Tuesday, September 29, 2009

ကဗျာထဲကို ထည့်ချင်ရာထည့်တဲ့ အုံကြွမှု

ကဗျာထဲကိုဘာထည့်ရမလဲ
မျောက်တွေဟာ အုန်းသီးထဲ ဘယ်သူရေထည့်သွားသလဲဆိုတဲ့
အတွေးအခေါ်ရသလို
ကဗျာထဲကို ဘာထည့်ရမလဲ
ဒုတိယကမ္ဘာစစ်အတွင်းက
ပြင်သစ်ကြေးစားမတွေဟာ သူတို့ကိုယ်ထဲကို ဆစ်ဖလစ်ပိုးထည့်ပြီး
ဂျာမန်တွေကိုဖျော်ဖြေသလိုမျိုး
ကဗျာထဲကိုဘာထည့်ရမလဲ
ဒဿနမပါတဲ့ ကဗျာဖတ်ရတာ ဆားမပါတဲ့ဟင်းစားရသလိုမျိုးတဲ့
ကဗျာထဲကိုဘာထည့်ရမလဲ
ကဗျာဆိုတာ အသံသာရမယ်
ဟုတ်ကဲ့
ကဗျာမှာ နိမိတ်ပုံထွားထွားကြီးတွေနဲ့ ဝေဝေဆာဆာဖြာရမယ်
ဟုတ်ကဲ့
ကဗျာထဲမှာ ဘာသာစကားထည့်ပါ
ဟုတ်ကဲ့
ကဗျာဆိုတာ ရိုးသားရမယ်
ဟုတ်ကဲ့
မင်းတို့ ရေးချင်ရာရေးတာကို ကဗျာလို့ခေါ်နေကြတာလား
ဟုတ်ကဲ့ . . . ဟုတ်ကဲ့ ခင်ဗျာ
အဲ့ဒီလိုနဲ့
ကဗျာထဲကို အသဲကွဲသီချင်းတွေ ထည့်လွှတ်လိုက်တယ်
ကဗျာထဲကို စိတ်ရဲ့အုံမှိုင်းမှုတွေ ထည့်လွှတ်လိုက်တယ်
ကဗျာကြီးပဲဆို ပြင်းမှာစိုးလို့ ဆော်ဒါ နဲနဲရောထည့်တယ်
(ကဗျာ စစ်စစ်ဆို ဘာမှ မရောပဲ သောက်တာ ပိုကောင်းတယ် )
ကဗျာထဲကို မိုးနဲ့အတူအစိုးမရတဲ့ ကောင်မလေးတွေအကြောင်းထည့်တယ်
ကဗျာထဲကို မေထုန်မဲ့ခြင်းကနေ ပေါက်ဖွားကြီးပြင်းတဲ့ နိုးစားနွားမကြီးအကြောင်းထည့်တယ်
ကဗျာထဲကို ပြတ်တောက်သွားတဲ့ ဖိနပ်လေးတဘက်အကြောင်းထည့်တယ်
ထည့်ချင်ရာထည့်ထားတဲ့ ကဗျာကြီးဟာ မြေဆွဲအားကနေ ရုန်းကန်ပျံ ဘို့ ကြွကြွ ရွရွကြီးဖြစ်နေပြီ
လွတ်လွတ်ကျွတ်ကျွတ် ကင်းလွတ်ခွင့်ရဘို့ အရေး ဆိုင်းကြိုးတွေကို ဘယ်သူလာဖြတ်မလဲတွေးတယ်
ပရော်ဖက်ဆာ တယောက်က ပြောသွားတာက
ကဗျာထဲကို ထည့်ချင်ရာထည့်တဲ့ အုံကြွမှုကြီးရဲ့ အစဟာ ခရစ်တော်မပေါ်ခင်ကထဲကတဲ့ . .

အဲဒီ အုံကြွမှုထဲမှာ မြေဆွဲအားကြောင့် ဖြစ်ပေါ်လာတဲ့ ရုန်းကန်မှုတွေ

ကဗျာ ဟာနေ၀င်နေထွက်စောခဲ့တယ် ကဗျာဟာ မုတ်သုန်လေဦးလိုလည်း
အမြဲတမ်းခက်ထန်တယ် အမှန်တရားဆိုတာ ခက်ထန်တာပဲလေ...
အသက်မဲ့နေတဲ့ အိပ်မက်တွေ ခြောက်ကပ်နေတယ့်လယ်မြေတွေ
တကယ်တော့
အမှန်တကယ်တော့
လူသမိုင်းကို ထွန်ယက်ခဲ့တာကဗျာပါ...
အသည်းကွဲနေတဲ့ ကဗျာဆရာ အရူးတစ်ယောက်က
အသည်းကွဲ ဖူးသူအားလုံးကိုကိုယ်စားပြုသလိုပေါ့
တော်လှန်ရေးမှာကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက်
ကိုယ်ကိုယ်တိုင် ကျဆုံးခံခဲ့ရသူလည်း ကဗျာဆရာပဲ
ကဗျာထဲကို နာကျင်မှုတွေ ထည့်ခလောက်တော့
ကောင်မလေး မင်းကြိုက်တဲ့
စတော်ဘယ်ရီမိတ်ရှိတ်ဖျော်ရည်တစ်ခွက်တော့ဖြစ်လာမှာမဟုတ်ဘူး
တကယ်တော့ ကိုယ့်ကိုယ်ထဲက လွတ်မြောက်ရေးတိုက်ပွဲ
ဆိုက်ဘေးရီးယားကို နယ်နှင်ခံလိုက်ရတဲ့ သမိုင်းစာအုပ်တစ်အုပ်လို့
အေးစက်နက်ရှိုင်းလို့....
မင်းလေ့ကျက်ပြီးပြီလား
မင်းရိုးသားခဲ့ပြီးပြီလား
မင်းဖြူစင်ခဲ့ပြီပြီလား...
ကဗျာကိုဖတ်တတ်ဖို့ မင်းစိတ်အခံက ဖြူစင်ဖို့လိုတယ်...
နောက်ဆုံးတော့ လောကထောင်ချောက်တွေထဲမှာ
မင်းကိုယ်တိုင်ပိတ်မိတဲ့အခါ ကဗျာကို ဘာကြောင့်လိုမလည်းသိမယ်
ကဗျာထဲမှာ ဘာထည့်ထားလည်းသိမယ်...
အခုလောလောဆယ်တော့ ဒီစာမျက်နှာကိုကျော်ဖတ်သွားလည်းရတယ်...။
ကဗျာဟာမင်းအတွက် မျောက်အုန်းသီးရ မဖြစ်စေနဲ့...။



ဖုန်းမြင့်၊ မိုးလှိုင်ည

10 comments:

  1. ကောင်းတယ်လို့ပြောရမှာထက်ပိုတယ် နည်းစနစ်ပါ လာတဲ့ကဗျာတစ်ပုဒ်လို့တောင် ထင်မိတယ်

    ReplyDelete
  2. ကြည်ဇော်အေးရေ...ခင်ဗျားက တကယ်က သပ်သပ်ရပ်ရပ် မလုပ်ခဲ့ဘူးဗျ...
    တဆိတ်လောက်.......နည်းနည်းလောက် ကူညီပါဦး.....
    ခင်ဗျား ကျုပ်ကို လှည့်မကြည့်တော့နဲ့ဗျာ..
    ဘယ်သူမှားခဲ့ သလဲပဲ ပြောတော့.......

    ReplyDelete
  3. သမိုင်းဦး ဘုံမြေစနစ်ကဗျာ၊ စတော့ဈေးကွက်ထိုးကျတဲ့
    ဒီနေ့ကဗျာ၊မြန်မာခေတ်ပေါ်ကဗျာထဲက မောင်ချောနွယ် ထွက်လာတယ်။
    ကုန်သည်ကြီးများလမ်းမပေါ်မှာ ခါးထောက်ပြီးရပ်နေတယ်။
    “ မင်း အင်တာနေရှင်နယ်သီချင်းရသလား။”
    မေးခွန်းကိုပြန်မဖြေဘူး။တေးသွားကိုစတီးတယ်။
    ကီးချိန်းလိုက်တောတမျိုးတော့ဖြစ်တာပေါ့။
    (1-e-&-a,2-e-&-a,3-e-&-a,4-e-&-a )။
    လမ်းတူရင်လူချင်းတွေ့ကြမယ်။ မင်းကဘာလဲ။ ငါကဘာလဲ။
    ဗန်ဂိုးရဲ့ ဖိနပ် ပန်းချီကားတွေရောင်းမထွက်ဘူး။
    ကျမ မူးယစ်ဆေးစွဲနေပြီ။
    ဝါဟိုးရဲ့ ဖိနပ် ပန်းချီကားတွေလူကြိုက်များတယ်။
    ရှင့်နားရွက်ဖျားလေးကသိပ်လှတာပဲ။
    ကျမကိုပေးပါလား။
    ၁၅မိနစ်စာအောင်မြင်မူပဲ။
    ဂျာမန်ကဗျာဆရာကြီးဖွဲ့ဆိုခဲ့တဲ့ကမ္ဘာကိုကဗျာဖွဲ့တယ်။
    မင်းသမီးရည်းစားရိုက်ထားတဲ့ ဗီဒီယိုကိုကြည့်ပြီးပြီလား။
    ရှင့်ကိုကျမမချစ်နိုင်ဘူး။
    ရှင့်မှာဘာအပြစ်မှလည်းမရှိဘူး။
    ကျမချစ်လို့မရတာ။
    အပရေးတပ် နဲ့ ဒိုမိန်းဆိုရင်
    ၊ဒိုမိန်းတခုကို အပိုင်ယူမယ်။
    ရသ ကခရီးသွားလမ်းညွန်စာအုပ်တွေရဲ့အထက်မှာရှိတယ်။
    မိုးတွေရွာနေတယ်။
    ကမ်းခြေနားအပန်းဖြေသွားလို့မကောင်းဘူး။
    ကဗျာဆရာနာမည်ဝေဝါးသွားတယ်။

    ReplyDelete
  4. ဖတ်သွားပြန်ပါပြီ။ ဘာမှမပြောတတ်တော့လို့။

    ReplyDelete
  5. နာတော့ ကဗျာထဲကို ကဗျာပဲထည့်မယ်ကွယ် ခွင့်ပြုပါ ကဗျာဆရာရယ်။

    ReplyDelete
  6. ကျွန်တော်ကြိုက်လို့ ကူးသွားတယ်...ခွင့်ပြုပါ...

    ReplyDelete
  7. ဖြစ်နိုင်ရင်လေ...ကဗျာတစ်ပုဒ်လုံးကို ရင်ဘတ်ထဲ ဆွဲကြုံးသိမ်းထားချင်တယ်...
    ကောင်းလွန်းလို့...။

    ReplyDelete
  8. အခုလောလောဆယ်တော့ ဒီစာမျက်နှာကိုကျော်ဖတ်သွားလည်းရတယ်...။
    ကဗျာဟာမင်းအတွက် မျောက်အုန်းသီးရ မဖြစ်စေနဲ့...။

    ပြောထားတဲ့ကြားထဲဒီသကောင့်သားအုန်းသီးရသွားလို့
ွှအုန်းသီးထဲရေဘယ်သူထည့်ခဲ့လည်းဆိုတဲ့အတွေးအခေါ်ရသွားတယ်။......

    ReplyDelete
  9. ကဗျာ၊စာရေးရင်ပဂ္ဂိုလ်ရေးမတိုက်ခိုက်ပဲ စာနဲ့ပတ်သက်ပြိးအပြန်အလှန်ဆွေးနွေးတယ်ပဲခေါ်ခေါ်၊ငြင်းခုံဝေးဖန်တယ်ပဲခေါ်ခေါ်အဲဒါတွေရှိစမြဲပဲ။ငါရေးတဲ့စာကမှ၊ငါ့စကားနွားရ။တခြားတဖက်ကစာက၊မျောက်အုန်းသီးရ၊မျောက်အုန်းသီးရေထည့်ဆိုတဲ့ခံယူမူကသိပ်ကောင်းတဲ့အပြုအမူတော့မဟုတ်ဘူး။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...