Pages

Thursday, July 30, 2009

စာမျက်နှာတွေဆုတ်ဖြဲထားတဲ့ သမိုင်းဖတ်စာ


ရန္တပိုစာချူပ်ကနေ အစဆွဲထုတ်မလား…
လိမ္မာရစ်ကြပါလို့ ဆရာတော်ဦးဥတ္တမ မှာခဲ့တယ်
အခုထက်ထိ အလိုက်မသိနိုင်ဘူး
ဆယ်တန်းအောင်ဘွဲ့ရလည်း

ဆက်ဖတ်ရန်

Tuesday, July 28, 2009

ခင်ဗျားအခုဘာလုပ်နေတာလဲ?

27 Jul 09, 21:11

з@у: ကဗျာကို ကဗျာလိုရေးပါလို့ အကြံပေးပါရစေ။ကဗျာလို့အော်နေပြီး ကဗျာရောဟုတ်လားပြန်စစ်ပါအုံး။ကိုယ်တတ်သလောက်

ကြိုးစားထားတာတွေကိုတော့လေးစားပါတယ်။


Wednesday, March 25, 2009

ခင်ဗျားအခုဘာလုပ်နေတာလဲ?

ကျွန်တော်ကဗျာရေးနေတယ်…
အဲဒီလိုပြောရင်…
`ခင်ဗျားရေးနေတာ ကဗျာလားဆိုတဲ့´ မေးခွန်းက
ကိုယ့်ရင်ဘတ်ကိုပြန်ပြန်ဆောင့်တယ်
လက်လှုပ်လှုပ် ခြေလှုပ်လှုပ်
အလုပ်ပြုတ်တာကအစ
စစ်ကြေငြာတာအထိ…
ခင်ဗျားစကားလုံးတွေနဲ့ ထည့်ထည့်လှုပ်တယ်…
ကဗျာဟာ စက်ရုံကထွက်သလို
ပုံစံတူ ဒလဟောနဲ့
လောင်းကစားသမားဆန်ဆန်
ငွေမျောရင်ငွေနဲ့လိုက်
ကဗျာမျောရင် ကဗျာနဲ့လိုက်လို့
ခင်ဗျားအနုပညာကို အဖတ်ဆယ်လို့ရနိုင်ပါ့မလား…
အဲဒီမေးခွန်းတချို့နဲ့
ကိုယ့်ကိုယ်ကိုပြန်တိုက်ခိုက်မိတဲ့ည
ကျွန်တော်ကဗျာရေးလို့မရတော့ဘူး…
ဒါပေမယ့်
ကျွန်တော် ကဗျာကို အသေအချာရေးနေတာပါ…။

မိုးလှိုင်ည

2 comments:

ကြယ်ပြာ said...

ကြယ်ပြာလဲ ကဗျာလို့ နာမည်တပ်လိုက်တိုင်း ပြန်ပြန်စဉ်းစားမိတယ် ... ငါရေးနေတာ ကဗျာလားလို့ .. သေချာတာတခုက တော့ ခံစားချက်တွေကို စကားလုံးတွေနဲ့တန်ဆာဆင်တာပါပဲ ... ဖတ်သူကကဗျာလို့ သတ်မှတ်ရင် ကဗျာပဲပေါ့ ...

March 26, 2009 2:04 PM

ကိုဖြိုး said...

ခင်ဗျားရေးနေတာ ကဗျာလားဆိုတဲ့ မေးခွန်းက မင်းရင်ဘတ်ကို ပြန်ဆောင့်ပြီဆိုရင်တော့ ဒီကောင်က မင်းထက် အရပ်ပုရမယ်ကွ။ အဲတော့လည်း မထူးပါဘူးကွာ။ သူ့ခေါင်းကိုသာ တံတောင်နဲ့ ထောင်းပေတော့။ ကဗျာဆရာရေးတာ ကဗျာမဟုတ်လို့ ဘာဖြစ်ချင်လို့တုန်းကွ။ အဲလို ပေကတ်ကတ်လုပ်နေရင်တော့ အနုပညာမဟုတ်တော့ဘူး။ ပန်းချီဆရာတွေ ဆေးစက်ကျရာ အရုပ်ထင်သပဆိုရင် ... ကဗျာဆရာတွေ အက္ခရာကျရာ ကဗျာထင်ရမယ် ...
ကဗျာဆရာ မေးတဲ့ မေးခွန်းကို ဖြေရရင်တော့ ... အလုပ်မရှိတဲ့ အလုပ်ကို ထိုင်လုပ်နေတယ်ပဲ ဖြေရတော့မယ်။ ကဗျာဆရာရယ် ... ခင်ဗျားရဲ့ လက်ကကလေးနဲ့ ကံကြမ္မာကြီးကို ဇတ်ပိုးအုပ်ပေးစမ်းပါ ...

March 30, 2009 10:38 AM


စာကြွင်း : စာဖတ်သူများ အနှောင့်အယှက်မဖြစ်ရအောင် ကျွန်တော်ဆက်လက်ကြိုးစားသွားပါ့မယ်


ခင်မင်လေးစားစွာဖြင့်

မိုးလှိုင်ည


Monday, July 27, 2009

ကောင်မလေးက မြွေပဲ...။

ငါ့ရင်ဘတ်ထဲ လာခွေမနေပါနဲ့
မြွေမလေးရယ်
မင်းအတွက်က
အနမ်းသက်သက်ပါ
ငါကတော့
တစ်ဘ၀လုံးအဆိပ်တက်နေပြီ...
ကိုယ်ရောင်ကိုယ်ဝါပြောင်းလဲဖို့
ဆူးခက်လို ငါ့ကိုရွေးခဲ့တာလား
မင်းအလှညှိ့ချက်ထဲ
ငါ့ကိုငြိမ်သက်စေခဲ့ မြွေမလေးရယ်
တရစ်ပြီးတရစ်
အချစ်ပြီးအချစ်
နှလုံးသားကို မိတ္တုကူးဖို့ မကြိုးစားပါနဲ့
ငါက ဟိုတယ်ရ၀မ်ဒါကိုကြည့်နေတုန်း
မင်းကတော့ ငါ့ကိုကြည့်နေတယ်...
ငါက လူတွေကိုကယ်ထုတ်ဖို့ စဉ်းစားချိန်
မင်းကတော့ ငါ့ကိုအသေရဖို့တွေးတော
ကောင်မလေးရေ
မင်းကမြွေပဲ
နောက်ဆုံးတော့ တောက်တောက်ပပ
မင်မျက်လုံးတွေကြားထဲ ငါလှလှပကျဆုံးခဲ့ရ
ကောင်မလေးကမြွေ...

မိုးလှိုင်ည

Friday, July 24, 2009

သုံးရာသီ

လနှစ်စင်းထွက်ထွက်

နေဆယ်စင်းလောင်လောင်

ငါတို့မနက်ဖြန်ဟာ

အတိအကျမှောင်နေဦးမယ်…

မယုံကြည်ပဲသွတ်သွင်းခံရတဲ့

ဘာသာရေးလို

ငါတို့ဘ၀က

ငါတို့ကိုစကားပြောခွင့်မပေးဘူး…

အရူးအမူးခေတ်ကြီးထဲ

စကိတ်စီးတဲ့လူတွေ

လေထီးခုန်တဲ့လူတွေကြား

ကိုယ်လမ်းကိုယ်သွားရင်းခေါင်းငုံ့ရတယ်

ချိုင်ကျင်းတွေများတဲ့

တို့အိပ်မက်ဟာ

လကမ္ဘာကိုတက်ဖို့မဟုတ်ခဲ့ဘူး

ရာသီအလိုက်ဂိုးသွင်းခွင့်လေး

ဒါမှမဟုတ် နေ့ပြန်အတိုးတွေအတွက်

ဂရုဏာဆုကြေး…

တွေးကြည့်ရင်ကြက်သီးထလွန်းလို့

ကိုယ်ဘ၀ကိုယ်တွေးမကြည့်တာကြာပြီ…။


မိုးလှိုင်ည

Wednesday, July 22, 2009

သစ်တော်သီးထဲက ခေါင်းလောင်းသံ


သစ်တော်သီးထဲမှာ
ခေါင်းလောင်းသံတွေရှိနေနိုင်လား….
စကြာဝဠာထဲမှာ သစ်တော်သီးတစ်လုံး/ အများကြီး
သီးခဲ့ဖူးတယ်….
အဲဒီ သစ်တော်သီးတွေထဲမှာ
ခေါင်းလောင်းသံတွေရှိနေနိုင်တာပေါ့
ရုပ်ရှင်ရုံထဲက အထွက်မှာ သစ်တော်သီးထဲက
ခေါင်းလောင်းသံကို ကြားမိနိုင်သလို
ဘုရားကျောင်းဝင်းထဲက
သစ်တော်သီးပင်မှာလည်း
ခေါင်းလောင်းသံတွေသီးနေနိုင်တယ်…။
တချို့ဆိတ်တွေ၊ ဒါမှမဟုတ်အားလုံး
သစ်တော်သီးမစားဖူးဘူး
ပြီးတော့ မြေခွေးတွေ၊ ၀ံပုလွေတွေ
သူတို့က သစ်တော်သီးထဲက
ခေါင်းလောင်းသံကို မကြားဖူးဘူး
ကြားဖူးလည်းမသိဘူး
သိလည်းနားမလည်ဘူး
ဒါပေမယ့် သစ်တော်သီးတွေမှာ
ခေါင်းလောင်းသံတွေရှိတယ်..။
တချို့နားတွေနဲ့တော့
ကြားချင်မှကြားလိမ့်မယ်…။



မိုးလှိုင်ည

Tuesday, July 21, 2009

အင်္ဂါဂြိုလ်ကလာတဲ့ ၀တ္ထုတိုဆရာ

သိပ်ပေတယ်

လူ့ဘ၀ကိုတိတ်တိတ်နေဖို့တော့

သူဘယ်တော့မှမကြိုးစားဘူး

ကာလယန္တယားအပေါ်ကို

ကျွန်တော်ကိုမှော်ဆန်ဆန်ထိုးတင်လို့

လမ်းမှာတွေ့ရင်သူကို

ဆေးပညာရှင်မှန်း

ဘယ်သူမှမခန့်မှန်းမိဘူး

ကွမ်းယာအထပ်ထပ်ဝါးလို့

မီးရထားတွေနဲ့ ခရီးသွားတယ်

လူ့ဘ၀ကိုဆပ်ကပ်ရုံလို ရှုမြင်တတ်သူ

သေဖို့အတွက်ရောဂါရှိသလို

နေဖို့အတွက် အနုပညာရှိတယ်

သက်ထွန်း (ဆေးသိပ္ပံ)တဲ့

မြန်မာဝတ္ထုတိုမှာ

သူ့နာမည်မရှိမဖြစ်…


မိုးလှိုင်ည


၁၂.၇.၂၀၀၉ မှာ ဘ၀တစ်ပါးသို့ ကူပြောင်းသွားတဲ့ ဆရာသက်ထွန်း (ဆေးသိပ္ပံ)အတွက် အမှတ်တရရေးဖွဲ့သည်….။

Sunday, July 19, 2009

အာဇာနည်နေ့ ကဗျာများ


၆၂ နှစ်ကြာပြီးတဲ့နောက်မှာတောင် မည်သို့သောအကြောင်းတရားတွေနဲ့ မှေးမှိန်စေခဲ့ကာမူ

ကျွန်တော်တို့ ရင်ထဲမှာ လွတ်လပ်ရေးအာဇာနည်တွေရဲ့ ကျေးဇူးတရားတွေကို အစဉ်အမှတ်

ရနေဆဲဆိုတာကို ဆိုင်ဘာခေတ်ထဲမှာ ကဗျာရေးဖွဲ့သူလူငယ်တွေ လက်ဆင့်ကမ်းယူလာခဲ့ကြပါတယ်..။

အောက်ဖော်ပြပါကဗျာများကို ကျွန်တော်လက်လှမ်းမီသလောက်စုဆောင်းတင်ပြခြင်းဖြစ်ပြီး

အာဇာနည်နေ့ ကဗျာတွေကို တခုတ်တရ ရေးဖွဲ့ခဲ့ကြတဲ့ ကဗျာဆရာများဖြစ်တဲ့…


ကိုဖြိုးငယ်၊ ကိုအိုင်လွယ်ပန်မအိန္ဒြာ၊ ကို(အောင်သာငယ်)၊ ကိုဆောင်းယွန်းလ


တိုကို အထူးပဲကျေးဖူးတင်ရှိပါသည်….

ခင်မင်လေးစားစွာဖြင့်

မိုးလှိုင်ည

အာဇာနည်ဆိုတာ

အာဇာနည်တွေရဲ့ သက်စောင့်ဓါတ်က သစ္စာတရားပဲ..
အာဇာနည်ဆိုတာနဲ့
ခန့်ငြားလုံခြုံတဲ့ အရိပ်က..အလိုလိုလွှမ်းခြုံပေးလိုက်တယ်..

အာဇာနည်ဆိုတာ
အောင်နိုင်ခြင်း..ဒါမှမဟုတ်...တစ်စုံတစ်ရာအတွက်
ပက်ပက်စက်စက်ပေးချေလိုက်ကြရတဲ့..အရင်းအနှီး
အာဇာနည်ဆိုတာ
တိုင်းပြည့်နဖူးပြင်ပေါ်က အမာရွတ်လည်းဖြစ်ခဲ့ပေါ့

အာဇာနည်ဆိုတာ..
မြောက်များလှစွာသော..နှလုံးအိမ် အစုအဝေးတွေထဲက
တညီတညွှတ်တည်း..ယိုစိမ့် ကျလာခဲ့တဲ့ ပညတ်ချက်
အာဇာနည်ဆိုတာ
မျိုးနွယ် သို့မဟုတ်..နိုင်ငံ...သို့မဟုတ်...ယုံကြည်ချက်..သို့မဟုတ်..အားလုံးရဲ့
အထွဋ်အမြတ်ဝိဥာဉ်တစ်ဆူ
အာဇာနည်ဆိုတာ ငြင်းပယ်မရနိုင်တဲ့ သမိုင်းကြောင်းပေါ်က
အနှစ်ချုပ်စာမျက်နှာလည်းဖြစ်ခဲ့တယ်.
အာဇာနည်တွေရဲ့ရာဇ၀င်ဟာ
နာကျည်းကြေကွဲဖွယ်ရာ ဇာတ်ဝင်ခန်းတွေနဲ့...ခန့်ငြားသိပ်သည်းနေခဲ့တယ်

အာဇာနည်ဆိုတာ
ပြောင်းလဲခြင်းတစ်စုံတစ်ရာကိုရည်သန်တဲ့
မီးဟုန်းဟုန်းတောက် ပဋိပက္ခအကြားမှာ...မားမားရပ်ဝံ့ သူ
အာဇာနည်ဆိုတာ ရဲဝံ့စွန့်လွှတ်နိုင်ခြင်းရဲ့ ဧကရာဇ် တစ်ဆူပဲ

အာဇာနည်ဆိုတာ ပြည်သူ့သွေးကို သူ့အသက်နဲ့မောင်းနှင်ပေးသူတွေ..
အာဇာနည်ဆိုတာ အသက်ကိုခဲယမ်းလို သဘောထားနိုင်ကြသူတွေ...
အာဇာနည်ဆိုတာ အဆုံးစွန် စွန့်လွှတ်နိုင်ခြင်းစွမ်းရည်ရှိသူတွေ...

အာဇာနည်တွေမှာ
တစ်ဘ၀လုံးဖြန့်ကြည့်တာတောင်
ဝတ်စုံကောင်းကောင်း မရှိခဲ့ကြဘူး

အာဇာနည်ဆိုတာ...အမှန်တရားကိုကိုးကွယ်ပြီး
သူ့လည်ဂုတ်ပေါ်မိုးနေတဲ့ ဓါးသွားထက်
စိတ်တွေပေါ်က ဓါးအတွက် စိုးကြောက်တတ်ခဲ့တာ....

အာဇာနည်ဆိုတာ.
..................................
အာဇာနည်ဆိုတာ.
သေတာတောင်မျက်စိမပိတ်နိုင်ကြသူတွေ...။ ။

အိန္ဒြာ
(၁၉.၇.၂၀၀၉)


၆၂ နှစ်ပြည့်အာဇာနည်နေ့အထိမ်းအမှတ်၊
ကျဆုံးလေသော အာဇာနည်ခေါင်းဆောင်ကြီးများအား ဤကဗျာဖြင့် ဦးညွှတ်ကန်တော့လျက်....


ဥသြဆွဲနေတဲ့ကဗျာ

အသံတွေ အသတ်ခံထားရတဲ့နေ့ဟာ
အသက်ရှည်နေဆဲပါပဲ...
ဘယ်အခါမှ သေဆုံးမသွားနိုင်တဲ့
နတ်ဘုရားတပါးလိုပါ့...

ဟောသည်နိုင်ငံမှာ
နေရာတကာ
စစ် အင်္ဂါ လေးပါး...
သံတိုင်နဲ့ နံရံများ...
မတရားသော ဥပဒေ...
ချိန်ရွယ်နေသော သေနတ်ပြောင်း...
ဘ၀ပေါင်းများစွာကို သတ်နေသော အကျဉ်းထောင်...
မီးမှောင်ချထားသော စစ်ကြောရေးစခန်း...
ပိတ်ဆို့ထားသောလမ်းများ...

သို့သော်လည်း
မည်သူမျှ အနိုင်မယူနိုင်သည့်
ဖြူစင်သော နှလုံးသားများ...
မည်သို့သော သေနတ်ကမျှ
ပစ်ခတ်မရနိုင်သော ယုံကြည်မှုများ...
မည်သို့သော ဓါးကမျှ
မဖြတ်ရှနိုင်သော စိတ်ဓါတ်များ...
ဤအရာများကလည်း
ငါတို့နိုင်ငံမှာ နေရာတကာ...

ခုပဲကြည့်လိုက်ပါ့...
အသတ်ခံရတဲ့နေ့ကိုပဲ
ငါတို့တွေ ပြန်မွေးခဲ့ကြတယ်...
ဥသြသံတွေ မကြားရတဲ့နေ့မှာ
ဥသြသံတွေကို ငါတို့ဆွဲလိုက်ကြတယ်...
အရှည်လျားဆုံးပေါ့...

ငါတို့ရင်ထဲမှာ...
ငါတို့ရဲ့ စာမျက်နှာတွေပေါ်မှာ...
အပြောကျယ်တဲ့ လယ်ကွင်းပြင်တွေမှာ...
နိုင်ငံတကာရဲ့ သတင်းတွေမှာ...
အလင်း ဖန်မျှင်တွေရဲ့ အဆုံးအစ မရှိမှုထဲမှာ...
ဒဗလျူသုံးလုံးနဲ့အင်တာနက်မှာ...
အီးမေးလ်နဲ့ ချက်တင်းတွေထဲမှာ...
ဘလော့ဂင်းနေကြတဲ့ စာမျက်နှာတွေပေါ်မှာ...
ဥသြသံတွေ ကြားနေရပါပြီ...

ကဲ... လာ...
အာဇာနည်တွေကို အလေးပြုကြပါစို့...

(အောင်သာငယ်)

ကောင်းကင်ပါငိုတဲ့နေ့


အဲဒီနေ့က
သူနဲ့သူရဲကောင်းများရဲ့
မြင့်မြတ်ခြင်းခရီးမှာ
ကောင်းကင်ကြီးကပါငိုတယ် ။

ပျိုးရုံသာပျိုးရသေးတဲ့
အလင်းအိမ်လေးကို
အပြီးသတ်ထွန်းညှိ
ငြိမ်းချမ်းခြင်းစည်းချက်ညီစေခဲ့သူ ။

မြေပြန့်အနှံ့ကအုံ့မှိုင်းမိုး
တောင်ရိုးတစ်လျှောက်က
ဒုက္ခအခိုးတွေကို
မျိုးချစ်စိတ်ရဲရဲနဲ့
ဇလဗေဒကောင်းစေခဲ့သူ ။

တစ်ခုထဲသော
ကုတ်အနွမ်းအောက်က
ဂရုဏာရင်ငွေ့နွေးနွေးနဲ့
ရဲရင့်ခြင်းသွေးတွေပွက်
ဘေးအပေါင်းအားပျက်စေခဲ့သူ ။

သူဟာ
ပြန့်ကျဲနေတဲ့ကျွန်တော်တို့ရဲ့
အိပ်မက်တွေကိုအစီအရီစုစည်း
ခလုပ်ကန်ကန်သင်းတွေပြည့်နှက်နေတဲ့
ကျွန်တော်တို့ရဲ့လမ်းကို
ရင်ဘတ်နဲ့နင်းပြီး
ကျွန်တော်တို့အတွက်
ပန်းခင်းတွေထားပစ်ခဲ့တယ် ။

အဲဒီနေ့က
သူနဲ့သူရဲကောင်းများရဲ့
မြင့်မြတ်ခြင်းခရီးပေါ့
ကျွန်တော်တို့ကို
လွတ်လပ်ခြင်းတွေနီးစေပြီး
သူတို့ကတော့ကျွန်တော်တို့နဲ့
ဝေး…သွား…လိုက်…တာ…
ကောင်းကင်ရဲ့ပုလဲဥတွေလေ
ကြွေလို့လွင့်လို့ ။

အိုင်လွယ်ပန်

(၁၉.၇.၂၀၀၈)

သူရဲကောင်းတို့ သွေးမြေကျတဲ့နေ့ ....


ဇူလိုင်ရယ်တဲ့ တစ်ဆယ့်ကိုး
ဘယ်တော့မှ မပုပ်သိုးတဲ့
ရာဇဝင်ရဲ့ အထုပ်အပိုးတစ်ခုက
ရင်ထဲမှာ အုပ်မိုးနေဆဲပါ ....


သခင်မျိုးဟေ့ ဒို့ဗမာလို့

အကြင်ပျိုးခဲ့တဲ့ မျိုးစေ့က
နောင်တစ်နေ့ ကမ္ဘာတည်သ၍
မြန်မာပြည် ခေါင်းမော့နိုင်အောင်ပါ ...

ခွေးလောက်မှ သခင် မချစ်တက်
အသားထဲက လောက်ထွက်
စကောလောက်မှ စောက် မ နက်
ဒေဝဒတ်နဲ့ အမျိုးတော်
ပထွေးကို အဖေခေါ်ဖို့
ဂဠုန်စော ရယ်
သင်တို့မို့ မစဉ်းမစား
မြန်မာပြည်ကို ရေစုန်မျှောစေချင်တာလား ...

ပြန်ပြောရင် အသဲထဲက နာတယ်
ရင်ထဲမှာ မျက်ရည်မိုးက ရွာတယ်
နိုင်ငံတော်ရဲ့ အလံအနီဟာ
ဘာမဏီတဲ့ အာဇာနည်တို့ရဲ့ သွေးတွေနဲ့
ဆေးခြယ်ထားခဲ့သလိုပါပဲ ....

တစ်ဆယ့်ကိုးရယ်တဲ့ ဇူလိုင်
သမိုင်းရဲ့ မိုင်တိုင်တစ်ကွေ့
ဒီနေ့ဒီအချိန်ရောက်ရင်
အာဇာနည်တွေကို ပိုသတိရ
အလံတော်ကို တစ်ဝက်ချလို့
ဦးညွတ်ကြပါစို့ ..........

ဖြိုးငယ်

”အဖေနဲ့ကျနော်တို့တွေ့ဆုံခြင်း (ပြီးနောက်) အနက်ရှိုင်းဆုံးနှလုံးသားထဲကို ပျော်ဝင်စီးဆင်းသွားခဲ့တဲ့ စကားတခွန်း”

တကယ်တော့....ကျနော်တို့ဟာ
သမုဒ္ဒရာထဲက ရေမှုန်ရေစက်လေးတွေပါ အဖေ
လွမ်းစရာအချစ်ရေးထက် ဝမ်းတထွာဘဝအရေးဖက်
ပြည်ရေးပြည်ရာက တွက်မရနိုင်တဲ့ပုစ္ဆာတပုဒ်ထက်ခက်ခဲ့လို့
ချို့တဲ့နေတဲ့အသက်ရှုလမ်းကြောင်းပေါ်မှာ ဆက်ထုံးတွေလည်းများခဲ့ရပေါ့…

အရောင့်ရဲတတ်ဆုံး စိတ်တွေနဲ့
ညောင်ရေမလောင်းတတ်ခဲ့သမျှ
ဘဝရဲ့စာမျက်နှာထဲ မင်နီအိုးလိုက်ကျကွဲခဲ့သလားတော့မသိဘူး
အညွန့်ခူးစားသူတွေရဲ့ လောင်မြိုက်မှုရမ္မက်တွေထဲမှာ
ကျနော်တို့ဟာ..ဒဏ်ရာရထားတဲ့လောင်စာအမှိုက်
လောကကြိုးဝိုင်းရဲ့ အလစ်အငိုက်ချောင်တနေရာထဲ
အရှိုက်ကိုအခါခါအလဲထိုး ရန်သူမျိုးငါးပါးနဲ့အမြဲထိပ်တိုက်တိုးနေခဲ့ရသူတွေပါအဖေ…

အဖေမရှိခဲ့တော့ပေမယ့်
အဖေ့ရဲ့အငွေ့အသက်လွှမ်းနေခဲ့တဲ့ တိုင်းပြည်မှာနေထိုင်ခဲ့ရင်း
အဖေဆုံးမဖူးတဲ့ စကားတခွန်းအောက်မှာကြီးပြင်းဖို့ကြိုးစားခဲ့ရင်း
ခရီးကြမ်းကိုတည့်တည့်လှမ်းခဲ့တဲ့ ကျနော်တို့ဟာ
ရိုးသားခြင်းထဲမှာ နေ့တဓူဝပျော်ဝင်ကြီးပြင်းခဲ့ရင်း
တော်ရာအရပ်မှာ လေပြင်းမုန်တိုင်းကျခဲ့လို့
ကယ်သူမဲ့ခဲ့ရတဲ့ ဘဝပေါင်း၄၈သန်းဟာ
ကမ်းခြေမဲ့လှိုင်းလုံးတွေထဲ စင်းလုံးမြုပ်ကျိုးပျက်ကွဲနေခဲ့ရပါတယ်အဖေ…

အဖေဖောက်ခဲ့တဲ့လမ်းက ကြမ်းခဲ့သလောက်
ကျနော်တို့ပျောက်နေတဲ့လမ်းကတော့ ခရာဆူးတွေလွှမ်းတယ်အဖေ
အဖေလျှောက်ခဲ့တဲ့လမ်းက မိုးခေါင်ခဲ့သလောက်
ကျနော်တို့ပျောက်နေတဲ့လမ်းကတော့ ညနက်လိုမဲမှောင်တယ်အဖေ
အဖေကျောခိုင်းသွားခဲ့တဲ့ တိုင်းပြည်ပေါ်မှာ
ဖုန်းဆိုးပြာနဲ့ ပြည်တွင်းစစ်ဒဏ်ရာတွေကမွစာကြဲ
အသေမဟုတ်ရင်ရှင်ကွဲကွဲနေကြရတဲ့ နေ့စဉ်လူမှုဘဝတွေနဲ့
ဗုဒ္ဒမြေမှာဒုက္ခဝေနေကြရတဲ့ကျနော်တို့ဟာ ဖောင်စီးရင်းနဲ့ရေငတ်နေရသူတွေပါပဲအဖေ….

ဒီကနေ့ …..ဒီနေရာမှာ
အဖေမရှိတော့တာ ကြာခဲ့ပြီဆိုပေမယ့်
ကျနော်တို့အားလုံးရဲ့ အတွင်းနက်နက်တနေရာမှာ
အဖေဟာ အနက်ရှိုင်းဆုံးရှိနေပါတယ်အဖေ
အဖေအကောင်းဆုံးထားခဲ့ပေးတဲ့ အဖေ့တိုင်းပြည်ဟာ
၁၉၈၇ခုနှစ်မှာ LDCစာရင်းဝင်တိုင်းပြည်အဖြစ်
ကမ္ဘာ့ကုလသမဂ္ဂက သတ်မှတ်ပစ်လိုက်ကြပါတယ်အဖေ
အဖေသာ လူ့လောကမှာအသက်ရှင်လျှက်
ဒီသတင်းကို နားနဲ့ဆက်ဆက်ကြားရမယ်ဆိုရင်
ရင်နှစ်ခြမ်းဗြန်းကနဲကွဲ အရှင်လတ်လတ်သေပွဲဝင်မှာသေချာတယ်အဖေ…..

ဒီကနေ့….ဒီနေရာမှာ
အဖေမရှိတော့တာ ကြာခဲ့ပြီဖြစ်သလို
ဘာဆိုဘာမှကုန်းကောက်စရာမရှိခဲ့တော့တာလည်း ကြာခဲ့ပါပြီအဖေ
ဒီကနေ့…ဒီနေရာမှာ
အဖေမရှိတော့တာ နှစ်ပေါင်းများစွာကြာလှပြီဖြစ်သလို
အဖေတိုက်ယူပေးခဲ့တဲ့ လွတ်လပ်ရေးပျောက်ဆုံးခဲ့တာလည်း ကြာခဲ့ပါပြီအဖေ…

အဖေမရှိတော့ပေမယ့်
တမလွန်ကနေ အဖေပြောနေမယ့်စကား
ကျနော်တို့ရဲ့ အနက်ရှိုင်းဆုံးနှလုံးသားတွေနဲ့နားလည်နေပါတယ်အဖေ
”ငါ့ကိုလွမ်းဆွတ်နေကြမယ့်အစား
ငါစွန့်စွန့်စားစားတိုက်ယူပေးခဲ့တဲ့ လွတ်လပ်ရေးကို
ပြန်ရအောင်တိုက်ယူကြပါတော့လား” ဆိုတဲ့စကား
ကျနော်တို့နှလုံးသားတွေနဲ့ ကြားနေရပါတယ်အဖေ
ကျနော်တို့ရဲ့အနက်ရှိုင်းဆုံးနှလုံးသားတွေနဲ့ ကြားနေရပါတယ်အဖေ……..။

ဆောင်းယွန်းလ

Saturday, July 18, 2009

၁၉ ဇူလိုင် မေ့နိုင်ပြီလား။

ငါတို့တိုင်းပြည်မှာ

အာဇာနည်တွေ မလုံလောက်သေးဘူးလား…

ဒီအာဇာနည်တစ်နေ့ကိုတောင်မှ

မေ့ချင်ယောင်ဆောင်နေတတ်ကြတယ်…

လဲပြိုမတတ် အိုမင်းနေတဲ့

အတွင်းဝန်ရုံးအနီကြီးကိုငေးရင်း

ငါတို့လွတ်လပ်ရေးဆုံးရှုံးတာ

ဘယ်လောက်တောင်ကြာနေပြီလည်း

ဒါမှမဟုတ်

ငါတို့လွတ်လပ်ရေးကို

ငါတို့တွေမကာကွယ်တတ်ခဲ့တာလား

သခင်အောင်ဆန်းရေ

ဖခင်ပေးတဲ့မြေက

အာဇာနည်တွေထပ်တောင်းနေပြန်ပေါ့

ညီအစ်ကိုမသိတသိ

ကျွန်တော်တို့အားလုံး

အမှောင်ထဲပိတ်မိနေတယ် ဖခင်

၁၉ ဇူလိုင်တဲ့ တော်လဲလည်းမမြည်

ဥသြသံလည်းမဆွဲ

ကျွန်တော်တို့ရင်ဘတ်အမောတွေထဲ

ကမ္ဘာမကြေကို တိုးတိုးကျိတ်ဆိုမိခဲ့ပေါ့…။


မိုးလှိုင်ည

Friday, July 17, 2009

ရန်ကင်းစင်တာ အနောက်ဘက် ၂၀၀၄၊ Rock သီချင်းတွေနဲ့ကဖေးဆိုင်

ဝင်လိုက်တာနဲ့

ဘ၀လိုခါးသက်မယ့်

လက်ဘက်ရည်ကျစိမ့်တစ်ခွက်ရမယ်

Rock သီချင်းအပြင်းစားတွေရမယ်

ဆံရှည်ကိုယ်တော်တစ်ယောက်က

အဖျော်ဆရာ ပိုင်ရှင် စားပွဲထိုး

နံရံမှာ နည်းနည်းရွှဲ့နေတဲ့ ပန်းချီကားတစ်ချပ်

အင်စတော်လေးရှင် Art တချို့တွေ့မယ်

အဝေးကလှမ်းကြည့်ရင်

မှုန်ဝါးဝါးနဲ့ ကယ်လီဖိုးနီးယားကိုတွေ့လိုက်သလို

တစ်ခါတစ်ရံ

ဟိုတယ်ကယ်လီဖိုးနီးယားသီးချင်းသံနဲ့

မနက်ခင်းကိုတွေ့မယ်

ကျွန်တော်က

သစ္စာနီ နဲ့ အောင်ချိမ့်

ဗင်းဆင့်ဗန်ဂိုး နဲ့ ဂေါ်ဂင်

မြို့မငြိမ်းနဲ့ ပေါ်ဦးသက်

ပက်ဘလိုနီရူဒါ နဲ့ ပီကာဆို

မောင်ချောနွယ် နဲ့ သုခမိန်လှိုင်နဲ့

လူ့ဘ၀ရဲ့ အဓိပါယ်ကိုဆက်စပ်ကြည့်မိတုန်း

ပြည်မှာဆောင်းကို

ပြည်ကပြောင်းလာပြီးမှ နားထောင်မိတယ်

စူပါမားကတ်ကို နေ့တစ်နေ့ပြန်ရောင်းမယ့်

စတီးချိုင့်လေးကို ငေးရင်း

မှိုတက်နေတဲ့ ငွေကြေးတွေကို မုန်းမိတယ်

ကူးစက်ရောဂါလို အချစ်ကိုတော့

ကာကွယ်နိုင်စွမ်းမရှိခဲ့

လောင်ကျွမ်းခံဘ၀ထဲမှာ

အဲဒီမနက်ခင်းတွေဟာ ခပ်လွယ်လွယ်ပြီးဆုံးခဲ့

ရန်ကင်းစင်တာ အနောက်ဘက်လမ်းကလေးရေ

Rock သီချင်းတွေနဲ့ ကဖေးဆိုင်ဆီ

ပြန်လျှောက်မလာနိုင်ခဲ့တော့…

မလိုအပ်ပဲ ပျက်ခဲ့တဲ့ ကားတစ်စင်းလို

၂၀၀၄ကိုပဲ အပြစ်တင်မိခဲ့တယ် ။



မိုးလှိုင်ည

Thursday, July 16, 2009

ခေါက်ရိုးကျိုးနေတဲ့ဇောက်ထိုး

အမှန်တရားက ချွေးသုတ်နေတုန်းမှာ
အကြံသမားက သွေးစုပ်နေတုန်း။

ခေတ်ကြီးကိုက
ဓမ္မတွေကို သေနတ်နဲ့ နားထင်ပေါ်ထောက်
ဓားပြတွေ အမှတ်တမဲ့ စင်ပေါ်ရောက်တဲ့ခေတ်။

လူကြီးတွေကအစ
ငါးပါးသီလကျတော့ မပြတ်အော်ပြီး
စားဖားဗီဇရှိမှ သားမက်တော်ချင်ကြတယ်။

မကြိုးစားပဲနဲ့ လူကြားထဲ ဆံ့ချင်သလား
မရိုးမသားနဲ့ မုသားပဲ ဖြန့် ချင်သလား
ဒီလိုအင်တာနက် ခေတ်ကြီးထဲမှာ
အလစ်မှာ မရှက်မကြောက်စိတ်နဲ့ 
clickကာ တချက်လောက် နှိပ်လိုက်ရုံပဲ။

ကြိုးစားမှု သီအိုရီကို
သူခိုးအများစုက ဒီလိုရီသတဲ့။
“မင်းတို့ ဖိနပ်စီးနေတုန်းမှာ
ငါတို့ က ကမ္ဘာတပတ် ပတ်ပြီးပြီတဲ့”
အဲဒီ့စကားပုံက တခါတခါ သွေးပျက်လောက်အောင်မှန်တယ်။

ဒီလိုနဲ့ ငါ
ခံစားသမျှ ထွေးထုတ်

အဆန်သမားက စတေးလုပ် နေတုန်းမှာ
ဖျံသမားက ပြေးရှုပ်နေတုန်း

အမှန်တရားက ချွေးသုတ်နေတုန်းမှာ
အကြံသမားက သွေးစုပ်နေတုန်း။



ကောင်းကင်ကို

ရယ်မောခြင်း

နာနာကျင်ကျင်ရယ်မောခဲ့ကြပေါ့

ပြန်ပြောလို့ မရတဲ့

လောကကြီးကို…

ငါတို့ရဲ့လူအဖြစ်ဟာ

ကမ္ဘာစစ်ကြီးနှစ်ခုအလွန်က

အနူမြူလက်နှက်တွေကြားမှာ

ကမ္ဘာပြားပြီစာအုပ်ဖတ်နေတုန်း

ဆယ်ရှစ်ရာစုက စိုးရိမ်သောကနဲ့

ငါ့မိသားစုကို လှမ်းကြည့်မိတယ်…

မြိုသစ်က လယ်ကွင်းတွေကြားထဲမှာ

ထရံကာသွပ်မိုး ဆယ်ပေပါတ်လည်

မြေစိုက်အိမ်လေးထဲမှာ

ရှစ်တန်းကျောင်းသူငါ့ညီမလေးရဲ့

စာကျက်သံ တစ်ခါတစ်ရံလျှံထွက်ကျလာပေါ့

အဖေ့အတွက်အခက်အခဲက

ဂလိုဘယ်လိုဇေးရှင်းကို

ဘယ်လို ပက်သက်ရမလည်းမဟုတ်ဘူး

လမ်းထိပ်မီးစက်အိမ်က

အခပေးမီးကို မှန်မှန်ဝယ်ပေးနိုင်ဖို့

အစ်ကိုကြီးအိမ်ပြန်မလာနိုင်တော့ဘူး

အစ်မလတ်က အဆက်အသွယ်ပြတ်နေပြီ…

အလုပ်လက်မဲ့ ငါ့ကို

သူ့ရင်အုပ်ထဲ တင်းတင်းဆုပ်ထားတဲ့

သိန်းငှက်အိုကြီးလို အဖေ့အကြည့်…

ကျွန်တော်လူလားမြောက်ပါပြီ

အဲဒီလိုနဲ့ အိမ်ပြန်မရောက်လာနိုင်တဲ့

အဖေ့သားတွေ…

ဓါတ်ပုံထဲက ပျောက်ဆုံးသွားသူတွေကို

အမှတ်ရရင်း…

အဖေရယ် ငါ့ညီမလေးရယ်

အေးစက်စက်ညနေစာရယ်

နာနာကျင်ကျင်ရယ်မောမှုရယ်

နာနာကျင်ကျင်ရယ်မောခဲ့ကြပေါ့….။


မိုးလှိုင်ည

Tuesday, July 14, 2009

ဝိုင်မြစ်ချိုထဲမှာ မျှောလိုက်တယ် ဂျွန် -၂



ဝိုင်မြစ်ချိုထဲမှာ မျှောလိုက်တယ် ဂျွန် -၂

ဆောင်းလေပြင်းတွေ မတိတ်သေးဘူးလား ဂျွန်
သစ်ရွက်တွေ စင်သွားတဲ့ အရိုးပြိုင်းပြိုင်းပင်တွေ တစ္ဆေခြောက်လို့
ရယ်မောဖို့စောင့်ရတာ မျက်လုံးတွေညောင်းလို့
ပါးစပ်တွေဟောင်းလောင်းနဲ့ နားတွေပြားကပ်လို့
ရှုံးပြီး ရှင်ကျန်သူတွေကို ကူတိုက်ဖို့
ပိတ်မိနေတဲ့ ရဲဘော်တွေကို တူးထုတ်ဖို့
စစ်သတင်းတွေ တကျီကျီ လွှင့်ထုတ်နေတဲ့ ရေဒီယိုတွေကို ထားခဲ့ဖို့
ငါတို့စစ်မြေပြင်ကို ပြန်သွားကြမယ်ကွယ်…
ဟောဟိုမှာ အဆောက်အဦအပျက်တွေကြား
အရွေ့တွေတိုင်းမှာ အကွေ့တွေတိုင်းမှာ အတွေ့တွေတိုင်းမှာ
အချိန်မရွေး ခြုံခိုတိုက်ခိုက်မှုတွေ ရှိနိုင်တယ်
အရပ်သားတွေက ပစ်မှတ်ထဲ ၀င်ဝင်လာတယ်
မိန်းမတွေ ကလေးတွေ ဘေးကိုဖယ်ကြပါကွဲ့
အချိန်သိပ်မကြာတော့ပါဘူး ဂျွန်
နောက်တစ်နှစ်မှာ တပ်တွေ ရုပ်သိမ်းပြီးရင်
နောင် ဆယ်နှစ် အနှစ် နှစ်ဆယ် ကြာရင်
ငါတို့နာမည်တွေ ရုပ်တုတွေ ရေးထိုးထားကြမယ် (ထင်တယ်…)
ငါတို့ဟာ ကယ်တင်သူတွေ လွတ်လပ်ရေးကို ခေါ်လာသူတွေ (ထင်တယ်..)
ငါတို့ဟာ ဦးဆွေးဆံမြည့် ထမ်းရွက်သူတွေ (ထင်တယ်.. ငါထင်တယ်)
စစ်မြေပြင်ကိုပဲ ပြန်သွားကြပါစို့ ဂျွန်ရယ်
နေရောင်ကျဲကျဲထဲ တံလျှပ်တွေက တလက်လက်နဲ့
ဖုန်မှုန့်တွေ ဗလုံးဗထွေးနဲ့
ကန္တာရက ဖြားယောင်းတယ်
မသေချာဘူး ဘာမှ မမြင်ရဘူး
နေ့ဘက်မှာ လင်းလွန်းလို့မမြင်ရဘူး
ညရောက်တော့ မှောင်လွန်းလို့မမြင်ရဘူး
မှန်တဲ့ဘက်ဆိုတာ အသက်နဲ့ရင်းပြီး လိုက်ဖို့လိုတယ်
မှားတဲ့ဘက်မှာလည်း အသက်နဲ့ရင်းပြီး လိုက်ဖို့လိုတာပဲ
သူတို့လက်တွေနဲ့ ညွှန်.. လို့
သူတို့ပါးစပ်တွေနဲ့ ပြော… လို့
ငါတို့ခေါင်းကိုတော့ တည့်တည့်ချိန်ထားလေတယ်
ငါတို့ရင်ဘတ်တွေနဲ့ တွန်းတွန်းပြီး ရှေ့တက်ကြမယ်
ဂျွန်ရေ…
သတင်းတွေကလည်း မထူးသေးပါလားကွယ်
ငါတို့ဒဏ်ရာတွေကိုပဲ အရည်ဖျော်လို့
သစ်သီးဆန်ဆန်ဝိုင်ကလေးကိုဖောက်ပြီး
ကန္တာရထဲသွန်းချလိုက်ကြမယ်
ပြီးရင်အားလုံးကို မေ့လိုက်ကြမယ်
အလိုရှိတဲ့အချိန်မှာ စတင်ပြီး
အလိုရှိတဲ့အချိန်မှာ မရပ်စဲနိုင်ခဲ့တာ စစ်ပွဲတွေပဲ.. တဲ့
တင့်ကားတွေ သေနတ်တွေ အမြောက်တွေ
ပေါက်ကွဲသံတွေ ငိုယိုသံတွေ အသေခံဗုံးတွေ
ဖျက်ဆီးခံလိုက်ရတဲ့ သောက်ရေတိုင်ကီတွေ
ပဲ့ရွဲ့သွားတဲ့သစ်သီးတွေ ပုတ်ချခံလိုက်ရတဲ့ အစားအသောက်တွေ
ကလေးငယ်တွေရဲ့ စူးစူးဝါးဝါးအကြည့်တွေ
သွေးစက်တွေကြားကိုပဲ ပြန်သွားလိုက်ကြပါစို့ ဂျွန်ရယ်..။



ပန်ဒိုရာ