Pages

Monday, August 31, 2009

3108


အသက်ရှိတဲ့ အိပ်မက်တွေပါတယ်

အသက်ရှိတဲ့ မျှော်လင့်ချက်တွေပါတယ်

ဘလော့ကာတဲ့

ရေစစ်ဖစ်တာမလိုဘူး

ငါတို့ဘလော့ဟာ ငါတို့တန်ဖိုးပဲ…

ငါတို့က ဘက်လိုက်တတ်တယ်

မတရားမှုတစ်ခုမှာ

ဘယ်တော့မှကြားမနေဘူး…

အသက်နဲ့ ရင်းထားတဲ့ကိုယ့်ယုံကြည်ချက်

ဘလော့ကာ

3108

ငါတို့ကို တိတ်တိတ်နေဖို့

ဘယ်သူတွေမှ

ပြောပိုင်ခွင့်ရှိမနေဘူး...။




မိုးလှိုင်ည


ကိုကျော် ခင်ဗျာ ပြင်ထားလိုက်ပါတယ် ကျွန်တော်ပြောချင်တဲ့ နိမိတ်ပုံအနေနဲ့

မှားယွင်းဒွိဟ ဖြစ်နိုင်စရာတွေ ဖြစ်ပေါ်လာတဲ့အတွက်ပါ…။

အလေးအနက် ညွှန်ပြပေးတဲ့ အတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ…။


ခင်မင်လေးစားလျှက်

မိုးလှိုင်ည

Sunday, August 30, 2009

အရေးအသားများ

တချို့က ရေပေါ်မှာ အရုပ်ရေးတယ်

တချို့က သမိုင်းရေးတယ်

တချို့က အထ္တုပတ္တိရေးတယ်

တချို့က ဆီဆေးနဲ့ရေးတယ်

တချို့က ရေဆေးနဲ့ရေးတယ်

တချို့က ရင်ဘတ်နဲ့ရေးတယ်

တချို့က ကောက်ကျစ်တဲ့ခေါင်းတွေနဲ့ရေးတယ်

တချို့က ပရိုဂရမ်တွေရေးတယ်

တချို့က ဗိုင်းရပ်စ်တွေရေးတယ်

တချို့က ဘလော့ရေးတယ်

တချို့က ပရောဂျက်ရေးတယ်

တချို့က အမြတ်ဝေစုရေးတယ်

တချို့က ကုန်ကျစရိတ်ရေးတယ်

တချို့က အလှုအတန်းစာရင်းရေးတယ်

တချို့က ကျောက်စာရေးတယ်

တချို့က သမ္မာန်စာရေးတယ်

တချို့က ၀ရမ်းရေးတယ်

တချို့က စီရင်ချက်ရေးတယ်

တချို့က အများသိစေရန် ကြေညာချက်ရေးတယ်

တချို့က ကွာရှင်းစာချုပ်ရေးတယ်

တချို့က လွတ်လပ်ရေးကြောငြာစာတန်းရေးတယ်

တချို့က အခြေမခိုင်ဥပဒေတွေရေးတယ်

တချို့က သမိုင်းရေးတယ်

တချို့က ရေပေါ်မှာအရုပ်ရေးတယ်….




မိုးလှိုင်ည


အဝေးရောက်ပင်လယ် မှ ကူးယူဖော်ပြသည်....။

မုတ်သုန်မြို့လေးရဲ့လက်ဆောင်

ကဗျာနှလုံးသွေးဖြင့်

ရဲရင့်စေ…

မျောလွင့်စေ…

ရင်နင့်စေ….

ဒဏ်သင့်စေ…

မြေမဟီတစ်ခွင် ။ ။


သူရဿဝါ

Friday, August 28, 2009

မီးတောင်တစ်လုံး အကြွင်းသုည ဘ၀ပြဇာတ်တစ်ပုဒ်


အိပ်မက်တွေကို အတောင်တပ်ပြီး
သက္ကရာဇ်တွေထဲပျံဝင်လာတာ ဘာတွေပါလည်း…
အဲဒါ လူတွေပေါ့…
ဒါမှမဟုတ် ငါတို့တစ်တွေလေ…
ရင်ဘတ်ထဲက potential တွေအရ
မီးတောင်တစ်လုံးလို လောင်ကျွမ်းခဲ့ရ
ဒဏ်ရာတွေ အန်ထုတ်ရတာ
လှပစွာနာကျင်နက်ရှိုင်းလို့….



ငယ်ငယ်က အိပ်မက်တွေထဲ
ပြန်မရောက်နိုင်တော့တဲ့အခါ
ငါ့သွေးကြောထဲက နွေရာသီကိုဖောက်ထုတ်ပစ်ခဲ့ရတယ်
အထီးကျန်ညနေစောင်းကို အလုပ်ချိန်နာရီအဟောင်းထဲ
စတေးပစ်ခဲ့ရဖူးတယ်…



တေလေမလေးရေ

ငါကိုယ်တိုင်လည်း
အေးအေးလူလူကော်ဖီပူပူတစ်ခွက်ကို
မသောက်နိုင်ခဲ့သူတစ်ယောက်ပေါ့…



ခံစားမူမရှိတဲ့ မော်နီတာတွေနဲ့ အလုပ်လုပ်နေရတဲ့
လူသားစက်ရုပ်တစ်ခုလို
မှောင်မည်းကျဉ်းကျပ်နေတဲ့အခန်းငယ်ထဲမှာ
လူမသိသူမသိ ကမ္ဘာကြီးကလည်းငါ့ကိုမသိဘူး
အငိုက်မိသွားတဲ့ရာစုနှစ်ထဲမှာ
စွန့်ပစ်ခံထားရတဲ့ဆော့ဝဲလ်တစ်ခုလို
ငါ့ရဲ့လူသားဆန်မှုတွေလည်းမေ့လျော့ခြင်းခံထားရတယ်



လူတွေဆာလောင်နေတာ ပိုက်ဆံဖြစ်ပြီး
ကောင်းကင်ဘုံက ၀ိညာဉ်ဖြူတွေကိုဆာလောင်လို့
ငါက အနုပညာကိုဆာလောင်တယ်
ချစ်ခြင်းမေတ္တာကိုဆာလောင်တယ်
အရင်ကတော့
ကျောက်ဆောင်တစ်ခုလိုလည်းအေးစက်ဖူးတယ်
သဲသောင်တစ်စလိုလည်း နူးညွှတ်ဖူးတယ်
အခု
သွေးဆာတဲ့ပင်လယ်ဟာငါ့ကိုတစ်စစီဖဲ့ခြွေ့ချတယ်…

ပြီးတော့

ပင်လယ်ထဲရောက်သွားတဲ့ မီးတောင်တစ်လုံးလို
ဘ၀မြေပုံအမှတ်အသားမှာ
အစက်အပြောက်လေးတစ်ခုတောင်တင်မထားချင်ပါဘူး…



ငါ့ကိုပေါ့ပေါ့ပါးပါး ရယ်မောလိုက်စမ်းပါ …..တေလေမလေး



ဘ၀ဆိုတာ
ရင်ထဲမှာ မုန်တိုင်းကိုယ်ဆီထည့်ဖွတ်ထားပြီး
ခက်ထန်ပြတ်လျှ
ငါတို့ကောဘယ်လိုလွတ်မြောက်ခွင့်ရမှာလည်း….



နတ်သမီးရဲ့ ရယ်သံအဆုံးမှာ
ကျိန်စာတွေ အားလုံးပျက်သုဉ်းမယ်ဆိုရင်
ငါ့အပေါ်ပုန်းလျှိုးကွယ်လျှိုး
တိုက်ခိုက်နေတဲ့လောကဓံတရားအပေါ်
အဃာတတွေအားလုံးဖျက်သိမ်းထားလိုက်ပါ့မယ်…



မနက်ဖြန်တွေဆီမှာတော့
ငါတို့ရဲ့အဓိပါယ်တွေရနိုင်စရာရှိသေးလား
ငါတို့ရဲ့ပျော်ရွှင်မှုတွေရနိုင်စရာရှိသေးလား
ကင်းဗတ်အဖြူတစ်စလို အနာဂါတ်ကို
ငါ့အတ္တတွေချမရေးချင်ပါဘူး…



ဖြူဖြူစင်စင်ချစ်ခဲ့တာတစ်ခုတည်းနဲ့
ငါက လေးတင်ဖို့ပျက်ကွက်ခဲ့သူပါ
ဘ၀ဟာ အကြွင်းသုညဆိုရင်တောင်
ငါမဆုံးရှုံးခဲ့ရပါဘူး….



တေလေမလေးရေ
မင်းကိုယ်တိုင်တင်ဆက်ခဲ့တဲ့ ဘ၀ကော
ငါကိုယ်တိုင်တင်ဆက်ခဲ့တဲ့ ဘ၀ပါ
ဒီဗီဒီ ဇာတ်ကားတစ်ချပ်လို
Replay ပြန်ကြည့်လို့မရတော့
ငါတို့ရဲ့ ဘ၀ပြဇာတ်တစ်ပုဒ်ဆိုတာ
နှစ်ကာလတွေထဲ
အရောင်လွင့်သွားတဲ့ အဖြူရောင်သက်သက်ရယ်ပါ….။



မိုးလှိုင်ည


Thursday, August 27, 2009

ငါ မင်းကို မေ့ပြီလား

အဝေးဆုံးကျွှန်းကိုရွေးခဲ့တော့

ငါ့ရေမိုင်တွေရှည်လျားခဲ့တယ်

ငါ့မုန်တိုင်းတွေပိုများခဲ့တယ်

ပင်လယ်က သူ့အာသာရမ္မက်တွေနဲ့

ဒေါသတကြီး

ငါက ဒဏ်ရာရအတောင်ပံတွေကို

ကိုယ်တိုင်ပြန်သရနေတဲ့ငှက်တစ်ကောင်

မြစ်တွေကို ဆန်တက်ရတာထက်

ပင်လယ်ကို ချန်ထားခဲ့ရတာကို

ငါပိုသဘောကျတယ်…

အတွေ့အကြုံနည်းရင်

မြန်နှုန်းမြှင့်ရမှာ ကြောက်တတ်တယ်

လောင်ကျွမ်းသွားတဲ့ ကြယ်တွေမှာ

သူရဲဘောနည်းသူတွေရဲ့ နာမည်မပါ…


မိုးလှိုင်ည

Tuesday, August 25, 2009

သေနေတဲ့မြစ်

မြစ်တွေထဲမှာ

တချို့မြစ်တွေဟာသေဆုံးပြီးဖြစ်နေတယ်…။

အဲဒီမြစ်သေတွေထဲမှာ

ဘာတွေပျော်ဝင်နေမှာလည်း

ကန့်ဓါတ်တွေလား

အမှိုက်သရိုက်တွေလား

ကာဗွန်မိုနော့ဆိုဒ်တွေလား

ပလပ်စတစ်အိတ်တွေနဲ့ ပိတ်ဆို့နေမှာလား

မြစ်သေတစ်စင်းထဲမှာ

ခင်ဗျားရေနှစ်ခါ ချိုးလို့ရတယ်

မြစ်သေတွေထဲမှာ အတ္တတွေသောင်ထွန်းနေလို့ရတယ်

မြစ်သေတွေထဲမှာ အသားစားငါးတွေ ရှင်သန်လို့ရတယ်

မြစ်တချို့ဟာဘာကြောင့်သေဆုံးသွားတာလည်း

တချို့မြစ်တွေဟာ မျော်လင့်ချက်ကိုအဆည်ခံလိုက်ရတယ်

တချို့မြစ်တွေဟာ ပျော်ရွှင်မှုကိုတာဖို့ခံထားရတယ်

တချိုမြစ်တွေဟာ အနာဂါတ်တွေ စုံးစုံးမြုပ်သွားလို့

တစ်ယောက်က နှလုံးသားထဲမြစ်သေတစ်ခု

နောက်တစ်ယောက်က အတွေးအခေါ်ထဲမှာမြစ်သေတစ်ခု

နောက်ဆုံးတော့

ဒီကဗျာပါ အနုပညာရဲ့ မြစ်သေတစ်ခုထဲမှာ….


မိုးလှိုင်ည

Monday, August 24, 2009

အိမ်ပြေး

မကြေးမုံ နဲ့ စကားပြောရင်း

သံလွင်အိပ်မက် အမှတ် (၈) ပါခဲ့ဖူးတဲ့

အိမ်ပြေး

ဆိုတဲ့ကဗျာလေးကို သတိရလို့….။(ပုံပေါ်မှာ ကလစ်နှိပ်ပါ)




မိုးလှိုင်ည

Saturday, August 22, 2009

အချစ်

ငါ့အသည်းနှလုံးဟာ

ကခုန်နေတဲ့ နတ်ဆိုးတစ်ပါးပါ

အဲဒီလိုနဲ့ ကျမ်းစာပါ အချက်အလက်တွေထဲ

ကျိန်စာတွေကိုပဲ အလွတ်ကျက်ခဲ့မိတယ်

ငါဟာ

သွေးနဲ့တီးခတ်တဲ့ဂီတကိုကြားယောင်လို့

အမှောင်ထဲကို

နက်နက်ရှိုင်းရှိုင်းတိုးဝင်လို့

လျှက်စီးရောင်နဲ့လက်ဖြာတဲ့ ဓားသွားပေါ်မှာ

ပျားရည်နှင်းစက်တွေကို

အငမ်းမရစားသုံးလို့

ငါ့အသည်းနှလုံးဟာ

ကခုန်နေတဲ့နတ်ဆိုးတစ်ပါးပါ…

ဘယ်လို ချိုမြိန်မှာလည်း

အချစ်ဟာအေးစက်နာကျင်စူးနစ်ရင်း…။


မိုးလှိုင်ည

Friday, August 21, 2009

ပုံနှိပ်ဖော်ပြရန် … မှတ်တမ်းဟုတ်/မဟုတ်

ပုံနှိပ်ဖော်ပြရန် … မှတ်တမ်းဟုတ်/မဟုတ်


ရှစ်မျဉ်းစောင်းနှစ်ဆယ့်တစ်

နှစ်ထောင့်ကိုး ခုနှစ်…

ပုံနှိပ်ဖော်ပြရန်သင့်/မသင့်

မှတ်တမ်း ဟုတ်/ မဟုတ်

သူရဿဝါ နဲ့ ဇာတိ

နှစ်ယောက်ပေါင်းပြီးရူးသွားကြပြီ

ထိုသတင်းတိကျရန်မလိုအပ်ပါ…

လင်းရမ္မာဆိုသောကောင်လေးသည်

အယ်ပီကဗျာများရေးသားနေသည်ဟု

သတင်းပေးတိုင်ကြားချက်များမရှိ

မင်း

ယွန်း

သစ်

ခေါင်းထဲတွင်ဗိုင်းရပ်စ်တချို့ရှိနေနိုင်သည်

သူအခုထက်ထိခေါင်းကိုက်သည်ဟုပြောဆိုမနေပါ

(ဒီကောင် တွေမှာ စဉ်းစားတတ်တဲ့ ဦးနှောက်ကောရှိပါသေးလား)

ဦးနှောက်မှာ

စဉ်းစားတဲ့အပိုင်းကော မစဉ်းစားတဲ့အပိုင်းပါရှိပါတယ်

သူတို့က မစဉ်းစားခြင်းသေတ္တာထဲကလာခဲ့သည်...

သူတို့ အားလုံးစဉ်းစားသည်

မစဉ်းစားခြင်းများကို စဉ်းစားသည်

သူတို့ကို နားမလည်ဘူးအင်္ကျီ ၀တ်ဆင်ထားသူများက

နားမလည်စွာကြည့်သူ

နားမလည်သူများကို နားလည်ပေးလိုက်ကြပါ…

ကျွန်တော်အိပ်ပျော်နေသည်

သို့သော်ကျွန်တော်မအိပ်ပါ

သူတို့က ကျွန်တော်ကို အသာအယာနိုးထစေသည်

နတ်ဆိုးတံဆိပ်အရက်သောက်ပြီး

ကျွန်တော်တို့ ဘုရားသခင်ထံဆင်ခြေပေးဖို့ထွက်ခွာသွားသည်..

ဇာတ်လမ်းတစ်ပုဒ်လုံးသည်

ပုံနှိပ်ဖော်ပြရန်/ ရုံသွင်းကပြရန်မဟုတ်ပါ

အမှန်တရားက ကားလိပ်ချသည့်အလုပ်မရ၍ / သော်လည်းကောင်း

ကျွန်တော်တို့အားလုံးကို စိတ်ဆိုးမာန်ဆိုး

ဖြစ်/ မဖြစ် ကျွန်တော်တို့ မစဉ်းးစားမိပါ…။


မိုးလှိုင်ည

တနေ့လုံးလုံး

တနေ့လုံးလုံး

ဒါဟာလမ်းမပေါ်မှာပြောတဲ့စကားတွေ

လက်ပတ်နာရီက ဘယ်အချိန်တည်းကရပ်နေတာကို

မေးဖို့မလိုသလိုပေါ့…

အခုဘယ်အချိန်ရှိပြီလည်းလို့စကားစတယ်

မနေ့ကအချိန်ပဲလေ…

ရှေ့လေးနည်းနည်းတိုးရင်ကောင်းမယ်…

ရေခဲရေမရောင်းတော့တာဘယ်လောက်ကြာပြီလည်း

ရေသန့်ဘူးတွေရောင်းကောင်းလာတဲ့အချိန်ကစလို့ပဲ

ဘယ်အချိန်စစအရေးမကြီးဘူး…

အရေးကြီးတာက ဘယ်လောက်ကြာမှာလည်းဆိုတာ

လမ်းမကလမ်းလျှောက်ရတာ မလွတ်လပ်တော့ဘူး

ဈေးသည်တွေတအားများတယ်…

ရောင်းစရာရှိတာနဲ့ လမ်းမပေါ်ထွက်လာတာပဲ…

ဘာရောင်းရောင်းလမ်းပေါ်မှာရောင်းရတာပဲ…

ဈေး………

တန်း……..

ထဲ………...

က…………

လူမလာဘူးလေ…

အစ်ကိုယ်ဘယ်လောက်ပေးချင်လည်းပြောကြည့်လေ

ဈေးဦးပေါက်မို့ နည်းနည်းတိုးကြည့်ပါ…

ဟေ့ ရှေ့ဆက်မတိုးနဲ့ကားကွေ့လာပြီ…

လမ်းမကောင်းတော့ရှေ့ဆက်မောင်းလို့မရတော့ဘူး

ဒီကနေဘယ်လောက်ဝေးသေးလည်း

ရှေ့နည်းနည်းဆက်လျှောက်လိုက်ပါ

အဲဒီနားမှာ ချောက်ရှိတယ် သတိထား…

စောစောပြန်မှဖြစ်မယ်

ခြောက်နာရီတောင်မထိုးသေးဘူး ကားခကဈေးတက်ပြီလား

ဒီခေတ်ထဲမှာဒီဈေးနဲ့မရတော့ဘူး…

ရှင်ဘယ်သွားအိပ်ပျော်နေတာတုန်း…

တနေ့လုံးလုံး

တနေ့လုံးလုံး

စာမေးပွဲကျလို့တဲ့ သူ့အဖေကရိုက်တာလေ

ဘ၀အရှိုးရာတွေသိပ်များနေလား

ကလေးကဆိုးတာမဟုတ်ဘူး…

ခေတ်ကြီးကိုက…..



မိုးလှိုင်ည

Wednesday, August 19, 2009

ဘူလေးလဲ

ကြောင်ခံတွင်းပျက်နဲ့

ဇရက်တောင်ပံကျိုးတို့

လက်ထပ်ခဲ့ကြတာ

ကျုပ်တို့ရွာမှာ

ဟိုဟာဖြစ်တုန်းကပေါ့။

နှစ်တွေကလဲ ကြာပြီဆိုတော့

ဟိုဟာဆိုတာ....

(တောမီးလောင်တုန်းကလား

ရေကြီးတုန်းကလား)

ဘာရယ်လို့ သေသေချာချာ

ပြောနိုင်တဲ့သူ မရှိတော့ပါဘူး။

ကျုပ်အထင်တော့

တောမီးလောင်တုန်းကလို့ ထင်တာပဲ

ဘာဖြစ်လို့လဲဆို့တော့

“တောမီးလောင်တောကြောင်လက်ခမောင်းခတ်”

ဆို့တဲ့စကားလဲ

ရှိတယ်မှုတ်လား။

တချို့ တိုးတိုးပြောကြတာလဲ

အဲ့ဒီတုန်းက..

(သူတို့ လက်ထပ်ကြတုန်းကပြောတာ)

ဇရက်တောင်ပံကျိုးကပဲ

သဘောမတူသလို

ဘာလိုလို။

ဘာပဲပြောပြောလေ

မှတ်မိတဲ့လူတွေ ပြောကြတာက

သူတို့လက်ထပ်တုန်းက

တစ်ရွာလုံးမီးခိုးတိတ်ပဲတဲ့။

မီးခိုးတိတ်ဆိုတာ ဘာလဲ?

ဟုတ်လား....

ရှင်းနေတာကို ရှုပ်အောင်မလုပ်နဲ့လေ

မီးခိုးတိတ်ဆိုတာ

မီးခိုးတိတ်ပေါ့ဗျာ

ဒါနဲ့....

ကျုပ်စကားပြောနေတုန်း

ဖြတ်ဖြတ်ပြောတာမကြိုက်ဘူး

ကျုပ်စကားတောင်

ဘယ်ရောက်သွားပလဲ။

အင်းလေ....

လက်ထပ်တယ်ဆိုမှတော့

အိုးခြင်းထိတာမှ မဟုတ်တာ

သားသမီးတွေ ပေါက်ဖွားလာတာ

ဆန်းတာမှတ်လို့။

ဆန်းတာက...

သူတို့မျိုးဆက်တွေရဲ့

နာမည်တွေဗျ

နားထောင်ကြည့်....

ငါးခုန်းမတစ်ကောင်ကြောင့် တစ်မြစ်လုံးပုတ်တဲ့

ဆုပ်လည်းရူး စားလည်းရူးတဲ့

ငတေမာရင် တစ်သက်လုံးတဲ့

ရေစီးဆယ်ခါ ရေသာတစ်လှည့်တဲ့

လမိုက်တုန်းဗိုင်းငင်တဲ့

ကဲ မဆန်းလား...

ဒါကြောင့်လည်း

ကျုပ်တို့မှတ်မိနေတာပေါ့။

By the way,

ခင်ဗျားရော ဘယ်လိုထင်သလဲ

တချို့က....

သူတို့သားသမီးတွေ

တချို့က...

သူတို့မြေးမြစ်တွေပေါ့ဗျာ။

ကျုပ်တို့ရွာသားတွေ အကြောင်းလား

ဒါက စာမဖွဲ့လောက်ပါဘူး

သူတို့က...

ကျန်စစ်သားလည်းမှီတယ်

ဘုရင့်နောင်လည်းမှီတယ်

ရာဇ၀င်ကို ဖြတ်သန်းဖူးလှပြီ

အရေထူနေပြီ။

အခု...

တစ်ရွာလုံးမှာ

အုန်းအုန်းကြွတ်ကြွတ်ဖြစ်နေတဲ့

ကိစ္စလား။ ။

ခင်ဗျားမေးမှ သတိရတော့တယ်

အစကတော့...

ကျုပ်လဲ

ဒီအကြောင်းပြောချင်လို့

စကားအစချီတာပဲ

မတီးပဲ မြည်ပြန်ပြီ

မထင်နဲ့...။

အခု...လာပြန်ပြီလေ

ကျုပ်တို့ရွာမှာ

အကြီးအကျယ်လက်ထပ်ပွဲတစ်ခု။

သတို့သားနဲ့ သတို့သမီးနာမည်က

ယုန်တောင်ပြေးနဲ့ ခွေးမြောက်လိုက် တဲ့

ဖိတ်စာတော့ဝေပြီးပြီ.....

ဒီတစ်ခါလဲ

တစ်ရွာလုံး မီးခိုးတိတ်ပဲတဲ့

(လာပြန်ပြီ မီခိုးတိတ်။)

ဘာပဲပြောပြော

ဒီကိစ္စကိုတော့

တစ်ရွာလုံးက

စိတ်အ၀င်စားသားဗျ။

သူတို့သာ...

လက်ထပ်ဖြစ်မယ်ဆိုရင်

(တချို့ကလဲ လက်ထပ်ပွဲ ပျက်မလိုလို

ဘာလိုလို ပြောနေကြတာကိုး)

အဲ...သူတို့သာ

တကယ်လက်ထပ်ဖြစ်မယ်ဆိုရင်

မွေးလာမယ့် ကလေးကို

နာမည်ပေးဖို့ အတွက်တောင်

ရွာကလူတွေက စဉ်းစားပြီးသား။

ခေတ်လဲမှီရမယ် ဆန်းလဲဆန်းရမယ်ပေါ့ဗျာ...

အဲ....သူတို့ရွေးထားတဲ့နာမည်က

“ဘူလေးလဲ”တဲ့။

ဘယ်လိုလဲ

ခင်ဗျားရောကြိုက်ရဲ့လား။

သစ္စာနီ



ကိုမြေမှုန်လွင် ဘလော့မှ ကူးယူဖော်ပြပါသည်။