့် ရင်ခုန်သံနဲ့ ဟောဒီကမ္ဘာကြီးများ ချိတ်ဆက် ထားသလားလို့..

အရင်လိုတော့ မကံ့ကော်ကို လွမ်းနေတယ်..။


မိုးလှိုင်ည

Saturday, March 6, 2010

ရန်ကုန်မြို့ ရဲ့ စကားထာများ

စိန်ပန်းတွေ အတုံးအရုံး
ကားဟွန်းသံတွေ အလဲလဲအကွဲကွဲနဲ့ 
စီးထားတဲ့ဖိနပ်က ကင်ဆာရောဂါအမြစ်တွယ်လာတယ်။


ရောမရောက်ရင် ရောမလိုကျင့်ရမယ်
ရန်ကုန်ရောက်ရင် ရန်ကုန်လိုကျင့်ရမယ်
တစ်ခါသုံးဘာသာဗေဒ၊
တစ်ခါသုံးဆေးထိုးအပ်၊
တစ်ခါသုံးချစ်မေတ္တာ၊
တကယ်ဆို ကားကြားယာဉ်ကြားမှာ
မြို့ ပြရဲ့ အသည်းကွဲခြင်းဓလေ့က
မီးတောက်အရက်လောက် မပြင်းဘူး။


မိန်းမလှလေးတွေ စိတ်ကောက်တာ
သိပ်ကြောက်ဖို့ ကောင်းတယ်။


ပလက်ဖေါင်းဘေးက ကဖီးဆိုင်လေးထဲမှာ
အခြေခံလူတန်းစားကို ကိုယ်စားပြုတဲ့
ရေနွေးကရားလေး ငိုင်လို့ ၊
လမ်းတွေအုပ်စုဖွဲ့ ပျံနေကြတဲ့ နယ်မြေဟာ
လူငယ်တစ်ယောက်ရဲ့ ဗီဇကို
ဓါတုဆိုးဆေးတွေနဲ့  ပြုစားတယ်။


ကိုယ်က
၄၈ ဘတ်စ်ကားတိုးစီးတဲ့
ရေကြောင်းအင်ဂျင်နီယာကျောင်းသား၊
အမှားလက္ခဏာတွေကို လွယ်အိတ်ထဲထည့်ထားတဲ့လူ။


သူမက
နောက်ဆုံးပေါ်ကားနဲ့ 
ကျောင်းသွားတဲ့ မင်းကြိုက်စိုးကြိုက်။


ငွေကြေးရဲ့ လိုအပ်ချက်က
လူငယ်ဘ၀ရဲ့ အိပ်မက်ကို
ကားနဲ့ တိုက်သတ်သလိုပဲ။


ဆလိုက်မီးတွေက
ကာလာစုံခြယ်ထားတဲ့ ခြေသည်းလှလှလေးတွေလို
မြို့ ပြရဲ့ ပြူတင်းကို ကိုယ်စားပြုတယ်။


တကယ်ဆို
သံယောဇဉ်ထူထူထဲထဲနဲ့ 
ဂျင်းဘောင်းဘီဝတ်ရတာ အဆင်မပြေလှဘူး၊
နိယာမဆိုတာ
ကွန်ကရစ်လမ်းမကြီးလောက်မှ
မဖြောင့်ဖြူးတာ။


မိန်းမလှလေးတွေ
စိတ်ကောက်ရင် သိပ်ကြောက်ဖို့ ကောင်းတယ်၊
နောက်နောင်
ညနက်နက်ထဲ ပိတ်မိပြီး မမှောင်ရအောင်
အိပ်ဆေးတစ်ထုပ်ဆောင်ထားတော့မယ်။


ကားကြား ယာဉ်ကြားထဲ
အတိတ်နဲ့ လူနဲ့ လည်း မကွဲလှပါဘူး။

Wednesday, March 3, 2010

နောက်ဆုံးအခွင့်

အမေ့ရဲ့ မျက်ရည်တွေအောက်မှာ
ကျွန်တော်ကြောက်တဲ့ လောကဓံရှိတယ်....
ဆန္ဒတွေ ရင်ကြားစေ့ဖို့ ကျွန်တော် ခရီးတွေထွက်ရလိမ့်မယ်
လောဘတွေ မဆုံးနိုင်သေးတော့
၃၁-ဘုံမှာ လူးလာခေါက်ပြန်
အိပ်မက်တွေက ရိုမန်တစ်ဆန်တယ်....။
ကျွန်တော်သိတဲ့ အကြောင်းအရာများစွာထဲက
အမေ့အပေါ် ကျွန်တော်မကောင်းတဲ့အကြောင်း
ကျွန်တော့်ကိုယ် ကျွန်တော် ကောင်းကောင်းသိတယ်....
အမေ့ရဲ့ နို့ရည်စွမ်းအားနဲ့
ကမ္ဘာမြေကြီးကို ထမ်းပိုးထားတဲ့ တစ်နေ့မှာပဲ
ကြွေးဟောင်းတွေ အလီလီထပ်နေတဲ့
သားမိုက်တစ်ယောက်ရဲ့ အပြန်လမ်းဟာ
မောပန်းနေတဲ့ အမေ့အတွက်
သီတာရေကြည် မဖြစ်ထိုက်တော့
အခုသား အမေ့ရှေ့မှာ လက်ပိုက်နေပြီ
သားကို ရိုက်ပါအမေ....။

မိုးလှိုင်ည

Monday, March 1, 2010

ဘဝ

နေတွေ တစ်စင်းပြီးတစ်စင်း
ကျွန်တော့်ခေါင်းပေါ်က ဖြတ်ပျံသွားကြတယ်
လမ်းမှားတဲ့မြေပုံနဲ့တော့
ကောင်းကင်မှာ လက်လက်ထနေတဲ့
ကြယ်တွေကို ရမှာမဟုတ်ဘူး
အရှုးအမှုး ထွန်ယက်ဖူးတဲ့ ကန္တာရတစ်ခင်းကို
ရေမလောင်း ပေါင်းမသင်နဲ့
ကိုယ့်ကိုကိုယ်လည်း မပြုပြင်ချင်တော့
လမ်းဟောင်းတွေ ဗွက်ထနေလို့
ကံတရားကို အယုံအကြည်မဲ့ပေမယ့်
ဆူးခြုံတွေရှိတဲ့လမ်းက သွားရတော့မယ်
ဘ၀က အရာရာနောက်ကျပြီးသားလေ
ပန်းတိုင်ကို ပျပျလေး မြင်ရပြီးတဲ့နောက်
ဝေဒနာသိပေမဲ့ ဆေးမှားစားခဲ့မိပြန်ပြီ
ကျွမ်းတမြေ့မြေ့ တက်တခေါက်ခေါက်
အခုမှတော့ မကြောက်ပါဘူး…။


မိုးလှိုင်ည