Thursday, June 11, 2009

အထည်ကြီးပျက်

.......................



ရန်ကုန်က
နေဝင်ဖြိုးဖျမှာ
ဆံပင်ဖားလျားချထားတဲ့
အထည်ကြီးပျက်မနဲ့တူတယ် ...


အဆံသာမရှိတော့တယ်
ဟန်ကလုပ်ချင်သေးတာ


ဆင်ယင်ထုံးဖွဲ့မှုသာမလုပ်တယ်
နောက်တက်တွေထက်တောင် လှသေးသတဲ့


ထစ်ခနဲဆို
ထမီကိုစွန်တောင်ဆွဲ
ရွာထဲပတ်ဆဲနေတတ်တယ်


စကားသွားမစနဲ့
“အရင်တုန်းက..” လို့ အစချီ
သူနဲ့မညီတော့တာတွေ ပြောပြလိမ့်မယ်


“ကူညီစရာမလိုဘူးဟဲ့” လို့
ထမင်းကြမ်းခဲအားကိုးနဲ့
ကိုယ့်လူကို မျက်စောင်းတွေ ပစ်ထိုးလိမ့်မယ်


ရှိတာလေးနဲ့ဟန်တွေထုတ်
ရုပ်သေးတွေကြိုးရှုပ်သလို
ဟိုဟာဆွဲလည်းမရ ဒီဟာဆွဲလည်းမက
ခေတ်ကြီးကို ကန့်လန့်လိုက်ရင်း
ရန်ကုန်ညတွေ ပိုပြီးမှောင်မိုက်
မိန်းမရိုင်းဇာတ်ကိုပဲ ထပ်တလဲလဲတိုက်နေတော့တယ်။


(မောင်ပွတ်)

3 comments:

  1. ပင်လယ်ပျော်Thursday, June 11, 2009 at 11:50:00 PM GMT+6:30

    ကောင်းတယ်... ခံစားလို့ ရတယ်

    ReplyDelete
  2. မဟာရန်ကုန်မြို့ တော်ကြီးကို နှစ်ထပ်ကွမ်း ဂရိတ်မဟာ ရန်ကုန် RANGOON ဆိုပြီး ပြန်လည်ရှင်သန်လာမဲ့ နေ့ တနေ့ ကို စောင့် စား နေပါတယ် ။

    ရန်ကုန်သူ ..

    ReplyDelete
  3. တိုက်တိုက်ဆိုင်ဆိုင်မို့ တနေ့ကတင်မိတဲ့ ကဗျာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်...
    ရန်ကုန်ကဗျာစုစည်းမှုဆိုပြီး စာအုပ်ထုတ်ရင်ကောင်းမလားမသိ...

    rangoon - ဇာတ်သိမ်း -

    အနှစ်နှစ်အလလ
    "ငါကွ" ရယ်လို့
    လက်မ ထောင်နိုင်ခဲ့တဲ့
    ရန်ကုန်မြို့တော်ကြီး...

    ရောင်နီရောင်ဝါ မီးတွေနဲ့
    ထိန်ထိန်ညီးခဲ့တဲ့
    ညနေရဲ့ အလှရှုခင်း
    ရန်ကုန်မြို့တော်ကြီး...

    ဗုဒ္ဓသာသနာ့အမွေ
    ရွှေတိဂုံစေတီတော်ကြီးကို
    အော်တိုမစ်တစ်
    ပိုင်ဆိုင်ခွင့်ရထားတဲ့
    အဂ္ဂသာမနေ
    ရန်ကုန်မြို့တော်ကြီး...

    အင်းလျားကန် ဘွဲ့နှင်းသဘင်
    သစ်ပုပ်ပင် ဂျပ်ဆင်နဲ့
    ကမ္ဘာ့အလည်
    တင့်တယ်ခဲ့တဲ့
    ကျွန်ုပ်တို့ရဲ့
    ရန်ကုန်မြို့တော်ကြီး...

    ဒီလိုနဲ့
    အဲဒီရန်ကုန်မြို့တော်ကြီးဟာ
    ၂၀၀၆ တော်လှန်ရေးနေ့ကစ
    အညတရ မြို့တမြို့ဘဝနဲ့
    ရာထူးကျခဲ့ရတယ်...

    အခုတော့
    အထည်ကြီးပျက်
    ရန်ကုန်မြို့ကြီးက
    ဟန်ဆောင်မှုကို အရေခြုံပြီး
    သူ့ကိုယ်သူတောင်
    ဟိုမလုံ ဒီမလုံ ဖြစ်နေတယ်...

    အဲဒီ ရန်ကုန်မြို့ကြီးက
    မျက်နှာမှာ မိတ်ကပ်အဖွေးသားပေမယ့်
    ရေမချိုးရသေးတဲ့ ရက်တွေ
    ဆက်နေတယ်...

    အဲဒီရန်ကုန်မြို့ကြီးမှာ
    ကောလိပ်မရှိ
    တက္ကသိုလ်မရှိ
    အတွေးအခေါ်မရှိနဲ့
    ပညာမာနကို
    ခဝါချထားရတယ်...

    အဲဒီ ရန်ကုန်မြို့ကြီးမှာ
    မိစ္ဆာကောင်တွေ သွေးပွက်
    ပြည်လမ်းမကြီးဆိုရင်လဲ
    အကြိမ်ကြိမ် သွေးကွက်ခဲ့ရတယ်...

    အဲသလို
    ကုန်ဈေးတွေလဲ မတန်တဆ
    ငွေးကြေးတွေလဲ ဖောင်းပွပြီး
    ခြင်္သေ့တွေလဲ 'ဝ' ပြီးရင်း 'ဝ' လာကြတဲ့
    ဒီ ရန်ကုန်မြို့ပျက်ကြီးထဲမှာ

    တထောင်တန် တအုပ်ကို
    အကြွေအနုတ်အဖြစ်
    ငါ..သုံး..ပစ်..ခဲ့..တယ်...


    ကိုလူထွေး

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...