Friday, October 31, 2008

ကျိန်စာများ


ကောင်းကင်ရဲ့

ရင်ညွှန့်တွေဟာ ဒဏ်ရာနဲ့ညွတ်နေခဲ့

ရာသီတွေလွှဲချော်ခဲ့တယ်

မခေါ်ပဲလာခဲ့တဲ့ မုန်းတိုင်းတွေနဲ့

အခင်းအကျင်းကိုက ဝေဒနာဆန်တယ်

မသေချင်သေးဘူးလား

ဆူးခက်နဲ့ မနက်ခင်းတွေမှာ

ထူးစရာ နာမည်တစ်ခုနဲ့

မထူးခြားတဲ့ဘ၀တစ်ခု….

သက္ကရ်ဇ်တွေခြစားတာထက်

သမိုင်းကို ဖွတ်တက်တာပိုဆိုးတယ်

မငိုနဲ့အမေ…

ဝဠ်နာကံနာအရ ပေးဆပ်လိုက်ရတာ

သံသရာ ကိုလက်ကျန်အကြွေးကုန်အောင်လို့

ဒီဘ၀ ကျိန်စာကိုပဲခုံခုံမင်မင်စုံမက်မိခဲ့တယ်

မိုးလှိုင်ည

လှိုင်သာယာ(၂)

ဘာထူးလဲ

လမ်းပေါ်ထွက်လိုက်တာနဲ့

ငါလည်း လက်လုပ်လက်စားပဲ

(အညှီနံ့က နောက်ကားပါလာတာကို သိတယ်)

ကျော်မတက်စေနဲ့တဲ့

စပယ်ယာအသံမှာ ဆူးတွေအပြည့်နဲ့

ခေတ်တစ်ခေတ်

လူရှစ်ဆယ်ကို

သစ်သားဘတ်(စ်)ကားကြီးထဲထည့်ခလောက်တော့

၁၉၄၀ ခုနှစ်တွေဆီ ပြန်ရောက်သွားကြတယ်

နေတတ်ရင် ဘ၀ဟာ ပျော်ရွှင်ဖွယ်ရာပါ

ပန်းခင်းကြီးမဖြစ်လည်း ခြုံပုတ်ကလေးပေါ့

ဒါပေမယ့် သတ္တိရှိတဲ့ခြုံပုတ်ကလေး….။…။

မောင်ဖီလာ

Tuesday, October 28, 2008

တနင်္ဂနွေမိုး

တနင်္ဂနွေမိုးက

ငါ့ကို အဖျားသွေးတွေထိုးထည့်တယ်


ကလေးတစ်ယောက်လို

မိုးရေထဲ လျှောက်သွားနေယုံနဲ့

ရှင်ကလေးတစ်ယောက်မှပြန်မဖြစ်နိုင်တာ

နေရောင်ခြည်က ငါ့ကိုစကားနာထိုးတယ်


လမ်းမတွေရေမြုပ်နေတုန်း

ငါက ကောင်းကင်ကြီးကို

ဆုတ်ဖြဲလိုက်ရရင်ကောင်းမလား…


သက်တံ့ကဘယ်အချိန်ပေါ်မှာလည်း

ဒီအရွယ်ကြီးကျကာမှ

ငါ စိတ်ကူးက

ကလေးတစ်ယောက်လိုမျိုး….


မိုးလှိုင်ည

အေးရာအေးကြောင်း

ယုံသလိုနေခဲ့ပြီ

ကြုံသလိုနေခဲ့ပြီ…။


ဈေးဆစ်ခံလိုက်ရတဲ့ ပန်းချီကားတစ်ချပ်အတွက်

ဈေးဆစ်သူရဲ့ လျှာကိုပဲဖြတ်ရမလား

ပန်းချီဆရာရဲ့ လက်ကိုပဲဖြတ်ရမလား….။


ကဗျာတွေရှင်ချင်ရင်

ကဗျာဆရာတွေသေဖို့သာပြင်ပေတော့…။


ကိုယ့်အကြောင်းကိုမေ့ထားချင်လို့

သူများအကြောင်းလျှောက်ပြောနေတာ..။…။


ကြည်မောင်သန်း

ဖေဖော်ဝါရီ ၁၉၉၉

ရနံ့သစ်

Thursday, October 23, 2008

တနေ့လုံးလုံး

တနေ့လုံးလုံး

ဒါဟာလမ်းမပေါ်မှာပြောတဲ့စကားတွေ

လက်ပတ်နာရီက ဘယ်အချိန်တည်းကရပ်နေတာကို

မေးဖို့မလိုသလိုပေါ့…

အခုဘယ်အချိန်ရှိပြီလည်းလို့စကားစတယ်

မနေ့ကအချိန်ပဲလေ…

ရှေ့လေးနည်းနည်းတိုးရင်ကောင်းမယ်…

ရေခဲရေမရောင်းတော့တာဘယ်လောက်ကြာပြီလည်း

ရေသန့်ဘူးတွေရောင်းကောင်းလာတဲ့အချိန်ကစလို့ပဲ

ဘယ်အချိန်စစအရေးမကြီးဘူး…

အရေးကြီးတာက ဘယ်လောက်ကြာမှာလည်းဆိုတာ

လမ်းမကလမ်းလျှောက်ရတာ မလွတ်လပ်တော့ဘူး

ဈေးသည်တွေတအားများတယ်…

ရောင်းစရာရှိတာနဲ့ လမ်းမပေါ်ထွက်လာတာပဲ…

ဘာရောင်းရောင်းလမ်းပေါ်မှာရောင်းရတာပဲ…

ဈေး………

တန်း……..

ထဲ………...

က…………

လူမလာဘူးလေ…

အစ်ကိုယ်ဘယ်လောက်ပေးချင်လည်းပြောကြည့်လေ

ဈေးဦးပေါက်မို့ နည်းနည်းတိုးကြည့်ပါ…

ဟေ့ ရှေ့ဆက်မတိုးနဲ့ကားကွေ့လာပြီ…

လမ်းမကောင်းတော့ရှေ့ဆက်မောင်းလို့မရတော့ဘူး

ဒီကနေဘယ်လောက်ဝေးသေးလည်း

ရှေ့နည်းနည်းဆက်လျှောက်လိုက်ပါ

အဲဒီနားမှာ ချောက်ရှိတယ် သတိထား…

စောစောပြန်မှဖြစ်မယ်

ခြောက်နာရီတောင်မထိုးသေးဘူး ကားခကဈေးတက်ပြီလား

ဒီခေတ်ထဲမှာဒီဈေးနဲ့မရတော့ဘူး…

ရှင်ဘယ်သွားအိပ်ပျော်နေတာတုန်း…

တနေ့လုံးလုံး

တနေ့လုံးလုံး

စာမေးပွဲကျလို့တဲ့ သူ့အဖေကရိုက်တာလေ

ဘ၀အရှိုးရာတွေသိပ်များနေလား

ကလေးကဆိုးတာမဟုတ်ဘူး…

ခေတ်ကြီးကိုက…..

မိုးလှိုင်ည

Wednesday, October 22, 2008

မျက်နှာနှစ်ဘက်နဲ့ ဒင်္ဂါးတစ်စေ့

မျက်နှာနှစ်ဘက်နဲ့ ဒင်္ဂါးတစ်စေ့

နိုင်ငံရေးဟာ gunများကြားထဲ ပျံသန်း နေရတဲ့ငှက်
နိုင်ငံရေးဟာ စမ်းတဝါးဝါးနဲ့ အသံစမ်း နေရတဲ့လက်


နိုင်ငံရေးဟာ သံဃာကိုတောင် သတ်ရဲတဲ့ သေနတ်
နိုင်ငံရေးဟာ ပင်လယ်လို ဖြဲထားတဲ့ ပါးစပ်


နိုင်ငံရေးဟာ ကမ္ဘာအနှံ့ က အာခံကြမယ့် သိမ်းငှက်တစ်ထောင်
နိုင်ငံရေးဟာ အမေရိကန်ကို သွားဖို့ လက်မှတ်တစ်စောင်


နိုင်ငံရေးဟာ ဘယ်နေရာကို ရောက်ရောက် သွေးထဲက မီးထတောက်မယ့် သူပုန်
နိုင်ငံရေးဟာ ဘယ်နေရာကို ရောက်ရောက် အကျင့်မပျောက်တဲ့ ခွေးမြီးကောက်


နိုင်ငံရေးဟာ ခွပ်ဒေါင်းတွေ လက်ထဲက ဝရဇိန်လက်နက်
နိုင်ငံရေးဟာ မျောက်တွေ လက်ထဲက အုန်းသီးတစ်လုံး


နိုင်ငံရေးဟာ သွေးနဲ့ ရေးခဲ့တဲ့ သြဂုတ်၊စက်တင်ဘာ သမိုင်း
နိုင်ငံရေးဟာ ရေပေါ်မှာရေးလိုက်တဲ့ ကြေငြာချက် တစ်စောင်


နိုင်ငံရေးဟာ အရေပြားပေါ်မှာ ကြက်သီးတွေ စီးဆင်းသွားစေတဲ့ ဟစ်ဟော့ သီချင်းတစ်ပုဒ်
နိုင်ငံရေးဟာ ဘလော့တွေထဲမှာ အညောင်းမိနေတဲ့ ကော်ပီ သတင်းတစ်ပုဒ်


နိုင်ငံရေးဟာ ကလေးတစ်ယောက်ရဲ့ ဗိုက်ထဲက တဂွီဂွီထွက်လာတဲ့ တကယ့်အမှန်
နိုင်ငံရေးဟာ မီဒီယာပေါ်မှာ ဆရာသမား တစ်ယောက် ဇွတ်အတင်းလုပ်ပြီး ပြောလိုက်တဲ့ အသံ


နိုင်ငံရေးဟာ ပါးစပ်ပိတ်နေရတဲ့ လူထု
နိုင်ငံရေးဟာ ကြေးမုံ စက္ကူစုတ်ထဲက အက္ခရာအစု


နိုင်ငံရေးဟာ အာဟာရ ပြတ်နေတဲ့ ဆင်ဖြူတော်
နိုင်ငံရေးဟာ ဒေါ်လာငတ် နေတဲ့ ကြောင်သူတော်


နိုင်ငံရေးဟာ ထောင်ထဲမှာ လူမသိသူမသိ သေသွားရှာတဲ့ အညတရ ကျောင်းသားတစ်ယောက်
နိုင်ငံရေးဟာ ကိုယ့်ဘာသာကိုယ် သတ်မှတ်လိုက်တဲ့ အဝေးက အာဇာနည် တစ်ယောက်


နိုင်ငံရေးဟာ မိစ္ဆာတို့ရဲ့  လူသတ်ကွင်း တစ်ကွင်း
နိုင်ငံရေးဟာ အီလစ်တို့ရဲ့  ကစားကွင်း တစ်ကွင်း


နိုင်ငံရေးဟာ ဘတ်စ်ကားကြပ်ကြပ်ပေါ်မှာ တိုးဝှေ့ နေရတဲ့ နံနက်
နိုင်ငံရေးဟာ ကြယ်တွေဘယ်လောက်ထွက်ထွက် လင်းမလာသေးတဲ့ည


နိုင်ငံရေးဟာ လမ်းမတွေ ပေါ်မှာ ခြေဗလာနဲ့ လျှောက်ခဲ့ကြတဲ့ ခြေထောက်
နိုင်ငံရေးဟာ ဖိနပ်နဲ့ မတော်လို့ အဖြတ်ခံလိုက်ရတဲ့ ဖနောင့်


နိုင်ငံရေးဟာ ငါတို့မွေးထားရမယ့် တစ္ဆေတစ်ကောင်
နိုင်ငံရေးဟာ ပုပ်ပွနေတဲ့ အသေတစ်ကောင်


တစ်ခါတစ်ခါမှာ နိုင်ငံရေးဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားတစ်ခွန်း
နိုင်ငံရေးဆိုတာ အင်မတန် မွန်မြတ်သန့်စင်ပြီး၊
သူတော်ကောင်းတွေမှသာ လုပ်နိုင်တဲ့ အလုပ်

တစ်ခါတစ်ခါမှာ နိုင်ငံရေးဟာ ဒေါက်တာသန်းထွန်းရဲ့ စကားတစ်ခွန်း
ငါ့ လက်ဝဲက လူကိုလည်း စေ့စေ့စပ်စပ်ကြည့်တယ်၊
ငါ့လက်ယာက လူကိုလည်း ဒီလိုပဲ အားမနာတမ်း ကြည့်တယ်၊
စေတနာ အချောင်းလည်းမမြင်ဘူး၊
အပြားလည်းမမြင်ဘူး


နိုင်ငံရေးဟာ ဘဝပေါင်းများစွာ ထည့်လှောင်ထားတဲ့ စစ်ဖိနပ်တစ်ရံ
နိုင်ငံရေးဟာ ဆူးလေဘုရားနားက ပစ်ခတ်သံ


နိုင်ငံရေးဟာ အချစ်ကဗျာ တစ်ပုဒ်နဲ့  ကိုစောဝေ ပစ်လိုက်တဲ့ မိုးကြိုး
နိုင်ငံရေးဟာ အကျဉ်းထောင်ထဲ လွတ်ကျသွားတဲ့ မြို့ တော်


နိုင်ငံရေးဟာ စက်တင်ဘာ မိနစ်မှာ တိုင်ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးတစ်လုံး

နိုင်ငံရေးဟာ အတ္တလက်အိတ်တွေ စွပ်ပြီး ထိုးနေကြတဲ့ ခပ်ပျော့ပျော့ လက်သီး

နိုင်ငံရေးဟာ “လက်နက်”နဲ့ “ဓားပြတိုက်ခွင့်” လဲလှယ်ထားတဲ့ ငြိမ်းချမ်းရေး


နိုင်ငံရေးဟာ ယားနာတွေကို ဖုံးဖို့ ထဘီရှည်ရှည် ဝတ်ပြီး က္ကုနြေ္ဒရှင်ယောင် ဆောင်ထားတဲ့ အပျိုမ
နိုင်ငံရေးဟာ မိတ်ကပ်တွေဖို့ ထားတဲ့ တောတွင်း ဥပဒေသ


နိုင်ငံရေးဟာ ညစ်ပေတဲ့ လက်တွေနဲ့ အိုးမည်း အသုတ်ခံလိုက်ရတဲ့ မျက်နှာ
နိုင်ငံရေးဟာ တလွဲဘာသာအပြန်ခံလိုက်ရတဲ့ ကဗျာတစ်ပုဒ်


နိုင်ငံရေးဟာ တစ်တောလုံး စိမ်းစိုဖို့ ကိုယ်စီ ဝေဆာပေးရမယ့် သစ်ပင်
နိုင်ငံရေးမှာ ကြွက်ခုတ်ဖို့ က အဓိက


နိုင်ငံရေးဟာ ငါတို့ မဖြေကြပဲ ချန်ထားခဲ့တဲ့ ပုစ္ဆာ
နိုင်ငံရေးဟာ ပေါက်ကွဲ စေချင်ဇောနဲ့  ငါတို့ အားလုံးမျှော်နေရတဲ့ ကတ္တီပါ ဗုံးတစ်လုံး။


ကောင်းကင်ကို

အစိမ်းရောင်နဲ့ ရေးထားတာက ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ စကားနဲ့ ဆရာကြီးဒေါက်တာ သန်းထွန်း ရေးခဲ့တဲ့ စာပါ။ ဆရာကြီးဒေါက်တာ သန်းထွန်းပြောခဲ့တဲ့ စကားက နိုင်ငံရေးသမားတွေကို ပြောခဲ့တာတော့ မဟုတ်ပါဘူး။ သူ့ လုပ်ဖော်ကိုင်ဘက် ဆရာတွေကို ပြောခဲ့တာပါ။

Sunday, October 19, 2008

အလေနတော

သူအကြောင်းက

လူတွေကြားထဲမှာပြောလို့မကောင်းဘူး…

သူ့ဆီမှာတန်ဖိုးမရှိဘူးလို့

သူမိသားစုကကျိန်းသေပေါက်ယုံကြည်ထားတယ်

သူကလက်ကြောမတင်းဘူး

သူကပေါ်ကျော့နေတယ်

အချိန်တွေကို လက်ဘက်ရည်ဆိုင်မှာ

ဖြုန်းတယ်

သူရဲ့အရေးတကြီးဆိုတာ

ပရီမီးယားလိဒ်နဲ့ ချန်ပီယံလိဒ်မှာပဲရှိတယ်

သူဟာ

ဘာလုပ်လုပ် နေ့ရွှေ့ညရွှေ့ပဲ

သူဟာဘာမဆိုဆင်ခြေပေးဖို့

ဝန်မလေးသူပေါ့

သူ့ကို သူ့ပါတ်ဝန်းကျင်ကလည်း

အလေနတောလို့ခေါ်ဖို့ဝန်မလေးဘူး

အဲဒီကိစ္စကို သူကအရေးလုပ်ပြီး

စဉ်းစားဖို့အချိန်မရဘူး

သူရဲ့ ညနေစောင်းခွင်ကျ

ဂဏန်းလေးတွေ ပါဝါမချိန်းဖို့လိုတယ်

သူက ညကျရင် ကိုရီးယားကားထက်

ဓါတ်တိုင်အောက်မှာ

ပဆစ်ခေါက်ရတာကို ပိုစိတ်ဝင်စားတယ်

တီဗီ အစီအစဉ်တွေပြီးလို့

ပါတ်ဝန်းကျင်က ပဆစ်ခေါက်သံကြားရင်

လူတွေက အလေနတောတစ်ယောက်

အိမ်ပြန်ချိန်မရောက်သေးဘူးလို့

နှာခေါင်းရှုံ့ကြတယ်…

သူအကြောင်းက

လူတွေကြားမှာပြောလို့မကောင်းဘူး

လူတွေကသူ့အကြောင်းကိုအမြဲတမ်းမကောင်းပြောတယ်..

သူကတော့လူတွေအကြောင်းကို

ဘယ်တော့မှမကောင်းမပြောဘူး…။


မိုးလှိုင်ည


(၀န်ခံချက်-ကဗျာဆရာ နေမျိုးရဲ့ လူပျင်း ကဗျာများကို

ဖတ်မိပြီး ဆင့်ပွားရေးသားထားခြင်းဖြစ်ပါသည်)

Thursday, October 16, 2008

ဆိုတော့ကာ…အချစ်တဲ့

နှလုံးသား အကိုးအကားနဲ့

ကမ္ဘာဦးကတည်းကကျမ်းစာ

ပုထုဇဉ်ဟူသမျှ

ဘယ်သူမှဖတ်လို့ မပြီးရှာဘူး…


ခံစားမှုရဲ့ စေခိုင်းချက်နဲ့

လေ့ကျက်ခဲ့ရတဲ့

ဘာသာစကား

ဘယ်သူမှလည်းတတ်မြောက်မသွားရှာဘူး…


သံသရာဆွဲဆန့်လို

ဘယ်လောက်ပင်ရှည်ရှည်

ရင်အုံထဲထိုးခတ်သွားတဲ့ မာလာဆောင်

အိပ်မက်ဆိုးတွေအတွက်

တစ်ရေးနိုးမှ ထငိုရတဲ့

ကိုပေါ….


ဘယ်တော့မှ မပြောဖြစ်ခဲ့စေတနာတချို့

ပျိုမြစ်တဲ့အိပ်မက်တွေနဲ့မျက်နှာသစ်ပြီး

အံကျိတ်တောက်ခေါက်

ရင်ဘတ်ဟောင်းလောင်းနဲ့

ခြေဦးတည့်ရာလျှောက်သွားမိတဲ့

ညနေစောင်း…


ဘာမှမဖြစ်ပါဘူးဆိုတဲ့နာနာကျင်ကျင်

စကားလုံးများ…

ပျော်ရဲ့လားလို့ မရေမရာမေးခွန်းမျိုးကို

ရုတ်တရုတ်ခေါင်းငြိမ့်လိုက်သလိုမျိုး


အရွယ်သုံးပါးစလုံး

အပြင်းအထန်မှီဝဲချင်

နတ်ဆေးတစ်မယ်


ဝီစကီခပ်ပြင်းပြင်းတစ်ခွက်ကို

ဆော်ဒါမပါပဲ မော့လိုက်ရသလို

ဘ၀တစ်ခုလုံး ပူပြင်းလျှတရီဝေသွားတဲ့အဖြစ်ကို

ဆိုတော့မယ်…. အချစ်လို့….။

မိုးလှိုင်ည

Thursday, October 9, 2008

အိမ်အပြန်(၃)

ဗြောင်းဆန်အောင် ကိုယ်ချင်းစာတတ်လွန်းလို့

ဒီငရဲကို ငါရခဲ့တယ်

ဘ၀အသစ်တစ်ခုကို

ခန္ဒာအဟောင်းတစ်ခုနဲ့ ပြန်စလို့ဖြစ်မလား

အမြစ်က ချွတ်လှဲလိုက်တဲ့သစ်ပင်လို

ငါ့စိတ်ဟာ ငါ့အသက်မှာ အညွှန့်မတက်နိုင်

ငါလျှောက်မယ်

`ပုလဲရတနာလမ်း´ကလေးဆီကနေ

သံသရာတစ်ဖက်စွန်းအထိ

လရောင်ပေါ်

မှောင်နေတဲ့ငါ့စိတ်ဟာ

အရိပ်ကျလို့

ငါ့သားရေဖိနပ်က ညှော်နံ့ဟာ

လမ်းဘေးဝဲယာက အိမ်တံခါးတွေကို

ခေါက်နှိုးတယ်။

`ညဉ့်နက်လှချည်လားငါ့ညီရယ်´တဲ့

ဟုတ်တယ်

ကျွန်တော်အသားဟာညထဲမှာမြုပ်ဝင်နေခဲ့တယ်

ကျွန်တော်ဟာ ညရဲ့ခြေဆစ်လက်ဆစ်

ကြယ်ကလေးတွေ တစ်တစ်ရစ်ရစ်တောက်ပလို့

ဒီညကို အရသာမဖြစ်ဘူးလားကိုယ့်လူ

ဒီညထဲငါ့ရဲ့ အဆိပ်ကိုဖိတ်ချလိုက်ရမလား ကိုယ့်လူ

သောက်နေဆဲ စီးကရက်လို

လျှောက်နေတဲ့လမ်းကို ထိုးချေလိုက်ရမလား ကိုယ့်လူ

စိတ်ထဲ အညိုအမည်းစွဲနေလည်း

ငါ့ခြေထောက်တွေ ကျောက်ဆောင်လို ခိုင်မြဲဆဲ

ငါ့ဆီအရောက် ငါ့အိမ်ကိုဆွဲယူနေတုန်းပဲ…။ …။


မောင်ဖီလာ

(စရဏမဂ္ဂဇင်း၊ ၂၀၀၅)

ကျီးကန်းနဲ့ ဘိုဟီးမီးယန်းများစာအုပ်မှ

Wednesday, October 8, 2008

စာရွက်အလွတ်ပေါ်က ငါ့ခြစ်ရာတစ်ချို့

မိုင်တစ်ထောင်

ပျံသန်းလာတဲ့ငှက်ဟာ

လမ်းကြောင်းပြောင်းလိုက်တယ်

အခု

ပင်လယ်ထဲကိုထိုးစိုက်ဆင်းဖို့တဲ့

ဒါဟာ

ရူးရူးမိုက်မိုက်ကိစ္စတော့မဟုတ်ဘူး


နင့်ကို

`ဘယ်သူက ခဏခဏ လာခိုင်းလို့လဲ´

ဒီစကားစုကို

မင်းမကြာမကြာအသုံးပြုဖူးတယ် …ဖေဖော်ဝါရီ


အမှောင်နဲ့ နေသားကျလွန်းလို့

ခံစားမှုကိုယ်၌က ပြိုးပြိုးပြက်ပြက်

လက်လက်ထနေတဲ့ စိတ်ကူးကို

ထူးခတ်ထားစမ်းပါ….

ရေပြင်ကိုထိုးခွဲဝင်သွားဖို့

ကိုယ်စိတ်နှစ်ပါးကိုဖြောင့်တန်းထားယုံပဲ…။


ခရီးစဉ်စဆုံး

အဲဒီဘူတာစဉ်အမည်တွေဖျက်ထားလိုက်တယ်

ဖေဖော်ဝါရီ)

မတ်)

ဧပြီ)

မေ)

မြေပုံမသုံးဘူး

သံလိုက်အိမ်မြှောင်ယူမလာနဲ့

ဂျီပီအက်စ်ကိုရေထဲပစ်ချလိုက်


ကြယ်မြင်လမြင်ဆိုရင်တောင်

ပင်လယ်ရဲ့ရုပ်နာမ်နှစ်ပါးကို

ဆင်ခြင်လို့ရပြီ…


ခင်ဗျားပြောတော့ သက်သက်လွတ်သမားတဲ့

ခင်ဗျားသွားတွေက ချွှန်မြလွန်းနေတယ်


စီးပွားပျက်ကာလလား

ခြူးတစ်ပြားမှမကပ်သူအတွက်တော့

သိပ်မထူးခြားပါဘူး

သေစာရှင်စာတောင်မသင်ဘူးပေမယ့်

ဒီကျမ်းကိုသူအသေအချာရေးခဲ့တာပါ…


ထောင်နံရံကို

အတွေးအခေါ်နဲ့ဆောင့်ဖြိုလိုက်တော့

ခင်ဗျားအသံကို ရာစုသစ်ထဲမှာပြန်ကြားတယ်


ကမ္ဘာကြီးလည်တာကို

ကျွန်တော်ကတော့လက်ပိုက်ကြည့်မနေနိုင်ဘူး

ကိုယ်ကိုယ်တိုင်ချာလပါတ်ရမ်းလို့

တစ်ခါတစ်လေ

ဘ၀ကလွမ်းဖို့တောင်အချိန်မရရှာဘူး…။



မိုးလှိုင်ည

Monday, October 6, 2008

လွန်ခဲ့တဲ့ရက်သတ္တပါတ်

ကမ္ဘာကြီး ဘယ်လောက်ကျယ်မလဲ
ငါတို့ဝေးပုံက
သံသရာတစ်ဖက်စွန်းဆီကြလို့
နံရံပေါ်မှာ
ပြင်းပြင်းထန်ထန်
`အနမ်း´ဆိုတဲ့ပန်းချီကားတစ်ချပ်


တဒင်္ဂလေးပါ


တစ်ယောက်လက်ဖ၀ါး
တစ်ယောက်ဆွဲကိုင်ဖျစ်ညှစ်လို့
နေ့စွဲအဟောင်းတွေဆီ
မီးကြိုးမောင်းပျက်
ငါ့စိတ်တွေပစ်ချလိုက်တယ်
အလွမ်းနဲ့မောင်းနှင်ခဲ့ရတဲ့
ဆယ်စုနှစ်ပါ…
မသေချာတဲ့ငြိမ်းချမ်းခြင်းတွေနဲ့
အလင်းမဲ့ညတွေကို
စစ်စစ်ကျင်ယူရင်း…


မနက်ဖြန်ကို မသိဘူး
နောက် ၃ ရက်ကြာရင် ဘာဖြစ်မလဲမသိဘူး
နောက် ၃နှစ်ကြာရင် ဘာဖြစ်မလဲမသိဘူး
အကြံအစည်မရှိဘူး
အနံ့မရှိဘူး
အရောင်မရှိဘူး
စားပွဲပေါ်က ဖိုင်တထပ်ဟာ
ရသမဲ့တဲ့ ပင့်ကူမျှင်တွေ ကပ်နေတယ်


စိတ်လေရုံသက်သက်နဲ့
လူဟာသေနိုင်သလား။

လိပ်ပြာလေးတကောင်
ငါ့ပန်းအိုးလေးပေါ်မှာ
ရက်ရှည်လများ
နေထိုင်သွားခဲ့တယ်ဆိုတာ
ယုံတောင် မယုံနိုင်တော့ဘူး။
--

ပန်ဒိုရာ မိုးလှိုင်ည

Sunday, October 5, 2008

ပွဲတော်

လူတွေအားလုံး

ပွဲတော်ကိုဝတ်ဆင်ထားကြတယ်

ပွဲတော်က ငါနဲ့မတော်ဘူး…


ပွဲတော်ကိုအားလုံးကမျော်နေကြတယ်

အခုပွဲတော်ရောက်လာပြီ

ပွဲတော်မှာ…

လူတချို့အဆမတန်သုံးဖြုန်းလို့

ပွဲတော်ကို

လူတချို့ရောင်းဝယ်ဖောက်ကားလို့

ပွဲတော်ကို

လူတချို့ကလောင်းကစားလို့

ပွဲတော်မှာ

အလစ်သမားကအလစ်ချောင်းလို့

ပွဲတော်မှာ ရဲတစ်ယောက်က

မူးပြီးဟောက်နေတယ်

ပွဲတော်မှာဂေါပကလူကြီးကကျိတ်ပြီးပြုံးတယ်

လောင်းကစားဒိုင်ကတက်တက်ကြွကြွပြုံးတယ်


ပွဲတော်ကို တချို့ကအပျော်လာတယ်

ပွဲတော်မှာ တချို့ကအဖော်ရှာတယ်

ပွဲတော်မှာ နာမည်ကျလာတဲ့သရုပ်ဆောင်က

ဇာတ်ဝင်ကတယ်

ပွဲတော်မှာ နာမည်ကြီးလာတဲ့

ဇာတ်မင်းသားက စတေ့ရှိုးဝင်ဆိုတယ်

ပွဲတော်ဟာတလွဲတချော်တွေအများကြီးပဲ

ပွဲတော်မှာ အိပ်ကပ်ဗလာနဲ့ ဘော်လာချက်တဲ့လူရှိတယ်

ပွဲတော်မှာ ငွေစက္ကူအထပ်လိုက်နဲ့ဟန်တ၀င့်ဝင့်နဲ့

တောသဠေးသားလည်းရှိတယ်…


ပွဲတော်ဟာ

ဖုတ်ဖတ်ခါထပြန်သွားတော့

ပွဲတော်ကိုတစ်နှစ်လုံးမျော်နေတဲ့

လူတွေကျန်ခဲ့တယ်…

ပွဲတော်ကိုတစ်နှစ်လုံးပြန်ပြောနေတဲ့

လူတွေကျန်ခဲ့တယ်…


စဉ်းစားစရာပဲ

ပွဲတော်ဟာပွဲတော်ကိုဝတ်ဆင်မထားဘူးတဲ့


မိုးလှိုင်ည

Saturday, October 4, 2008

လွမ်းချင်း

လူဘ၀ ရခဲတဲ့နှစ်များ

အသူရကာယ်ဘ၀ ရခဲ့တဲ့နှစ်များ

ပေတဘ၀ ရခဲ့တဲ့နှစ်များ

ဒေ၀ဘ၀ ရခဲ့တဲ့နှစ်များ

သုခီအတ္တာနံ ပရိဟန္တု ရခဲ့တဲ့နှစ်များ

သမီးတစ်၊ သားတစ် ရဲခဲ့တဲ့နှစ်များ

ဘာမှ မဖြစ်ချင်တော့ဘူး ရခဲ့တဲ့နှစ်များ

ရခဲ့တဲ့နှစ်များမှာ ပြဿနာကောင်

ရခဲ့တဲ့နှစ်များမှာ ကြောက်ချေးအိုး

ရခဲ့တဲ့နှစ်များမှာ ရှပ်ကီဘဲ

ရခဲ့တဲ့နှစ်များမှာ တစ်ကိုယ်ကောင်းသမား

ရခဲ့တဲ့နှစ်များမှာ ကလေး၊အရူး၊သဘင်သည်

ရခဲ့တဲ့နှစ်များမှာ ဘ၀တွေကူခဲ့

မိတ္တူတွေကူးခဲ့၊ ရေကူးပြိုင်ပွဲ ၀င်ကူးခဲ့

စာတွေချကူးခဲ့၊ ရောင်စုံဓါတ်ပုံတွေကူးခဲ့

မျက်စိနာနဲ့ တီဘီကူးခဲ့

မြစ်ကြီးငါးသွယ်၊ ပင်လယ်၊ သမုဒ္ဒရာကူးခဲ့

လမ်းမပေါင်းရာထောင်ကူးခဲ့၊ တံတားအစင်းစင်းကူးခဲ့

ဆန်းဆန်းပြားပြား စိတ်ကူးတွေကူးခဲ့

ကူးခဲ့သမျှဇာတ်လမ်း အခန်းခန်းမှာ

အိုး မိုင်ဂေါ့တွေနဲ့သာ တွေခဲ့ရ

နောက်ထပ် အိုး မိုင်ဂေါ့တွေနဲ့သာ ထပ်တွေ့ရ

အစားပြန်မရနိုင်တော့ဘူးလားကွယ်…။…..။



မောင်ပြည့်မင်း

ဖက်ရှင်မဂ္ဂဇင်း၊၂၀၀၀၆

(တစ်ယောက်ချင်းကဗျာစာအုပ်မှကူးယူဖော်ပြပါသည်)

ထိုစာအုပ်ကိုငှားရမ်းပေးတဲ့နေခြည်ကိုကျေးဇူးအထူးတင်ပါသည်

Friday, October 3, 2008

နှစ်ချို့ကော်ဖီ

မျော်လင့်ချက်ဆိုတာ

ရှင်သန်မှုရာစုနှစ်တွေရဲ့မောင်းနှင်အား

ခရီးသွားတွေအတွက်တော့

ဘယ်နှမြို့ဖြတ်ခဲ့ပြီလဲ။

တွန့်ကြေမွနေတဲ့လွယ်အိတ်ထဲမှာတော့

သစ်လွင်တောက်ပတဲ့အနာဂတ်တွေအပြည့်

သမိုင်းကိုခြေရာပြန်မကောက်မိချင်အောင်

အတိတ်ကမှောင်တယ်။

အဲဒီလိုနဲ့ ဒီတစ်နေ့ကိုပဲ

ကွက်ကွက်လင်းတတ်တဲ့ နေမင်းကိုလည်းမခင်ချင်

ဒီတစ်ညတည်းပဲလက်လက်ပြတတ်တဲ့

ကြယ်စင်တွေကိုလည်း မစုံမက်တော့

ငါ့ကော်ဖီခွက်ထဲကမြို့ပျက်တွေကိုပဲ

ဇွတ်မျိုချခဲ့မိတယ်။


မိုးလှိုင်ည
(သံလွင်အိပ်မက် အမှတ်၆)

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...