Pages

Thursday, February 26, 2009

ခင်ဗျားမဖတ်ခင်ရေးလိုက်တဲ့ ကဗျာ

တံခါးခေါက်သံတွေ မကြားရတာကိုက

ဘ၀အဓိပ္ပာယ်လို

လူကြီးရေ…

ညကတော့ခြေသံမှန်မှန်နဲ့လမ်းလျှောက်လာနေတယ်

နောက်ကျောကအမှောင်ထုမှာ

အလင်းရောင်ပျပျရှိမနေပါ…

စားပွဲပေါ်မှာ ထွန်းလက်စဖယောင်းတိုင်နဲ့

ထွန်းလက်စစိတ်ကူး…

ခင်ဗျားတူးတဲ့သတ္တုမှာအရူးအိပ်မက်တွေသယ်မလာနဲ့

အဲဒီနေ့က အတန်းမတက်ဖူးလို့

မင်းခွန်းလွှာတွေကို ငြင်းဆိုလို့မရဘူး

မှတ်ပုံတင်ပြပါ..

ဗီဇာပါသလား

ချက်လက်မှတ်

ရှိုးမန်းနီး

အင်ကမ်းရိတ်

တိတ်တိတ်နေတော့

ငါဒီမှာကဗျာရေးလို့မရဘူး

မင်းရေသန့်နဲ့သောက်လည်း

အရက်ကမသန့်ဘူး…

စိတ်မသန့်ရင်တော့စိတ်နဲ့ပဲဆေး

ဒီညမှာမအိပ်ပဲဖြတ်သန်းဖို့

ပါရီကျဆုံးခန်းရယ်

အာဆင်းနစ်ပါတဲ့ကော်ဖီတစ်ခွက်

ဒါပဲလိုအပ်တယ်

မိုးလှိုင်ည

Saturday, February 21, 2009

နှင်းများ

နှင်းများသည် သိပ်သည်းဝေးလံလွန်းလှချည်ရဲ့

ရေခဲရန် ရာစုတစ်ဝက်အလိုအထိ

ငေးစိုက်ကြည့်နေမိတုန်းပဲ…

နှင်းတွေ

တဖွဲဖွဲကျလာမလားလို့…

ခေါင်မိုးအုတ်ကြွပ်ပြားတွေ

တောင့်တင်းသွားရတဲ့ မနက်ခင်းကို

မြင်ချင်တဲ့ဆန္ဒနဲ့

စာတိုက်ပုံးလေးကို ငုံထားတဲ့နှင်းဖတ်တွေကို

ငါ့ကင်မရာထဲ ထည့်သွင်းထားဖို့

ဒီဇင်ဘာ… ဇန်န၀ါရီနှစ်လလုံးလုံး

`နှင်းတွေပိတ်နေလို့ ကျွန်တော် အလုပ်မဆင်းနိုင်တော့ဘူး´

အဲဒီတယ်လီဖုန်းကို ငါ အဆက်ချင်ဆုံးပဲ

သတင်းစာပို့တဲ့ကောင်လေးက တုန်တုန်ရီရီနဲ့

လူခေါ်ဘဲလ်ကို နှိပ်တယ်

လာ… မင်း ဘာအရေးကြီးနေတာလဲ

ငါနဲ့ ကော်ဖီအတူသောက်တာပေါ့…

မစ္စတာဂျွန်က မနက်( ၇ )နာရီမှာ သတင်းစာဖတ်ချင်တာလား

အဲဒီအဖိုးကြီးက

သူ့အကြွေးရှင်တွေ သေပြီလားလို့

နာရေးကို စောင့်ဖတ်နေတာ

အခု ကိုစောညိန်းရဲ့

သည်ဆောင်းဟေမာန်ကို နားထောင်ကြတာပေါ့

အစ်ကိုရော အလုပ်မသွားဘူးလားတဲ့

ငါ့ကုမ္ပဏီကို နှင်းတွေကျတဲ့အထိမ်းအမှတ်နဲ့

တစ်ပတ်တိတိပိတ်တယ်…

မော်စကိုတိုက်ပွဲမတိုင်ခင်အထိ

ဘယ်စစ်ဗိုလ်ချုပ်မှ ဆောင်းရာသီမှာ ထိုးစစ်မစဘူး…။

ကျွန်တော် ညနေ ပီဇာပို့ရဦးမှာ…

အဲဒီပီဇာကို ငါတို့စားပစ်ကြတာပေါ့…

အလုပ်လက်မဲ့ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ

အဲဒါဟာ ကမ္ဘာကျော်ဖို့အခွင့်အရေးရတာပဲ…

မင်း ဗိုက်ဆာဆာနဲ့ ကဗျာရေးမိခဲ့ရင်

လူတွေဗိုက်ဆာတဲ့အခါတိုင်း မင်းကဗျာကိုရွတ်နေလိမ့်မယ်

အဲဒါ နှင်းတွေသိပ်သည်းစွာကျတဲ့နေ့

ကျွန်တော်နဲ့ ဝေးလံလွန်းလှချည်ရဲ့… ။

မိုးလှိုင်ည

Thursday, February 19, 2009

ကော်ပီ…paste



တွေ့သားပဲ

ဖော်ဝပ်မေးတွေထဲမှာ

ထင်ယောင်ထင်မှားနဲ့

စာသား၊ အသံ နဲ့ စုတ်ချက်

နာမည်တပ်မထားနဲ့ ကကြီး၊ ခခွေးကို

ဘယ်သူမှမူပိုင်မပေးဘူးတဲ့…

ဦးနှောက်က

အပေါစား တစ်လုံးလောက်ကိုပဲ

စပေ့ခ်ျကျယ်ကျယ်လိုအပ်တယ်

Database တွေကို ကော်ပီ…paste ဖို့

Search Engine ထဲမှာ

အနုပညာလို့ရိုက်မရှာနဲ့

ဖန်းကြိုးမျှင်ထဲကို

အလကားပဲတင်းလွှတ်တင်လိုက်တဲ့ကဗျာ

ကလောင်နာမည်ပြောင်းသွားရှာတယ်

ကောင်းကင် ကို ကောင်းကင်

နောက်ဆုံးဗားရှင်းက

ကင်းကောင်ကိုယ်လို့ထွက်မယ်…


ကော်ပီ…paste တတ်ရင်

အနုပညာရပြီ

ကော်ပီ…paste တတ်ရင်

ဘွဲ့လက်မှတ်ရပြီ

ကော်ပီ…paste တတ်ရင်

လက်ခုပ်သံအတုရပြီ

ဘာလိုချင်လည်း

ကော်ပီ…paste တစ်ခုသာသင်တဲ့


မိုးလှိုင်ည


မှတ်ချက် ။ ။ ပုံနဲ့စာသားများကို ကော်ပီ…paste ဖြင့်ရေးဖွဲ့ထားပါသည်

Tuesday, February 17, 2009

မဖြစ်တည်တဲ့လောက

ဟောဒီလောကမှာ ...

အနုပညာဆိုတာပေါ်လာကတည်းက

ဖန်တီးသူနဲ့ သတ်မှတ်သူဆိုပြီး

၂ မျိုး ၂ စား ကွဲလာခဲ့ကြ

ကြုံးဝါးသံအလွင်လွင်နဲ့

တသွင်သွင်လည်း ခရီးဆက်ခဲ့ကြ

သင်းကွဲအုပ်စုတွေက ပုလင်းကွဲတွေနဲ့လည်း ရင်းခဲ့ကြ

ဒါကို ဒီလိုလုပ်ရတယ်ကွဆိုတဲ့ သောက်ကျင့်ဆိုးကြီးကို ပြင်လိုက်ကြပါဗျာ

သူများကို ပုခုံးလိုက်တိုက်နေတာနဲ့ပဲ

ကိုယ့်ရင်ဘတ်ထဲကို ကိုယ်ပြန်မမြင်ဖြစ်ကြဦးတော့မယ်

ဟောဒီကောင် ကိုဖြိုးက (အခုတော့ဖြင့်)

ကဗျာပဲရေးရေး စာပဲရေးရေး ကွန်ပျူတာ ကီးဘုတ်နဲ့ပဲရေးတယ်

ခင်ဗျားတို့ စိတ်တိုင်းကျဖျက်ဆီးထားခဲ့ကြတဲ့

အနုပညာကို မတတ်တစ်ခေါက် မှော်ဝိဇ္ဇာလေးနဲ့ပဲ ပြင်ကြည့်တာပေါ့

ဟယ်ရီပေါ်တာဆိုတဲ့ ငနဲရေ …

ဖြစ်တည်မှုပဓာနမဟုတ်ဘူးချည်း ငြင်းငြင်းနေတဲ့ ယန်းပေါဆတ်ကြီးကို ခေါ်ပေးစမ်းပါ

ရေမွန်ရဲ့ သေနတ်သံဟာ အခုအချိန်ထိ မိုးယံမှာ လွင့်ပျံနေတုန်းလေ


ကိုဖြိုး

အမည်မဲ့ ကဗျာများနဲ့ပက်သက်၍

အမည်မဲ့ ကဗျာများနဲ့ပက်သက်၍


မိုးလှိုင်ည - ဆရာကဗျာတချို့မှာအမည်မဲ့ကဗျာဆိုပြီးအမှတ်စဉ်ထိုးပြီးရေးတာတွေ့ရပါတယ်
အဲဒီမှာ ကဗျာနှစ်ပုဒ်က အမည်မဲ့(၁)ဆိုပြီးတိုက်ဆိုင်နေသလားလို့
၁၉၈၆ ခုနှစ်ထုတ် ဒဂုန်မဂ္ဂဇင်းမှာပါတဲ့ကဗျာနဲ့ ဆရာမောင်ပြည့်မင်း၊ ဆရာမောင်ချောနွယ် နဲ့
ဆရာတို့သုံးဦးပေါင်းရေးတဲ့ ၂၁ အယ်လဘမ်ဆိုတဲ့ ကဗျာစာအုပ်ထဲမှာပါတဲ့ကဗျာ
အမည်မဲ့ (၁) ဆိုပြီးတူနေပါတယ်ဆရာ...။။

သစ္စာနီ-
အမည်မဲ့ကဗျာတွေဖြစ်လာတာက တချို့ကဗျာတွေအနေနဲ့ အနုပညာအရ ခေါင်းစဉ်တပ်စရာ
မလိုလို့ပါ....။ ဒါပေမယ့် အမည်မဲ့ကဗျာတွေများလာတော့ ကွဲပြားအောင်အမှတ်စဉ်ထိုးပေးရပါတယ်...။
၂၁ အယ်ဘမ်ထုတ်တဲ့အခါ အမည်မဲ့ကဗျာတွေကို အမှတ်စဉ် လေး၊ငါး၊ခြောက်ကနေစပေးရင်
အဆင်မပြေတဲ့အတွက် အမှတ်စဉ် ၁၊ ၂၊ ၃၊ကနေထပ်ပေးလိုက်တာပါ...အဲတာကြောင့် အမည်မဲ့(၁)က
နှစ်ပုဒ်ထပ်သွားရပါတယ်.. ကျွန်တော်အနေနဲ့ကတော့ တချို့ကဗျာတွေမှာ ခေါင်းစဉ်တပ်ဖို့ မလိုအပ်ရင်
မတပ်ပေးနေလိုက်ပါတယ်...အဲဒီလောက်ပါပဲ...။

၁၇၊ ဖေဖော်ဝါရီ ၊ ၂၀၀၉ တွင်ဆရာသစ္စာနီနှင့် ဆွေးနွေးထားခြင်းဖြစ်ပါသည်...။


ခင်မင်လေးစားစွာဖြင့်
မိုးလှိုင်ည

Sunday, February 15, 2009

သံသရာ

မိန်းမတစ်ယောက်ကိုချစ်ရေးဆိုရတာ

အန္တရာယ်သိပ်များလွန်းတယ်

အဲဒီလိုနဲ့

ငါဟာ

ပြစ်မှုကျူးလွန်သူ

သေဒဏ်ကျအကျဉ်းသား

အသည်းကွဲနေတဲ့ကဗျာဆရာအရူး

ကိုယ်နဖူးကိုယ်သိုက်ပြန်တူးတဲ့ငွေမုဆိုး

အတွေးအခေါ်ပညာရှင်

ရှင်ဘုရင်ဖြစ်ချင်တဲ့ ခပ်ညံ့ညံ့ငနဲတစ်ကောင်

ကျေးဇူးမသိတတ်တဲ့ သူဖုန်းစား

မယုံနိုင်လောက်အောင်

ဘ၀မျိုးစုံကျင်လည်ဖူးခဲ့တယ်

သံသရာတဲ့…။

မိုးလှိုင်ည

လေကပွင့်တဲ့ ပန်း

ဘယ်သူတွေလဲ
တိုးလျှိုပေါက်ခန္ဓာကိုယ်နဲ့
တီးလုံးမဲ့ ကခုန်နေတာ။

ဘယ်သူတွေလဲ
သက်တန့်ရောင် အရေပြားနဲ့
အတောင်ပံမရှိပဲ ပျံဝဲနေတာ။

ဘယ်သူတွေလဲ
မှန်နဲ့လုပ်ထားတဲ့ ကမ္ဘာနဲ့
သဘာဝတရားကို ဖျားယောင်းနေတာ။

အဲဒါ
ဆပ်ပြာပူဖောင်းတွေပေါ့
သူတို့နာရီက မြန်တယ်
သူတို့အိပ်မက်က မြန်တယ်
သူတို့အသက်ရှူသံက မြန်တယ်

ဆပ်ပြာပူဖောင်းဆိုတာ
လေကပွင့်တဲ့ ပန်းဖြစ်တယ်။

သစ္စာနီ

Anonymous said... ကျွန်တော်က ဆရာသစ္စာနီရဲ့ ပရိတ်သတ်တစ်ယောက်ပါ.. အစ်ကိုရေ.. ဒီကဗျာလေးကိုတော့ အခုမှ ဖတ်ဖူးတယ်. ပြန်ရှယ်ပေးတာ ကျေးဇူးအများကြီးတင်တယ်ဗျာ..း)

ဒါနဲ့ ကျွန်တော့်ကို ခေါင်းစဉ်လေးတစ်ချက်လောက် ပြန်check ပေးနိုင်မလား မသိဘူး.. ကျွန်တော့်ဆီမှာ အမည်မဲ့-၁ နာမည်နဲ့ ဆရာ့ကဗျာတစ်ပုဒ်က ဒဂုန်မဂ္ဂဇင်းမှာ ၁၉၈၆က ပါဖူးတဲ့ တစ်ပုဒ်ဖြစ်နေလို့.. နာမည်တူနေတာလည်း ဖြစ်ကောင်းဖြစ်မှာပါ.. စာသားလေးကတော့ အထက်ပါအတိုင်းပါ..

မိုးလှိုင်ည-ကျွန်တော်ဒီကဗျာကို ကဗျာစာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးပါတယ်
သူ့ခေါင်းစဉ်က လေကပွင်တဲ့ပန်းလို့ မှတ်မိနေတာ ကျွန်တော်သေချာအောင်
ဆရာသစ္စာနီကိုမေးကြည့်ပေးပါ့မယ်ခင်ဗျာ ခင်မင်လေးစားစွာဖြင့်

Saturday, February 14, 2009

မင်းနဲ့ဝေးပြီးတဲ့နောက်

ကော်ဖီရောင် ညနေခင်းထဲ …

ပိုလျှံနေသော ၀ါကျများကို

သည်းသည်းမည်းမည်း ဖတ်ရှုလို့

ကမ္ဘာပြားပြီဆိုတဲ့အကြောင်းကို

ပို့စ်မော်ဒန်ကဖေးမှာ အတွေးကောင်းနေတယ်

လမ်းပေါ်က

ကလေးငယ်တွေနဲ့ စမူဆာတစ်ယောက်တစ်ခု

မျှစားတယ် …

မှိုတက်နေတဲ့ ချောကလက်တွေထက်

ပိုချိုမြိန်လို့ …

ငါ့ကိုမုန်းတဲ့မြို့ကို

ငါက အသေအချာချစ်ခဲ့တယ် …

ပြီးတော့ … မင်း

ကလေးတစ်ယောက်လက်ထဲက

လွတ်ထွက်သွား မိုးပျံပူဖောင်းလေးကို

ငေးသလို

ဖေဖော်ဝါရီဆယ့်လေး

ငါ့ဆီကထွက်ပြေးသွားတဲ့ချစ်ခြင်းကို ငေးလို့ … ။


မိုးလှိုင်ည

Friday, February 13, 2009

ကျွန်တော်တို့ခေတ်

`ဗိုလ်ချုပ်အောင်ဆန်းက

ဘာရောဂါနဲ့သေတာလည်း´…

အဲဒီမေးခွန်းမျိုးကို

ခင်ဗျားတည့်တည့်တိုးဖူးသလား…

ဒီနေ့ခေတ်မှာ

ငါမြန်မာကွလို့ ဘယ်သူမှမာန်မတက်ရဲကြဘူး

အရှေ့မျှော် အနောက်မျှော်ဝါဒ…

ကိုယ့်ကျောရိုးမှ ကိုယ်မရှိတဲ့ကောင်တွေလို့

တစ်ယောက်ယောက်ကပြောလာရင်

ခင်ဗျားဘာပြန်ဖြေမလည်း

ကျွန်တော်ဘာပြန်ပြောရမလည်း…

၁၉၁၅ နတ်မောက်ရွာဇာတိနဲ့

ကိုအောင်ဆန်းဆိုတဲ့သူတစ်ယောက်ရှိတယ်

သူက မစ္စတာအက်တလီနဲ့လည်း

ဥာဏ်ရည်ချင်းပြိုင်ဖူးတယ်

ဗိုလ်ချုပ်ကြီးတိုဂျိုနဲ့လည်း အင်းအားချင်းပြိုင်ဖူးတယ်…

ဘယ်တော့ဖြစ်ဖြစ်

သူအနိုင်ရတာချည်းပဲ…

သူကတော့သခင်မျိုးဟေ့ တို့ဗမာလို့

ကြွေးကြော်ခဲ့တဲ့အာဇာနည်…

အခုတော့

သူ့ဖွဲခဲ့တဲ့စစ်တပ်က

သူ့ကိုမလေးမြတ်တော့ဘူး

သူချစ်ခဲ့တဲ့နိုင်ငံသားတွေက

သူ့ကိုမေ့လျော့ခဲ့ကြတာ…

အဲဒါ

ခင်ဗျားနဲ့ ကျွန်တော်တို့ခေတ်…

ကိုယ့်ကိုယ်ကိုရှက်သင့်တယ်လို့

ခင်ဗျား၊ ကျွန်တော်တွေဝေနေယုံလောက်နဲ့

မလုံလောက်ဘူး…။


မိုးလှိုင်ည

Thursday, February 12, 2009

ဖေဖော်ဝါရီ ၁၂

တချို့က မင်္ဂလာဆောင်နေကြတယ်

တချို့က ဧည့်ခံပွဲတွေတက်နေကြတယ်

တချို့က အရက်သောက်ဖို့

တချို့က ရည်စားနဲ့လျှောက်လည်ဖို့

မော်တော်ကား တချို့မှာအလံတော်တွေချိတ်ဆွဲဖို့

အိမ် တချို့မှာအလံတော်တွေလွှင့်ထူဖို့

အစိုးရရုံးတွေရဲ့ အားလပ်ရက်တစ်ရက်

ပြင်ပလုပ်သားတချို့အတွက် အချိန်ပိုလုပ်ခကြေးတစ်ဝက်

အခမ်းအနားလုပ်ဖို့အတွက် ဘယ်သူမှခွင့်ပြုချက်မရဘူး

မလုပ်ဖို့ကိုလည်း ဘယ်သူမှမတားမြစ်ဘူး

ပြည်ထောင်စုနဲ့မဆိုင်တော့တဲ့ နေ့တစ်နေ့

တိုင်းရင်းသားတွေနဲ့ မဆိုင်တော့တဲ့နေ့တစ်နေ့

နိုင်ငံသားတွေနဲ့လည်း မသက်ဆိုင်တော့တဲ့

ဖာသိဖာသာ အားလပ်ရက်တစ်ရက်

ပြည်ထောင်စုနေ့တဲ့

ပင်လုံကြေငြာချက်နဲ့လွတ်လပ်ခဲ့တယ်

ဖက်ဒရယ်ဆိုတဲ့စကားလုံးကြောင့်

လွတ်လပ်ရေးဆုံးရှုံးတယ်...

ဖေဖော်ဝါရီ ၁၂ တဲ့

ဖာသိဖာသာအားလပ်ရက်အဖြစ်သာကျန်ခဲ့ရပေါ့...။

မိုးလှိုင်ည

Sunday, February 8, 2009

အထီးကျန် ၀ံပုလွေ

အရာရာဟာ တိတ်တဆိတ်ကြေကွဲနေတယ်
မနက်ဖြန်မှာ စစ်ပြင်သံတွေအစုံအလင်နဲ့
ဘ၀ဆိုတာ ကကြိုးဆင်မောင်းနေတဲ့
မြင်းရထားဟောင်းကြီးတစ်စင်းမဟုတ်ပါ…
အိပ်ရေးပျက်ခဲတဲ့မျက်ဝန်းတစ်စုံနဲ့တော့
အနာဂါတ်ကိုရှာဖွေမတွေ့ရှိလိုဘူး…
ခပ်ဝေးဝေးကတိမ်တွေလို
ငါ့အိပ်မက်တွေက ဖြူဖတ်ဖြူရော်နဲ့
ဖန်ကြိုးမျှင်ထဲက မြန်နှုန်းမြင့်စီးဆင်းလာတဲ့
ချစ်ခြင်းမေတ္တာ
ငါ့မော်နီတာဖန်သားပြင်ပေါ်မှာ
အေးစက်စက်လာပေါ်တယ်…
သေချာတဲ့စကားက
မစခင်ကတည်းကမှားခဲ့ကြတယ်…
လေပြည်ထဲပါးလျသွားရတဲ့ ရနံ့တချို့လိုပဲ
ရိုးရိုးသားသားချစ်ခဲ့တယ်ဆိုတဲ့အရသာကို
အနံ့ခံလို့တောင်မရတော့ဘူး…။


မိုးလှိုင်ည

အမည်မဲ့-၁

ဖြစ်ရပုံများ
အိပ်မက်ထဲမှာတောင် အဆင်မပြေ
အလကားရတဲ့ ဖိနပ်ကမတော်
ကောင်းကင်က ခေါင်းနဲ့မလွတ်။


ဖြစ်ရပုံများ
ကိုယ့်လက်ဖက်ရည်ခွက် အရောက်မှာမှ
ရုတ်တရက်မလိုင်ကုန်သွားရ။


ဖြစ်ရပုံများ
လက်မှတ်ဝယ်ပြီးသား၊ ရထားက
တစ်စီးလုံး ပျောက်သွားတယ်တဲ့။


ကဲ ဘာလိုသေးလဲ
လက်ကပတ်ထားတဲ့နာရီမှာ
ဓာတ်ခဲကုန်ဖို့ပဲ လိုတော့တယ်။


သစ္စာနီ
စတိုင်သစ်မဂ္ဂဇင်း၊ ဇူလိုင်လ၊ ၂၀၀၃။

Saturday, February 7, 2009

" ဇာတာအရ "

တိမ်တွေကို ဆေးခြယ်ပြီး
ငါ့အတွက်လို့  မခမ်းနားချင်တော့ပါ။
နံရံတွေပေါ်မှာ ရုပ်ပုံအပြည့်ရေးဆွဲပြီး
ငါ့အတွက်လို့  မကျူးရင့်သင့်တော့ပါ။
မင်းဟာ ကန္တာရသစ်ပင်တစ်ပင်ဖြစ်ပြီး
ငါဘယ်တော့မှ မရောက်နိုင်မယ့်
အရိပ်အာဝါသလည်းဖြစ်တယ်။
ငါအော်ခေါ်လိုက်တဲ့ မင်းရဲ့ဝိဥာဉ်တွေတောင်
ငါနဲ့ အတော်ဝေးကွာသွားခဲ့ပြီပဲ။
တကယ်တော့...
လက်ထဲထွေးကျလာတဲ့
ဘုရားသခင်ရဲ့ ကောင်းချီးသြဘာဆိုတာ
ငါ ရရှိထားတဲ့ သွေးမတိတ်ခြင်းတွေပါဘဲ။

နေနိုင်လွန်း

Tuesday, February 3, 2009

စစ်ပွဲ

မနေ့ညကအထိ
ငါတို့ရဲ့နောက်ဆုံးခရီးစဉ်ကိုမသိရှိရသေးဘူး
မိုးလင်းတော့ ဆက်သွယ်ရေးတာဝါတိုင်တွေ
ပြိုလဲကျကုန်ပြီ...
ဖုန်းခေါ်ဆိုလို့မရနိုင်တော့ဘူး...
အီးမေးစ်ပို့ဖို့ မော်နီတာအပျက်တွေက
ကြမ်းပြင်ပေါ်မှောက်လျှက်လဲနေတယ်..
မြေအောက်ဘူတာရုံထဲမှာ
သောက်ရေတစ်ဗူးကိုလိုက်ရှာနေတာ
ကလေးငယ်တစ်သိုက်က အသံမထွက်အောင်ကြိတ်ရှိုက်နေတယ်
တစ်ယောက်ယောက်ဆီမှာ ပေါင်မုန့်အသိုးတွေရှိနိုင်သေးလား
ဒဏ်ရာရနေတဲ့လူတွေကိုမကြည့်မိအောင်
မျက်လုံးကို အတင်းလွှဲဖယ်နေရတယ်...
အဆက်မပြတ်ပေါက်ကွဲသံတွေကြားတယ်..
အဆက်သွယ်ပြတ်သွားတဲ့လူတွေဆီက ဆုတောင်းသံတွေကြားတယ်
အနီအောက် ရောင်ခြည်တန်းတွေကို သွားမထိနဲ့........
ကောင်လေးက ရူးရူးမိုက်မိုက်ပြေးထွက်သွားတယ်
စစ်ပွဲကို လက်နှက်ကိုင် မဟုတ်သူများကတည့်တည့်ရင်ဆိုင်လို့
လေကြောင်းတိုက်ခိုက်မှုတွေတိုးမြှင့်လိုက်ပြီ...
အဲဒီသတင်းကို အရပ်သားတွေတစ်ယောက်မှသိခွင့်မရဘူး...
ရေဆိုးပြစ်တဲ့မြောင်းထဲကို စစ်သားတစ်ယောက်က
လက်ပစ်ဗုံးတွေပစ်သွင်းတယ်...
အထဲမှာက ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတစ်ချို့
စစ်ပွဲကို အရပ်သားတွေကတည့်တည့်ရင်ဆိုင်လို့....။

မိုးလှိုင်ည