Thursday, January 28, 2010

ရန်ကုန် သို့ တဖန် ..

ရန်ကုန်ဟာ
ကိတ်မုန့်ပေါ် ဖယောင်းတိုင်စိုက်ထားသလို
မိုးမျှော်တိုက် ကျိုးတိုးကျဲတဲနဲ့
သူ့အလှကိုသူ ကပိုကယိုနဲ့ နေလို့ပေါ့
မေးနေကြ မေးခွန်းက ရေမီးအစုံနဲ့လားတဲ့
ဘာပြန်ဖြေမလဲရန်ကုန် ..
ခပ်တည်တည်နဲ့ အင်းလိုက်ရုံပေါ့
လိုက်မလားမေးတဲ့ ဘတ်စ်ကားဟာ
နိုင်ငံရပ်ခြားကထက် ဖော်ရွေတယ်
အကြော်ကြော်နေတဲ့ အဖွားအိုဟာ
နိုင်ငံရပ်ခြားက အမှိုက်ပုံးလိုက်ဖွနေတဲ့
အဖွားအိုထက် ပိုလှနေသလိုလို
မီးမမှန်လို့ .. ရေမမှန်လို့ ..
အင်တာနက်ကြီး လေးလံနှေးကွေးလို့ ..
ဒီလိုအကြောင်းပြချက်တွေနဲ့ေ
တာ့
ရန်ကုန်ရဲ့  အလှအပဟာ လျော့ကျမသွားပါဘူး
လေသံမိုးသံနဲ့ အတူ ငြိမ်းငြိမ်းသွားတတ်တဲ့
လျှပ်စစ်မီးချောင်းဟာ အေးချမ်းတိတ်ဆိတ်မှုကို ဖြစ်စေတယ်
မိုးကြီးလို့ ရေပါရင် လမ်းထိပ်မှာ ရေလျှံလိမ့်ဦးမယ်
ငါတို့ကလေးတုန်းက မြူးတူးပျော်ပါးဖူးတဲ့
အရပ်ဒေသ .. ရန်ကုန် ..
ဖုန်ထူထူခြင်ကိုက်ကိုက် ..
လူ့စရိုက် သဘာဝနဲ့အံကိုက် နေ့စဉ်ဘ၀ကို
မြို့ ရန်ကုန်က ပေးစွမ်းနေတုန်းပါပဲ
ခု ...
ရန်ကုန်သား ခပ်ကြွားကြွား ကျွန်တော် ..
ကျွန်းတစ်ကျွန်းပေါ်မှာ လူလိုလို ခိုင်းနွားတွေလိုလို
ဘ၀င်လေဟပ်တတ်သူတို့ရဲ့  အရပ်မှာ ..
ရန်ကုန်သူ ရန်ကုန်သားတွေ့သည်တိုင်
ခေါ်ဆိုဖို့နှုတ်ဆွံ့နေမိ ..
ရန်ကုန်ဟာ သွေးဆုံးနေတဲ့ မိန်းမတစ်ယောက်လို ..
သူတို့ရဲ့  အမြင်တွေကြားမှာ ..
ရန်ကုန်ကို မိခင်လို ခင်တွယ်သူ ကျွန်တော် ..
ခေါင်းမဖော်ဝံ့ပါဘူးကွယ် ..
အို .. ရန်ကုန်ရယ် ..
နေအတက်မှာ ရွှေခွက်နဲ့ အနာဂတ်ဆိုတာကို
ခပ်ယူပြလှည့်စမ်းပါ ..
သင် နှစ် ငါးဆယ် အကြောပေးခဲ့တဲ့
ငရဲလို အရပ်မျိုးကို ဖနောင့်ကန် ..
ငါ .. ပြန်ခဲ့မယ် ..
ခွေးတိုးပေါက်လို နေရာမျိုး ဖြစ်ပါစေ ..
ရန်ကုန်ရင်ခွင်ကို ပြန်တိုးဝင်ပါရစေ ..


ကိုဖြိုး

Wednesday, January 27, 2010

အခုတောလည်း တစ်နှစ်ကြီးသွားပြီပေါ့… ညီမလေး

လွန်ခဲ့တဲ့ ၂၂ နှစ်တုန်းကတော့

ဒီနေ့မှာ ညီမလေးကိုမွေးခဲ့တယ်..

အခုတော့ ဖေဖေမေမေလည်း မရှိတော့ဘူး

အဝေးက အစ်ကို တစ်ယောက်လို

ညီမလေး ပျော်ရွှင်ပါစေဆုတောင်းပေးမယ်

ဒီတစ်နေ့လုံး အပြင်

ဒီတစ်ဘ၀လုံးလုံးပေါ့

အစ်ကိုရဲ့ပျက်ကွက်မှုတွေအပေါ်

ညီမလေး ခွင့်လွှတ်ပေးပါ…

လက်ဆောင်လည်းမပေးနိုင်ဘူး..

ညီမလေးကြိုက်တတ်တဲ့ မုန့်တွေလည်း ၀ယ်မကျွေးနိုင်ခဲ့ဘူး

အမှောင်နဲ့တိတ်ဆိတ်နေတဲ့အခန်းလေးထဲမှာ

ညီမလေးကိုသတိရနေတယ်…

ဒီတစ်နှစ်အပြီးမှာ တကယ်ကိုအဝေးကြီးကိုဝေးပြီလား…

ကြင်နာတတ်တဲ့ စိုးရိမ်တတ်တဲ့ ခွင့်လွှတ်တတ်တဲ့

ညီမလေး… ဆီမှာ ပျော်ရွှင်မှုတွေ အမြဲတမ်းတည်ရှိပါစေ…

ညီမလေးခေါင်းကဆံထုံးလေးပေါ်မှာ

အစ်ကိုစပါယ်ပန်းလေးတွေသီကုံးပေးဖို့ဆိုတာ

စိတ်ကူးလေးထဲမှာ အိပ်မက်ယုံ

ညီမလေး ဖြစ်လေရာဘ၀ အေးချမ်းလှပပါစေ…။


မိုးလှိုင်ည

Monday, January 25, 2010

အခုဆိုရင် ဒါမျိုးကမဆန်းတော့ဘူး

လွဲချော်မှုတွေ တိုက်ဆိုင်တတ်လွန်းတော့
ငါ ကံကြမ္မာ ကိုချည်း အပြစ်မဖို့ချင်တော့ဘူး
အမျိုးသားတွေမှာလည်း ရင်သားကင်ဆာဖြစ်နိုင်ချေ…
အထူးပြုလုပ်ချက်တွေ သိပ်များတော့
၂၀၁၂ ကမ္ဘာကျော်သွားတယ်
Gender မှာ စပါယ်ရှယ်တစ်ခု ထပ်တိုးတယ်
ဘယ်ဘာသာမှ မကိုးကွယ်ဘူးလို့ ရိုးရိုးသားသားပြောခွင့်ရပြီ
စမ်းသပ်နေစရာမလိုပါဘူး
သေသွားတော့လည်း အသိသာချည်းပဲဟာ
နှစ်သိမ့် ပညာပေးဆွေးနွေးနေတာပဲ
လိုအပ်ရင် ကိုယ်ဝန်ဆောင်ပေးဖို့ ၀န်မလေးပါဘူး
အဲဒီလိုပြောပြီး ချစ်ခဲ့တာ…
မိခင်ကြီးစိုးသောခေတ်ဆိုရင်
မုန်ဖိုးများများတောင်းလို့ရမယ်ထင်တယ်
ဘောပင်မပါပဲ.. ကဗျာရေးလို့ရတယ်ဆိုတော့
သိမ်းထားမယ်ဆိုရင်
ကလောင်နာမည်ပေးစရာမလိုဘူး
ဖိုင်နာမည်တော့ပေးရမယ်..
အဖွင့်စနစ်မှာလည်း တန်ရာတန်ကြေးနဲ့
ခေါင်းမပါပဲ ခေါင်းမာတာ ဒီသတ္တ၀ါတွေပဲရှိမယ်ထင်တယ်
ဇီဝမျိုးစိတ်အသစ်ပေါ့
တွေ့ရှိချက်တွေကို လျို့ဝှက်ထားရအောင်
အချိန်တန်ရင် ပြောင်းဖူးပေါက်ပေါက်နဲ့ လဲစားလို့ရမယ်
သူမက ချန်ဂီလေဆိပ်ထဲကို ၀င်သွားပြီ
ကျွန်တော့် ဓါတ်ခဲနာရီက ရပ်နေတယ်
ဘာကြောင့် ခေတ်ရှေ့ပြေးချင်တာလည်း
နောက်ပြန်လှည့်လည်းရသားနဲ့
အချိန်တန်ရင် ကမ္ဘာတစ်ပါတ်ပြည့်သွားမှာပဲ….
အ၀တ်အစားတွေဝတ်မလာနဲ့
ငါတို့ Body Arts သွားလဲကြမယ်
အဲဒါမှာ ငါတို့လည်း ပိုက်ဆံရှိတာ သူတို့သိသွားမယ်
အပြင်မှာ ပြောနေကြတာပဲ ရိုးသားမှုက
ထမင်းဝယ်စားလို့ရလားတဲ့
( အိမ်ကို အနွေးဓါတ်ပေးဖို့ ဂတ်စ်လည်းမရှိဘူး
ပေါင်မုန့်လည်း မရှိတော့ဘူး ရှင်ဒီအတိုင်းငုတ်တုတ်ထိုင်နေမှာလား)
ဝတ္ထုတစ်ပုဒ်ထဲက စာသားများ
အခုဆိုရင် နာမည်ကြီးဖို့ နည်းလမ်းတွေ ပိုများလာတယ်
ကလစ်နှိပ်လိုက်တာက ကိုယ့်အပြစ်နဲ့ ကိုယ်
အာမခံ ထားတဲ့ခေတ်က ကျန်ခဲ့ပြီ
နည်းနည်းတော့ ရက်စက်တယ်
မီးလောင်နေတုန်း စောင်းတီးရတဲ့ အရသာ
အခုတော့လည်း ဒါမျိုးတွေက မဆန်းတော့ပါဘူး…

မိုးလှိုင်ည

Wednesday, January 20, 2010

အလွမ်းများနဲ့ ငါ့ညတွေ

ဒါပါပဲ
ငါရူးချင်ယောင်ဆောင်လိုက်ရတဲ့အကြောင်းရင်းက
နင့်မှော်ဝင်ညတွေထဲမှာ ကူးလူးပျံသန်းနေတဲ့
ဟောဒီ ရင်ဘတ်နဲ့ဆောက်တဲ့ ချစ်ခြင်းဖွဲ့အတောင်ပံတွေကို အားနာလာလို့ပါ...။
ဒါဏ်ရာတွေနဲ့ချည်းပဲ လာဖွဲ့နွဲ့တဲ့ နွယ်ပင်ရေ....
ပြောရရင်လည်း ရင်ဘတ်ရော ကျောရော အောင့်အောင့်လာတယ်...
တတောလုံးရှင်းပြီးမှ အမြစ်တွယ်ကျန်နေတဲ့ မြက်ပင်ငယ်လို...
ဆွဲနှုတ်ကြည့်မှ...
ငါ့သံယောဇဉ်အမျှင်တွေက တဆိတ်ရှည်လွန်းနေတယ်....
ရင်ခုန်သံတွေ နင့်မျက်ဝန်းတွေနဲ့အတူ တလှေကြီးပါသွားကတည်းက
အဲဒီသံယောဇဉ်အမျှင်တန်းတွေ ငါ့ရင်ခွင်တလွှမ်းမှာ ခြေကျင်းလိမ်နေတော့တာပဲ
ဒုက္ခပါပဲ ဘယ်ဘုရားအဆူဆူမှ မကယ်နိုင်သေးဘူး..
ဟူး....မမှီမကမ်းနဲ့ လွမ်းတယ်..

အဖြူရောင်ကိုမှ မီးနဲ့ရှို့တယ်..
မညှာမတာ ရင်ဘတ်ထဲမှာ ရှိရှိသမျှ အားလုံးကိုလည်း ဆွဲယူရှိုက်သွင်းပါရဲ့...
တခါတခါ ဂရုစိုက်သလိုလိုနဲ့ ငါ့ချစ်ခြင်းအားလုံးကို ခြွေခြွေချတယ်..
နောက်ဆုံးတော့လည်း ငါ့အိပ်မက်တွေ တွန့်လိမ်ကြေမွတဲ့အထိ ထိုးခြေငြိမ်းသတ်ခံလိုက်တယ်..
ဒါက ဖြစ်ရိုးဖြစ်စဉ်လား... ငါကိုယ်က ကြမ္မာငင်တာလား..
ဒါမှမဟုတ် နင့်နှုတ်ခမ်းနဲ့မှ အငွေ့ထွက်တဲ့ ဆေးလိပ်လေးဟာ ငါပဲလား...
မဆုံခင်ကတည်းက နှုတ်ဆက်ရမှာ သိပြီးသားပဲ...
စကားသံတွေကို မြိုချနေတဲ့ကြားက မတော်တဆအသံထွက်သွားခဲ့တာ..
ချစ်တယ် ဆိုတာ ရင်ဘတ်စီးချင်းထိုးရင်းထွက်ကျလာတဲ့ အသံလား..

မျက်ဝန်းများနဲ့ နမ်းပါ..
နင်နဲ့ငါနဲ့ကြားက အဖြူရောင်နေ့ရက်တွေကို လွမ်းတယ်..
နင်က ခပ်လွယ်လွယ်နာကျည်းဖို့ပဲ..
ငါကတော့ နာနာကျင်ကျင်... နင့်ကိုချစ်တယ်
အဲဒီစကားလည်း .. မပြောဖြစ်ခဲ့ပါဘူး...
နွေရာသီ ဘယ်နှခုကူးပြီးမှ နင်ငါ့ကို နားလည်မှာလည်း..
နင်ဂစ်တာသံတွေတိတ်ဆိတ်
နင်ရင်ခုန်သံတွေကိုမကြားရတဲ့နေ့..
ငါဘယ်လိုစိတ်တွေ အိပ်လို့ရမှာလည်း..
နင်ကတော့မညှာမတာ... ငါ့ကိုအနိုင်ရသွားတယ်...
ငါကတော့ နင့်အကြောင်းကဗျာတွေနဲ့..
ညတွေထဲမှာ ကြေကွဲနစ်မြုတ်...
နင်..ငါကိုထားသွားတဲ့ညမှာ ဒီကဗျာတစ်ပုဒ်နဲ့ ငါနောက်ဆုံးလွမ်းမယ်...
နင်နဲ့ ဘယ်တော့ မှပြန်မဆုံမယ့် ဘ၀သံသရာ တေးသီချင်းတစ်ပုဒ်စာ...။


နွေဦးပုံပြင မိုးလှိုင်ည

Sunday, January 17, 2010

အရင်ကလမ်းများ

အထပ်ထပ်ကြေမွနေတဲ့ လိပ်စာကိုငေးရင်
အဆက်အသွယ်မရတဲ့..
နှစ်ကာလအဟောင်းတချို့...
ငယ်ငယ်ကချောင်းစပ်မှာ
စိတ်ကူးလှေတွေ မျောခဲ့သလို
အခု .. ငါတို့ ခေတ်ကာလထဲမှာမျောခဲ့ပြီ...
အမေမရှိတော့ဘူး
အိမ်အဟောင်းကြီးမရှိတော့ဘူး
နာရီအဟောင်းကြီးမရှိတော့ဘူး
အဟောင်းအနွမ်းဆိုလို့
ငါနဲ့ ငါ့အလွမ်းတွေပဲရှိတယ်...
အသစ်စက်စက်မျှော်လင့်ချက်ကိုချမောင်း...
ငါ့တို့ ပျက်လွယ်ပြင်လွယ်ဘ၀နဲ့ နေသားကျခဲ့တယ်...
ငါတို့လမ်းတွေက အရင်ကလို မိုးများရင်ရေတင်နေတုန်းပဲ...။

မိုးလှိုင်ည

ဂြိုလ်ကမ္ဘာတစ်ခုရောက် သက်ရှိမျိုးစိတ်တစ်ခုရဲ့ မှတ်ချက်

ငါတို့ မမှားဘူး..
အမှန်တရားနဲ့ သီသီလေးလွဲသွားတာ တစ်ခုပဲ။ ...။

နေမျိုး
၂၀၀၅.၁၀.၎

Friday, January 15, 2010

တစ်နေ့တာ

ကိုယ်နားမလည်တော့ သူပြောတဲ့အတိုင်း လိုက်ပြောဖို့ကြိုးစားကြည့်တယ်.. ဒါပေမယ့် အသံထွက်က မပီဘူး.. ခံစားချက်က မညီဘူး နားလည်မှုကသွေဖည်နေတယ်.. ဒါဆို ကဗျာဖြစ်တယ.် ...မဖြစ်ဘူးကိစ္စ... နားမထောင်ပဲ စကားတွေအများကြီးပြောနေချင်တာ.. စာတွေအများကြီးရေးနေချင်တာ နာမည်တွေအများကြီးကြီးနေချင်တာ.. လက်ခုပ်သံတွေအများကြီးရနေချင်တာ ...မနူးမနပ် မလည်မ၀ယ် မသိတသိ ခပ်တည်တည်နဲ့ ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထား.. ဂျာနယ်နဲ့မျက်နှာကိုကွယ်ထား.. ကော်ဖီခွက်မှောက်ကျတော့ကပြာကယာ စားပွဲကိုတစ်ရူးတွေနဲ့ကောက်သုတ်... မေးခွန်းတိုင်းကိုဖြေဖိုမလိုဘူး ကိုယ်သိသလိုတတ်သလို လုပ်ပြီးမှ... ချွေးစေးတွေပြန်လာတယ်... မနက်စောစော ငှက်ကလေးတွေအစာကျွေးရဦးမယ်...

Thursday, January 14, 2010

အသည်းကွဲကျောက်ရုပ်

မင်းလွှတ်ချထားခဲ့တဲ့ ညနေခင်းလေးထဲမှာပဲ
ငါရှိနေသေးတယ် အချစ်။
မင်း ရှို့ခဲ့တဲ့ ငါ့ရင်ခွင်လေးလည်း
အခုထိ မီးက တဟုန်းဟုန်း
အရှိန်ကောင်းတုန်း.....။

ထားသွားပြီဆိုတဲ့ အမှန်တရားကို
လက်ခံဖို့ ငါကြိုးစားရင်း
အတူလျှောက်ခဲ့ဖူးတဲ့ လမ်းကျဉ်းလေးမှာ...
ငါတစ်ယောက်ထဲ မြေကြီးနဲ့ မျက်နှာချင်းဆိုင်
အပြန်အလှန် စကားတွေပြောဖြစ်တယ်.....၊
ရီရီမောမောလို့တော့ မထင်လိုက်နဲ့.....ချစ်သူ။

သတိရခြင်းနှိပ်စက်တဲ့ညမျိုးဆို
မင်းအိမ်ရှေ့အုတ်ခုံမှာ ခြေမှိုင်လက်မှိုင်၊
သီချင်းတွေဟစ်လိုဟစ်နဲ့
မင်းအရိပ်မျှော်တဲ့ ညည့်ဆိုးအဖြစ်
လူထုမေတ္တာကို ငါခံယူတယ်၊
အများပြောသလို နေတတ်သလိုမနေနိုင်သရွေ့ပေါ့ အချစ်ရယ်.....။

ချစ်သူ့လက်ကို စကိုင်ဖို့တောင် မရဲခဲ့တဲ့ကောင်
အဲလို အူကြောင်ကြောင်ကောင်ရဲ့အဖြစ်ကို
ရီစရာဟာသတစ်ပုဒ်အဖြစ် စိတ်လိုလက်ရ နင်ပြောချင်လည်းပြောနေမှာပေါ့......
ငါဆိုတဲ့ကောင်ကလည်း ခက်တယ်...
ချစ်သူ့လက်ကို စကိုင်ဖို့သာမရဲခဲ့တာ ချစ်သူက တွဲခဲ့တဲ့လက်ကိုတော့
ဘယ်တော့မှ မလွှတ်ရက်ခဲ့ဘူးဆိုတာ.....
တောက်! တကယ်ဆို ငါကိုက
ရေလိုက်၊ငါးလိုက် ဆိုတဲ့ ဝေါဟာရနဲ့ အကျွမ်းတ၀င်မဖြစ်ခဲ့တာပါ....။

နားထောင်...
အမှန်က မချစ်တတ်ခဲ့တာ မဟုတ်ဘူး
အချိန်တွေတိုင်း မင်းရဲ့ မျက်ဝန်းတွေမှာပဲ ပျော်နေမိတော့
ရုပ်ဝတ္ထုတွေရဲ့အရေးပါမှုကိုလည်း ငါအမှုမဲ့အမှတ်မဲ့ပေါ့.....
ကျေးဇူးပြုပြီး ငါ့ကို ငနုံအဖြစ်နဲ့ ကြိုးစင်တင်ပါ...။

အခုတော့.....အဲဒီ ငနုံဟာ ရင်ဘတ်ဟောင်းလောင်းပေါက်နဲ့
စိတ်ကူးအတုတွေကို အရောင်ခြယ်၊
မီးခိုးရောင်မျှော်လင့်ချက်တွေနဲ့ အသက်ဆက်၊
အဆုံးမသတ်ရသေးတဲ့ သီချင်းကို ခပ်ပြင်းပြင်းညည်းရင်း
မင်းထားသွားခဲ့တဲ့ ဟောဒီနေရာမှာပဲ
မင်းကို စောင့်တဲ့ ကျောက်ရုပ်အဖြစ်နဲ့ မတုန်မလှုပ်
နေ့တိုင်းလိုလို ဒီကောင် ငုတ်တုတ်မေ့နေတယ်.....။


နွေဦးပုံပြင်

Monday, January 11, 2010

ညနေ ၂

တစ်ယောက်တည်းလား..
လမ်းတစ်ဖက်ကိုဖြတ်ကူးမလို့
သံသရာ တစ်စုံချထားပြီးပြီ...
ကိုယ့်ကိုယ်ကိုယ်တော့
ရီဝေေ၀ပြန်ပြုံးပြလိုက်တယ်
မလိုမုန်းထားသူတွေလည်း
စိတ်ချမ်းသာပျော်ရွှင်ပါစေပေါ့
ယတြာက သက်ရောက်ဂြိုလ်မှာ
မတ်တပ်ရပ်နေပါတဲ့...
ကောင်းကင်က ကြိုးပြတ်လာတဲ့စွန်လို့
ဘယ်ကိုလွင့်ကျရမယ် မသိဘူး...။

မိုးလှိုင်ည

Thursday, January 7, 2010

တို့အတူအိပ်မက်

ဘ၀ဟာ တောင်တန်းတစ်ခုက ညှို့ယူသလိုမျိုး အပေါ်ကိုငေးငေးတက်ရင်းက ငါတို့အတွက်
အိုအေစစ်လေးတွေ နားဖြတ်သန်းမိတာပါ
အဲဒီနေရာကို ချစ်ခြင်းအားဖြင့်
တည်ဆောက်ထားတယ်လို့ ငါမှတ်သားခဲ့ဖူးတယ်ကောင်မလေးရယ်
.
တကယ်တော့ နွေရာသီချည်း လွယ်ပိုးထားတဲ့ ဘ၀ကန္တရထဲ ငါဖြတ်သန်းသွားဘူး
သဲတောင်ကုန်းတွေ တစ်ကုန်းပြီး တစ်ကုန်း သဲမုန်တိုင်းတွေ တစ်ခုပြီးတစ်ခု
ငါ့ကိုတိုက်ခိုက်ခဲ့ဖူးတယ်

လဲပြိုမတက် ငါ့ခြေထောက်တွေကို မှိုင်းညှို့ညှို့အိပ်မက်တွေက ဆွဲယူခဲ့တယ်

ချစ်ခြင်းမှ စစ်ကူမရရင် ငါ့ဘ၀မှာ အောင်ပွဲဆိုတာ ဘယ်မှာရှိခဲ့မှာလည်းကောင်မလေးရေ

ငါတို့က ကောင်းကင်ဘုံခြင်းမတူဘူး ငါတို့က ခန္ဒာကိုယ်အချိုးအစားမတူဘူး
ဒါပေမယ့် ငါ့ကိုငြိမ်ဆိတ်စေခဲ့တဲ့
မင်းရဲ့ အိနြေ္ဒမျက်ဝန်းတွေထဲ ငါအကြိမ်ကြိမ် နစ်မြုပ်ချင်ခဲ့တယ်

ငါတို့ တစ်ယောက်ကို တစ်ယောက် ဘယ်လောက်တောင် ငတ်မွတ်ခဲ့ရလဲ
ငါဟာ မင်းခူးဆွတ်ဖို့ မျှော်လင့်နေတဲ့ သစ်သီးတစ်လုံးပါ
မင်းလက်ဖ၀ါးနဲ့ထိမှ မှည့်ဝင်းရမှာပါ

ငါအပြင်ခွံ့က စိမ်းကားမာကျောပေမယ့် နှလုံးသားအတွင် နူးညံ့ညင်သာတဲ့
အနုပညာနဲ့ ဖန်ဆင်းထားပါတယ်
ကောင်မလေးရယ် ငါ့ကိုယ်ငါ ဆက်သဖို့ မင်းရဲ့ရှေ့မှာ ဒူးထောက်ခွင့်ပေးပါ

တစ်ဘ၀စာအလုပ်ကျွေးပြုခွင့်အတွက် ငါ့ကို ချစ်ခြင်းမေတ္တာကို
လုပ်ခအဖြစ်ပေးချေပါ

ကောင်မလေးရေ ပြက္ခဒိန်စာရွက်တွေလည်း ကြွေလွင့်ကုန်ပြီ လေ

ဖြူရော်ရော်ညတွေထဲ မင်းနာမည်ရေးထားတဲ့ ကြယ်ကို ငါအသည်းသန်
ရှာနေမိတုန်းပါ
ဒီလိုနဲ့ မီးရောင်စုံထွန်းထားတဲ့ ပွဲတော်ညတွေဟာ
ငါ့နံဘေးက ဖြတ်သန်းသွားကြတယ်
မင်းဟာ နတ်သမီးတစ်ပါးဝတ်ရုံနဲ့
ငါအိပ်မက်တွေထဲမှာ နုပျိုနေတုန်းပါပဲ
အခုတော့ ငါ့ ညတွေအကုန်လုံး
ချိတ်ဆွဲထားတဲ့ လမင်းဆိုတဲ့
မီးအိမ်တစ်လုံးတောင် လင်းတစ်ခါ မှိန်တလှည့် မင်းပြန်လာမယ့်နေ့တွေဟာ
မနက်ဖြန် မနက်ဖြန်
မနက်ဖြန် များစွာထဲ ငါ့နဲ့ လက်တစ်ကမ်းမှာတင် မမှီမကမ်းဖြစ်နေရ

ကောင်းမလေးရေ မင်းငေးနေတဲ့ကောင်းကင်ထဲမှာ ငါကြယ်တစ်စင်း မဖြစ်နိုင်ခဲ့တာ
ဝမ်းနည်းနေမိတယ်

အခုတော့ နွေသစ်ပင်လို့ ခြောက်သွေ့ခက်လျှနေရ
မင်းနဲ့ငါ အိပ်မက်တူပေမယ့်
ညတာတွေကွဲပြားခဲ့တယ်

လူသမိုင်းတစ်ခေတ်လုံး အညံ့ဖျင်းဆုံး အရေးအသားဆိုရင်တောင်
လွင့်ဝေလာတဲ့အိပ်မက်အစစ်တစ်ခုပါ


ချစ်ခြင်းအားဖြင့်
ကောင်လေး

ဇန်န၀ါရီ ၃ရက် ပုန်ကန်ထကြွမှု


သူ့ကိုသူအမေမွေးတော့

ကဗျာဆရာဖြစ်လာမယ်မှန်းဘယ်သူမှမသိဘူး

အဲဒီအချိန်တုန်းက တားရော့စ်ကဒ်ထက်

ဖဲသုံးချပ်ကိုပဲ ပိုစိတ်ဝင်စားခဲ့တဲ့ ချာတိတ်

အခုတိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့

ရေခဲဖုတ်ကောင်…

အမေရိကားမှာနေပြီး

မြန်မာကဗျာရေးသားသူ…

သူ့ကိုတော်လှန်ရေးသမား

ဒါမှမဟုတ်သူပုန်…

ဘယ်လိုပြောပြော…

သူကဗျာဆရာဖြစ်တယ်ဆိုတဲ့အချက်ကိုပဲယုံတယ်

နီရူဒါနဲ့..

ချေကွေဗားရား

အခုမင်းကိုနိုင်နဲ့

မင်ဒဲလားအထိ

ကဗျာဆရာစစ်စစ်မဖြစ်ပဲနဲ့

ဘယ်တော်လှန်ရေးမှမအောင်မြင်ခဲ့ဖူး

ငါတို့သေတမ်းစာကို

ငါတို့လက်နဲ့ရေးတယ်…

ငါတို့ ရှင်သန်အောင်ပေးခဲ့မယ်ဘ၀တွေအတွက်

တော်လှန်ရေးကဗျာဆရာတစ်ယောက်

ဇန်န၀ါရီ သုံးရက်မှာ မွေးခဲ့ဖူးတယ်….

သစ်ကောင်းအိမ်…

ခင်ဗျားပုံကိုချိတ်ဖို့ ကျွန်တော်တို့နံရံတွေက ငံ့လင့်နေတယ်….




မိုးလှိုင်ည

Tuesday, January 5, 2010

ငါ့နားထင်ကို ငါပစ်ချလိုက်တယ်

ငါ့ဆီမှာ ခြောက်လုံးပြူးတစ်လက်ရှိတယ်


အနုပညာတစ်တောင့်ထည့်

လွတ်လပ်မှု တစ်တောင့်ထည့်

ဒီမိုကရေစီ တစ်တောင့်ထည့်

ချစ်ခြင်းမေတ္တာတစ်တောင့်ထည့်

ဒုက္ခသစ္စာတစ်တောင့်ထည့်

ကိုယ်ချင်းစာတရားတစ်တောင့်ထည့်ပြီး

လိုက်ချိန်မိလိုက်တော့.


ဟူးးးးးးးး


ရန်သူတွေအများကြီး

အနုပညာတစ်တောင့်တည်းနဲ့

လုံခြုံရေးခလုတ်ကိုဖွင့်

မောင်းတံကိုမ

ငါ့နားထင် ငါပစ်ချလိုက်တယ်


ဝမ်းနည်းပါတယ်.

ကိုယ့်ကိုယ်ကို အနိုင်ယူလိုက်ရတာ စိတ်မကောင်းပါဘူး


မိုးလှိုင်ည

Monday, January 4, 2010

နင်ငါ့ကိုလိမ်တယ်...

နင်ငါ့ကို ခဏခဏလိမ်တယ်...
ဇာတ်လမ်းတွေဆင်ပြီးလိမ်တယ်
ဆင်ခြေတွေအမျိုးမျိုးပေးပြီးလိမ်တယ်
တစ်ခါတစ်ခါဗြောင်လိမ်တယ်
တစ်ခါတစ်ခါ မတော်တဆဖြစ်ဟန်ဆောင်လိမ်တယ်
တစ်ခါတစ်ခါ ရူးသလိုကြောင်သလိုလိမ်တယ်
တစ်ခါတစ်ခါ မသိသလိုမတတ်သလိုလိမ်တယ်
နင်ငါ့ကိုလိမ်တယ်
နင်ငါ့ကို အမြဲလိမ်တယ်
နင်လိမ်ဆင်တွေငါမသိအောင်လို့
နင်ခဏခဏလိမ်ရတယ်
လူသိရှင်ကြားလိမ်တယ်
ခိုးကြောင်ခိုးဝှက်လိမ်တယ်
မိတ်ပျက်ဆွေပျက်အောင်လိမ်တယ်
ငါ့အပေါ်အားလုံးအထင်တွေလွဲအောင်လိမ်တယ်
ငါ့ကို ချောက်တွန်းပြီးလိမ်တယ်..
မျက်လုံးကို စေ့စေ့ကြည့်ရဲတဲ့ပုံစံနဲ့လိမ်တယ်
အသက်မပါသလိုလိမ်တယ်
မျက်ရည်လေးစမ်းစမ်းနဲ့ ကော်ဖီဆိုင်မှာထိုင်ရင်:လိမ်တယ်
အီးမေးစ်ပို့ပြီး လိမ်တယ်
ဖုန်းဆက်တောင်းပန်ပြီးလိမ်တယ်..
နင်ခဏခဏလိမ်တော့ နင်ကလိန်တွေထဲ နင်ချောင်ပိတ်မိတယ်..
ငါဘာမှမပြောတော့ နင်ဆက်လိမ်ပါ...
သံသရာနဲ့ ကံကြမ္မာတွေအဖြေထွက်လာတော့
နင်ဘယ်လိုဆက်လိမ်မလည်းဆိုတာ ငါစိတ်ဝင်စားလို့...!!!!


မိုးလှိုင်ည

လွတ်လပ်ရေးက မိုးမလင်းတတ်သေး...

အဲဒီတုန်းက
အီဂျစ်နက္ခတ်တွေ ဈေးကွက်သိပ်မ၀င်သေးဘူး
ကိုကြီးနု အစီအရင်တွေနဲ့
မိုးမလင်းတတ်သေးတဲ့အချိန်
အဲဒီတုန်းက လွတ်လပ်ရေးဟာ
အပေးအယူများတယ်ဆိုတာ မသိသေးဘူး
အဲဒီတုန်းက လွတ်လပ်မှုဟာ
အမြဲတမ်း မလွတ်လပ်ဘူးဆိုတာကို
မရိပ်မိခဲ့ဘူး..
အင်္ဂလိပ်ဗိုလ်ချုပ်တစ်ယောက်က
ငါတို့က တစ်နှစ်ပဲ အိပ်ရေးပျက်ရမှာ
မင်းတို့က တစ်သက်လုံး မမြင်မစမ်း
မှောင်ကန်းကန်း အလံတင် အလေးပြု
အခု ထက်ထိ လွတ်လပ်ရေးက မိုးမလင်းတတ်သေး
အားလုံးဘ၀တွေလည်း မိုးမလင်းတတ်သေး
လွတ်လပ်ရေးကို မလွတ်လပ်မှုက
အမြဲတမ်းခြိမ်းခြောက်နေတယ်...
ငယ်ငယ်ကလို ငါလည်း ဟန်ဆောင်ပြီးတောင်
ပျော်မနေတတ်တော့...။


မိုးလှိုင်ည

Friday, January 1, 2010

ချစ်ခြင်းဖွဲ့ (၂)

တောင်းပန်စရာရှိရင်
ငါ့အမှားတွေက အရင်စပါရစေ…
နားလည်ပေးဖို့လိုအပ်ရင်
ငါ့ချစ်ခြင်းမေတ္တာကို ဦးစွာခွင့်ပေးပါ…
လွဲချှော်စရာရှိရင်လည်း
ငါ့ရဲ့ ထုံအမှုကို ရယ်မောပစ်လိုက်ပါ…
နာကျည်းစရာကြုံရင်လည်း
ငါ့မိုက်မဲမှုတွေကို အပြစ်တင်ကျေနပ်ပေးပါ…
အသက်ခြင်း အလဲအထပ်
နာကျင်စရာဘ၀နဲ့ကြုံရင်လည်း ငါ့ကံကြမ္မာကိုအလှည့်ပေးပါ…
ချစ်သူ
မင်းအတွက်က သရဖူ
မင်းအတွက်က ကြယ်စုံည
မင်းအတွက်က နွေဦးပန်းပွင့်များ
ချစ်ခြင်းမေတ္တာနဲ့ ငါပေးထားခဲ့ပါရစေ…
တစ်ဘ၀ပြီး တစ်ဘဝ
တစ်ကမ္ဘာပြီး တစ်ကမ္ဘာ
လွမ်းလို့သေသွားတဲ့ ၀ိဥာဉ်ဖြူတစ်စလို
မင်းရဲ့အနားမှာ ပျံဝဲနေပါရစေ..
ငါ့ချစ်ခြင်းတွေ မသေဆုံးသရွေ့
ငါဘယ်တော့မှ မကျွတ်မလွတ်ပါရစေနဲ့
အဲဒီလို ဆုတောင်းမှားခံရဲတယ်..
ခွင့်လွှတ်ပါ ညီမလေးရယ်
တစ်ဘ၀လုံးမှောင်ခဲ့ ဖူးတဲ့အမှောင်
မင်းကိုချစ်တဲ့ ချစ်ခြင်းကြောင့်
လင်းလက်တောက်ပြောင်ခဲ့ရလို့…
ငါ့ကိုယ်ငါပြန်ပေးဆွဲပြီး မင်းဆီကို ဆက်သခွင့်ပြုပါ…


မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...