Monday, April 26, 2010

နာမ်

သစ္စာနီ၊ ဟိန်းမြတ်ဇော်၊ လူဆန်း၊ လွန်းဆက်နိုးမြတ်၊ မြေမှုန်လွင် စတဲ့ ကဗျာဆရာငါးယောက်ရဲ့ ကဗျာစုစည်းမှုစာအုပ်ဖြစ်ပြီး.. ငါတို့ စာပေ ကနေ ၂၀၀၉ ခုနှစ်မှာ ပထမအကြိမ် အဖြစ်ထုတ်ဝေပါတယ်…။ ခေတ်ပြိုင်ဖြတ်သန်းမှုအနေနဲ့ ကဗျာဆရာတစ်ဦးချင်းရဲ့ ရေးချက်တွေကို အရောင်စုံတွေ့မြင်နိုင်ပါတယ်..။ ကဗျာအပေါ်မြတ်နိုးတန်းဖိုးထားပြီး ဘ၀အစိတ်အပိုင်းတွေထဲ ကဗျာနဲ့မှော်ဝင်မှု တည်ဆောက်ထားတဲ့ ကဗျာ ဆရာတွေဖြစ်တဲ့အတွက် ကဗျာနဲ့ပက်သက်ပြီးတော့ ရင့်ကျက်တဲ့ အတွေ့အကြုံတွေကို တွေ့မြင်ရပါတယ်..။ ခေတ်ကာလ အပေါ်သစ္စာထားတဲ့ အရေးအသားတွေဖြစ်တဲ့ အတွက် အနည်းငယ် ခါးသက်ကောင်း ခါးသက်နိုင်ပါတယ်… ဘ၀တန်ဖိုးကို နက်နက်ရှိုင်းရှိုင်း ဆာလောင်တတ်တဲ့ ကဗျာချစ်သူတွေအတွက်တော့ အာသီသတချို့ပြေပျောက်နိုင်တဲ့ စာအုပ်ကောင်းတစ်ခု ဖြစ်တယ်ဆိုတာ ညွှန်းဆိုပေးပါရစေ..။ နမူနာ ကဗျာတွေကို ပူးတွဲတင်ဆက်ပေးလိုက်ပါတယ်..။


ချီးမွမ်းခုနစ်ရက် ကဲ့ရဲ့ခုနစ်ရက်

ငါဟာရွက်လွှင့် ငါဟာရွက်လွှင့် သီချင်းကိုအော်ဆိုတယ်

ပြုဖူးခဲ့တဲ့ အပြစ်တစ်ခုအတွက် လူတွေကဲ့ရဲ့ကြတာဆန်းသလား

အိမ်ရှေ့လမ်းထွက်လျှောက်ရင်တောင် မြင်တဲ့သူက မတော်တဆလိုလို

(တကယ်က တမင်တကာ) တံတွေးကို အသံမြည်အောင်ထွေးတယ်မျက်နှာကို

လေဖြတ်ထားသလို ရွှဲ့ကြည့်တယ်အကြောင်းရှိလို့ အခေါ်အပြော

လုပ်ရင် ရွံ့သလိုလို တွန့်သလိုလို မကောင်းတတ်လို့ စကားပြန်ပြော

လိုက်ရတာလို့ သတင်းဖြန့်မယ် အဘိုးက တော်သလောက် အဖေက

ရည်မွန်သလောက် ဒင်းတို့ကျမှ မိုက်ရိုက်လိုက်ကြတာ ကြုံကြိုက်လို့

တွေ့တဲ့အခါ အဝေးကြီးက ပါတ်ရှောင်ပြေးပြီးရင် လက်ညိုးငေါက်ငေါက်

ထိုး မကောင်းပြောကြ အုပ်စုဖွဲစည်ကားနေတဲ့ကြားရောက်သွားရင်

ရှဲကနဲ ချက်ချင်း လူစုကွဲသွားကြ တစ်ကြိမ်တစ်ခါမှမသိကျွမ်းဖူး သူ

ကတောင်ယောင်တောင်တောင်နဲ့ အမြင်ကပ်ခြင်းခံရ ဒီလိုနဲ့ ခုနစ်ရက်

ပြည့်လို့ လမ်းမှာတွေ့တော့ အလကားနေရင်း ပြုံးပြတာကြုံရတယ်

ဒီအင်္ကျီဘယ်က၀ယ်သလဲ ဒီဖိနပ် နဲ့သိပ်လိုက်တာပဲ အကြောင်းမဲ့သပ်

သပ် ထမင်းစားဖိတ်ကျွေးခံရ မတွေ့ချင်လို့ ရှောင်သွားရင်တောင်

နောက်ကဇွတ်အတင်း လိုက်နှုတ်ဆက်ကြ တော်လွန်းလို့ အိမ်က သား

သမီးတွေကို ဆုံးမတိုင်းထည့်ထည့် ပြောရတယ် မျိုးရိုးက ဂွတ်ရှယ်

ဘမျိုးဘိုးတူ သားသမီးတွေလေ အကြောင်းမရှိအကြောင်းရှာ ဖုန်းတ

ဂွမ်ဂွမ် လှမ်းဆက်ကြ ကိုယ်ရေးကိုယ်တာ ပြသနာအတွက် အကြံဥာဏ်

တွေ တောင်းလားတောင်း ထင်းရေးမီးရေး လာတိုင်ပင်လို့ တိုင်ပင် ဘာမဆို

ခင်ဗျားထောက်ခံမှုလေးပါမှ လုပ်ဝံ့တယ်ဆိုသူက ဆို ဒီမှာတော့ ဆရာကြီး

စတိုလ်နဲ့ပဲ နေရတော့မလိုလို ဘ၀င်ပဲ မြင့်ရတော့မလိုလို အနေအထားမှာ

နောက်ထပ် ခုနစ်ရက်တစ်ခါ ပြည့်ပြန်တော့ ငါဟာ ရွက်လွှင့်

ငါဟာ ရွက်လွှင့်ဆိုတဲ့ သီချင်းက တစ်ကနေပြန်စပါလေရော ။


လွန်းဆက်နိုးမြတ်

၆.၂.၂၀၀၉

၀၀း၁၀ နံနက်


ရှုခင်းများ (၇)


ငါရင်ခုန်ခဲ့ဖူးတယ်

ဟောဒီမှာ..

တိုက်တာတွေ ပိုကြီးလာတယ်

လူတွေပိုသေးလာတယ်

မော်တော်ကားတွေပိုများလာတယ်

သစ်ပင်တွေပိုရှားလာတယ်

ဆိုင်းဘုတ်တွေပိုပေါလာတယ်

တံတွေးတွေ ပိုပေါလာတယ်

ရန်ကုန်…

သွေးဆုံးခဲ့တာကြာပြီ…။


သစ္စာနီ

ဝယ်ယူချင်တယ်ဆိုရင်တော့ ရန်ကုန်မြို့နဲ့ မန္ဘလေးမြိုပေါ်ရှိ စာအုပ်ဆိုင်တွေ ၀ယ်ယူရရှိနိုင်ပါတယ်.. ။ ခေတ်ပြိုင်မှတ်တမ်း အနေနဲ့ကဗျာချစ်သူတွေ ၀ယ်သိမ်းဆည်းထားသင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်..။

ခင်မင်လေးစားလျှက်

မိုးလှိုင်ည

3 comments:

  1. ပြထားတဲ့ ကဗျာ နှစ်ပုဒ်လုံးကြိုက်တယ် ... ကျေးဇူး ......

    mie nge

    ReplyDelete
  2. ၀ယ်ထားလိုက်ပါတယ်ဗျ....

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...