Wednesday, June 24, 2009

ကြွက်ထောင်ချောက်တွေ လိုအပ်နေတဲ့မြို့

မြို့တစ်မြို့မှာ

မြို့တော်ဝန်တစ်ယောက်ပဲလိုအပ်ပေမယ့်

ကြွက်ထောင်ချောက်တွေအများကြီးလိုအပ်တယ်

ဒါမှမဟုတ်လည်း

ကြွက်ပစ်သမားတွေဖြစ်ဖြစ်ပေါ့…

တချို့မြို့တွေက

စားနပ်ရိက္ခာလိုအပ်နေသလို

တချို့မြို့တွေက

သောက်သုံးရေလိုအပ်သလို

တချို့မြို့တွေက

အင်တာနက်

တချို့မြို့တွေက

………

လိုအပ်နိုင်သလို

အဲဒီမြို့မှာလည်းကြွက်ထောင်ချောက်တွေလိုအပ်နေတယ်

ကြွက်တွေက သိပ်သောင်းကျန်းတော့

ထုံးစံအတိုင်း

သူတစ်ပါးစပါးကျီတွေလိုက်ဖောက်လိုဖောက်

သူတစ်ပါးဒိန်ခဲတွေခိုးစားလိုစားနဲ့

သူတစ်ပါးအ၀တ်အစားတွေကိုက်လိုကိုက်နဲ့

အဆိုးဆုံးက

ခြေထောက်တွေကိုလမ်းလျှောက်လို့မရအောင်

လိုက်ကိုက်တတ်တာပဲ…

ကြွက်တွေသောင်းကျန်းတော့

အဲဒီမြို့က တချို့လူတွေထွက်ပြေးကုန်ကြတယ်

အဲဒီကြွက်တွေကို ပုံပြင်ထဲကပုလွေသံနဲ့တော့

မြို့ပြင်ချောက်ကမ်းပါးထဲ ခေါ်ချသွားလို့မရဘူး

ကြွက်တွေက ဟစ်ဟော့နဲ့လည်းယဉ်ပါးနေပြီး

ဒီဂျေတွေနဲ့လည်း ကတတ်နေပြီ

တချို့ကြွက်တွေက နိုက်ကလပ်တက်ပြီး

တချို့ကြွက်တွေက ၀ီစကီသောက်တတ်နေပြီ

တချို့ကြွက်တွေက

ကြွက်ကြီးကြွက်ကောင်းဆန်ဆန်

ဂေါက်တွေဘာတွေရိုက်လို့ပေါ့…

သူတို့ဂေါက်ကွင်းမှာ ပြောတဲ့စကားက

သူတစ်ပါးစပါးခင်းတွေဘယ်လောက်များများဖျက်ဆီးပြီးပြီဆိုတာ

သူတစ်ပါးတွေဝိုင်အရက်ကို ခိုးသောက်ဖူးတာရယ်

သူတစ်ပါးအိပ်ရာတွေ ၀င်အိပ်ပြီးပြီဆိုတာရယ်…

အဲဒီမြို့ကတော့

ကြွက်ထောင်ချောက်တွေများများလိုနေတာပေါ့

ကမ္ဘာအရပ်ရပ်က ကြွက်ထောင်ချောက်တွေ

အဲဒီမြို့ကို တင်ပို့ပေးကြတာပေါ့…

ကြွက်တွေကတော့ မနက်ဖြန်ကိုမမြင်ပဲ

ပျော်နေကြတုန်းပေါ့….။

မိုးလှိုင်ည

9 comments:

  1. ကျွန်တော်လည်း မနက်ဖြန်မရှိတဲ့ ကြွက်တွေအတွက် ကြွက်ထောင်ချောက်တွေ မြန်မြန်ရဖို့ ဆုတောင်းပေးတယ်ဗျာ..။

    ReplyDelete
  2. ကြွက်မနိုင်ရင် ကျီပါမီးနဲ့ ရှို့ကြရအောင် .....။

    ReplyDelete
  3. အဲဒီကြွက်တွေ မမြင်တဲ့ မနက်ဖြန်မှာ ထောင်ချေက်တွေအလုံအလောက် ရောက်လာပါစေလို့ ......

    ReplyDelete
  4. ကြွက်.တွေကို..ဖမ်းဖို့ ဆို
    ထောက်ချောက်တွေလဲ..အများကြီးလိုတယ်နော်

    ReplyDelete
  5. တကောင်ချင်းစီ ထောင်ဖမ်းနေရင်
    လူပင်ပမ်းမယ်
    ရှုပ်တယ်
    မိုင်းနဲ့သာ ခွဲ လိုက်တော့..။

    ReplyDelete
  6. ကျုပ်ကတော့ ကြောင်တွေ လွှတ်ပေးလိုက်ချင်တယ် အဲ့မြို့ကို... နိုက်ကလပ်တက်တဲ့ ကြောင်နဲ့ ဘိလိယက်ထိုး တဲ့ ကြောင် မျိုးပေါ့လေ...

    သူတော်

    ReplyDelete
  7. ကြွက်သူခိုးတွေကို နှိမ်နင်းဖို့ ကြောင်သူတော်တွေ လွှတ်ပေးရမယ်ပေါ့လေ...:)

    ထောင်ချောက်က ဘယ်ဆီနေတယ် မသိ...ကြွက်တွေကတော့ ပြေးလမ်းရှာနေကြပြီ..။

    ReplyDelete
  8. လက်ရှိ မြန်မာကဗျာဆရာတွေထဲ ခေတ်ကိုအထင်ဟတ် ဆုံး ကဗျာဆရာထဲကတစ်ယောက်ပဲဗျာ ကြွက်ထောင်ချောက်တွေပို့ပေးလိုက်မယ်

    ReplyDelete
  9. အင်းးး ကြွက်တွေကတော့ ကြွက်တွေပီပီ ကြွက်တွင်းတူတာ လူမိသွားလို့ နောက်တတွင်း ပြောင်းတူးဦးမတဲ့..
    ကြွက်ထောင်ချောက်လောက်နဲ့တော့ မရဘူးထင်ပါ့ .. မြေပါ လှန်မှ ရမယ် ထင်တယ်။ ငယ်ငယ်တုန်းကတော့ ကြွက်တွင်းထဲ ရေတွေ လောင်းထည့်ဖူးရဲ့... ရေနံဆီ လောင်းထည့်ပြီး မီးရှို့ရင် ကောင်းမလားပဲ.. သြော် အကုသိုလ်တွေ...

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...