Tuesday, October 27, 2009

ကမ္ဘာပျက်ပြီ…




အေဒီ ၂၀၁၂

သြဂုတ်စ် ၇ မနက်စောစော





ထောင်ဝါဒါက ငါ့ကြိုးတိုက်ထဲကို

ကော်ဖီနဲ့ပေါင်မုန့်ညိုတွေလာချတယ်…



သတိထားမိလိုက်တာက သေဒဏ်ကျနေတဲ့ငါ့ထက်

သူမျက်နှာဟာပိုပြီးသွေးပျက်နေတာပဲ…



ခင်ဗျား စီးကရက်ပါရင်ပေးခဲ့ဗျာ ဆိုတော့

သူသောက်လက်စ စီးကရက်တစ်ဗူးထုတ်ပေးသွားတယ်



အေးစက်စက်ကော်ဖီကိုယူ ပေါင်မုန့်ညိုနဲ့တို့တော့

ကုန်ခဲ့တဲ့နှစ်တွေက ဖေဖော်ဝါရီနဲ့အတူသောက်ခဲ့ဖူးတဲ့

ပြင်သစ်ကော်ဖီပူပူတွေကို သွားသတိရတယ်…။





ဒါပေမယ့်

ပြီးသွားပြီလေ

ဒီဘ၀ဇာတ်လမ်းတွေကို လွမ်းတတ်ပေမယ့် သူမဆွေးမြေ့တော့ပါ..။


ထုံးစံအတိုင်း

အခန်းထောင့်မှာ ခပ်မြင့်မြင့် ချိတ်ထားတဲ့

တီဗွီကို ရီမုဒ်ကွန်ထရိုးနဲ့ဖွင့်လိုက်တယ်…

ပြီးတော့ စီအန်အန်ချန်နယ်ကိုပြောင်းတယ်..

စီအန်အန်က သတင်းတင်ဆက်ပုံတွေက

ခေတ်နောက်ကျနေပေမယ့်…

သူကရုပါတ်မားဒေါ့စ် မီဒီယာတွေကိုမကြိုက်ဘူးလေ..





အား….

တီဗွီထဲက ဆောင့်ထွက်လာတဲ့အသံ…

အနောက်မှာကမ္ဘာပျက်နေပြီတဲ့…




အိမ်ဖြူတော် တစ်ခြမ်းက မီးလောင်ကျွမ်းပြီတဲ့…

ဘရွတ်ကလင်တံတားက ထက်ပိုင်းကြီးကျိုးကျလို့…



အင်္ဂလန်ကျွန်းက ရေစုံးစုံးမြုတ်သွားပြီ

လူဦးရေ ၁၆ သန်းလောက် ပြင်သစ်ကမ်းခြေမှာသောင်တင်



အယ်ဂျာဇီယားကို လိုင်းပြောင်းလိုက်တယ်

ဒူဘိုင်း အုန်းပင်ကျွန်းက ဟိုတည်တွေပြိုကျကုန်ပြီ

ဆူနာမီအသေးစားတွေက

တောင်ပင်လယ်ကိုတိုက်ချနေတယ်…

ကမ်းခြေက သက်ရှိသက်မဲ့တွေက

လှိုင်ခေါင်းဖြူတွေထိပ်မှာ မြုတ်တလှည့်ပေါ်တလှည့်



သူဖန်းသားပြင်က မြင်နေရတဲ့အရုပ်တွေကိုပိတ်ချလိုက်တယ်

ဒီအဖြစ်အပျက်တွေဟာ ဟုတ်ပါ့မလား…



မွေးကတည်းက သေဒဏ်ကျပြီးသူအချင်းချင်း

ကမ္ဘာကြီးပျက်စီးလောက်အောင် ဘယ်သူတွေအတ္တကြီးခဲ့တာလည်း…


သူ့အတွက်ကတော့
ဒီကမ္ဘာထဲက ဘယ်အရာမှယူသွားစရာမရှိခဲ့ဘူး...


သူကတရားမျှတဲ့ ဖွဲစည်းပုံတွေကို

တစ်ကိုယ်တော်ရေးဆွဲဖြန့်ဝေမှုအတွက်

အာဏာရှင်နိုင်ငံများ သမ္မဂ္ဂကသေဒဏ်ချခံထားရသူတစ်ယောက်...


“ သမုဒ္ဒရာတွေ မြင့်တက်လာပြီး ငတ်မွတ်ခေါင်းပါးမှု

ကျယ်ပြန့်စွာကြုံနေရပြီးတော့ ကြောက်စရာမုန်တိုင်းတွေက ဖျက်ဆီးနေတဲ့ကမ္ဘာမျိုး

ကျွန်တော်တို့ ကလေးငယ်တွေအတွက် ချန်မထားခဲ့ဖို့ ကျွန်တော်တို့ သန္နိဠန်ချကြရမှာဖြစ်ပါတယ်”

စည်လုံးသောကမ္ဘာမိန့်ခွန်းမှ (အိုဘားမား) ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့ ၂၀၀၈ ဇူလိုင် ၂၄ရက်။



အကျဉ်းထောင် နံရံက သံပြူတင်းတိုင်ကြားကနေ

မြင်နေရတဲ့မြို့ကို ကြည့်ုလိုက်တယ်

ကောင်းကင်ကနီဆွေးညို့မှိုင်းလို့

ကလေးတွေက တအံ့တသြငေးနေတယ်

သက်ကြီးရွယ်အိုတစ်ယောက်က ဖတ်လက်စသတင်းစာကိုဖယ်ပြီး

သက်ပြင်းတွေချနေတယ်

တချို့ကခြေဦးတည့်ရာလျှောက်ပြေးနေပြီး

တချို့ကအတင်းကာရော ၀တ်ပြုဆုတောင်းနေတယ်


ပန်းချီဆရာတွေက ပန်းချီဆက်ဆွဲနေပြီး
ဂီတသမားနှစ်ယောက်က တယောဆက်ထိုးဖို့ အသံညှိနေတယ်


မဟုတ်သေးဘူး
မဟုတ်သေးဘူး
မဟုတ်သေးဘူး



“ကျွန်တော်တို့အားလုံးကလေးငယ်များကိုချစ်ကြည်သည်ဆိုသော်

သူတို့အတွက် ချန်ထားခဲ့ရမယ် ကမ္ဘာကြီးကို မထိန်းသိမ်း

မစောင့်ရှောက်သင့်ဘူးလား...။”

( ငြိမ်းချမ်းရေးနဲ့ အနာဂါတ်ကမ္ဘာ ၊ မိုးလှိုင်ည ၊ ၂၀၀၄ခုနှစ်)



ကမ္ဘာပျက်မယ်ဆိုရင် တကယ်တမ်းအရှက်ရသင့်နေတာ

ခင်ဗျားတို့ ကျွန်တော်တို့ အားလုံးပဲ...

ဇောချွေးတွေနဲ့နိုးလာခဲ့တယ်...

ဟူး........တော်ပါသေးရဲ့


အစ်မအိန္ဒြာရေ..

နောက်တစ်ခါ အဲဒီလိုမကျီစားပါနဲ့..

ခပ်ကြောင်ကြောင်ပုရောဟိတ်တွေကတော့

နာမည်ကြီးချင်ဇောနဲ့ လူသမိုင်းတစ်လျှောက်လုံး

အဲဒီလို နိမိတ်ဖတ်နေကြ...

ကျွန်တော်တို့က ကမ္ဘာပျက်ဖို့ အလုပ်လုပ်နေကြတာမဟုတ်ပါဘူး

ကမ္ဘာသစ်ပြန်တည်နေကြတာ...

တရားမျှတတဲ့ လွတ်လပ်ငြိမ်းချမ်းတဲ့ စိမ်းလန်းအေးမြတဲ့မြေကမ္ဘာကို

ကျွန်တော်တို့ကလေးငယ်တွေရဲ့လက်ထဲကို

မနက်ဖြန်မှာ လက်လွှဲပေးဖို့....



ကျွန်တော်တို့ ရိုးသားပွင့်လင်းယုံကြည်စွာလက်တွဲလုပ်ဆောင်ကြမယ်...

ကမ္ဘာဟာ နာကျင်နေရမှုတွေများပြီ....

ယုံကြည်ချက်ဟာ အောင်ပွဲဖြစ်တယ်...

ကျွန်တော်တို့ ကမ္ဘာဟာ ဘယ်တော့မှမပျက်ဘူး....။


မိုးလှိုင်ည


11 comments:

  1. ဗမာပြည်ကြီး ကောင်းမယ့် လက္ခဏာ မမြင်ရတော့မယ့်
    အတူတူတော့ ကမ္ဘာကြီးပျက်တဲ့အထဲ ပါသွားတာဘဲ
    ( တကယ်တော့ မပျက်ပါဘူး ) ပိုကောင်းမလား ဆိုတဲ့
    စိတ်ကူးက မိုးလှိုင်ညကဗျာ ဖတ်ပြီး အလကားဖြစ်သွားပြီဗျ...

    မိုးလှိုင်ရေ...နာကျင်မှုတွေ များနေတဲ့ ကမ္ဘာကြီး
    ဘယ်တော့မှ မပျက်စီးရအောင် အားလုံးမှာ
    တာဝန်ရှိတယ်... ကျမတို့ အားလုံး မရှက်ရအောင်ပေါ့...

    ဒီထဲက ကဗျာတွေအားလုံး သိပ်ကောင်းလွန်းနေတယ်...

    mie nge

    ReplyDelete
  2. ကမ္ဘာမပျက်ပါဘူး လူတွေဘဲပိုပျက်ကုန်မှာပါ
    ကမ္ဘာကငြိမ်းချမ်းတယ် လူတွေက ပူလောင်နေကြတယ်
    သေချာတာတော့ ကမ္ဘာဟာကျွန်တော်တို့ သေဆုံးသွား
    သည့်တိုင်ရှင်သန်နေမှာပါ . . .

    ReplyDelete
  3. မွေးကတည်းက သေဒဏ်ကျပြီးသူအချင်းချင်း

    ကမ္ဘာကြီးပျက်စီးလောက်အောင် ဘယ်သူတွေအတ္တကြီးခဲ့တာလဲ... ။

    စဉ်းစားသွားတယ်ဗျာ။ ဘယ်သူတွေ အတ္တကြီးနေတာလဲ... ???

    ReplyDelete
  4. ကောင်းလိုက်တဲ့ ကဗျာ မိုးလှိုင်ရယ်...

    ကဗျာကောင်းတစ်ပုဒ်ထွက်ကျလာတယ်လေ...

    ဟုတ်တယ်..ကမ္ဘာက ငါတို့ ကမ္ဘာသစ်တည်တာမပြီးမချင်း မပျက်သေးဘူးတဲ့

    ကျွန်တော်တို့ ရိုးသားပွင့်လင်းယုံကြည်စွာလက်တွဲလုပ်ဆောင်ကြမယ်... ကမ္ဘာဟာ နာကျင်နေရမှုတွေများပြီ.... ယုံကြည်ချက်ဟာ အောင်ပွဲဖြစ်တယ်... ကျွန်တော်တို့ ကမ္ဘာဟာ ဘယ်တော့မှမပျက်ဘူး....။

    သိပ်ကောင်းတယ်...ထပ်ပြောသွားပါတယ်

    ခင်ခင်မင်မင်

    ReplyDelete
  5. ကမ္ဘာမပျက်ပါဘူး လူတွေ ကပ်ဆိုက်နေတာပါ
    တဖြည်းဖြည်းပိုဆိုးလာတော့မယ်

    အခုတောင် သဘာဝဘေးတွေ့ လိုက်
    Economic Crisis တွေ့ လိုက်
    လူတွေ ဘယ်လောက်ရုန်းရုန်း ရှေ့ကိုမရွေ့နိုင်ဘူးလေ။

    ReplyDelete
  6. ကဗျာဖတ်တာ လူကို စိတ်ထဲမှာ ကွင်းကွင်းကြီးမြင်နေမိတယ် ကြောက်တော့ပါဘူး ဘာပဲပြောပြော သေကြရမှာပဲနော့်း)


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  7. မွေးကတည်းက သေဒဏ်ချခံထားရတဲ့ သူချင်းချင်း... အဲ့ဒါလေး ကြိုက်တယ်...။

    ReplyDelete
  8. ကမ္ဘာပျက်တာ အရေးမကြီးဘူးမိုးလှိုင်ရေ ..
    ကဗျာပျက်ပြီး ကဗျက်တွေပြာ သွားမှ ကွိုင်တား)

    ReplyDelete
  9. ချစ်စရာကောင်းလိုက်တဲ့ အတွေးးးး
    Cheers!

    ReplyDelete
  10. အတွေးကောင်းလေးတွေကြောင့် လေးစားအားကျမိတယ် အကို...

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...