Pages

Friday, November 28, 2008

တံခါးတွေမှာ မျက်နှာထားနဲ့

တံခါးတွေမှာ မျက်နှာထားတွေရှိတယ်

တံခါးတွေက

ဘယ်သူ့ကိုဘယ်လိုဆက်ဆံရမယ်ဆိုတာသိတယ်

တံခါးတွေက

လူမျိုးရေးခွဲခြားတယ်

တံခါးတွေက

အဆင့်အတန်းခွဲခြားတယ်

တံခါးတွေက

လိင်အမျိုးအစားခွဲခြားတယ်

တံခါးတွေမှာ

စာတန်းအမျိုးမျိုးကပ်ထားတယ်

ဥပမာ- ပွဲစားမ၀င်ရ

တာဝန်ရှိသူများသာ

ဥရောပသားများကလပ်

စသည်ဖြင့်ပေါ့လေ…

တံခါးတွေက

ဟန်ကောင်းရင်ပိုက်ဆံမတောင်းဘူး

ဘယ်သွားမှာလည်းလို့

ဆေးရုံတံခါးက ခပ်မာမာမေးတယ်

တွေ့ခွင့်မရဘူးလို့ တံခါးတစ်ခုက

လေသံမာမာနဲ့ပြောတယ်

ဂုဏ်သရေရှိလူကြီးမင်းများအတွက်သာလို့

တံခါးတစ်ချပ်ကမာန်တက်နေတယ်…

တချို့တံခါးတွေက

အလှုခံခြင်းသီးခံပါတဲ့

တချို့တံခါးတွေက

မားကက်တင်းများမလာရတဲ့

တံခါးတစ်ချပ်ကတော့

တံခါးမခေါက်ရတဲ့..

မျက်နှာထားကရှစ်ခေါက်ချိုးနဲ့….


မိုးလှိုင်ည

Thursday, November 27, 2008

စိတ်ချ၊ လုံးဝစိတ်မညစ်စေရ

အရှိကိုအရှိအတိုင်းဆိုတော့ တစ်ယာက်မျက်နှာတစ်
ယောက်ကြည့်ပြီး ဆဲဆိုမိသလို တစ်ယောက်နောက်ကျော
တစ်ယောက်ကြည့်ပြီး ရယ်ရုံပေါ့ကွာ အပိုတွေလွယ်မထားနဲ့
စိတ်ချ ငါ့ဗန်းစကားတွေက အုတ်ခဲကျိုးကောက်မကိုင်ဘူး
ငါ့အဘိဓမ္မာပေါ်က နေလောင်ကွက်တွေဟာ ခြံစည်ရိုးတန်း
ပြေးမဆွဲဘူး ငါ့မာတိကာတွေ ရင်ဘတ်ဟပြဲနဲ့ တကယ်ဆို
မင်းလည်းအဖုံးပြုတ်၊
နှာသီးဝတွေမှာတင်သတိ ကားအဆင်းအတက်အဝ
မှာသတိ ပြောစကားတွေရဲ့အ၀မှာသတိ မင်းရောငါရောလုပ်
ငန်းခွင်အန္တရာယ်ရှိသည်ဆိုတဲ့နားက ဖြတ်လျှောက်ဖူးတာ
ချည်းပဲ စိတ်ချ တည်ဆောက်မယ့်အပိုင်းမှာတော့အုတ်သဲ
ကျောက် ဘိလပ်မြေ ရေအတိ မရောခင်စဉ်းစားဖို့ပဲလိုတယ်
အတွေးတွေ ၀ါဒတွေဆိုတာက အချောမသပ်ခင်ကွဲအက်
တို့တွေရယ်ရင်းနဲ့ကွဲအက်မင်းရဲ့ဟာသတွေလည်း လမ်းတစ်
ဝက်မှာတင် ခဲကုန်ရော မရောက်တဲ့ဖုန်းတွေ ကောက်ကိုင်
မိတာမျိုး (မဟုတ်ဘူး)ဟိုဒင်းဆီကရလိုက်တဲ့ မရောက်တော့
မယ့် ပေးစာ (မဟုတ်ဘူး)
တချို့ကိစ္စတွေ တို့မသိလိုက်ဘူး ဖြတ်သွားတာတွေ
ဘယ့်နှယ့်လဲ ငါက အပြေးသမားကျကျန်ခဲ့တဲ့ ခြေသလုံးသား
ဆရာဝန်က နံတွေကျောတွေလာခေါက်တော့ ဘယ့်နှယ့်လဲ
တံခါးဟပေးလိုက်ရမလား သလိပ်တစ်ချက်ဟပ်လိုက်ရဦး
မလား ငါမသိ တာကျတော့နှစ်နဲ့ချီပြီးမင်းရယ်လိုက်တော့
လည်း တစ်ချက်တည်းနဲ့၊
မင်းနောက်ကျောကို လှည့်ကြည့်ကြည့် ငါ အစာ
မကြေဘူး မင်းရင်ထဲမှာ ဖုနေတယ် ဒါပဲ မင်းနဲ့ငါ ပလက်
ဖောင်းပေါ်မှာ ကားကုန်တာ ရောဂါပဲ ဒစ်ဂျစ်တယ် မေးရိုးတွေ
က ကိုက်ထားတဲ့ အထုပ်တွေလွှတ်ချလို့ရတယ် မင်းကတော့
ရွက်နေတာပဲ အသေရွက် အင်္ကျီကြယ်သီး ဖိနပ်သဲကြိုး
ဒါမှမဟုတ် လက်စွယ်ငုတ်နေတာကအစ တစ်ခုခုလိုအပ်လာ
ပြီဆိုရင် မင်းဘ၀ချည်းပဲ၊
စိတ်ချ ငါ့အဘိဓမ္မာပေါ်က နေလောင်ကွက်တွေဟာ
အုတ်ခဲကျိုးကောက်မကိုင်ဘူး ငါ့ဘက်တစ်ခြမ်းလုံးကတော့
စိမ်းနေတာမှ ရက်စက်တယ် မင်းဘက်ကသာထုတ်လှန်းလိုက်
အနံ့တစ်ခုကအစ မင်းလာအောင်းနေတာတွေ ငါ့ဆီမှာတော့
ပိလို့။


ဇော်လူစိမ်း


(နွယ်နီမဂ္ဂဇင်း၊အတွဲ -၁၉၊ အမှတ်-၃၊ နိုဝင်ဘာလ၊ ၂၀၀၈)

Sunday, November 23, 2008

မနှစ်ကရက်စွဲတွေနဲ့ဒီနေ့

မိုးလင်းတာနဲ့
ဘတ်စ်ကားတွေနောက်ကို အမှီလိုက်ရတယ်
ခေတ်ကြီးက အရှိန်အဟုန်နဲ့စီးဆင်းလို့


လမ်းတွေမှာ ချိုင့်ခွက်တွေပိုများလာသလို
ခေတ်ကာလ ကလည်းအဖုအထစ်တွေနဲ့ပဲ


ဆယ်မိနစ်တစ်စီးဆိုပေမယ့်
တွန်းတွန်းတိုက်တိုက်ဆန္ဒတွေက
စက္ကန့်မလပ်…


စီအန်ဂျီ ဂတ်စ်အိုးအပူက
ရင်ထဲကိုလာလာဟပ်တယ်
ဘယ်သူကများ ငါတို့ကိုစစ်ကြေငြာထားတာလည်း
အခြေအနေက ပေါက်ကွယ်လွယ်တဲ့ဒေါသအိုးတွေ


ဒီကနေ့ဆောင်ပုဒ်က
ရိုးသားလို့မဖြစ်တော့ဘူးတဲ့
ကလေးတွေတောင်အော်ဟစ်နေပြီ


လူတွေကျပ်တယ်လမ်းတွေကျပ်တယ်
အောက်ဆီဂျင်ငတ်လို့ အကုန်လုံးအသက်ရှုကျပ်တယ်
ဓါတ်ဆီဈေးကျလို့ ဘတ်စ်ကားခဈေးမကျတဲ့မြို့မှာ
ငါ့ကိုယ်ငါ မီတာမတပ်ပဲမောင်းတယ်…


တစ်နာရီသုံးမိုင်နှုန်းနဲ့
ကီလိုမီတာတစ်သောင်းသွားဖို့
ဆယ်စုနှစ်တွေကိုဖင်ခုထိုင်ထားတုန်းလေ…။


မိုးလှိုင်ည

Friday, November 21, 2008

အသည်းကွဲနာရီ

Monday, May 14, 2007

အသည်းကွဲနာရီ

ညနေငါးနာရီခွဲရင်
ငါ့စိတ်တွေ ကယောင်ချောက်ချားနဲ့
ရင်ထဲက ဒဏ်ရာဟောင်းတွေက
သိပ်သည်းဆထူထဲလို့
လမ်းတွေပေါ် လှိမ့်ထုတ်လိုက်ရမလား
ငါ့ဥခွံ့ ကျဉ်းကျဉ်းထဲက
မင်းပုံတူကို ငေးနေရမလား
အဲဒီလို ယောင်ချာချာဖြစ်ခဲ့တာ
ငါပိုင်ဆိုင်တဲ့ ညနေတိုင်းရဲ့
ငါးနာရီခွဲ……။
ညနေငါးနာရီခွဲရင် တို့နှစ်ယောက်ဆုံကြတယ်
သိမ်ကြီဈေး စီရုံအောက်မှာလား…
ဆူလေးဘုရားလမ်းပေါ်မှာလား…
လက်ရွေးစင် ကဖီးမှာလား…।
အခု အဲဒီနေရာတွေမှာ
မင်းကို ရှာမတွေ့တော့
(ဘယ်ဆီကို လွင့်နေပြီလဲ…အချစ်ရယ်)
ညနေ ငါးနာရီခွဲရင်
ငါ့ရင်ထဲမှာ မုန်တိုင်းတစ်ခု
ရာသီဥတု မကောင်းတော့ဘူး
စိတ်ဓာတ်ကျ ရောဂါနဲ့
အရက်ခွက်ထဲ ခေါင်းစိုက်ချလိုက်ရမလား
စီးကရက်တွေ ခပ်များများ ဖွာရှိုက်မိတယ်
ဒါတွေကို မင်းမကြိုက်တာ သိပေမဲ့
ငါ့ကိုလည်း မင်းမကြိုက်ဘူးလေ…။
ညနေ ငါးနာရီခွဲရင်
ငါ့အတောင်ပံတွေရဲ့ လက်ကျန်ခွန်အားနဲ့
ရန်ကုန် ကောင်းကင်ပြင်ကျယ်ထဲ
ခပ်ဝဲ၀ဲ ပျံတက်ခဲ့တယ်
မင်းကို ရှာဖို့အတွက်တဲ့
ငါ့ရင်ထဲမှာတော့ အသည်းကွဲညနေ
ငါးနာရီခွဲက လတ်လတ်ဆတ်ဆတ်ကြီး
တဒေါင်ဒေါင်မြည်လို့…..။

မိုးလှိုင်ည

(အရင်ကလမ်းတွေလျှောက်ရင်: အရင်ကအလွမ်းတွေနဲ့မို့
ဒီကဗျာလေးကို ပြန်ဖတ်မိတယ် ဖေဖော်ဝါရီ)



Thursday, November 20, 2008

ပြက္ခဒိန်

`ဘာမှတော့မဟုတ်ပါဘူး နေ့စွဲသက်သက်ပါ´

ပြီးပြီးရောဝါကျတွေနဲ့ ဖွဲ့ရစ်ခဲ့တာသိသိကြီးနဲ့

တစ်ဘ၀စာပစ်ဝင်လိုက်မိတဲ့ သတ်ကွင်းပါ

မျော်လင့်ခြင်းယောင်ဆောင်ထားတဲ့ ငါးမျှားချိတ်တွေတလှုပ်လှုပ်ဆာမွတ်ကြ

ဟောဒီမှာ…….

ငါ ရှင်သန်မှုကိုဖွင့်ထုတ်လိုက်တဲ့အသံ

အမြဲစိမ်းညတွေရဲ့ အသံ

ငါ့ကိုယ်ငါရောင်းတဲ့ပွဲမှာဗလာမဲမပါဘူး ချစ်သူမရဲ့

မင်းယုံ။

တစ်ကယ်တော့ဘာမှမဟုတ်ပါဘူး

ပြီးပြီးရောဝါကျတွေနဲ့ ဖွဲ့ထားရစ်ခဲ့တဲ့

`နေ့စွဲ´ သက်သက်ပါ။


လူငြိမ်းခိုင်

Tuesday, November 18, 2008

“အဟောင်းအသစ်၊ အတုအစစ်”

အကယ်၍
ဒါမှမဟုတ်
သို့သော်
စတဲ့စကားလုံးတွေမပါပဲ
ငါ နွေဦးထဲဝင်ပုန်းတယ်….။

အဘယ့်ကြောင့်ဆိုသော်
ထိုကြောင့်
ဤကဲ့သို့
စတဲ့စကားစုတွေအကူအညီနဲ့
ငါ နွေဦးထဲဝင်ပုန်းတယ်……။

ဂျာနယ်အဟောင်းတွေက
ဂျာနယ်အသစ်ထဲကစကားလုံးတွေသုံးစွဲလို့
ကဗျာအသစ်တွေက
ကဗျာအဟောင်းထဲက အဓိပ္ပါယ်တွေသုံးစွဲလို့
သီချင်းအသစ်တွေက
တေးသွားအဟောင်းတွေကူးယူရင်း
အတွေးအခေါ်အဟောင်းနဲ့ဦးခေါင်းက
ပိုက်ဆံအသစ်တွေရေတွက်လို့
အတွေးအခေါ်အသစ်နဲ့ငါ့ဦးခေါင်း
ရေတွက်စရာပိုက်ဆံအဟောင်းတောင်မရှိဘူး…။

အဲဒီလိုနဲ့
ထိုကြောင့်သာ
ငါနွေဦးထဲဝင်ပုန်းတယ်
ငါ့နွေဦးကအသစ်စက်စက်
ကာဗွန်မြူတွေမှိုင်းနေတာကလွဲရင်
အစစ်အမှန်အတိုင်း
ဆေးခိုင်အာမခံတဲ့….။


မိုးလှိုင်ည

Friday, November 14, 2008

တံဆိပ်ခေါင်းများ

နေ့တစ်နေ့မှာ

ငါဟာ အီးမေးစ်တွေဖတ်ရင်း

တံဆိပ်ခေါင်းများအကြောင်းစဉ်းစာမိပါရဲ့


တံဆိပ်ခေါင်းတွေဟာ

သူတို့ ဘယ်လိပ်စာကို ခရီးသွားရမယ်မသိဘူး

ဒါပေမယ့်

တံဆိပ်ခေါင်းတွေမပါပဲ

ဘယ်စာတစ်စောင်မှ ခရီးဆုံးထိမရောက်နိုင်ဘူးဆိုတာ


တံဆိပ်ခေါင်းဟာ

အဖြစ်အပျက်တွေကိုမသိဘူး

ဒါပေမယ့် ပြဿနာကိုဖြေရှင်းပေးနိုင်ရဲ့


တံဆိပ်ခေါင်းတွေဟာ

ကတိစာသားတွေရဲ့ထိပ်မှာရပ်နေလေရဲ့


တံဆိပ်ခေါင်းတွေကို စုဆောင်းသူက

စုဆောင်းရဲ့


တံဆိပ်ခေါင်းတွေက

အိပ်မက်အသစ်တွေကိုသယ်ဆောင်ပေးနိုင်ရဲ့

ဒါပေမယ့်

ဘယ်သူမှသတိမထားမိခဲ့နိုင်ဘူး


စာတိုက်တာဝန်ခံက

သူ့စည်းတံဆိပ်ကြီးနဲ့ တံဆိပ်ခေါင်းကို

ထုထောင်းလားထုထောင်းရဲ့

တံဆိပ်ခေါင်းတွေပေါ်က

အနုပညာက ဘယ်တော့မှမွမွမကြေဘူး


တံဆိပ်ခေါင်းတွေပေါ်မှာ

အသက်ရှင်နေတဲ့ သူရဲကောင်းတွေရှိတယ်

တံဆိပ်ခေါင်းပေါ်မှာ

အထိမ်းအမှတ်ရုပ်ပုံကားချပ်တွေရှိတယ်


ပြီးတော့တံဆိပ်ခေါင်းတွေဟာ

အနှစ်သာရတစ်ခုတော့အမြဲရှိတယ်


လူတွေတံဆိပ်ခေါင်းမတပ်ပဲ

စာတွေပို့လို့ရတဲ့အချိန်

ငါတံဆိပ်ခေါင်းတွေအကြောင်းတွေးတောမိခဲ့

ဒီနေ့လိုမျိုးပေါ့


မိုးလှိုင်ည

Friday, November 7, 2008

နွေရာသီရဲ့တံစက်မြိတ်

နွေရာသီရဲ့ တံစက်မြိတ်မှာ

ချစ်သူရေ

ငါ့ကိုယ်ငါ ပြန်ငတ်နေရတာကြာပြီ…

အရင်က

ကဗျာအများကြီးရေးဖူးတဲ့လက်

တုန်ရီလှိုက်မော…

လူ့ဘ၀ဆိုတာကို ငါဘယ်လိုပြောထွက်ရမလဲ

ချစ်တတ်သေးတယ်…

ချစ်နေသေးတယ်…

အဲဒီစကားနှစ်ခွန်းနဲ့ ငါ့ကိုယ်ငါပြန်ရှာဖွေနေရတယ်

ကဗျာတွေရေးမထွက်တော့ဘူး

ကမ္ဘာကြီးကိုလည်း မမေးရက်တော့ဘူး

လူတွေအားလုံးက စစ်ပွဲထဲမှာ

လူတွေအားလုံးက မုန်တိုင်းကြောင့်ဆုံးပါးကုန်ပြီ

လူတွေအားလုံးက ငလျင်ဒဏ်ပိလို့

လူတွေအားလုံးက စီးပွားပျက်လို့

ကလေးငယ်တွေ

ဒုက္ခသည်တွေ

သက်ကြီးရွယ်အိုတွေ

ကန္တရတွေပိုပိုပြီးကျယ်ပြန့်လာတယ်

နွေရာသီရဲ့ တံစက်မြိတ်မှာပဲ

ငါ့စိတ်ကူးတွေရှော့ပင်းမောလိုဖွင့်လှစ်

ငါ့ကဗျာတွေဟာ ကမ္ဘာကြီးအတွက်

အိုအေစစ်လေးဖြစ်ချင်ခဲ့ပေါ့…ချစ်သူရယ်…။

မိုးလှိုင်ည

Saturday, November 1, 2008

ကောင်းကင်ကြီး

ကောင်းကင်ကြီးဆိုတာ

လူတွေမော့မော့ကြည့်ကြတဲ့ကောင်းကင်ပေါ့


ကောင်းကင်ကြီးကို

ဘာတွေများကျလာမလည်းလို့

လူတချို့ကမော့မော့ကြည့်ကြတယ်


ကောင်းကင်ကြီးကို

ကလေးတချို့ကသက်တန့်တွေမြင်လို့

မော့မော့ကြည်တယ်


ကောင်းကင်ကြီးကို

တချို့က ကြယ်ရောင်လက်လက်တွေကို

ထထကြည့်ကြတယ်…


ကောင်းကင်ကြီးကို

တချို့ကစွှန်လွှတ်ပြီး

တချို့ကပျံသန်းကြတယ်…


တချို့ကကောင်းကင်ကြီးကို

မှန်ပြောင်းတွေနဲ့ထိုးထိုးကြည့်တယ်


တချို့က ကောင်းကင်ကြီးကို

ဂြိုလ်တုတွေလွှတ်တင်တယ်


တချို့က စလောင်းဖုံးတွေနဲ့

ကောင်းကင်ကိုလှမ်းငေးတယ်


တချို့က ကောင်းကင်ကြီးကို

ဒုံးပျံအဟောင်းတွေနဲ့ထိုးချိန်တယ်


တချို့က ကောင်းကင်ကြီးကို

နက်ရှိုင်းစွာတွေးတောလို့

တချို့ကကောင်းကင်ကြီးကို

ထုတ်ချင်းပေါက်မြင်လို့


တကယ်တော့ကောင်းကင်ကြီးက

ရင်ဘတ်ဟောင်းလောင်းနဲ့

သူခံစားသမျှတွေပြန်အန်ထွက်လာခဲ့ပေါ့…။

မိုးလှိုင်ည

ကောင်းကင်ကို ဆိုတဲ့နာမည်တစ်ခုကြောင့်

ကျွန်တော်ခေါင်းပေါ်က ၂၆ နှစ်တာကောင်းကင်ကြီးကို

စကားလုံးများနဲ့ ဖမ်းဆုပ်ကြည့်တာပါ။