Tuesday, September 29, 2009

ကဗျာထဲကို ထည့်ချင်ရာထည့်တဲ့ အုံကြွမှု

ကဗျာထဲကိုဘာထည့်ရမလဲ
မျောက်တွေဟာ အုန်းသီးထဲ ဘယ်သူရေထည့်သွားသလဲဆိုတဲ့
အတွေးအခေါ်ရသလို
ကဗျာထဲကို ဘာထည့်ရမလဲ
ဒုတိယကမ္ဘာစစ်အတွင်းက
ပြင်သစ်ကြေးစားမတွေဟာ သူတို့ကိုယ်ထဲကို ဆစ်ဖလစ်ပိုးထည့်ပြီး
ဂျာမန်တွေကိုဖျော်ဖြေသလိုမျိုး
ကဗျာထဲကိုဘာထည့်ရမလဲ
ဒဿနမပါတဲ့ ကဗျာဖတ်ရတာ ဆားမပါတဲ့ဟင်းစားရသလိုမျိုးတဲ့
ကဗျာထဲကိုဘာထည့်ရမလဲ
ကဗျာဆိုတာ အသံသာရမယ်
ဟုတ်ကဲ့
ကဗျာမှာ နိမိတ်ပုံထွားထွားကြီးတွေနဲ့ ဝေဝေဆာဆာဖြာရမယ်
ဟုတ်ကဲ့
ကဗျာထဲမှာ ဘာသာစကားထည့်ပါ
ဟုတ်ကဲ့
ကဗျာဆိုတာ ရိုးသားရမယ်
ဟုတ်ကဲ့
မင်းတို့ ရေးချင်ရာရေးတာကို ကဗျာလို့ခေါ်နေကြတာလား
ဟုတ်ကဲ့ . . . ဟုတ်ကဲ့ ခင်ဗျာ
အဲ့ဒီလိုနဲ့
ကဗျာထဲကို အသဲကွဲသီချင်းတွေ ထည့်လွှတ်လိုက်တယ်
ကဗျာထဲကို စိတ်ရဲ့အုံမှိုင်းမှုတွေ ထည့်လွှတ်လိုက်တယ်
ကဗျာကြီးပဲဆို ပြင်းမှာစိုးလို့ ဆော်ဒါ နဲနဲရောထည့်တယ်
(ကဗျာ စစ်စစ်ဆို ဘာမှ မရောပဲ သောက်တာ ပိုကောင်းတယ် )
ကဗျာထဲကို မိုးနဲ့အတူအစိုးမရတဲ့ ကောင်မလေးတွေအကြောင်းထည့်တယ်
ကဗျာထဲကို မေထုန်မဲ့ခြင်းကနေ ပေါက်ဖွားကြီးပြင်းတဲ့ နိုးစားနွားမကြီးအကြောင်းထည့်တယ်
ကဗျာထဲကို ပြတ်တောက်သွားတဲ့ ဖိနပ်လေးတဘက်အကြောင်းထည့်တယ်
ထည့်ချင်ရာထည့်ထားတဲ့ ကဗျာကြီးဟာ မြေဆွဲအားကနေ ရုန်းကန်ပျံ ဘို့ ကြွကြွ ရွရွကြီးဖြစ်နေပြီ
လွတ်လွတ်ကျွတ်ကျွတ် ကင်းလွတ်ခွင့်ရဘို့ အရေး ဆိုင်းကြိုးတွေကို ဘယ်သူလာဖြတ်မလဲတွေးတယ်
ပရော်ဖက်ဆာ တယောက်က ပြောသွားတာက
ကဗျာထဲကို ထည့်ချင်ရာထည့်တဲ့ အုံကြွမှုကြီးရဲ့ အစဟာ ခရစ်တော်မပေါ်ခင်ကထဲကတဲ့ . .

အဲဒီ အုံကြွမှုထဲမှာ မြေဆွဲအားကြောင့် ဖြစ်ပေါ်လာတဲ့ ရုန်းကန်မှုတွေ

ကဗျာ ဟာနေ၀င်နေထွက်စောခဲ့တယ် ကဗျာဟာ မုတ်သုန်လေဦးလိုလည်း
အမြဲတမ်းခက်ထန်တယ် အမှန်တရားဆိုတာ ခက်ထန်တာပဲလေ...
အသက်မဲ့နေတဲ့ အိပ်မက်တွေ ခြောက်ကပ်နေတယ့်လယ်မြေတွေ
တကယ်တော့
အမှန်တကယ်တော့
လူသမိုင်းကို ထွန်ယက်ခဲ့တာကဗျာပါ...
အသည်းကွဲနေတဲ့ ကဗျာဆရာ အရူးတစ်ယောက်က
အသည်းကွဲ ဖူးသူအားလုံးကိုကိုယ်စားပြုသလိုပေါ့
တော်လှန်ရေးမှာကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက်
ကိုယ်ကိုယ်တိုင် ကျဆုံးခံခဲ့ရသူလည်း ကဗျာဆရာပဲ
ကဗျာထဲကို နာကျင်မှုတွေ ထည့်ခလောက်တော့
ကောင်မလေး မင်းကြိုက်တဲ့
စတော်ဘယ်ရီမိတ်ရှိတ်ဖျော်ရည်တစ်ခွက်တော့ဖြစ်လာမှာမဟုတ်ဘူး
တကယ်တော့ ကိုယ့်ကိုယ်ထဲက လွတ်မြောက်ရေးတိုက်ပွဲ
ဆိုက်ဘေးရီးယားကို နယ်နှင်ခံလိုက်ရတဲ့ သမိုင်းစာအုပ်တစ်အုပ်လို့
အေးစက်နက်ရှိုင်းလို့....
မင်းလေ့ကျက်ပြီးပြီလား
မင်းရိုးသားခဲ့ပြီးပြီလား
မင်းဖြူစင်ခဲ့ပြီပြီလား...
ကဗျာကိုဖတ်တတ်ဖို့ မင်းစိတ်အခံက ဖြူစင်ဖို့လိုတယ်...
နောက်ဆုံးတော့ လောကထောင်ချောက်တွေထဲမှာ
မင်းကိုယ်တိုင်ပိတ်မိတဲ့အခါ ကဗျာကို ဘာကြောင့်လိုမလည်းသိမယ်
ကဗျာထဲမှာ ဘာထည့်ထားလည်းသိမယ်...
အခုလောလောဆယ်တော့ ဒီစာမျက်နှာကိုကျော်ဖတ်သွားလည်းရတယ်...။
ကဗျာဟာမင်းအတွက် မျောက်အုန်းသီးရ မဖြစ်စေနဲ့...။



ဖုန်းမြင့်၊ မိုးလှိုင်ည

Monday, September 28, 2009

သူမကိုကျွန်တော်ကြောက်သည်

Saturday, November 10, 2007

သူမကိုကျွန်တော်ကြောက်သည်

လူတို့သည်ဘုန်းတန်ခိုးကြီး၏
အမျက်ဒေါသကြီး၏
အလိုရမ္မက်ကြီး၏
လက်လေးဖက်၊ ခြေလေးဖက်၊
ဦးခေါင်းနှစ်လုံး၊လိင်အင်္ဂါနှစ်ခုနှင့်
ထိုသူတို့သည်…
နတ်ပြည်သို့တိုက်ခိုက်ရန်ကြံစည်နေဘိ
ထိုသူတို့အားနတ်လက်နှက်နှင့်
တိုက်ခိုက်ချေမှုန်းပစ်လိုက်ပါက
နတ်တို့အားကိုးကွယ်သူမဲ့ချေအံ့
ထိုကြောင့်လူတို့အား
လက်နှစ်ဖက်၊ခြေနှစ်ဖက်၊
ဦးခေါင်းတစ်လုံးထက်ခြမ်းဝက်၍
သူ၊သူမခွဲခြမ်းစေဟု
ဇုနတ်မင်းကြီးကဆုံးဖြတ်ခဲ့သည်။
(ဂရိဒဏ္ဍာရီ)

လူတို့သည်မိမိ၏ပျောက်နေသောအခြမ်း
ကိုရှာဖွေရင်း….
သူဟူသော ကျွန်တော်သည် သူမကိုရှာရင်း..

ဘုရားသခင်သည်
လူယောကျာင်္းသည်တစ်ဦးတည်းမနေကောင်း
သူ၏အထောက်အမကိုဖန်ဆင်းဦးမည်ဟု
အကြံရှိတော်မူလေသည်
ထိုကြောင့်လူကိုကြီးစွာသောအိပ်ခြင်းဖြင့်
အိပ်စက်စေ၍
နံရိုးတစ်ချောင်းအားထုတ်ယူပြီးလျှင်
အသားတို့စေ့စပ်၍လူမိန်းမအားဖြစ်ပေါ်စေသည်…
ထိုနေ့သည်ဆဌမမြောက်နေ့ဖြစ်သည်။
(ကမ္ဘာဦးကျမ်း)
မိမိ၏နံရိုးတစ်ချောင်းကို
မည်သို့သောအရပ်မှာရှာဖွေရမှန်းမသိခဲ့
သူမ ပျော်ရွှင်သောနေ့ရက်တို
အစဉ်အမြဲရရှိနိုင်ပါ့မလား…
မိမိနံရိုးအတွက်
ရင်မှနာကျင်ခြင်းတို့သည်ပိုမိုမြည်ဟီးနိုင်ခဲ့ပေသည်။

ချစ်သား
ဤသူငယ်မအတွက်ကျသော
သင်၏မျက်ရည်မြစ်အသွယ်သွယ်သည်
သမုဒ္ဒရာလေးစင်းထက်ပိုမိုများပြားခဲ့ပြီ
သံသရာအဖန်ဖန်ကျင်လည်ခြင်း၌
နာကျင်မှောင်မိုက်ခြင်းအတိကိလေသာအပေါ်
သင်သည်စွဲလန်းလောင်မြိုက်ဆဲလား….

မဖြစ်ခြင်းတရားဆီသို့
ကျွန်တော့်သူမနှင့်အတူသွားခွင့်ရချင်မိသည်…
သူမကိုကျွန်တော်ချစ်သည်…
ထိုသို့သော ကိလေသာအားဖြစ်စေသော
ထိုသူမကိုပဲကြောက်ခြင်းတရားနှင့်မြတ်နိုးမိဆဲ….။


မိုးလှိုင်ည


၂၀၀၇ နိုဝင်ဘာက ရေခဲ့ဖူးတဲ့ကဗျာလေးပါ

အခုထက်ထိလည်း ကြောက်တုန်းပဲမို့ ပြန်တင်လိုက်တာ...။

Friday, September 25, 2009

မိုးလှိုင်ည ဟု ခေါ်ဆိုပါရန်



နပိုလီယန်မဟုတ်ဘူး
ကူဗလိုင်ခန်မဟုတ်ဘူး
ဂျူးလိယက်ဆီဇာမဟုတ်ဘူး
ဂျော့ဝါရှင်တန်မဟုတ်ဘူး
မိုးလှိုင်ညဟုခေါ်ဆိုပါရန်....

ကျန်စစ်သားမဟုတ်ဘူး
နရသီဟပတေ့မဟုတ်ဘူး
သားတော် သီဟသူမဟုတ်ဘူး
ဖောင်းကားစား မောင်မောင်မဟုတ်ဘူး
မိုးလှိုင်ည ဟုခေါ်ဆိုပါရန်....

မင်းခေါင်မဟုတ်ဘူး
ရာဇဓိရာဇ်မဟုတ်ဘူး
တပင်ရွှေထီးမဟုတ်ဘူး
နတ်ရှင်နောင်မဟုတ်ဘူး
မိုးလှိုင်ည ဟုခေါ်ဆိုပါရန်...

မက်ခရာဗိလိမဟုတ်ဘူး
ဟစ်တလာမဟုတ်ဘူး
့ပိုပေါ့မဟုတ်ဘူး
မီလိုဆီဗစ်မဟုတ်ဘူး
မိုးလှိုင်ည ဟုခေါ်ဆိုပါရန်

ဦးလေးမဟုတ်ဘူး
မင်းသားကြီးမဟုတ်ဘူး
ချာတိတ်မဟုတ်ဘူး
ကိုကြီးမဟုတ်ဘူး
မိုးလှိုင်ည ဟုခေါ်ဆိုပါရန်

ဂူးဂဲလ်မဟုတ်ဘူး
သရီးဂျီအိုင်ဖုန်းမဟုတ်ဘူး
ပလေးစတေရှင် မဟုတ်ဘူး
နိုကီယာမဟုတ်ဘူး
မိုးလှိုင်ည ဟုခေါ်ဆိုပါရန်...

အာဏာရှင်မဟုတ်ဘူး
ဟောလိဝုဒ်စတားမဟုတ်ဘူး
ရတ်ပ်အဆိုတော်မဟုတ်ဘူး
မက်ဒေါ်နယ်အစားအစာမဟုတ်ဘူး
မိုးလှိုင်ည ဟုခေါ်ဆိုပါရန်


မိုးလှိုင်ည

Thursday, September 24, 2009

ဇီဝမျိုးကွဲတွေ ကြွယ်စေဖို့


ကဗျာက ဆန်းတယ်ဗျာ ပြီးတော့.... ကဗျာရေးသူကို မဖော်ပြနိုင်ဘူးဖြစ်နေတယ်... လူငယ်တစ်ယောက်ဖြစ်မယ်ထင်တာပဲ...။

Wednesday, September 23, 2009

သတိရခြင်း - ရန်ကုန်

စိတ်ကိုင်းဖျားလေးပေါ်
သူလာနားပုံက
တစ်သက်ပတ်လုံးပြန်မပြေးတော့မယ့်
ပုံ
ယုံကြည်ချက်ငွေ့အသက်တွေနဲ့
မိုးတွေညို့လိုက်လာခဲ့ပြန်တာ
တစ်နှစ်ပတ်လုံးမိုးရာသီ...

တစ်နှစ်ပတ်လုံးရွာထားမှတော့
အလွမ်းတွေက အပြိုင်းအရိုင်း
ထင်တိုင်းကျဲပေါက်ရောက်နေခဲ့ပြီပေါ့
ခုမှတော့ ..
အိပ်မက်တွေကိုတစ်စစီသိမ်းထုတ်
ကိုယ့်ဘာသာကိုယ်ယက်လုပ်ထားတဲ့
ရန်ကုန်ကိုပဲ ခြုံယူဝတ်ဆင်
ငါ့စိတ်တစပြင်ကိုငါ ယာယီလုံခြုံစေလိုက်ပြီ။


မနော်ဟရီ

သတိရခြင်း - ရန်ကုန်

ငါ့စိတ် အကိုင်းအဖျားလေးပေါ် ရန်ကုန်မြို့ကြီးလာနားတော့
သတိရစိတ်တွေ ကွေးညွှတ်
ငါ့တနင်္ဂနွေတွေ မိုးအုံးခဲ့ပြန်တယ်

မြို့ထဲလမ်းမတွေက အမှတ်တရ သိမ်းထုတ်ထားဖို့ ရှည်လျား
မိုးရေထဲ လိမ်လိမ်မာမာလေး နှစ်မြုပ်နေမယ့် မြို့ကြီးပေါ့
ငါ့ရဲ့ အိမ်လွမ်းနာမှာ မင်းက ဒဏ်ရာအစစ်ပါ ရန်ကုန်

လက်ရှိပြေးလမ်းနဲ့ တသားတည်းဆိုပေမယ့်
အလွမ်းတွေက ထိုးထိုးထောင်ထောင်ရယ်ပါ
ရန်ကုန်ရေ... မင်းဆီမှာ ကျန်ခဲ့တဲ့ ငါ့အိမ်မက်တွေ
တစ်နေ့တော့ ငါပြန်လာယူမယ်

အခုတော့
ပန်းဆိုးတန်း၊ အနော်ရထာ၊ ၂၆လမ်းတွေပေါ်
လမ်းတွေလျှောက်နေချင်တယ်
ငါ့စိတ်ကလေးပဲ လွှတ်လိုက်ပါရဲ့ ရန်ကုန်ရယ်
နောက်မှ တွေ့မယ်။

စိုင်းလောဝ်ပိန်း

Tuesday, September 22, 2009

နှစ်ချို့ကော်ဖီ ၂

အချိုတွေများလွန်းတဲ့ ဘ၀ကို

ငါသိပ်အရသာမတွေ့ဘူး …..

တတ်နိုင်သမျှတော့ ကိုယ့်ကိုယ်ခါးသက်ထားလိုက်တယ်

ထင်ထားတာထက် ပိုမြန်တဲ့အမှန်တရား

ငရဲတံခါးတွေအားလုံးကိုယ့်လက်နဲ့ကိုယ်ဖွင့်ခဲ့ကြတာချည်းပဲ

မြို့တွေပင်လယ်တွေနှစ်ကာလတွေ

တောင်တန်းလွင်ပြင်ချိုင်ဝှမ်း

ရှုခင်းအသေထဲကိုဓားမြှောင်ကိုထိုးစိုက်လိုက်တော့

မနက်ဖြန်ကဗျာဟာ ခင်ဗျားမျှော်လင့်သလိုလာမှာမဟုတ်ဘူး…

မြို့ဝင်ကြေးပေးဆောင်ရန်

တံတားဖြတ်သန်းခ

လိုင်စင်ရသွင်းကုန်ထုတ်ကုန်လုပ်ငန်း

အမိန့်ရအပေါင်ဆိုင်

နောက်ဆုံးပါမစ်အရဆုံးခန်းတိုင်အောင်

လိုအပ်တာထက် ပိုမိုခါးသက်နေထိုင်ရန်….

ရှင့်ကိုမချစ်ဘူး

ရေနွေးပူလောင်ဖူးတဲ့လက်ဟာ

ကဗျာကိုရေးတတ်ခဲ့တယ်…

မင်းအနာဂါတ်ကစိုးရိမ်ဖွယ်ရာပဲ

အဲဒီရုပ်နာမ်နှစ်ပါးဟာ

ကဗျာကိုရေးတတ်ခဲ့တယ်…

ဟဲ့ကောင်

မိသားစုတွေဆိုနင်ကထိုးထိုးဟောင်

အဲဒီလို အမေပြောတဲ့ကောင်ဟာ

ကဗျာကိုရေးတတ်ခဲ့တယ်…

ရေးတတ်ခဲ့တယ်ထင်တဲ့ကောင်ဟာ…

မနက်ဖြန်ကဗျာကို ဘယ်လိုလာမယ်မသိ….

မိုးမိတဲ့နေစွဲတွေ ပိုများလာခဲ့တယ်….။


မိုးလှိုင်ည

မြန်နှုန်းမြင့်စိတ်နဲ့ပဲ မေမေကို ဆက်သွယ်လိုက်တယ်


ဟဲလို . .
မေမေလား
ကျနော်နေကောင်းပါတယ်
နှလုံးသားကသာ ခဏ ခဏ ဖျားတာ
နေပူပူ ၊မိုးရွာရွာ သူ့မှာ အကာအကွယ် မပါဘူး မေမေ ။



မေမေရေ . .
ခါးတာတွေ ဆက်တိုက်စားမိတော့
လျှာဖျားတွေတောင် ယားတယ်
မုတ်သုန်မိုး တဖြိုက်နှစ်ဖြိုက်ကျရုံနဲ့
ကန္တာရပင်တွေတောထ
လူအဖြစ်ရရှိခဲ့မှုကြီးက ခါးသက်လှပေါ့မေမေ ။


မေမေရေ. .
ဆင်သေကောင်နား တဝဲလည်လည်ဆိုတဲ့
ပြဇတ်ထဲ
အသဲကွဲသမားအဖြစ် သရုပ်ဆောင်ရတဲ့သားဟာ
အော်စကာလျာထားချက်ထဲ
ထိပ်တန်းစာရင်းကပါတယ်တဲ့ မေမေ ။


မေမေရေ
. .
လောကကြမ်းကြမ်းကြီးထဲ
ခလုတ်ကန်သင်းတွေပေါလွန်းလှတယ်
ကျနော့်ကို ငြိသောဆူးများ ဒီထက်ပိုမို ထက်ရှကြပါစေ
ကျနာ် ထိမိတဲ့ ခလုတ်တွေ ဒီထက်ပိုမို အလုပ်ရှုပ်နိုင်ကြပါစေ
အိုးကင်းပူထဲ အလှော်ခံနေရသလိုပါပဲ မေမေ
ဘဝဆိုတာကြီးက
အထက်မီး အောက်မီးနဲ့ ဖုတ်ခံနေရတဲ့ ကိတ်မုန့်ကြီးပေါ့




မေမေရေ
ရရှိခဲ့တာတွေသိပ်များတော့
ကဗျာတွေတဖွားဖွား ထွက်ကျလာတယ်



ဒီနှစ်ထဲမှာ . . . အဆုံးအရှုံးသိပ်များတယ်
ဒီနှစ်ထဲမှာ . . . အချစ်ရေးအဆင်မပြေဘူး
ဒီနှစ်ထဲမှာ . . . ကျနော့်ယာခင်းက အသီးအနှံမဖြစ်ထွန်းဘူး
ဒီနှစ်ထဲမှာ . . . စီးပွားပျက်ကပ်ဆိုက်တယ်
ဒီနှစ်ထဲမှာ . . . အလုပ်လက်မဲ့
ဒီနှစ်ထဲမှာ . . . နှစ်နှစ်နေတယ်
နှောက်နှစ်တွေဆိုရင် စားပွဲမှာ ဓါးမြှောင်စိုက်
ကဗျာနဲပဲ မိုက်တော့မယ်



မေမေရေ
အိမ်ပြန်လာရာလမ်းကလေးက
တဖြေးဖြေးမှုန်ဝါးသွားတဲ့ ရုပ်ရှင်ပြကွက်လေး
ကျွန်တံဆိပ်တီရှပ်က အသက်ရှုကျပ်တယ် မေမေ



ဟုတ်ကဲ့ မေမေ
ကျနော်အခု မေတ္တာဧရိယာပြင်ပမှာ ရောက်ရှိနေတာပါ ။



ဖုန်းမြင့်

(11.8.2009)

Saturday, September 19, 2009

ကံကြမ္မာနဲ့ သရေကျတယ်


ပေးဂိုးတွေလည်းများခဲ့ရတာပဲ

ဒဏ်ရာအနာတရတွေလည်းအသေအချာရခဲ့တာပဲ

အဲဒါတောင်

ကံကြမ္မာဆိုတဲ့ကောင်က သရေပဲရသေးတယ်တဲ့

နောက်ပြီး သူက အသာစီးရချင်လို့

စည်းကမ်းချက်တွေလည်းသူကပဲချသေးတယ်

ငါ့မှာ မပြိုင်ချင်လည်းမရ

မနိုင်ချင်လည်းမရ…

ပုရိတ်သတ်ပေးတဲ့ နံပါတ်တစ်လည်းမလိုချင်

ပွဲစဉ်တစ်လျှောက်အကောင်းဆုံးဆုလည်းမလိုအပ်

ဒါတောင်မှ

ငါ့ကန်ချက်ကိုမှ အရသာခံချင်တဲ့

ငါ့လက်ရည်ကိုမှ သွေးတိုးစမ်းချင်သတဲ့လား ကံကြမ္မာ

နံကြားကိုထိုးထည့်လို့ အမော့ဆို့မှောက်လဲရင်

ငါကပဲ သနားရဦးမယ်…

ကံကြမ္မာ မင်းတိတ်တိတ်နေစမ်းကွာ

ငါဒီမှာ ကဗျာဖတ်နေတယ်…

မင်းနဲ့ သရေကျတဲ့ကစားပွဲကို

ငါထပ်မကစားချင်ဘူး…

စားပွဲပေါ်မှာကော်ဖီရှိတယ်

မင်းအေးအေးသက်သက်သာသောက်ပြီးပြန်ကွာ…။



မိုးလှိုင်ည

Friday, September 18, 2009

မားသားဘုတ်ခ်တွေ အနည်ကျတဲ့ပင်လယ်

Friday, December 14, 2007

မားသားဘုတ်ခ်တွေ အနည်ကျတဲ့ပင်လယ်


ကွန်ပြူတာဂိန်းစွဲလန်းလွန်းတဲ့ငါးတွေမှာ
အယ်ဇိုင်းမားရောဂါပြန့်ပွားနေပြ
ီတဲ့
ငါးအစစ်တစ်ကောင်ဟာ ပင်လယ်ထဲမှာမရှင်သန်နိုင်လို့
အရေးပေါ်ကယ်တယ်လိုက်ရတဲ့အကြောင်း
သူမနဲ့ချိန်းထားတာက
စကြာဝဠာစံတော်ချိန် 100079
ဝေါလ်ဝှိုက်ဝဘ်ပ် ဒေါ့ ၀ဲလ်ဒင်း ဒေါ့ နတ်က်
အကြီးကျယ်ဆုံးအွန်လိုင်းဝန်ဆောင
်မှုကနေ
လက်ထပ်ပွဲတစ်ခုကျင်းပနေတယ်…။
သတို့သားက ဆွန်ဇူးမျိုးဆက် တီမြစ်
တစ်ယောက်ဖြစ်ပြီး
ကူဗလိုင်ခန်နဲ့ဆွေမျိုးနီးစပ်တေ
ာ်စပ်သူ
စက်တပိုင်းလူတွေအတွက်
ယူရေနီယံချွင်းဂန်းထုတ်လုပ်ရောင
်းချတဲ့
မန်းအောဖ်သည်မက်စ် 20025
သတို့သမီး ဂျူပီတာမှာအခြေချနေထိုင်တဲ့
စပိန်မျိုးနွယ်သူဖက်ရှင်မယ်…
အိမ်ထောင်သားမွေးမှုကို နှစ်ဘက်ကုပ္မဏီများ
အသေးစိတ်ဆွေးနွေးကြပြီး….
သမ္မာကျမ်းစာထဲက မီးနဲ့ဆေးကြောတဲ့
အထိမ်းအမှတ်နေ့မှာ လက်ထပ်ပွဲကို
ဂလက်ဆီကွန်ယက်က
ဂြိုလ်ကြီးကိုလုံးကိုတိုက်ရိုက်
ပြသနေတာ
ပျင်းပျင်းနဲ့ထိုင်ကြည့်နေတုန်း
5.4.3.2.1.0 Accept
သူမရဲ့ခေါ်ဆိုမှုကိုလက်ခံလိုက်တယ်…
မေတ္တာတရားနဲ့ နှုတ်ခမ်းတွေဆီချိန်ရွယ်တော့
ဆောရီးပါ….
ယူရို (၇) သိန်းတန် အာရုံခံကိရိယာကို
ကျွှန်မလျှာမှာတပ်ဆင်ထားပြီးပြီ
စိတ်ကူးလိုက်ရုံနဲ့ရှင့်အနမ်းတေ
ွကျွန်မရရှိနိုင်မှာ
ရှင်လည်းတစ်ခုလောက်ဆောင်ထားသင်
့တယ်…
သွားပြီ…။
အနမ်းတွေရဲ့အကြည်ဓါတ်မရရှိနိုင်
တော့ဘူး
ကဗျာဆရာမှာ ၀င်ငွေမရှိတာ
ထောင်စုနှစ်သုံးခုရှိပြီ…

စိတ်ပြေလက်ပျောက် မော်နီတာတွေ
ပေါလောမျောနေတဲ့ ကမ်းခြေဘက်လမ်လျှောက်ထွက်လိုက်
တော့
ဟင်းစားရမလားလို့ မျှားကြည့်တဲ့ပင်လယ်မှာ
Motherboard တွေအနည်ကျလို့….။


မိုးလှိုင်ည


Thursday, September 17, 2009

ချစ်ခြင်းမဲ့နွေရာသီ

တဒင်္ဂတွေလည်း ပြင်မရတော့ပါဘူးအချစ်ရယ်

သီချင်းရှာတဲ့ ဂစ်တာတစ်လုံးထဲမှာ

ငါ့ အသည်းကွဲသံစဉ်တွေပုန်းခိုနေခဲ့ဖူးတယ်…


ဗုံးခိုကျင်းဖြစ်ခဲ့လို့ ဗုံးဆံတည့်တည့်မှန်သလိုပေါ့

နှလုံးသားပါတဲ့ လူမို့အရူးအမှုးချစ်ခဲ့ဖူးတာပါ…

မင်းပြန်မလာတဲ့ နွေရာသီမှာ

ဟောဒီယာခင်းတွေကို ငါတစ်ယောက်တည်း

မရိတ်သိမ်းရက်ပါ…။

ယောကျာင်္းတစ်ယောက်ဟာ ချစ်ခြင်းမေတ္တာမပါပဲ

ယုထ္တိုကျကျဘယ်လိုနေထိုင်ရမှာလည်း

ငါက စိတ်ကူးပေါက်ရာလျှောက်လုပ်နေတဲ့အရူးတစ်ယောက်


ညနေခင်းတွေဆို

တောင်ယာရှို့တဲ့မီးတွေလို

ငါ့အလွမ်းကပိုပြီးလှတယ်

အထီးကျန်ခြင်းအကျဉ်းထောင်ထဲမှာ

ငါ့ကိုခပ်ကြာကြာပိတ်လှောင်ထားခဲ့ပါ…

အပြစ်တွေကိုစီရင်ခံပြီး မင်းနတ်သမီးတစ်ပါး

ပြန်ဖြစ်လာတဲ့အချိန်

ဒါမှမဟုတ်

ကမ္ဘာဦးနေ့စွဲတွေအထိ ငါ့ချစ်ခြင်းတွေကိုသိမ်းဆည်းထားပါ့မယ်..။



မိုးလှိုင်ည

Wednesday, September 16, 2009

ခေတ်ပြောင်းခေတ်လွှဲ ကျောက်ခဲ

ဒီနေ့တော့

ကျောက်ခဲတွေကို သူ စီကြည့်နေမိတယ်

ကျောက်ခဲတွေက အရောင်တစ်မျိုးစီ

အမြဲရှိနေတဲ့အတွက် ကျောက်ခဲတွေကို ကြည့်တတ်ရင်

အနုပညာရတယ်

လမ်းခင်းကျောက်ပဲ ဖြစ်ဖြစ်

ဂ၀ံကျောက်ပဲ ဖြစ်ဖြစ်

မြစ်ကြမ်းပြင်အောက်က

ချောမွတ်နေတဲ့ ကျောက်ခဲတွေပဲ ဖြစ်ဖြစ်

နောက်ဆုံး သလင်းကျောက်တွေက

သူတို့ဘ၀တွေကို ဖန်သားပြင်လို

ပြန်မြင်ရတဲ့အဆုံး

သူဟာ ကျောက်ခဲတွေကို စိတ်ဝင်တစားကြည့်မိတယ်

ပြီးတော့ သူ စဉ်းစားမိတယ်

ကျောက်ခဲတွေ ဘ၀အပေါ် ပြုမှုဆက်ဆံတတ်ပုံကိုလေ

သူ့ဆီမှာ ကျောက်ခဲတွေကို စနစ်တကျ

လေ့လာထားတဲ့ အထောက်အထားတွေ မရှိဘူး

စိန်က အမာဆုံးဆိုတာ သိထားတယ်

ပြီးတော့ အရက်စက်ဆုံး

ပြီးတော့ သူ့နိုင်ငံထဲမှာ

မိုးကုတ်ပတ္တမြားမြေဆိုတာ ရှိတယ်

ဖားကန့်ဘက်က

ကျောက်စိမ်းမှော်တွေထဲမှာ

ကူးစက်ရောဂါနဲ့ သေခြင်းတရားတွေ

ဈေးကစားဖူးတာ သူ အမှတ်ရဖူးတယ်

ကမ္ဘာအရပ်ရပ်က

ပရိယသေန ဒါမှမဟုတ် စိတ်ကူးကြွယ်ဝမှုတွေ

ပေါက်ချွန်း ပေါက်ပြားတွေနဲ့

ကျောက်တူးသမားဆိုတဲ့ ဝေါဟာရပေါ်ဖူးတယ်

ပြီးတော့ ကျောက်တွင်းသူဌေး

ကျောက်ပွဲစား….. စသည်ဖြင့်ပေါ့လေ

ကျောက်တွေဟာ ဘ၀ပြောင်းစေတယ်

အဲဒါကို တွေ့ရှိခဲ့တာကြာပြီ…

သူကတော့ အဲဒီကျောက်တွေထက်

စက်မှုခေတ်ကို မောင်းနှင်ခဲ့တဲ့ ကျောက်မီးသွေးရယ်

အိုင်စီတီခေတ်ကိုမြန်နှုန်းမြှင့်ခဲ့တဲ့

CPU ထဲက သဲကျောက်တွေကိုပဲ

အမြတ်တနိုးထားချင်ခဲ့တယ်

အဲဒါက ခေတ်ပြောင်းခေတ်လွှဲ ကျောက်ခဲတွေပဲ…

ခင်ဗျားကော ဘယ်လိုထင်လဲ….. ။

မိုးလှိုင်ည

Sunday, September 13, 2009

အိမ်ကိုလွန်သွားတဲ့ လမ်းမများ…

အိမ်ပြန်ချင်စိတ်က ငယ်ထိပ်ကိုတက်တက်ဆောင့်တယ်…

ဘ၀ကို ထောင့်ချိုးတစ်ခါ ကွေ့ချရတိုင်း

ရလိုက်တဲ့အသိက

ငယ်ငယ်တုန်းကဆို အမေကအိမ်ပြန်လာဖို့မျှော်နေမှာ

အရင်က ရွားရိုးကိုးပေါက်ကောင်ကလေးပါ

အခုတော့ ကမ္ဘာပါတ်လည် အိမ်ခြေယာမဲ့ရွှေ…

အရိုးသီချင်းထဲကလို အာရှလူလည်…

ဒါပေမယ့် ခဏခဏနာကျင်နေရတဲ့ ထုံအမှုနဲ့

ပီနန်ကမောင်းထုတ်ခံရရင်

ရနောင်းဘက်မှာသောင်လာတင်

အင်ဒိုဘက်ခိုးကူးမလား

စကာင်္ပူရောက်တော့ အိုဗာစတေး

အာရှကို တစ်ပါတ်ပါတ်ဖူးပြီ…

အမေ့အိမ်တော့ မပြန်တတ်တော့ဘူးအမေ…

လမ်းမတွေက သွန်ချလိုက်တိုင်း

ဘ၀တွေက ဖြတ်ကနဲကွေ့ချလိုက်တိုင်း

ကျွန်တော်မသေသေးဘူး အမေ

အိမ်ပြန်ချင်စိတ်က ငယ်ထိပ်ကိုတက်တက်ဆောင့်တယ်…

အိမ်မက်တွေထဲမှာတောင်

ကျွန်တော်ပြန်မလာတဲ့လမ်းကလေးကလင်းလို့

တကယ့်ဘ၀မှာတော့ လမ်းတွေကအမှောင်

ထောင့်ချိုးတွေကြားမှာ ကြောက်လန့်တတ်တဲ့အရာတွေရှိနေမယ်လို့

ကျွန်တော်တွေးမိတုန်းပဲ အမေ…။


မိုးလှိုင်ည

Saturday, September 12, 2009

ဘုရားသခင်ကို ငါးကလေးတကောင်နဲ့

သူ့ကိုကြည့်ပြန်တော့လဲ အဲဒီကကို မတက်တော့ဘူး ကိုယ်ရပ်နေသလိုလို သူသွားနေသလိုလို၊ မဟုတ်ဘူး

ဘယ်သူမှ မသွားဘူး ဘယ်သူမှမရပ်ဘူး သွားတယ်ရပ်တယ်ဆိုတာ မရှိဘူး


ရှိတာက ‘သိနေခြင်း’၊ မရှိတာကိုရှိတယ်လို့ ‘သိနေခြင်း’ ။ သိနေခြင်းကို သိနေမိတယ်၊ ကဗျာဆရာရယ် မလှည့်နဲ့ကွယ် နဂိုရ်ကမှ အူလည်လည်ရယ် သိနေခြင်းကို သိနေ…ဟာ- ဘာတွေလဲ


ထုံးစံက ‘ထုံးစံ’ ကိုသာ စံလုပ်ခဲ့ကြသူတွေ ချန်ထားခဲ့တဲ့ ပြသနာကို ထုံးစံ အတိုင်း သိနေရမှာ ဒါမှ ထုံးစံသိက

လွတ်မြောက်ပြီးသူတို့ ထုံးစံ အတိုင်း ‘ထုံးစံ’ တွေကို ပယ်မြစ်တတ်လာမှာ


ခွာရာတိုင်းသလား တာယာဆိုဒ် တိုင်းသလားတော့မသိဘူး အရူးကိုလင်လုပ်မိနေပြီ ကုတ်အင်္ကျီဘေးအိပ်

ထဲမှာ ဖဲထုပ်တဖက် အံစာတုံးဗူးတဖက်၊ ရွာရိုးကိုးပေါက်လျှောက်တယ် ခြေအေးဝမ်းယောင်လည်းပါတယ်


ညှို့ဓါတ်အကြောင်း တခုတ်တရ ပြောနေကြတာ လသာသာမှာ ဗိုင်းငင်ခဲ့ကြသလို လငပုတ်ဖမ်းသတဲ့

ကြယ်မြင်လမြင်တဲ့ ကြယ်ယောင်ဆောင်နေတာတဲ့ မင်းအခု မြင်နေရတဲ့ ကြယ်တွေဟာ ငါကြဲထားတာ တဲ့


လုပ်ဆောင်ခြင်းမပြုမီမှာ နှစ်ကြိမ်ပြန်စဉ်းစားရမယ် မင်းရှေ့မှာထိုင်နေတာ ကျောက်ဖြူသား ရုပ်တု ခရမ်းချဉ်

သီးလို မင်းမကျင့်သုံးပါနဲ့ကွာ အဖွားကြီးက နောက်နေ့တွေ ဘုရားကျောင်းမှာထပ်တွေ့အုန်းမယ် စသဖြင့်


ရောင်စုံ ဘောလုံးက တလုံးငါးပြား ငါးကလေးတကောင်ဖမ်းမိတော့ ကျနော့်လက်ကို ကိုက်လို့ဆိုပြီးလွှတ်

လိုက်ရော ကျီးဖြူကျီးမဲ လဲပြောသေးတယ် တကောင်ထဲလဲ ပြောသေးတယ် ဒါကြောင့်လူကြီးတွေခက်တာ


စကားလုံးတီထွင်မှုတွင် အသိဥာဏ် နုံနဲသူ အခန်းနံရံ တခုလုံး သန်းကြွယ်သူဌေးတွေမှ နေနိုင်မယ့် အိမ်ပုံစံ

ပိုစတာတွေ အပြည့်ကပ်ထားတယ် နဂျယ်ကောင်အိမ်တခုနဲ့ မျက်နှာကျက်မှာကပ်လျက် ငှက်သိုက်တခုရှိ


ခြောက်လုံးလှန့်လုံးတွေက အလုပ်မဖြစ်တော့ပါဘူး ကျောင်းစာလုပ်မယ် လမ်းထိပ်လက်ဖက်ရည်ဆိုင်ထိုင်

မယ် တခါတလေ ဂိမ်း နဲ့ နက်၊ အဖော်ရခက်တဲ့ ပဟေဠိလို ခင်ဗျားကို မဖွက်တော့ဘူး ဒဲ့ပဲ ကောင်းတယ်

ကိုယ့်ကိုယ်ကိုမကြိုက်ဖူးဆိုတာထုတ်ပြောဖို့ သွားစိုက်ဆိုင်မှာ ၇ သောင်းခွဲဖိုးပြုပြင်လိုက်တယ် ဖာဒီနန် ဒီ

ဆောဆူး(ရ်)၊ အာမီရီ ဘာရာကာ၊ ဂျက်ကရူးအက်(က်)၊ဂျက္ကဆန်မက္ကလိုး၊ကဗျာတွေကိုရိုက်လှဲဘို့တင်းဘုတ်


တကောင်လဲတာနဲ့ တအုပ်စုလုံးဒလိမ့်ကောက်ကွေး တစင်းမှောက်တာနဲ့ တထွေးလုံး နင်းကျိတ်မိတတ်တဲ့

အားကစားပွဲတွေ တယောက်ရင်းပြီး လူတကျိတ်လောက်ရဲ့ဇီဝိန်ကိုချွေယူသွားတဲ့ လူမျိုးရေးအားပြိုင်ပွဲတွေ


နေကောင်းတယ် ဒီလိုပါပဲ ဟုတ်တာပေါ့ ဆုံကြဦးမယ်လေ ရှင် စာရင်းလုပ်တုန်းကကျမကိုပါထည့်ပြီးရေတွက်

သလား ဘုရားသခင်ကို ငါးကလေးတကောင်နဲ့ လဘ်ထိုးနိုင်မယ်လို့ ဘုန်းကြီးတို့ထင်နေသလား။


ခင်အောင်အေး

၁၂၊ စက်တင်ဘာ၊ ၂၀၀၉

Friday, September 11, 2009

အကြမ်းဖက်သမားဆိုတာ…ငါပဲ။

တစ်ကမ္ဘာလုံး လုံခြုံရေးတွေ
အုံးအုံးကျွတ်ကျွတ်နဲ့
အကြမ်းဖက်သမားကိုလိုက်ရှာနေကြတယ်
ငါလည်းအပြေးအလွှားစဉ်းစားတာပေါ့
အကြမ်းဖက်သမားဆိုတာ … ဘယ်သူလဲ



အဲဒီအချိန်မှာပဲ
ငါ့အိတ်ကပ်ထဲက ငွေကြေးက
ငါ့ကိုပြန်ပေးဆွဲတယ်…
ငါပတ်ထားတဲ့နာရီက ငါ့ကို
အကျဉ်းချတယ်….
ငါလွယ်ထားတဲ့အိတ်က ငါ့ကို
ပြန်ထည့်သယ်သွားတယ်…
ငါစီးထားတဲ့ဖိနပ်က
ငါ့ခရီးတွေကိုသတ်ပစ်တယ်…
အဲဒီလိုနဲ့
ငါသေသွားပြီဆိုပါစို့
ငါ့နာမည်တစ်လုံးနဲ့ အုတ်ဂူဟာ
သုဘရာဇာတွေအရက်သောက်ဖို့
အကြမ်းဖက်ခံရတုန်းပဲ…
ငါယုံလို့ ရေးခဲ့တာကော
ငါကြုံလို့ရေးခဲ့တာကော
ဟောဒီ ကလောင်တစ်ချောင်း
ငါ့စာတွေဖတ်မိတဲ့ လူတွေကို
ချောင်းမြောင်းလုပ်ကြံဖို့ကြိုစားဦးမှာ
ငါ့ မှငါတွေထပ်ပြီး…
ငါကိုယ်ငါကော အခြားအရာတွေကို
အကြမ်းဖက်ခဲ့တယ်
ငါ…ဆိုတာ အကြမ်းဖက်သမားပဲ….။



မိုးလှိုင်ည

Monday, September 7, 2009

ကဗျာ

အဲဒီကောင်က ရေးရတာခက်တယ်
အဲတော့လည်း လူတကာက လွယ်လွယ်ကူကူ ချရေးလိုက်ကြပေါ့
သူကလည်း ကဗျာ ငါကလည်းကဗျာ
အိုရွှေရောင်ကဗျာရယ်လို့
ဆရာဇော်ဂျီလို ရွတ်မိခဲ့ဖူးတယ်

လေးလုံးပဲစပ်စပ် မကျည်းရွက်ကိုပဲထပ်ထပ်
ဘီလူးပဲရယ်ရယ် တေးပဲထပ်ထပ်
ဘောပဲလည်လည် လွမ်းပဲချင်းချင်း
ကြေးကြိုးသရေလေလက်ခုပ်
ပါးစပ်က မှုတ်ထုတ်လိုက်တဲ့
လေပူဖောင်းတွေလို
ဟောဒီလောကကို အလှဆင်ဖို့ဆိုပြီး
ကဗျာတွေ ထွက်ကျလာတယ်

တစ်ခုတော့ ပြောခဲ့ပါ့မယ်
ဟောဒီလောကမှာ
ကဗျာတွေပေါတယ် ...
ကဗျာဆရာကတော့ ရှားတယ်။


ကိုဖြိုး

Sunday, September 6, 2009

ငါးခုံးမတွေနဲ့ အတူ (၂)

ငါးခုံးမတချို့က ရယ်ရတယ်
တချို့က ဒေါသထွက်စေတယ်
တချို့က သိပ်နာကျည်းဖို့ကောင်းတယ်
တချို့က သိပ်သနားဖို့ကောင်းတယ်

ဘာပဲပြောပြော ငါးခုံးမတွေက
ရသတွေတော့ ပေးနေတယ်
ဒါပေမယ့် တခါလာ မဲပြာဆိုးရသတွေ ခံစားမယ့်အစား
ငါးခုံးမတစ်လှေလုံးကို မှောက်ပစ်လိုက်ချင်တယ်

" ကြွက်ချေးထဲသွားရောမိတာ ခင်ဗျားအပြစ်
ဆွမ်းဆန်က ဆွမ်းဆန်လို နေပါလား "
ဆိုရင်လည်း ခင်ဗျားကတော့
ဟုတ်ကဲ့ပဲ လုပ်နေမှာဦးမှာပဲမလား။

မျက်လုံး
:)



ကိုမျက်လုံးရေ ခင်ဗျားကွန်မန့်က ကျွန်တော်ကဗျာထက်ကောင်းနေလို့

ကဗျာအဖြစ်တင်လိုက်တယ် ခွင့်လွှတ်ပါဗျာ….:)….။

Saturday, September 5, 2009

ကိုချောနွယ်


တောင်ပေါ်လမ်းကွေ့ကနေ

သရေခေတ္တရာ မနက်ခင်းထဲ

ခင်ဗျားကို ဖန်ဆင်းခဲ့တာ

ဘယ်အရာပါလည်း






ကဗျာကိုဖန်ဆင်းခဲ့တာ

ဘယ်အရာပါလည်း






ကျွန်တော်သိချင်လှပါရဲ့




ပရိုင်းမိတ်လူအံသွားတစ်ချောင်းရဲ့

ပဟေဠိကို သိနှင့်ရသလို




ကဗျာရဲ့ကျောရိုးမတစ်ချောင်းဟာ

ခင်ဗျားရဲ့ နာကျင်မှုဖြစ်ကြောင်း ကျွန်တော်တို့သိတယ်




ကဗျာရေးတဲ့ လက်ဖျံရိုးတစ်ချောင်းဟာ

လောကဓံကို ဘယ်လောက်ကြာကြာတောင့်ခံထားနိုင်မလဲ






ရာစုနှစ်အဆက်ဆက်တိုင်အောင်

ကျွန်တော်တို့ မှတ်မိနေတဲ့

ကဗျာရေးတဲ့ လက်ဖျံရိုးတွေရှိတယ်

အဲဒီအထဲမှာ ခင်ဗျားနာမည်ပါတယ်… ကိုချောနွယ်..။




ခင်ဗျားကိုယုံလို့

ကျွန်တော့်ကိုယ်ကျွန်တော်သေချာခဲ့တယ်




ဒီလမ်းမှာ




ကျွန်တော်တို့ လူချင်းမဆုံပေမယ့်လည်း

ဝိညာဉ်ချင်း အထုံကူးတယ်

ကိုချောနွယ်




ကျွန်တော်တို့ ယုံယုံကြည်ကြည်

ကိုက်လမ်းလေးအတိုင်းပြန်လာခဲ့တာပဲ

ကျွန်တော်တို့သစ္စာတရားဟာ

ကျွန်တော်တို့အသက်ကို နှုတ်ယူသည်အထိပေါ့




ဆတ်သွားကို

ရထားဖြတ်တုန်း

ခင်ဗျားက ကျွန်တော်တို့ကို

လက်ပြထားခဲ့တယ်….


မာယာကော့ဖ်စကီးနဲ့တင်မလုံလောက်လို့


ဘုရားသခင်က မောင်ချောနွယ်ကို ထပ်လွှတ်လိုက်တယ်လို့

ခင်ဗျားမိတ်ဆွေ ကဗျာဆရာတစ်ယောက်ပြောဖူးတယ်…






ဟုတ်တယ်

ကမ္ဘာကြီးက ကဗျာဆရာအလုံအလောက်မရရှိသေးဘူး

ကဗျာတွေအလုံအလောက် မရရှိသေးဘူး




ခင်ဗျားက ထွက်ခွာသွားနှင့်ပြီ




ဂျက်လေယာဉ်စီးကြောင်းလို

အလင်းဖန်မျှင်တွေတန်းလို့

တစ်လောကလုံးကို ထစ်ချူန်းမြည်လို့




ကိုချောနွယ်

တစ်ကြောင်းထဲ စာချွှန်လွှာရေးရရင်

ခင်ဗျားချစ်မက်ခဲတဲ့ကမ္ဘာကြီးက ခင်ဗျားကိုပြန်လည်လွမ်းဆွတ်လို့…




မြို့သစ်မိုးထဲမှာ ကျွန်တော်တို့တစ်တွေ စိုရွှဲနေတုန်းလေ…။


မိုးလှိုင်ည



အဝေးရောက်ပင်လယ်မှ ကူးယူဖော်ပြသည်....။

Friday, September 4, 2009

တစ်ယောက်တစ်ခွန်းနဲ့ချောက်တွန်းခံရသူနှစ်ယောက်


တစ်လှေလုံးလည်း ငါခုံးမတွေချည်းပါလား
ကိုဖြိုးရေ မင်းကောဘယ်လိုနေလည်း
ပြုံးပြနှုတ်ဆက်
အဲဒီလက်တွေကို ဖြတ်လိုက်ကြပါစို့
မိုးလှိုင်ညရေ ..
ကဗျာရေးမိတာ တစ်ခုနဲ့
ငါ့တိုက အပြစ်ကြီးကြီးတွေကျူးလွန်မိသလို
ပြောကြဆိုကြတဲ့ လူတွေကလည်း မနည်းမနောပေါ့
ဟားတိုက်မိပြန်တော့လည်း ငါတို့ပဲ ထပ်မှားကြဦးမယ်
မိုးလှိုင်ညဆိုတဲ့ကောင်လေးတစ်ယောက်
ကဗျာဆရာဖြစ်ခဲ့ရတာကလည်း ခင်ဗျားတို့ကြောင့်ပါပဲ
ခင်ဗျားတို့ အနေအထိုင်မတတ်မှုကြောင့်
သူဟာ လောကကြီးကို စတင်ဖတ်ကြားခဲ့တယ်
ကိုယ့်ကိုယ်မပြုံးတတ်အောင် လေ့ကျင်ထားရတယ်ကိုဖြိုးရေ
ရိုးသားတယ်ဆိုတာ နွားကျမှုတစ်မျိုးလို့
ဟားတိုက်နေတဲ့ လူတွေကြားမှာ
ငါတို့တွေ ခဏခဏနွားကျခံနေရပေါ့ မိုးလှိုင်ည
အဲဒီပုခုံးနဲ့ပဲ ငါ ခေတ်ကာလကို တင်းရုန်းချင်ခဲ့တာ ကိုဖြိုး
နောက်ဆုံးတော့လည်း ပုခုံးလဲပြဲ
ငါတို့တွေလည်း ဗုန်းဗုန်းလဲကျ
မိုးလှိုင်ညနဲ့ကိုဖြိုးဆိုတဲ့
လူ့မရိုးမသားနှစ်ကောင့်အသုဘကို
ဘယ်သူတွေလိုက်ခဲ့ကြမှာတုန်း
ကိုယ့်သေတွင်းကိုယ်တူးရဲခဲ့ပါတယ်
ကိုယ့်နဖူးကိုယ် သိုက်တူးရဲခဲ့ပါတယ်
ရာစုနှစ်ကို ရိုက်စစ်လိုက်တော့
မဖြစ်ညစ်ကျယ်တွေက သိပ်ကိုများလွန်းနေတယ်
မဖြစ်ညစ်ကျယ်တွေထဲကမှ
အဖြစ်ရှိအောင်မှောင်ခဲ့ဖူးတယ်
ကိုယ့်ဒဏ်ရာတွေနဲ့ကိုယ် ရောင်ခဲ့ဖူးတယ်
အဲဒီလိုနဲ့ပဲ
မှောင်လိုက် ရောင်လိုက်နဲ့
အဲဒီလူတွေကို ငါတို့ မပစ်ရက်နိုင်ခဲ့ပြန်ဘူး
ချစ်တတ်ခဲ့လွန်းတော့
အသားမှဆေးမှင်ထိုးသလို
အရိုးကိုပန်းပုထုသလို
စုဆောင်းခဲ့မိတဲ့ အနုပညာနဲ့ ဘ၀က
နာနာကျင်ကျင်လှတယ်
ငါတို့ရဲ့ အသေခံပြဇာတ်ကြီးလည်း
ကန့်လန့်ကာချသင့်ပေါ့
နောက်ဆုံးတော့
ဒဏ်ရာတွေကျန်ခဲ့တဲ့
ခံတပ်ဟောင်းတစ်ခုလို
တိတ်ဆိတ်အေးစက်လို့
ငါတို့ဟာ ကိုယ့်ဈာပနကိုယ်တော့
သရဏဂုံတင်ပေးနိုင်ခဲ့တယ်….


ကိုဖြိုး/ မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...