Saturday, February 27, 2010

ပေတစ်ရာ

အရည်ပျော်မတတ်လည်း
ပူလောင်ပြင်းပြလောင်မြိုက်
ဘယ်လိုမှမနာကျင်တော့လောက်အောင်လည်း
ထုံကျင်အေးစက် တောင့်ခဲ
ယာဉ်အမျိုးမျိုးဖြတ်သန်းသွားလာခွင့်ကလွဲလို့
ဒီထက်ပိုပြီးလည်း
သဘောထားမကြီးနိုင်ဘူး....


မိုးလှိုင်ည

Friday, February 26, 2010

ငှက်ကလေးရေ…


မင်းကတော့အိပ်မက်အသစ်ဆီ
ပျံသန်းသွားခဲ့ပြီ….
ငါကတော့ အရင်လိုမာနတွေနဲ့
လမ်းပေါ်မှာ ကျောပိုးအိတ်တစ်လုံးလွယ်ရင်း....

အဲဒီလွယ်အိတ်ထဲမှာ
မိုးရာသီအတိတ်တစ်ခုပါတယ်…
စိတ်လိုလက်ရ ညနေတစ်ချို့မှာ
အဲဒီမိုးရာသီကို
ငါ့နှလုံးသားပေါ်ပြန်လည်သွန်ချရင်း
ကြိုးပြတ်လာတဲ့စွန်တစ်ကောင်ကို
ကတ္တရာလမ်းပေါ်ပြေးကောက်တဲ့
ကလေးတစ်ယောက်ရဲ့စိတ်လှုပ်ရှားမှုမျိုးနဲ့
ငါမင်းကို ချစ်ခဲ့တာ….

ငှက်ကလေး
ကောင်းကင်အသစ်မှာ
မုန်တိုင်းအသစ်တွေထပ်မမိပါစေနဲ့
မင်းနားခိုဖို့နေနေသာသာ
ငါကိုယ်တိုင်လေထန်မြစ်တွေချည်း
ဆန်တက်နေရတုန်း….
တစ်ခါတစ်လေတော့
လရောင်တွေစိုစွတ်နေတဲ့လမ်းကလေးပေါ်မှာ
တိုနှစ်ယောက်သိပ်သိပ်သည်းသည်း
ချစ်ခဲ့မိတဲ့အကြောင်း…
အတိတ်လို့ဆိုခဲ့ရင်တောင်
ငါ့ရင်ဘတ်ထဲမှာဘယ်တော့မှမဟောင်းဘူး….။


မိုးလှိုင်ည

ရန်ကုန်မြို့လေး

မြရေကြည် စိမ့်စမ်းနဲ့
စိမ်းဆတ်ဆတ်တောတန်းသွယ်
မြူခိုးထ ရှုမ၀တဲ့မြင်ကွင်း
ကြည့်လေရာ မျက်စိအေးလို့
တမ်းတတ လွမ်းရအောင်ကလဲ
ကျောပြောင်ပြောင် ကတ္တရာမှောင်မှောင်နဲ့သာ
ကျင့်သားရနေတဲ့ ကျွန်မကတော့ ရန်ကုန်သူပေါ့ …


ကျွန်မတို့မြို့မှာ
မမြင်ရတဲ့ ကိုယ်ချင်းစာတရားတွေရှိတယ်
အသုံးမ၀င်တော့တဲ့ အမှန်တရားတွေရှိတယ်
ခေါက်သိမ်းထားတဲ့ သမာသမတ်ကျမှုတွေရှိတယ်
ရွာမကျနိုင်တော့တဲ့ မျက်ရည်မိုးပေါက်တွေရှိတယ်
ဗူးအကြီးကြီးတွေနဲ့ထည့်သိမ်းထားတဲ့
သိက္ခာခပ်သေးသေးတွေရှိတယ် …


ကျွန်မတို့မြို့မှာ
မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်တဲ့ ဓလေ့စရိုက်တွေရှိတယ်
ထင်ပေါ်ကျော်ကြားတဲ့ အနိုင်ကျင့်ခြင်းတွေရှိတယ်
လည်ရင်လည်သလို လုပ်စားကြတဲ့
ကတုံးပေါ်ထိပ်ကွက်သူတွေရှိသလို
သူခိုးလက်က သူဝှက်လုတာတွေလဲ ဒုနဲ့ဒေး


ကျွန်မတို့မြို့မှာ
ကိရိယာစုံလင်တဲ့ ဆေးခန်းကြီးတွေရှိတယ်
ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေရှိတယ်
ဝန်ဆောင်မှုတွေဆိုတာကလဲ ပေါမှပေါ
စေတနာကတော့ အသပြာမရှိရင် နတ္ထိပဲ


ကျွန်မတို့မြို့မှာ
ထူးချွန်တိုးတက်ချင်တဲ့လူငယ်တွေရှိတယ်
သူတို့တွေထိုင်ဖို့ လက္ဘက်ရည်ဆိုင်တွေလည်းရှိတယ် …
အလုပ်အကြောင်းဆွေးနွေးဖို့ ဘီယာဆိုင်တွေလဲရှိတယ် …
မိန်းကလေးအချို့ အလုပ်မရှားဖို့
စင်တင်ဖျော်ဖြေပွဲတွေတောင်ပါလိုက်သေးရဲ့ ….


ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကတော့
မြို့လေးကိုချစ်တုန်း သံယောဇဉ်ဖြစ်တုန်း
ခွဲခွာချင်သူတွေနဲ့ဆုံတိုင်း မြို့လေးကိုယ်စား
နှမြောတသတုန်း ……

အမှန်တရားရဲ့ ဖြားရောင်းမှု

အဲဒီ မြင်နိုင်ခက်တဲ့ ကြယ်ကြီးပေါ့ ငါ့ကိုဖြားရောင်း
ငါကလည်း ဒီလိုမျိုးဆို...
အထီးကျန် အလင်းတွေ တထောင်းထောင်းနဲ့...


``ဟောင်းသွားပြီလား
ဟောင်းနွမ်းပြီလား
ဟိုအရင်ငါနဲ့ မင်းအချစ်
ဂန္ဓ၀င် ကဗျာတစ်ပုဒ်
အခမ်းနားဆုံး သီချင်းရယ်´´


ခုတော့ အဆို အငို တိတ်စရာဆိုလို့
ဒီသီချင်းလေးပဲရှိတော့...
ဦးနှောက်ထဲက မုန်တိုင်းတစ်လုံး ထွက်သွားတယ်
တိတ်တဆိတ်ပါပဲ...


အင်း...ပွဲတိုင်းကျော်တဲ့
ဇာတ်လိုက်ကြီးရေ...
ခင်ဗျား သိသင့်တယ်
ပန်းတစ်ပွင့်ကြွေရုံနဲ့
အဖိုးတန် အနမ်းတွေ သေကုန်ကြမယ်ဆိုတာ...


အင်းပေါ့လေ...
အားဖြစ်ဖို့ နေနေသာသာ
အဆိပ်တွေ ပစ်ကျွေးနေတာတောင်
စားချင်တဲ့သူတွေက
ခခယယ ရှိနေမှကိုး...


မြစ်တစ်စင်း လမ်းလျှောက်လာတယ်
ကွေ့ကွေ့ ကောက်ကောက်
သူ့ကျောပေါ်မှာတော့
အားကောင်းတဲ့ ခါးသီးမှုတွေ ဝေလို့ လျှံလို့...


ရထားတစ်စင်းတော့ ထွက်သွားပြန်ပြီ
ဖြောင့်ဖြောင့်တန်းတန်း
သူ့ရင်ဘတ်ပေါ်မှာ
အနမ်းသေတွေ လိမ်းလို့ ကျံလို့...။ ။


မျက်လုံး

Thursday, February 25, 2010

မြေပုံ…

တစ်ခါက အမှတ်အသားတွေ

တွန့်ခေါက်တောင်တန်းတွေ

ကွန်တိုမျဉ်းတွေ…

လူတစ်ယောက်လဲလျောင်းရုံသက်သက်

ကောင်းကင်မြင်ကွင်းကို စားပွဲပေါ်ဖြန့်ခင်းလိုက်

မော်နီတာမျက်နှာပြင်ပေါ်က သုံးဖက်မြင်

ဂြိုလ်ဝါကြီးအနေအထား

စစ်ပွဲတွေက ဆက်တိုက်ဖြစ်နေတာပဲ

ပဋိပက္ခတွေက အမြဲတမ်း..

မီးတောင်တွေပေါက်ဖို့

မြေငလျင်တွေလှုပ်ဖို့

ကမ္ဘာမြေကြီးတုန်ခါအောင်

ငါတို့နေထိုင်ကြတယ်…

အေးငြိမ်းရာရှုခင်းတွေရဲ့နံရံကို

ထိုးဖောက်မ၀င်ရောက်နိုင်ဘူး..

လေးထောင့်နံရံကြားမှာ အာရုံခံကိရိယာ

ပြတ်တောက်သွားတဲ့ ပိုးဟပ်လို

ဒီဂြိုလ်တစ်ပိုင်းတစ်စမှာ

ငါတို့ ယာဉ်ငယ်ကို ထားခဲ့ရတယ်..။



မိုးလှိုင်ည

Wednesday, February 24, 2010

တစ်ယောက်ချင်း /တစ်ယောက်ချင်း

ကဗျာဆရာ အခေါ်ခံရတာ မကြိုက်လို့ တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေး ခံရတဲ့အခါတိုင်း အမေရိကန် ရုပ်ရှင်သုံး ဘန်းစကား “အက်ဖ်” စတား စတား စတား အီးအာရ်နဲ့ အမြဲရှေ့ကခံသုံး ပြုံးနေခဲ့ပါတယ်။ အဲဒီ ရှက်ရွံ့မှုမပျောက်သေးတာနဲ့ ဒီနေရာမှာ အရေးအသားသမားလို့ပဲ သုံးနှုန်းပါတယ်..။ တကယ်တမ်းလည်း နောက်နောင် တစ်မျိုးဖြစ်ဦးမှာပါ။ ခုပဲ နှစ်နှစ်ဆယ်ခန့် လောက်ပြီးခဲ့ပြီမဟုတ်လား

လူမျိုးအလိုက် တစ်ဦးချင်း သိဥာဏ်ဖြစ်မြောက်ဖို့ တစ်ခါတစ်ခါ လူ့ဘောင်အဟောင်းကို သပ်သပ်ရပ်ရပ် သစ္စာရှိရှိ ဖြိုခွဲပစ်ရပါတယ်။ ပြဲဟသွားတဲ့နေရာတွေမှာ ၀ှက်ကွယ်ထားတဲ့ လူမှုဓလေ့အသစ်တွေကိုလည်း ပွင့်ပွင်လင်းလင်း ထုတ်ပြန်ရတဲ့အခါ မျိုးမှာ အရေးအသားသမားအနေနဲ့ ကိုယ့်မျက်နှာကိုယ် မှန်ထဲပြန်ကြည့်ဖို့ ခက်တဲ့အဖြစ်မျိုးတွေ ကြုံရပါတယ်

လှေကားထစ်တွေလို ရှင်းရှင်းမဟုတ်တဲ့ ဓလေ့အသစ်တွေနဲ့ အရှိန်ရရှေ့ဆက် လာတဲ့ လူ့အဖြစ်အသစ်တွေမှာ မရှိသေး မကြားဖူးလို့ မျက်နှာပူနေမယ့် ရဟန်းရှင်လူ မိဘပြည်သူများကို တွေ့ထိမိတ်ဆက်ပေးတာမှာ အရေးအသားသမားတွေပဲ တတ်နိုင်ကြပါတယ်…။ တစ်ချို့ပန်းတွေ ပွင့်ပြီးကြွေကျသွားတာ ဘယ်သူမှ မသိလိုက်ပါဘူး။ သိစရာလည်း မလိုပါဘူး

ရှေ့လျှောက် ကဗျာလို့ ပဲခေါ်ကြမယ့် ကဗျာပုံပန်းသဏ္ဍန်ထဲ အကျုံးဝင်မယ့် သဘောင်္တည် လေယာဉ်တည် လုပ်ငန်းခွင်တွေမှာ သံသတ္တုပြားတွေ အတိအကျ ဖြတ်ကပ်တပ်ဆင်ရတဲ့ အောက်ခြေလုပ်သားတွေရဲ့ ခေတ်မီကာကွယ်ရေး ၀တ်ပုံစားပုံဟာ ဘွတ်ဖိနပ်ကအစ ဦးထုပ်မျက်စိကာ တွေအထိ စိတ်ချလုံခြုံရပါတယ်။ ဒီလိုအဆင့်မြင့် တက္ကနိုလိုဂျီ နည်းပညာလောင်စာကို အသုံးပြုရတဲ့အတွက် အခြားလိုက်လို့မဆုံးနိုင်တဲ့ ပညာရပ်နယ်ပယ်တွေ လိုပါပဲ။ နောက်ဆုံး ကျွန်တော်ဟာ မြန်မာစကားနဲ့ အလုပ်ခံထားရတာလား၊ မြန်မာစကားကို ကျွန်တော်လုပ်နေတာလား ကိစ္စမှာ ဒုတိယလမ်းကို မူတည်ရွေးချယ်ခဲ့မှုအပေါ် ခုလို တစ်ယောက်ချင်း တစ်ယောက်ချင်း တွေ့ထိသိရှိလာကြတော့တာပါပဲ…

ကျေးဇူးတင်ချင်ပါတယ်

လူဆန်း

၂၀၀၆

Tuesday, February 23, 2010

အရေးအသားများ

တချို့က ရေပေါ်မှာ အရုပ်ရေးတယ်

တချို့က သမိုင်းရေးတယ်

တချို့က အထ္တုပတ္တိရေးတယ်

တချို့က ဆီဆေးနဲ့ရေးတယ်

တချို့က ရေဆေးနဲ့ရေးတယ်

တချို့က ရင်ဘတ်နဲ့ရေးတယ်

တချို့က ကောက်ကျစ်တဲ့ခေါင်းတွေနဲ့ရေးတယ်

တချို့က ပရိုဂရမ်တွေရေးတယ်

တချို့က ဗိုင်းရပ်စ်တွေရေးတယ်

တချို့က ဘလော့ရေးတယ်

တချို့က ပရောဂျက်ရေးတယ်

တချို့က အမြတ်ဝေစုရေးတယ်

တချို့က ကုန်ကျစရိတ်ရေးတယ်

တချို့က အလှုအတန်းစာရင်းရေးတယ်

တချို့က ကျောက်စာရေးတယ်

တချို့က သမ္မာန်စာရေးတယ်

တချို့က ၀ရမ်းရေးတယ်

တချို့က စီရင်ချက်ရေးတယ်

တချို့က အများသိစေရန် ကြေညာချက်ရေးတယ်

တချို့က ကွာရှင်းစာချုပ်ရေးတယ်

တချို့က လွတ်လပ်ရေးကြောငြာစာတန်းရေးတယ်

တချို့က အခြေမခိုင်ဥပဒေတွေရေးတယ်

တချို့က သမိုင်းရေးတယ်

တချို့က ရေပေါ်မှာအရုပ်ရေးတယ်….



မိုးလှိုင်ည

နတ္ထိတရား

သင်ရိုးမရှိတဲ့ဘ၀မှာ
မင်းက ဂုဏ်ထူးဆောင်ဘွဲ့လက်မှတ်တွေ
ထုတ်ထုတ်ရှိုးတယ် ကောင်မလေးရယ်
တစ်ကယ်တော့ ကိုယ်ကိုယ်မှမသင်ကြားမတတ်မြောက်တော့
ကိုယ်ပြင်ပအခြားအရာတွေကို
ငါတို့ ကြွားဝါပြီးနားလည်ခဲ့ကြတယ်…


ကြွယ်ဝမှုမရှိတဲ့ဘ၀ကို
မင်းက ဘယ်လောက်ချမ်းသာပြီလည်းမေးတယ်
ငါကတော့ ဒုက္ခသစ္စာကိုပဲယုံတယ်
သုခတစ်ခဏကိုတော့
ဘယ်လိုမှခံစားလို့မရဘူး…
ငါအတယ်…
သံသရာအလည်အရှုပ်
ငါအပါယ်လေးဘုံက သတ္တ၀ါမလုပ်ချင်ဘူးကောင်မလေးရေ…


အလှမရှိတဲ့ဘ၀မှာ
အလှပြင်ဆိုင်တွေကတော့ခပ်များများပဲ
ဆံပင်၊မွေးညှင်း ၊ခြေသည်း ၊လက်သည်း
ဘယ်အရာကမြဲမလည်း…
နောက်ဆုံးတော့
သူအို ၊သူနာ၊သူသေတွေနဲ့
ငါတို့ဟာ ကိုယ့်အသုဘ ကိုယ်
အလှပြင်ပေးလို့မှမရတာလား…


နောက်ဆုံးတော့
ဘ၀ဆိုတဲ့ နတ္ထိတရားကိုပဲ
ငါရင်ထဲမှာ ဥာဏ်ပညာနဲ့အလှမွေးထားတယ်…။


မိုးလှိုင်ည

Monday, February 22, 2010

Ní gá duit a fheiceáil dom dán

Jy hoef nie na My nie sien nie gedig
أنت لست بحاجة إلى أن نرى قصيدة لي
Vous n'avez pas besoin de me voir poème
당신이 나를 볼 필요는 없어 시를
あなたは私を参照する必要はない詩
Вы не должны видеть меня поэма
Nie musisz do mnie wierszem
Nemusíte so mnou báseň
U hoeft me niet te zien gedicht
คุณ ไม่ จำเป็น ต้อง เห็น ฉัน ประพันธ์
Ви не повинні бачити мене поема
你不需要看我的诗


မင်းလက်ခံမှ မနက်ဖြန် နေထွက်မှာမဟုတ်သလို
မင်းအသိဥာဏ် တစ်ထွာတစ်မိုက်နဲ့ လိုက်လိုက်ဝေဖန်ဖို့
ငါကဗျာရေးနေတာမဟုတ်ဘူး...။

မိုးလှိုင်ည

အပြောင်းအလဲ

ငါငယ်ငယ်တုန်းက လူအားလုံးကိုယုံတယ်
မေတ္တာတရားနဲ့သင်ကြားရင်
အကုန်လုံးလိမ္မာယဉ်ကျေးလာမယ်လို့
ငါအခု လူအကုန်လုံးကို မယုံတော့ဘူး
တချို့လူတွေက
မေတ္တာတရားကို နားလည်လက်ခံနိုင်တဲ့
အသိဥာဏ်မရှိလို့ပဲ…။

မိုးလှိုင်ည

Sunday, February 21, 2010

မဆုံခင် ဝေး…

ကောင်မလေး ...မင်းကို ငါ တကယ်ချစ်ခဲ့ပါတယ်..

ဒါပေမဲ့ ကွာ မင်း Daddy က

ငါ့ ကို ကြည့် မရ ဘူး ဘာကြောင့် လဲ

ငါ စဉ်းစား ကြည့် တယ်

အေးလေ ...သူက တော် တာ ကိုး

သူ့ ရဲ့ဝန်ထမ်းလစာလေး နဲ့

မင်းတို့ ကို သိန်းထောင်ကျော်တန်အိမ်နဲ့

Honda Ascot Car နဲ့ GSM ဖုန်း နဲ့

အပြည့်အစုံ ထားနိုင် တာ ကို

ငါ က တော့ အသက် ၂၆ နှစ်ရှိပြီ

Guitarလေးဟိုမရောက်ဒီမရောက် တီးပြီး

ခု ထိ အမေ ကျွေး တာ ထိုင်စား နေရသေးတယ်လေ…

မင်း Daddy ကပြောတယ် ..ငါ့ကို

အသောက်အစား ကလဲ မကင်းဘူးတဲ့

အရမ်းဆိုးတယ် အပေအတေ တဲ့

ကြုံသလိုမူး တယ် တဲ့

အေးလေ ..သူကလူကြီးလူကောင်းလိုသောက်တာကို

သူရဲ့ ၀န်ထမ်းလစာလေးနဲ့ …

Gold label သောက်နေ တဲ့ အချိန်မှာ

ငါက Grand royal လောက် ပဲ သောက် နိုင် တာကို

သူရဲ့ ၀န်ထမ်းလစာလေးနဲ့ …

555 Gold စီးကရက် ဖွာနေတဲ့ အချိန် မှာ

ငါက ခြင်္သေသုံးကောင်ဆေးပေါ့လိပ် သောက်နေရတာလေ….

မင်း Daddy က ငါ နဲ့မင်းကို သဘောမတူဘူး…

ကောင်မလေး ...မင်းကို ငါ တကယ်ချစ်ခဲ့ပါတယ်..

ဒါပေမဲ့ မင်း ရဲ့ Daddy ကို ပြော လိုက် ကောင်မလေး..

ငါ က အလုပ်အကိုင် အတည်တကျ မရှိ သေးဘူး

ဒါပေမဲ့ သူ့လို ၀န်ထမ်းလစာလေး နဲ့ ..

Honda Ascot မစီး ဘူး ငါ မိုးရွာရွာ နေပူပူ..

လမ်းပဲလျှောက် မယ်…

ဒီ အရွယ် အထိ အမေ့အိမ် မှာ စားနေပေမယ့်

ငါ လိပ်ပြာသန့် တယ် စိတ်သန့် တယ် …

ဆေးပေါ့လိပ် တစ်ထုတ် မြန်မာကျပ်ငွေ ၂၀၀ နဲ့

ငါ လိပ်ပြာသန့် သန့် စိတ် သန့်သန့် နဲ့

ဝယ်သောက် ရဲ တယ် ….

ကောင်မလေး မင်းကိုငါချစ်ပါတယ်…

ငါကတော့ ကိုယ်တိုင်းပြည်ကိုယ်လူမျိုးကို

လက်ညှိုးထိုးရောင်းမစားတတ်ဘူး..

နိုင်ငံတော်နဲ့ နိုင်ငံသားတွေပိုင်တဲ့ သယံဇာတတွေကို

ကိုယ်တစ်မိသားစုအနေချောင်ဖို့

တိုင်းတစ်ပါးသားတွေဆီမှာ ပေါင်နှံရောင်းချဖို့မကြိုးစားဘူး…

ကောင်မလေး ငါ့အနာဂါတ်ဟာဝေေ၀၀ါးဝါး

မင်း Daddy မျှော်လင့်သလို

နည်းနည်းလေးမှဖြစ်လာမဟုတ်ဘူး…

ဆင်းရဲပေမယ့် မာနနဲ့သိက္ခာတရား..

ငါ့စိတ်ဟာကြွယ်ဝချမ်းသာလွန်းပါတယ်..

ငါ့ဘ၀ထဲကို ခုန်ချလာဖို့ အတင်းအကျပ်မတိုက်တွန်းလိုပါဘူး

ကောင်မလေးရေ..

မင်း Daddy မေးရင်ပြောလိုက်ပါ

ငါတို့ မဆုံခင်ကတည်းက ဝေးခဲ့ပြီးကြပြီလို့…

ဒီခေတ်ထဲမှာ ငါတို့ မတော်တဆ ချစ်မိတာတစ်ခုပဲ

ငါဘက်မှာ အပြစ်ရှိခဲ့တာပါ ကောင်မလေးရယ်….။

ကိုသူ

Saturday, February 20, 2010

20 2 2010

စနေနေ့ နေသာတယ်

ဖုန်းဆက်တော့ ခရီးစဉ်ရွေ့ဆိုင်း

တူမလေး ၂၀တန်နှစ်ရွက်ထုတ်ပေးတယ်

လေးလေးသုံး

ဖို့မုန့်ဖိုးတဲ့

၁၁း ၂၀

ဖုန်းဆက်ညနေ ၅နာရီပြန်ချိန်း

Next Call

ဆက်သွယ်ရေးပြင်ပကိုရောက်နေ

ဆိုက်ကားစီးတော့ အမ်းစရာအကြွေမရှိ

၂၀၀ ဖိုးကွမ်းဝယ်

OA6 Mrpooh

မက်ဆေ့ခ်ျရိုက်တော့အောက်ဆင်းသွားပါတယ်

ပြန်ဖြေ

ခင်ဗျားဆီဖုန်းဆက်တော့အခုပဲထွက်သွားပြီတဲ့

ကျွန်တော် အဖိုးကြီးသွားကန်တော့မလို့

ဆိုင်ခဏ စောင့်ထားပေးပါဗျာ…. သရဲကပြော

ခင်ဗျားထိုင်တဲ့စက်က နက်ဝေါ့ပ်မမိဘူး

ပြန်ချိတ်..

၁၁း ၅၂

ဒီစာကြောင်းတွေချရေး

သူငယ်ချင်းတစ်ယောက်အကြောင်းတွေး

ဒီကောင်အဆင်မှပြေပါ့မလား…

20 2 2010

ခေါင်းစဉ်တပ်…

ငယ်ငယ်ကလို စာတစ်ပုဒ်ပြီးတိုင်း အောက်ခြေက မျဉ်းတားစရာမလို

ဘေးမျဉ်းတားစရာမလို ဘယ်လောက်လွတ်လပ်လည်း…

စာရွက်ပေါ်မှာလည်းမဟုတ်…

အမေက လက်ရေးမလှလို့ လက်ဆစ်ကို

ပေတံနဲ့ အသေအကြေခေါက်ခဲ့ဖူးတယ်…

ဠ အလုံးရေ ၁၀၀

လိမ္မော်သီးတစ်ခြမ်း..

၁၉၈၆ ဘက်ထရီမီးသီးလေးက လိမ္မော်သီးလိုလင်းလို့

သားအိပ်ငိုက်နေပြီ… အမေ…။


မိုးလှိုင်ည

Friday, February 19, 2010

မျော်လင့်ဆဲအိပ်မက်

ရာစုသစ်မနက်ခင်းမှာ
မေတ္တာတရားဟာနိုးထဖို့မဖြစ်နိုင်တော့ဘူးလား
လျှပ်စီကြောင်းပတ်လမ်းပေါ်မှာက
စိတ်ဓါတ်ကျနေတဲ့ကြောင်ပျင်းတွေ
မော်နီတာကိုငေးရင်းနဲ့
ခလုတ်တစ်ခုနှိပ်မိတာနဲ့အမိန့်တစ်ခုကျလာမယ်
ချစ်ခြင်းတရားနဲ့စပ်ယှက်စရာမလိုတဲ့
ဖန်ပေါင်းချောင်ထဲကသန္ဓေသားတွေ
စိတ်ရှုပ်ထွေးနေကြသလား
နယူးယောက်တံဆိပ်နဲ့တီရှပ်အောက်မှာက
ဘာကိုမှမချက်လုပ်ရသေးတဲ့
အစာအိမ်အသစ်စက်စက်တစ်လုံး
အာဖရိက ကလေးငယ်တွေရဲ့မျက်ဝန်းမှာ
ပေါင်မုန့်ဆိုတာစားစရာဟုတ်မဟုတ်
မသေချာဘူး...
မမွေးခင်ထဲကသေမိန့်ကျသလု
HIVပိုးကပါလာပြီးသား
အုတ်နံရံတိုင်းမှာကကျည်ပေါက်ရာချည်းပါပဲ
ဘေဘီလုံရှေးဟောင်းမြိုတော်ကြီးကငြီးတယ်
ရာစုသစ်ငြိမ်းချမ်းရေးဆိုတာ
အနူမြူစီမံကိန်းကိုယ်စီနဲ့
လူခန္ဓာကိုယ်ဟာချိန်ကိုက်ဗုံးတစ်လုံးဆိုရင်
ငရဲကျသွားတဲ့ကောင်းကင်ဘုံအတွက်
ငါတို့ဆုတောင်းပွဲကျင်းပရတော့မယ်...
ကမ္ဘာမြေကြီးစစ်မက်ဘေးမှကင်းဝေးပါစေ....။


မိုးလှိုင်ည

ဒီဆိုဒ်ထဲက ပြန်ကူးလာတာ..။

Tuesday, February 16, 2010

ငါ့ဓါးသွားများ ငါ့ကိုယ်ထဲပြန်မစိုက်မီအထိ

သူ့နာမည်က မောင်ချာလီပါ
အားလုံးကိုပျော်ရွှင်စေရင်း ဟန်ဆောင်ဖုံးကွယ်တတ်သူပါ
သူပျော်ရင် အားလုံးပျော်ကြတယ်
သူမပျော်ရင်လည်း အားလုံးပျော်ကြတယ်
သူ့ကိုလူရွှင်တော် ချာလီလို့ သူတို့ ခေါ်ကြတယ်..။
တစ်ခုသော မျောက်နှစ်မှာ မောင်ချာလီကို မွေးတယ်
သူ့မှာကောက်ကွေးနေတဲ့ ဆံပင်လေးတွေနဲ့
မွေးကတည်းက စကားကို မပီကလာ စပြောခဲ့သတဲ့
ကံမကောင်းချင်တော့ သူ့ခမျာ ယိုယွင်းနေတဲ့ ခေတ်ကြီးမှာမှ
သင်လွယ်ကြားလွယ် တတ်လွယ်မြန်လွယ်နဲ့
ဥာဏ်လေးက ကောင်းပြန်တယ်
သင်လွယ်ကြားလွယ် ဆိုတော့လည်း
သူခမျာ သင်ဟယ်ကြားဟယ်ပေါ့
မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့
ရေကိုဆန်ရင်း ဘ၀ကိုဖြတ်သန်းခဲ့တယ်။

မင်းမှာ သူများတွေလို ပေးစရာ ဘာလက်ဆောင် ရှိလဲလို့
လောကကျောင်းထဲမှာ ဆရာကမေးတော့
ချာလီက ပြုံးရင်း ပြန်ပြောတယ်
ကျေးဇူးပြုပြီး ကျွန်တော်အပြုံးတစ်ခုကိုသာ ယူပါဆရာတဲံ
ဟုတ်ပါလိမ့်မယ်
သူမှာ အပြုံးတစ်ခုကလွဲလို့ သူများကို ပေးစရာ ဘာများရှိလို့လဲ
ဒီလိုနဲ့ ဆရာကသူ့ကို လူရွှင်တော် နဲ့ မျက်လှည့်အတတ်ကို
သင်ပေးလိုက်တယ်…။

ချာလီဟာ အရပ်တကာလှည့်ပြီး မြို့တကာ ရောက်ခဲ့တယ်
လူတွေက ကြိတ်ကြိတ်တိုး ချာလီကို အားပေးကြတယ်
ချာလီ မျက်နှာမှာ အရောင်တွေချယ်ပြီး မပြဖို့ တောင်းဆိုကြတယ်
သူတို့က သဘာဝကျကျ ရွှင်မြူးနေတဲ့ မျက်နှာလေးကိုသာ
မြင်လိုကြသတဲ့
အဲဒီအခါ လူတွေကို ပျော်ရွှင်စေလိုသူ ချာလီဟာ
သာမာန်ထက် ပိုပိုပင်ပန်းတော့တယ်
သာမာန်ထက် ပိုပိုပြုံးနေရတော့တယ်
သာမာန်ထက် ပိုပို ဟန်ဆောင်လာရတော့တယ်

ပထမပိုင်းမှာ လူရွှင်တော်အလုပ်ကို လုပ်တယ်
ဒုတိယပိုင်းမှာ မျက်လှည့်ကို ပြတယ်
ဆိုပါစို့
ပထမပိုင်းမှာ လူတွေကို ဟန်ဆောင်ပြီး
ဒုတိယပိုင်းမှာ လူတွေကို လှည့်ဖျားတယ်လို့

ဒီလိုနဲ့
ဒီလိုနဲ့
ဒီလိုနဲ့

တစ်နေ့မှာချာလီသေသွားတယ်
သူ့မျက်နှာက ပြုံးနေတယ်
သူတကယ်ပြုံးနေတာလား
ဟန်ဆောင်နေတာလား
ဘယ်သူမှမသိကြပါဘူး
ဘာခြေရာ လက်ရာမှလည်း မတွေ့ကြဘူး
လူတွေကတော့ထင်ကြေးအမျိုးမျိုးပေးကြရဲ့
ဘ၀ကူးကောင်းလိုက်တာတဲ့
သူ့နာမည်က ချာလီလို့ခေါ်တယ်။ လူရွှင်တော်အလုပ်ကိုမုန်းတယ်လို့
သူ့လက်ထဲမှာ စာလေးတစ်စောင် ရေးထားခဲ့တယ်
နောက်ဆုံးအနေနဲ့ လောကကြီးကို ဟန်ဆောင်သွားတာလည်း
ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်…။

Nyi Lynn Seck

အနာဂါတ်လှိုင်း၏ ဆုံမှတ်များ စာအုပ်မှ ကူးယူဖော်ပြပါသည်..။

Monday, February 15, 2010

နင့်မွေးနေ့လေးကို ငါရောက်ခဲ့တယ်..

နင်ကတော့ သိမှာလား

နင့်မွေးနေ့လေးကို ငါရောက်ခဲ့တယ်

နင်က ပိုက်ဆံတွေတဖျတ်ဖျတ်ရေနေမှာ

ယောင်္ကျားတစ်ယောက်ကို

ဘယ်လောက်တန်လည်းလို့ နင်တွက်ချက်နေမှာ


နင့်မွေးနေ့လေးကို ငါရောက်ခဲ့တယ်

နင်ကတော့ သိမှာလား

ခြေသည်းတွေအလှဆင်ပန်းဖော်နေမှာ

ငါကတော့အင်္ဂါထောင့်မှာ စပါယ်တွေနဲ့ဆုတောင်း

နင်သိချင်မှသိလိမ့်မယ်

နင့်မွေးနေ့လေးကိုငါရောက်ခဲ့တယ်

အင်္ကျီအဖြူကော်လံကတုံးနဲ့

ယောလုံခြည်လေးဝတ်လို့

နင်က မုန့်ဟင်းခါးချက်နေတယ်

နင်က ပျော်ပွဲစားထွက်နေတယ်


နင့်မွေးနေ့လေးကို ငါရောက်ခဲ့တယ်

ဆည်းလည်းသံလေးလွင်လို့

ရင်ပြင်တော်မှာ ကလေးငယ်တွေလည်းကစားလို့

နီယွန်မီးသီးအောက်က ရွှေရောင်နေ့ကလေးက

တရွေ့ရွေ့ဆုတ်ခွာ

Jazz ဂီတထဲက နင့်ညတွေဟာ လှပနေလား


နင့်မွေးနေ့လေးကို ငါရောက်ခဲ့တယ်

သစ်ရွက်တွေကြွေသလို တိတ်တိတ်ဆိတ်ဆိတ်

ငါ နင့်မွေးနေ့လေးဆီ အရောက်လာခဲ့ပါတယ်.။

မိုးလှိုင်ည

Sunday, February 14, 2010

ကြေးစားနံပါတ် တစ်ဆယ့်သုံး

မိန်းမတွေက စစ်ကိုရှုံးစေတယ်

ငါတို့ဆွဲတဲ့ ဓားကို သူတို့မျက်ရည်နဲ့ ဖယ်ရှားရဲ့

မှောင်မည်းပြီး သဲနဲ့ရှပ်ရှပ် ဘ၀ရဲ့နံရံကို

အနမ်းတွေနဲ့ ပက်ချ

ငါ့ခေါင်းပေါ်က တိမ်တွေကို သူတို့စိမ်းစိုစေခဲ့တယ်

နှင်းမှုံလေးတစ်မှုံတောင် ကျောချခွင့်မရတဲ့

ဟော့ဒီ ကြက်မတစ်ဝပ်စာကျယ်တဲ့ ရင်ခေါင်းပေါ်

ယောကျာင်္းရင့်မာကြီး မျက်ရည်နဲ့ရက်လုပ်ထားတဲ့

အနုပညာရှိတယ်

ရေငတ်သမင်ကို သောက်နေတဲ့

စမ်းချောင်းကလေးတွေရှိတယ်

လမင်းကို ဆွဲပြားလေးလိုဆွဲထားတဲ့ ကောင်မလေးရှိတယ်

နိုင်ငံတစ်နိုင်ငံစာ တွေးခေါ်နေတဲ့ ယာခင်းတွေရှိတယ်

စက်ရပ်လောင်ကျွမ်း ပျက်ကျသွားတဲ့

ပါမောက္ခတစ်ယောက်ရှိတယ်

အနုပညာပေါ် ပီဆာမျှော်စင်ယိုင်သလို

ယိုင်နေတဲ့ လူငယ်တစ်ယောက်ရှိတယ်

ချောင်းခြားချစ်သူဆီ ရောက်ဖို့

ဆံပင်တွေကြိုးကျစ်ပြီး တံတားခင်းနေတဲ့

ရထားတစ်စင်းရှိတယ်

မုတ်ဆိတ်ရိတ် ဓားတစ်ချောင်းကြောင့်

လွင့်စင်ထွက်ကျလာတဲ့ အသားစတစ်စကို

ကိုက်ဖမ်း ဆွဲဟပ်နေတဲ့

အာသာငမ်းငမ်း လခြမ်းပဲလည်းရှိတယ်

သောက်သုံးရေ အလုံအလောက်မရ

ခေါင်းငိုက်စိုက်ချ လက်မှိုင်ကျနေတဲ့

သစ်တောတွေလည်းရှိတယ်

လူတွေဟာ မျောက်ကနေဆင်းသက်လာသတဲ့

ဒါဖြင့် လက်ရှိမျောက်တွေက ဘာကြောင့် လူဆက်မဖြစ်သလဲ

အဲဒီလို ထိုးထိုးထောင်ထောင် စိတ်ကူမျိုးတွေနဲ့ပေကျံ

အလယ်လတ်တန်းစား မေးခွန်းတွေထဲလူးလှိမ့်

မိန်းမ၊ စကြ၀ဠာ၊ ငွေစက္ကူ

ပန်းကလေးတွေရဲ့ သန်မာတဲ့ရနံ့ဟာ

ကမ္ဘာနဲ့ ကျွန်တော်တို့ကို စိုက်ပျိုးတယ်

နှစ်ရှည်လများ သိမ်းဆည်းထားတဲ့ ဒဏ်ရာတွေဟာ

အဖိုးတန်ကျောက်မျက်ရတနာတွေဖြစ်ပြီး

လောကဓံဟာ စိတ်ကူးကောင်းတဲ့ကဗျာဖြစ်တယ်

အနှစ်သုံးဆယ်စာရာသီတွေကို စိမ်းလန်းမှုတစ်ခုပေါ်သွန်ချ

အနံ့အသက်ကလေး တချွင်ချွင်နဲ့

ကိလေသာဆိုတာမှာ တလှုပ်လှုပ်တယမ်းယမ်း

သိဒ္ဒတ္ထမင်းသားလည်း ဒီနွံမှာ ကျွံဝင်ခဲ့ဖူးတယ်လို့

ဖြေဆေးကို တစ်တောတစ်တောင်လုံး လိမ်းကျံ

ဘယ်လိုအနံ့အရသာနဲ့ စီးဆင်းရမယ်ဆိုတာ

ဆုံးဖြတ်လို့ မပြီးခင်

သေခြင်းတရားဟာ ၀တ်ကောင်းစားလှနဲ့ရောက်လာခဲ့ပေါ့

ဘုရားသခင်ဟာ ခင်ဗျားတို့ ကျွန်တော်တို့အတွက်

ကြေးစားနံပါတ် တစ်ဆယ်သုံးကို စေလွှတ်ပေးခဲ့တယ်..။…။


မောင်ဖီလာ

ရယ်စရာမဂဇင်း၊ ဇူလိုင်လ၊ ၂၀၀၁။

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...