Pages

Saturday, August 30, 2008

တစ်နေ့တော့ငါပြန်လာမယ်

ဘ၀ကို အံထုတ်
သွေးပွက်ပွက်တွေကို ကဗျာလုပ်ပြီးကာမှ
ငါကတော့ ဆရာမလုပ်ချင်တော့ဘူး
နှုတ်မဆက်ဘဲထွက်ခွာရတယ်ဆိုတာ
ငါ့မျက်ရည်ငါမခိုင်လို့ အတ္တနည်းနည်းကြီးမိတာပေါ့
ဘ၀မှာ ပြန်လာချင်တဲ့ နေရာတွေရှိတယ်
ရန်ကုန်ဆိုတဲ့ မြို့ကြီးပြကြီးလည်းပါပေါ့
ငါ့အမေ ငါ့အဖေ ငါ့မြေ ငါ့ရေက ငါ့ကိုမျှော်ရှာရော့မယ်
လူတကာရူးကြတဲ့ နေရာတစ်ခုကို ဘာဖြစ်လဲ ဘာဖြစ်လဲဆိုပြီး ပြောဖို့
ငါထွက်ခွာခဲ့ပေါ့
နည်းနည်းတော့ကြာမယ်
ငါ့မြေမှာ လူသားရနံ့ကလေး သင်းအလာကို
ငါ သီချင်းဆိုရင်းစောင့်နေပေါ့
မိုးလှိုင်ည သူငယ်ချင်း ငါ …
(သောက်သုံးမကျတာတွေကို သိရဖို့ တစ်ခါတစ်ခါတော့လည်း သောက်သုံးမကျတဲ့ ငါကိုယ်တိုင်ပဲ ထွက်ထွက်ကြည့်ရတယ်)
ဟူး … လူဖြစ်နေရတာကိုက မောကြီးပမ်းကြီးရယ်နဲ့ပါကွာ

စိတ်တော့မရှိနဲ့ သူငယ်ချင်း မင်းကဗျာဆရာဆိုတာ ငါနည်းနည်းမှ စိတ်မ၀င်စားတော့ဘူး … ငါသိတာက ငါနဲ့အတူတူ လက်ဖက်ရည်ထိုင်သောက်တတ်တဲ့ ခပ်ညံ့ညံ့လူတွေထက် နည်းနည်းကလေးသာတဲ့ ကောင်။ ငါ့မှာ လူဖြစ်ကြောင်း ဘာထောက်ခံချက်တွေမှ မပါလည်း ထမင်းနှစ်နပ်မကဘူး ရအောင်စားပြမယ်။ ဘ၀နဲ့ အလုပ်ကို လေနဲ့ဝမ်းမကွဲသလို မကွဲပြားတဲ့လူတွေ၊ ရွရွကိုထနေကြတဲ့ ရေစီးကြောင်းထဲက အမှိုက်သရိုက်လို အဖြစ်မျိုးတွေ၊ ဟိုစပ်စပ် ဒီစပ်စပ်ပါပြီး ဘာတစ်ခုမှ မည်မည်ရရ ဖျစ်ဖျစ်မြည်အောင် မညှစ်နိုင်တဲ့လူတွေရဲ့ နောက်ဆုံးနေ့ကို တစိမ့်စိမ့်ထိုင်ကြည့်မယ်။ မင်းမကျေနပ်လည်း ငါ့ကို ဒီတစ်သက်မခေါ်လည်းရတယ်။ ငါကတော့ တစ်လက်မမှ နောက်မဆုတ်ပေးတော့ဘူး။ ကြယ်တာရာစစ်ပွဲမှာလည်း ၀င်နွှဲမယ်။

ကိုဖြိုး

Thursday, August 28, 2008

တောရောက်တောင်ရောက် ကိုဖြိုး


သူငယ်ချင်း
မင်းကတော့မပြောမဆို
ကောက်ကာငင်ကာထွက်ခွာသွားတာ
အဆက်အသွယ်ရတော့ ကျွန်းတစ်ကျွန်းပေါ်မှာတဲ့

ငါစိတ်တော့သိပ်မပူလိုက်ရဘူး
မင်းနေတဲ့ကျွန်းက
လူသူလေးပါး
မနားတမ်းဖြတ်သန်းနေတာ…

ဒါပေမယ့်
ပလက်ဖောင်းပေါ်မှာလက်ဖက်ရည်ဆိုင်
မရှိတဲ့မြို့မှာ
ခုံပုလေးတွေမှာထိုင်
ကွမ်းတွေရဲကနဲထွေးထုတ်လိုက်
အတွေးအခေါ်တွေရဲရင့်နိုင်တဲ့
ရန်ကုန်မြို့ကိုလွမ်းရင်
မင်းခံတွင်းတွေယားနေမလား

ရန်ကုန်မြို့ပေါ်က
လေထုထဲစီးကရက်ငွေ့တွေလွတ်လွတ်လပ်လပ်
မှုတ်ထုတ်….
စိတ်ကူးအထပ်လိုက်နဲ့ ကဗျာတွေကို
ရင်ထဲကထုတ်ဖတ်နိုင်တဲ့အချိန်နဲ့
၃၀၀ကျပ်တန် ရွှေဒူးယားကို
မင်းမွတ်သိပ်နေမလား….

သူငယ်ချင်း
မင်းဘာလို့ လူစက်ရုပ်တွေနေကျွန်းမှာ
မင်းရဲ့ ကဗျာတွေကိုဘယ်သူ့ကိုရွတ်ပြလို့ရမှာလဲ
အချိန်မရဘူးလို့ လက်ကာပြသွားမယ့်
မင်းအခန်းဖော်ကို
ငါ့လိုဂုတ်ဆွဲပြီးမင်းထိုင်ခိုင်းလို့ ရနိုင်ပါ့မလား

မင်းဘာအတွက်လဲ သူငယ်ချင်း
ကိုယ်နဲ့မသက်ဆိုင်တဲ့အရပ်ကိုမှ
ရွေးချယ်ခဲ့တာလဲ…

တစ်လဒေါ်လာနှစ်ထောင်တန်
အလုပ်တစ်ခုအတွက်လား
ဒေါ်လာသုံးသောင်းတန်
ဘွဲ့လက်မှတ်တစ်ခု အတွက်လား…

ခေတ်ပျက်သူဌေး အိတ်ကပ်ထဲက
ဒေါ်လာတစ်သန်းကို
မင်းရေးကဗျာတစ်ပုဒ်လောက်မှ
ငါတန်ဖိုးမထားနိုင်ဘူး သူငယ်ချင်း

ငါကတော့ရန်ကုန်ကိုချစ်တယ်
ငါ့သူငယ်ချင်းကဗျာဆရာကိုချစ်တယ်…

ငါ့ကတော့ရန်ကုန်မှာမွေး
ရန်ကုန်မှာကြီးလို့…
ရန်ကုန်အပေါ်မှာသံယောဇဉ်ကြီးတယ်
သူငယ်ချင်း

ရန်ကုန်ကအာရှမှာ အလှဆုံးမြို့ဖြစ်ခဲ့ဖူးတယ်
စိမ်းညို့ညို့ရန်ကုန်တက္ကသိုလ်ကြီးက
အာရှရဲ့အတော်ဆုံး ဦးခေါင်းတွေထုတ်လုပ်ဖူးတယ်
ရန်ကုန်က အရှေ့တောင်အာရှမှာ
ကိုလိုနီစနစ်က အစောဆုံးလွတ်လပ်ခဲ့ဖူးတယ်

ရန်ကုန်မှာ
အရဲရင့်ဆုံးသူရဲကောင်းတွေရဲ့
အာဇာနည်ကုန်းလည်းရှိတယ်
ကဗျာဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့
အုတ်ဂူလည်းရှိတယ်…
နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်လာတဲ့
ရွှေတိဂုံခြေတော်ရင်းကို
ရေနံမြေသပိတ်တပ်ကြီးလည်း
အရောက်ချီတက်လာဖူးတယ်…
အမျိုးသားပညာရေးအတွက်
ပညာတတ်လူငယ်တွေရဲ့
သပိတ်စခန်းတွေလည်း တပ်စွဲထားခဲ့ဖူးတယ်
နယ်ချဲ့တော်လှန်ရေး
ဖက်ဆစ်ဆန့်ကျင်ရေး…
လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအတွက်
ရန်ကုန်ရဲ့ကတ္တလမ်းတွေပေါ်မှာ
သွေးညှီနံ့တွေရှိတုန်းပဲ…
ရန်ကုန်ဟာအရမ်းကြိုးစားခဲ့တာ
မင်းလည်းအသိသားနဲ့

မြို့တွေအကြောင်းပြောရင်
နှစ်ပေါင်းထောင်ချီပြောရတယ်
သူငယ်ချင်း…
အခုတော့ ဈေးကွက်စီးပွားရေးစနစ်ကျမှ
ထပြီးမျက်နှာသစ်တဲ့
စလုံးကျွန်းလေးက
ငါနေတဲ့ ရန်ကုန်ကို ရွာ လို့နှိမ်ခေါ်တာတော့
ငါရင်ထဲမှာသိပ်နာတယ်… သူငယ်ချင်း
လီကွမ်ယူတော်တာငါသိပါတယ်
ငါတို့လည်း သူ့ထက်တော့ဘယ်ညံ့ပါ့မလဲ

ခေတ်လေးတစ်ခေတ်လောက်
သုံးစားမရတာနဲ့
ငါတို့ခေတ်က လူတော်တွေက
အသက်ကလေး ဖက်နဲ့ထုပ်ပြီး
ကမ္ဘာပါတ်လည်လျှောက်ထွက်ပြေးနေရင်
ငါတို့ချစ်တဲ့ မြို့ကို ဘယ်အချိန်ကျမှ
ပြန်တည်ဆောက်ကြမှာလဲ….

ပညာတတ်လူညံ့တွေတွေးသလို
ဘ၀အဓိပ္ပါယ်ဆိုတာကို
ဘွဲ့၊ ဒီဂရီ၊ ဆာတီဖီကိတ်တွေနဲ့ရှင်းပြမှာလား
ဘ၀တန်ဖိုးဆိုတာ
ဘဏ်ငွေစာရင်း ဘယ်နှစ်ခု
ရှိတယ်ဆိုပြီးကြွားဝါမှာလား...
အဲဒီအလုပ်တွေမင်းမလုပ်ဖူးဆိုတာ
ငါယုံတယ်သူငယ်ချင်း

ငါတို့က ကဗျာဆရာလေ
ဘယ်တက္ကသိုလ်က
ပညာတတ်ကြောင်း ထောက်ခံစာလိုမှာလဲ
ငါတို့တွေဘယ်လောက်ချမ်းသာချမ်းသာ
ကဗျာရေးလို့မရတဲ့ညတွေဆို
ငါတို့အရှုံးနဲ့ဖြတ်သန်းရတာပဲ...

လူတွေကိုမားသားဘုခ်ထဲက
ဆားကစ်ပါတ်လမ်းထဲထည့်စီမံထားတဲ့
မြို့မှာ...
မင်း ကဗျာသန္ဓေသားတွေ
ခဏခဏပျက်ကျနေမှာစိုးတယ်...
ဖြစ်နိုင်ရင်မင်းငါ့ဆီပြန်လာပါ....
မနက်ဖြန်ကို အမှန်တရားနဲ့ပစ်ပေါက်ဖို့
ညစ်ပါတ်နုံချာတဲ့မြို့မှာ
ငါဆက်နေရဦးမယ်....
ငါက ဘယ်တော့မှအရှုံးနဲ့ မဆုတ်ခွာချင်ဘူး
သူငယ်ချင်း....

မိုးလှိုင်ည

Tuesday, August 26, 2008

အဖိတ်စဉ်များတဲ့ရာစုနှစ်


သစ်ပင်စိုက်မှာလား
ဂျော်ဂျီယာစစ်ပွဲကိုပဲဖြန်ဖြေပေးရမှာလား
ငြိမ်းချမ်းရေးကတော့
စစ်ပြေးဒုက္ခသည်ဖြစ်လို့
နွေရာသီတစ်ခုလုံး
ရိုးပြတ်တောတွေကအရိပ်ကောင်းလိုက်ရှာလို့
အမှန်တရားတွေသံတိုင်ကြားငုတ်တုတ်ထိုင်လို့
တစ်လတန်သည်နှစ်လတန်သည်
ကမ္ဘာအပြင်ထွက်သွားမှ
ကိုယ့်ကိုယ်ကိုယ်ပြန်စိမ်းလန်းလို့ရမယ်
အနူမြူထိပ်ဖူးတွေကောင်းကင်ကို
ထိုးချိန်လိုက်ရမှ
ကိုယ့်ကိုယ်ကိုစိတ်ချရမယ်လား
အိပ်ရေးပျက်တဲ့ကောင်းကင်က
မျက်တွင်းဟောက်ပက်နဲ့
ချစ်မိပါတယ်ဆိုတဲ့ကောင်မလေးရေ
လမ်းလျှောက်ထွက်သွားတဲ့သစ္စာတရားကတော့
နယ်စပ်ဖြတ်ကျော်တယ်တဲ့
တရားစွဲခံထားရလေရဲ့
ငါတို့တွေဘလက်ဟိုးထဲသွားပုန်းနေရုံသာ…။

မိုးလှိုင်ည

Sunday, August 24, 2008

အတွေး

ဖြစ်နိုင်သမျှအတွေးတွေထဲမှာ

လူတွေက အရူးလို့ငါ့ကို

ဝိုင်းငေးနေချိန်…

ဗင်းဆင့်ကသူ့နားရွက်သူ

လှီးဖြတ်ပြီး…

ရက်ရက်ရောရောပေးဆပ်ခဲ့သလို

ငါကကော

ငါ့အိပ်မက်တွေကိုအသည်းတခြား

အူတခြား……..

ပါရမီမရင့်ကျက်လေသမျှ

ငါ မိုက်မဲတွေဝေခဲ့တာပါ…।

မိုးလှိုင်ည

ဟန်နီ


ဟန်နီ

မင်းနဲ့ငါအဝေးကြီးကိုပဲ
ကွာခြားနေရပါလား
မတူညီနိုင်တဲ့လမ်းမပေါ်မှာပဲ
ငါတို့တွေဆုံစည်းခဲ့တယ်…

မင်းရဲ့ကျစ်ဆံမြှီးထဲ
ငါ့ချစ်ခြင်းတွေကိုချည်နှောင်ရင်း
မျက်ဝန်းထဲကတစ်ဆင့်
နှလုံးသားချင်းထိုးဖောက်မြင်ခဲ့တယ်

ဟန်နီ
မင်းနဲ့ငါကြား
ဆယ်စုနှစ်တွေကွာခြားတယ်

ဟန်နီ
ငါကအခုမှရွက်ကြိုးကိုဆင်တုန်း
မင်းက ဘ၀မှာကျောက်ချရပ်နားပြီးပြီ…။

ဟန်နီ
မင်းဆီမှာ အနာဂတ်အတွက်
မျော်လင့်ချက်တစ်သန်းရှိတယ်
ငါ့က ငါ့အောက်ကဖိနပ်ကိုပဲ
ခိုင်မြဲမမြဲငုံကြည့်နေရသူ

ဟန်နီ
ညနေခင်းတွေထဲမှာဆို
မင်းကစိတ်ဆိုးလွယ်တဲ့
မီးတောင်ပျိုမလိုလှတယ်
မင်းချစ်ခြင်းချော်ရည်မြစ်ထဲမှာ
ငါအကြိမ်ကြိမ်ရေချိုးဆင်းချင်ခဲ့

ဟန်နီ
မင်းနှုတ်ခမ်းသားပေါ်က
ငရဲပန်းအနမ်းကို
အဆိပ်ချိုကိုတပ်မက်မှုတဲ့
အရူးတစ်ယောက်လို ငါနမ်းရှိုက်ချင်တယ်…

ဟန်နီ
မင်းက ရွှေအိုရောင်ဆံပင်
သရီးကွားတာဂျင်းပင်နဲ့ အမျိုးသမီး
ငါက
လည်ကတုံးယောပုဆိုးနဲ့
ကဗျာဆရာ

ငါတို့မယုံကြည်ဘဲ
လက်ခံထားရတဲ့ယဉ်ကျေးမှုပုံစံအရ
ငါတို့ချစ်ခြင်းတွေ
နမ်းရှိုက်ခွင့်မရဘူး….
ငါတို့လက်ဖျားတွေအချင်းချင်း
နွေးထွေးခွင့်မရဘူး…..

ဟန်နီ
ဖြစ်နိုင်ရင်ငါ့မျက်ဝန်းတွေကို
စူးစိုက်မကြည့်ပါနဲ့
ဖြစ်နိုင်ရင် ငါ့ဆံပင်တွေကို
မင်းလက်ဖ၀ါးတွေနဲ့ထိုးမပါနဲ့တော့
ဖြစ်နိုင်ရင်
မျက်လုံးတစ်ဘက်မှိတ်ပြီး
ကလေးရေ ဂွတ်ဘိုင်လို့
မနှုတ်ဆက်နဲ့တော့နော်
မနက်ဖြန်ကိုမသိနိုင်တဲ့လမ်းမတစ်ခုပေါ်
ငါ့စိတ်တွေလွှတ်ချထားပါရစေ

ဟန်နီ…
မင်းကိုချစ်ခွင့်မရတဲ့
ငါ့ကိုယ်ငါအသေအချာမုန်းတီးမိခဲ့ပေါ့….။

မိုးလှိုင်ည

မနက်ဖြန်များကိုကျောခိုင်းခြင်း

အိပ်မက်တွေပုံအပ်ပြီး

ဘ၀ဆိုတာချည်းကို

တစ်ယောက်တစ်ဝက်ချစ်ခဲ့တာပဲ

ကောင်မလေးရယ်…


အရှုံးအမြတ်တွက်ဖို့ချည်းပဲလား

အစကတည်းက

နှလုံးသားတစ်စုံကလွဲလို့

ငါ့အရင်းအနှီးကမစုံလင်ဘူး…


စွန့်စားမှုများတဲ့

အနုပညာကိုမှ

ငါရင်ခုန်မူးခဲ့တာ…

အခု ကမ္ဘာကြီးကလည်းလမ်းပျောက်

ငါကလည်း

မနက်ဖြန်အထိမရောက်ချင်တော့ဘူး


တိတ်တဆိတ်

ကိုယ့်ဈာပနကိုယ်ပြန်ချရသလို

နောက်ကျပြီးရောက်လာတဲ့

ကြေးစည်သံမှာ

သံဝေဂတရားရှာဖို့

ငါ့အကြားအာရုံဟာဆွံ့အနေခဲ့ပြီ….

မိုးလှိုင်ည

Friday, August 22, 2008

ပါးစပ်ဟနေတဲ့ ဖိနပ်တစ်ရံ

နေ၀င်တော့မယ်

ရင်ထဲမှာဟာလို့

လက်ကျန်နေရောင်အောက်မှာ

ခါတိုင်းလိုလျှောက်လာရင်း…။


ရောင်းပစ်ခဲ့တဲ့ စာအုပ်တွေ

ပလက်ဖောင်းပေါ်မှာတွေ့လို့ ပြန်လှန်ကြည့်

ငါ့လက်မှတ်က အမာရွတ်တစ်ခုလိုရှိဆဲပဲ…။


စဉ်းစားမိတယ်

ကမ္ဘာကကျဉ်းကျဉ်း

မျဉ်းတွေမာမာ

အရောင်တွေက ဖျော့ဖျော့

ကိုယ်ဖော့နေခဲ့တာ ဘယ်လောက်ကြာပြီလဲ

သက်တမ်းရဲ့ တစ်ဝက်လား

ရာစုရဲ့ သုံးပုံတစ်ပုံလား

မထင်တာတွေ အကုန်ဖြစ်

လောကကြီးကလည်း အ၀တ်အစားအသစ်လဲလို့

လူတွေကလည်း ခေတ်ဆိုတာကြီးကိုထမ်းပိုးလို့…။


ဒီလိုနဲ့တစ်မိုးသစ်ပြန်ပြီ

မြစ်ရေတွေလျှံဦးမလား

လေပြင်းတွေထန်ဦးမလား

ဟောဒီကမ်းစပ်က ခြေတံရှည်အိမ်လေးဟာ

မိသားစုတစ်စုရဲ့ နောက်ဆုံးခံတပ်ဖြစ်ပါတယ်…။


ဆည်းဆာကျယ်ပြန့်သထက်ကျယ်ပြန့်

အမှောင်စတွေဖြန့်ခင်း

လမ်းမီးတွေ အထိတ်တလန့်လင်းသာ

စားသောက်ဆိုင်တွေမှာ ဆူညံကြ

ဆာဆာလောင်လောင်နဲ့ ကားစောင့်ကြ

တချို့လည်း ချစ်သူနဲ့လမ်းခွဲကြ…။


ရပ်ကွက်တွေကလည်း

ငါးစိမ်းသည်မဆီက ငွေစက္ကူလို

နွမ်းဖတ်ပေရေရှိနေဆဲ

ဖန်တရာတေနေတဲ့လောကဇာတ်ခုံပေါ်မှာ

ဘာကိုယုံရမလဲ…။


ရန်ကုန်မြို့ကြီးရေ

ဒီလိုနဲ့ပဲ ယောင်ပေယောင်ပေနဲ့

မင်းလက်ပေါ်မှာ

သူငယ်ချင်းတချို့လည်း ပျောက်ဆုံးခဲ့ပါပြီ…။


ကြည်မောင်သန်း

(ကဗျာ၁၀၀ နှင့် ကဗျာဆရာကွယ်လွန်ခြင်း စာအုပ်မှကူးယူဖော်ပြပါသည်)

Wednesday, August 20, 2008

မေမေ

မေမေ
သားအခုတော့ဖျားနာနေပြီ
အမည်မသိတဲ့လမ်းတွေပေါ်မှာ
ပြန်တမ်းမဲ့ရက်စွဲတွေကိုဖြတ်သန်းရင်း

ဒီညနေတော့ အမေ့ဆီက
ဆန်ပြုတ်ပူပူမရနိုင်ဘူးလို့
သားတွေးမိတယ်…

မိုးစက်တွေဖွေးဖွေးလှုပ်ကျနေတဲ့
လမ်းမရဲ့ဘေးတစ်ဖက်မှာ
သားရပ်နေတယ်အမေ…

ဘယ်ကိုထွက်ပြေးရမှန်းမသိလို့
မက်တပ်ရပ်အငေးတွေထဲ

အခု
ခန္ဒာကိုယ်အပူချိန်(၁၀၃)
ချောင်းအနည်းငယ်ဆိုးနေတယ်
အသက်က(၂၆)

သားနဖူးပြင်ကိုစမ်းပြီး
ရွှေမန်းတောင်နဲ့ရေနွေးကြမ်းပူပူတစ်ခွက်
ချွှေးထွက်အောင်သောက်လိုက်လို့
အမေပြုံးပြီးပြောမယ့်စကားသံကို
ကျွန်တော်ပြန်ကြားယောင်နေမိတယ်

ဖိနပ်သဲကြိုးက ပြတ်လုပြတ်ခင်
အမေ၀ယ်ပေးထားတဲ့ တီရှပ်ကလည်း
အခုတော့နွမ်းနွမ်းဖတ်ဖတ်….
ကျွန်တော်လိုချင်လွန်းလှချည့်ဆိုလို့
အမေ့ဆေးဖိုးဝါးခထဲက
ကျွန်တော်မသိအောင်ဝယ်ပြီး
အ၀တ်သေတ္တာထဲထည့်ပေးခဲ့တယ်
ဂျင်ပင်အပြာလေးလေ
အခုတော့အရောင်တွေလွင့်လို့
အနားတွေဖွာလန်ကျဲလို့…..

မလိုအပ်ပဲဇာတ်နာခဲ့ရအောင်
ကျွန်တော်မတန်တဆကြီးကိုပဲ
မာနကြီးခဲ့မိတယ်
မလိုလားအပ်ပဲ
အလွန်အမင်းကိုမိုက်မဲခဲ့တာပဲ
ကဗျာ…..ကဗျာ
အနုပညာ……အနုပညာ
ဆိုပြီး
ဘာကိုမှလည်း ဟုတ်တိပတ်တိမရခဲ့ပါဘူး…..

အခုလမ်းပေါ်မှာတွေဝေနေတဲ့
အမေ့သားလေ….
အမေပေးတဲ့အသက်
အမေပေးတဲ့အင်္ကျီ
အမေပေးတဲ့ဘောင်းဘီနဲ့
အမေပေးတဲ့ဖိနပ်ကိုစီးပြီး
အမေ့ဆီက ညနေစာတစ်နပ်ကို
တောင်းစားဖို့
အကြီးအကျယ်ရှက်ရွှံ့နေသတဲ့….

ရှက်လည်းရှက်သင့်ပါတယ်လေ
တမြန်နေ့မနက်က
အစ်မအကြီးဆုံးနဲ့လမ်းမှာတွေ့ရင်း
(၁၀) လပိုင်းထဲမှာ အမေ့မွေးနေ့ရှိတယ်
အမေကနင့်ကိုတွေ့ချင်လို့
အိမ်ကိုလာခဲ့ဦးတဲ့….

အမေ့မွေးနေ့တဲ့
ဘယ်နှကြိမ်မြောက်လည်း
ဘယ်နေ့လဲ….
ကျွန်တော်အပြင်းအထန်ဝေခွဲတာတောင်မရဘူး

လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကအတိုင်း
အမေ့ချွှေးခံဘော်လီထဲက
ထွက်ကျလာတဲ့ငွေစကြေးစကို
ကျွန်တော်မျက်စောင်းထိုးနေရတုန်း

အမေရေ
ကျွန်တော်လေ
ချစ်သောဖေဖော်ဝါရီရဲ့မွေးနေ့ကိုမမေ့ခဲ့ဘူး
ပြီးတော့
အေဗရာဟင်လင်ကွန်း၊ မာတင်လူသာကင်း
မဟ္တမဂန္ဒီ၊ မာသာထရီဇာကနေ
ဗိုလ်ချုပ်အောင်ဆန်းအထိ
ကြည်ညိုလေးမြတ်ရတဲ့
အာဇာနည်တွေရဲ့မွေးနေ့ကိုတောင်
မမေ့ခဲ့ဘူး
ဒီထက်ပိုကြည်ညိုရမယ့်အမေ့မွေးနေ့ကိုတော့
ကျွန်တော်ဒိုင်ယာရီစာမျက်နှာတွေပေါ်မှာ
မမှတ်သားမိတာကို ကျွန်တော်အကြီးအကျယ်
ဝမ်းနည်းခဲ့ရတယ်အမေ….

မိုးစဲတော့
ကျွန်တော်လည်းကပ်ရပ်မှီခိုလို့မယ့်
အမိုးအကာတစ်ခုစီထွက်လာမိတယ်
ကျွန်တော်အိမ်ပြန်မအိပ်ရင်
ညဉ့်နက်တဲ့အထိ…
လမ်းအိုလေးပေါ်မျော်ငေးနေမယ့်
အမေ့ကိုမြင်ယောင်ရင်းလေ….။


မိုးလှိုင်ည

၁၀လပိုင်းအတွင်းကျရောက်မယ့်အမေ့မွေးနေ့ကို
ကဗျာတွေပဲရှိတဲ့သားက ကဗျာနဲ့ပူဇော်ပါရစေအမေ

Tuesday, August 19, 2008

မာကျောသော မိုးစက်များ


မိုးစက်ပြင်းပြင်းတွေ
ဘယ်လိုသည်းထန်နေပါစေ
ငါချစ်တဲ့ကဗျာ ငါကိုယ်တိုင်ရွှဲစိုနေဦးတော့
ကိုယ့်ကိုယ်ကို မုတ်သုန်ထဲထိုးနှစ်
မိုး....ကိုချစ်တယ်....
အပြာရောင် မိုးသားတွေအောက်ကငါ
အပြာရောင်ကိုချစ်သလို...
ချစ်မြတ်နိုးစွာ...မိုးစက်ဖွဲဖွဲတွေရွှဲနစ်နေလည်း
ငါ့ကိုထပ်ဆိုခွင့်ပြုပါ...ဒီသီချင်း....က
`မိမိုးကိုချစ်လိုက်တာလေ´.....။

မိုးလှိုင်ည

လမ်း

မနက်ခင်းလေးအတိုင်း
လှမ်းထွက်ခဲ့တယ်...
ခြေရာထင်မကျန်စေချင်တာခဲ့လွဲရင်
ငါချစ်တဲ့ လမ်းလေးအတိုင်း..
ရင်ထဲမှာ လွမ်းနေပေမယ့်...
ငါ့ခရီးတွေအားလုံး
ဒီလမ်းကျဉ်းလေးကစတင်ခဲ့တယ်
မိုးရာသီဆို
ငါခြေထောက်တွေကို
အနည်းငယ်ညစ်ပတ်စေတာကလွဲရင်
ငါ့နှစ်ကာလတွေကို
သူ့ကျောပေါ်ဖြတ်သန်းခွင့်ပေးတဲ့
လမ်းကလေးကို
ငါ
ကျေးဇူးတင်လို့ မဆုံးခဲ့ဘူး....။

မိုးလှိုင်ည

Saturday, August 16, 2008

လူနာအမှတ် x ဝေဒနာအမှတ်-

ချောင်းတွေသိပ်ဆိုးနေလို့ပါ..။


`ခင်ဗျားကိုယ်ခင်ဗျားနည်းနည်းဆင်ခြင်ပါ…။

ခင်းဗျားအဆုတ်တွေတဖြည်းဖြည်းပဲ့ကျနေတယ်…

ချောင်းတစ်ခါဆိုးတိုင်း

ရင်ဘတ်ထဲမှာအက်တမ်ဗုံးခြောက်လုံးလောက်ကွဲသလိုပဲ…

စီးကရက်တွေထပ်သောက်နေရင်တော့

မနက်ဖြန်ဟာ

ခင်ဗျားဆီအရောက်လာနိုင်မှာမဟုတ်တော့ဘူး…´


ဒေါက်တာလူတစ်ယောက်ဟာ

အသက်ရှင်ခြင်းကိုအရူးအမူးတပ်မက်

နေလိမ့်မယ်လို့

ဘာကြောင့်တစ်ထစ်ချယူဆထားရတာလည်း…။


ခင်ဗျားနည်းနည်းစဉ်းစားကြည့်ပါ…

ကျွန်တော်ဟာသေခြင်းရှင်ခြင်းကိုကုသနေတာမဟုတ်ဘူး။

ရောဂါဝေဒနာကိုသာကုသနေတာပါ….။


အနာရင်းရင်တော့

ဆေးပြင်းပေးမှရလိမ့်မယ်…

ဘာကြောင့်အခုမှကိုယ့်ကိုယ်ကိုသက်ညှာချင်ရတာလည်း….


စီရင်ချက်ဟာ….

ခင်ဗျားနဲ့ကျွန်တော်တို့ပျက်ကွက်ခဲ့မှုအတိုင်း

ထပ်တူကျပြန်လည်တောင်းဆိုလိမ့်မယ်။

ဝမ်းနည်းတတ်တိုင်းငိုကြွေးဖို့မလိုအပ်ပါ…….။


မိုးလှိုင်ည

သူ့မှာတမ်း

သူတို့အဆုတ်၊ ထားခဲ့မြုပ်သည့်

ဗုံးငုတ် တိုက်မှား၊ မောင်ပြောက်ကျားကို

ရွာသား ရွာသူ၊ မေးကြမြူသည်

အူအူယမ်းငွေ့ထတုန်းတည်း။


အမောင်ပြောက်ကျား၊ ချစ်သူအားကို

ဘာများ မှာခဲ့ လိုသနည်း။


ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို

ခွင့်လွှတ်ခဲ့ကြောင်း၊ ပြောပါလေ။


အမောင်ပြောက်ကျား၊ မိဖအားကို

ဘာများ မှာခဲ့ လိုသနည်း။


မွေးသည့်မိခင်၊ မွေးဖခင်ကို

ဦးတင်ခဲ့ကြောင်း ပြေပါလေ။


အမောင်ပြောက်ကျား၊ တိုင်ပြည်အားကို

ဘာများ မှာခဲ့ လိုသနည်း။


ခရီးမက်တတ်၊ လမ်းခုလတ်တွင်

ကိုယ်လွတ် ရှောင်ခွာ၊ ခွဲရပါ၍

အားနာခဲ့ကြောင်း ပြောပါလေ။


ယမ်းငွေ့အူအူ၊ တလူလူနှင့်

မေးမြူကြတုန်း၊ အနောက်ကုန်းတွင်း

နေလုံးကွယ်လေ ပြီတကား။


မင်းသုဝဏ်

Thursday, August 14, 2008

ပန်းဆိုးတန်းကိုရောက်ရင်…(တစ်ခါတစ်လေ)


တစ်ခါတစ်လေ

ပန်းဆိုးတန်းကိုရောက်ရင်

ပလက်ဖောင်းပေါ်က

ဒိန်ချဉ်ဆိုင်လေးမှာ ထိုင်မယ်

ပုဆိုးဆိုင်က ကောင်မလေးကိုငေးမယ်…


တစ်ခါတစ်လေ

ပန်းဆိုးတန်းကိုရောက်ရင်

အေးရှားပလာဇာပေါ်က

ဆရာတင်မောင်ကြည်ကို သွားခေါ်မယ်

ပြီးရင်

လပ်ကီးဖလားဝါးမှာ လက်ဖက်ရည်သောက်မယ်…


တစ်ခါတစ်လေ

ပန်းဆိုးတန်းကိုရောက်ရင်

ရုပ်ရှင်ရုံအဟောင်းကြီးကနေ

စာသင်ကျောင်းဖြစ်သွားတဲ့

( အခုတော့ ခုနစ်ထပ်ကျောင်းဆောင်ဖြစ်နေတဲ့ )

ငါ့မူလတန်းကျောင်းလေးအောက်ကို သွားမယ်

ငယ်ဘ၀က ဆရာ၊ဆရာမတွေမရှိတော့ပေမယ့်

သူတို့ရဲ့ကျေးဇူးကိုအောက်မေ့

ဆင်ခြင်ဖို့လေ…

တစ်ခါတစ်လေ

ပန်းဆိုးတန်းကိုရောက်ရင်

ဆရာမြေလတ်ဆီ ကဗျာဝင်ပေးမယ်…


တစ်ခါတစ်လေ

ပန်းဆိုးတန်းကိုရောက်ရင်

ပန်နိုရာမားဟိုတယ်ဘေးက

ဘီယာဆိုင်မှာဝင်သောက်ရင်း

ကိုသူရနဲ့ အကြောက်အကန်ငြင်းခဲ့တာကို

အမှတ်ရရင်း

သူ့အတွက်ပါ ပိုသောက်ခဲ့မယ်…


တစ်ခါတစ်လေ

ပန်းဆိုးတန်းကိုရောက်ရင်

ဂုံးကျော်တံတားကြီးပေါ်ကိုတက်

ဘုရား၊ သိမ်ကျောင်း၊ ဇရပ်နဲ့

စာသင်ခဲ့တဲ့နေ့စွဲတွေကို ပြန်ဖတ်ဖို့

ဆိုးဆိုးပေပေ ငါ့ကျောင်းသားဘ၀ကို

ထိန်းသိမ်းပေးခဲ့တဲ့

၃၇ လမ်းပေါ်က အထက်တန်းကျောင်းအိုလေးကို

ငေးမယ်…


တစ်ခါတစ်လေ

ပန်းဆိုးတန်းကိုရောက်ရင်

လားရှိုး king မှာ ၀င်ထိုင်

ကြက်ပေါက်စီနဲ့ ကော်ဖီမစ်မှာပြီး

စပိတ်တစ်နဲ့ ထထရှိုးတတ်တဲ့

ဖေဖော်ဝါရီနဲ့တိုးမှာ

စိုးရိမ်မိသေးတယ်…


တစ်ခါတစ်လေ

ပန်းဆိုးတန်းကိုရောက်ရင်

အရင်ကပန်းဆိုးတန်းကို ပြန်ပြန်လွမ်းလို့

ငါက ပန်းဆိုးတန်းပေါ်လျှောက်ရင်း

ပန်းဆိုးတန်းက ငါ့ဘ၀ပေါ်လျှောက်လို့…။

မိုးလှိုင်ည

Tuesday, August 12, 2008

လေလွင့်နေတဲ့မြို့

အချိန်မရရင်

နှုတ်မဆက်နဲ့တော့နော်

လမ်းမကိုခပ်တည်တည်ဖြတ်လျှောက်လိုက်

ကျောခိုင်းထားရမယ့်အကြောင်းအရာတွေ

အများကြီး

မျက်နှာစိမ်းတွေ….

ကိုယ်မသိတဲ့မြို့မှာ

မတော်တဆကိုယ့်ကိုယ်ကိုပြန်ကောက်ရခဲ့တယ်

အဲဒီလောက်နဲ့

ဇာတ်လမ်းကဆုံးမလား…

ဂျစ်ပဆီတစ်ယောက်က

လေလွင့်ခြင်းတွေကို

အိပ်ယာလိပ်လိုခေါက်သိမ်းဖို့

ထမ်းပိုးထားတဲ့တစ်ခြမ်းပဲ့ညကို

အိမ်ဆိုတဲ့ချည်တိုင်လေးသာ

လွမ်းလွမ်းဆွေးဆွေးငေးမိခဲ့ပေါ့

မိုးလှိုင်ည

Sunday, August 10, 2008

သတိရခြင်းများမှတ်စု

မွေးဖွားစ အဲဒီတုန်းက

တွေးထင်ကိုင်တွယ်ခဲ့သလိုပင်

ခပ်ဖွဲဖွဲအပြားပါးပါး နှင်းတွေဝေလို့ရယ်

ငါ အခုပြက်ရယ်ပြုပုံမျိုးနဲ့ ခြားနားလွန်းတယ်။


တစ်ခါစစ်ရှုံး၍

နှစ်သုံးဆယ်သည်းခံတတ်ခဲ့ခြင်းအတတ်

မွှေးကြူလိုသော ပန်ခင်းမှာ

တဆစ်ဆစ် ပျားများတုပ်သော ဒဏ်ရာ

ရောင်ကိုင်းစဉ်

မခင်တွယ်လိုတော့ခြင်း အဆိပ်ခွက်

ငါ့လက်မှာ တုန်ရီလျက်။


စုဆောင်းမိတဲ့ ၀ါးကျည်တောက်နဲ့အပြည့်

ခေတ်၏ ကာလ၏...တဲ့

သူ့ရဲ့ရည်းစားစကားကြောင့် ပင်လယ်သွားမယ်။


လက်နှိပ်ဓာတ်မီး ပစ်ကွင်းထဲ

မဲမဲတစ်အုပ်ပြီးတစ်အုပ်

ရွရွလှုပ်လို့ ပူဖောင်းတွေ။

နေ့အတူ ညအတူ

အဖြူသုံးဖို့ဝန်လေး


အရေးကြီးတဲ့ အချိန်များကိုဇွန်းနဲ့ခပ်

ခင်ဗျား သိပ်ပြတ်သားပါတယ်။


ရမ္မက်အလိုကြီးလွန်းလို့ပေါ့

ဒီလူမသေတော့တာ။


အားလုံးအပေါ် မကောင်းနိုင်သေးပါ

အကောင်းဆုံးလူနည်းနည်းကို ကောင်းခဲ့ရန်...

ရင်ကွဲနာကျ ခေါင်းဖွက်ထားဆဲ။


ပခြုပ်တွင်းမှ သီချင်းထွက်ပေါ်လာရာ

ငါ့ဦးခေါင်းအရေပြားတစ်ပြင်မှာ

မြွေဟောက်တွေ ရှုပ်ထွေးရှည်လျားလှပေါ့။


`ဘယ့်နှယ်လဲ´

သူရဲကောင်းက မေးခွန်းထမ်းလို့။


`တစ်လမ်းသာရှိပါတယ်´

လူမိုက်မို့ ယဉ်ကျေးမှုရွက်လို့။


တစ်ခါ....

အစွန်းတွက်စကားသံ


ကားသံနဲ့ ပေါက်တူးသံ

အဘိဓမ္မာများ ခြေဒရွတ်ဆွဲ

ဟောပြောပွဲနေ့များ နီးကပ်လာပြန်ပါပြီ။


မြင်နေကျ ဆင်ခြင်တုံတရားဟာ

ခါးလိုက်... ချိုလိုက်။


လူငယ်ဟာ လူငယ်နဲ့မတူတဲ့ အရသာဟာ

အ၀ိုင်းစက်စက်

လေးထောင့်ကွက်ကွက်။


မိန်းမရယ်

အပြစ်မရှိသော အိပ်ပျော်ခြင်းတစ်ခု

ငါ့အတွက် ပြုစုပေးဖို့ပဲပြောတာပါ။


နာကျင်မှုများ သိပ်သည်းမှ

အကြောပြေလာသောသွေးများ

သေသပ်စွာနှုတ်ခမ်းသုတ်တာ ကြုံဖူးတယ်။


ဟောဟို လူအရောက်နည်းတဲ့ တောင်ကုန်းနံဘေးမှာ

ရာဇ၀င်ဆိုတာကို ပူဇော်ပါတယ်။


အိပ်မက်ကိုနွားနို့နဲ့

တပ်ဆင်ပြီးစ စက်တင်ဘာညနေ့မှာ

ဖျင်ကုလားထိုင်နဲ့ အရုပ်ကြိုးပြတ်ထိုင်နေသူဟာ

ငါပေါ့...။


အောင်ချိမ့်

Saturday, August 9, 2008

မိုင်တိုင် ၂၆ မှသည် …

သန်းပေါင်းများစွာသောလူတွေထဲက
သာမန်လူသားတစ်ယောက်…
ရှပ်အင်္ကျီအဖြူနဲု့ပုဆိုးကို
ခုံခုံမင်မင် ၀တ်ဆင်တတ်တယ်
တခါတလေကျတော့လဲ
တီရှပ်နဲ့ ဂျင်းပင်န်ဝတ်ပြီး
လွတ်လပ်ပေါ့ပါးနေတတ်ပြန်ရော…

ဒါပေမယ့် ထူးခြားတာတစ်ခုက
သူ့ရင်ဘတ်ထဲကနေ
အနုပညာမြောက်တဲ့ ကဗျာတွေ
ဖိတ်လျှံကျလာတတ်တာပါပဲ

သူချစ်တာ … ကဗျာ
သူမြတ်နိုးတာ … ကဗျာ
သူရူးသွပ်တာ … ကဗျာ

သူယုံကြည်တဲ့ အမှန်တရားအတွက်
ကဗျာတစ်ပုဒ်နဲ့ ရဲဝံ့ပြရဲတယ်

သူရွံရှာတဲ့ စနစ်ဆိုးတစ်ခုအတွက်
ကဗျာတစ်ပုဒ်နဲ့ ကြက်ခြေခတ်ပြရဲတယ်

လမ်းပေါ်က ကလေးတွေအတွက်
စာနာတဲ့နှလုံးသားနဲ့ ကဗျာရေးတယ်

တစ်ချိန်တုန်းက ဖေဖော်ဝါရီအတွက်
မာယာမဲ့နှလုံးသားနဲ့ ကဗျာဖွဲ့တယ်

၂၆ နှစ်တာ ခရီးတလျှောက်
ခံစားချက်တွေအပေါ်မှာ ရိုးဖြောင့်ခဲ့တဲ့
ကဗျာဆရာသူငယ်ချင်းရေ…

နှစ်ချို့ကော်ဖီတစ်ခွက်ရဲ့အရသာကို
နောင်နှစ်ပေါင်းများစွာအထိ
မှီဝဲခံစားနေပါရစေ…။

ဆုဝေ
( ၈.၈.၂၀၀၈ မှာ ၂၆ နှစ်ပြည့်တဲ့ သူငယ်ချင်းကိုမိုးလှိုင်ညအတွက် အမှတ်တရ ရေးဖွဲ့ပါတယ် )

၂၆ နှစ်ပြည့်မွေးနေ့မှာ ပျော်ရွှင်ငြိမ်းချမ်းနိုင်ပါစေ ... ခိုင်မာမြဲမြံနေတဲ့ အိပ်မက်တွေကိုလဲ အကောင်အထည်ဖော်နိုင်ပါစေ...လို့ ဆုတောင်းပေးပါတယ် ကိုမိုးလှိုင်ညရေ :)

စာမျက်နှာအမှတ်(၂၀) မှ ဇရာသင်္ကေတ (၂၆)သို့

Õ ဟောဒီနေ့မှာပေါ့…

ဦးခေါင်းတွေရင်ဘတ်တွေကိုကတုတ်ပြု

အမှန်တရားကိုသွေးနဲ့ထုဆစ်ခဲ့တယ်..။


Õ ဟောဒီနေ့မှာပေါ့..

ငါသိပ်ချစ်တဲ့သူငယ်ချင်းတစ်ယောက်

“ ဒီ ” လှိုင်းထဲမှာကျပျောက်ခဲ့ဘူးတယ်..။


Õ ဟောဒီနေ့မှာပေါ့….

အများသုံးလမ်းမတွေထက်မှာ

အရိုင်းဆုံး လူသတ်ပွဲတွေရှိတယ်..။

Õ ဟောဒီနေ့မှာပေါ့…

ပဉ္စမမြန်မာနိုင်ငံတော်သစ်ရဲ့သမိုင်းကို

သွေးနဲ့ရဲရဲ ရေးခဲ့ကြဘူးတယ်..။


Õ ဟောဒီနေ့မှာပေါ့..

ဘောင်းဘီဝတ်တိမ်တစ်အုပ်ရဲ့

ခွေးသရုပ်မှန်ဇာတ်ထုပ် ဖုံးအုပ်မရတဲ့နေ့..။

Õ ဟောဒီနေ့ဟာ..

နောက်ကျတတ်တဲ့အမှန်တရားကို

ဖိနပ်စီးစသင်တဲ့နေ့..။

Õ ဟောဒီနေ့ဟာ..

ကျောင်းနံရံပေါ်ကဒေါင်းအလံ

သွေးစွန်းခဲ့တဲ့နေ့


Õ ဟောဒီနေ့ဟာ…

အတူလျောက်ရင်းကျပျောက်ခဲ့တဲ့

သူငယ်ချင်းတို့ရဲ့နေ့..။


Õ ကဲ ထပ်ပြောရဦးမယ်…ဟောဒီနေ့ဟာ …

တိုက်ပွဲပျော်ကဗျာဆရာတစ်ယောက်

အူဝဲ ကြွေးကျော်ပြီး ရောက်လာတဲ့နေ့..။


ထက်ဇော်

( ကျပျောက်သောသူငယ်ချင်းများနှင့် ကောက်ရသောညီငယ် မိုးလှိုင်ညသို့ အမှတ်တရ )

ကောင်မလေးသို့

ကောင်မလေးရေ
ကြယ်တံခွန်လိုပါပဲ
တိုက်ဆိုင်လာတဲ့ထောင်စုနှစ်တစ်ခုမှာ
အလွမ်းချည်းသက်သက်ထုဆစ်ရတော့မလားကွယ်
ဘယ်ကိုငေးရမှန်းမသိတဲ့အတွေးတွေထဲမှာ
မင်း နဲ့ ဝေးနေရတဲ့အချိန်တိုင်း
ငါ့ရင်ထဲမှာ မုန်တိုင်းထန်ခဲ့တယ်....

မိုးလှိုင်ည

Friday, August 8, 2008

လူပါးဝတဲ့ ကဗျာဆရာ


သူ့ကိုတွေ့ရင် ဝေးဝေးရှောင်
မရှောင်ရင် ကဗျာဖြစ်သွားမယ်
၂၆ ခါတိတိ လူပါးဝတဲ့ ကဗျာဆရာ
သူ့အတွက်..
အမေဆိုလည်း ကဗျာဖြစ်ရဲ့
ဖေဖော်ဝါရီဆိုလည်း ကဗျာဖြစ်ရဲ့
ဆေးလိပ်ဖြတ်လည်း ကဗျာဖြစ်ရဲ့
လူလူချင်းအနှိပ်ကျင့်လည်း ကဗျာဖြစ်ရဲ့
အမှန်တရားအတွက်ဆို
သူ့လက်က အငြိမ်မနေဘူး
နိုင်ထက်စီးနင်း မြင်သမျှ
မတရားတာတွေအားလုံး
နှစ်ချို့ကော်ဖီထဲ ထည့်ဖျော်မယ့် ကဗျာဆရာ
၂၆ နှစ်တိတိ လူပါးဝခဲ့ပြီးပြီ

နိုင်းနိုင်းစနေ

(မိုးများ လှိုင်လှိုင်ရွာသော သြဂုတ်လ ၈ ရက်နေ့ ညတွင် မွေးဖွားခဲ့သော မိုးလှိုင်ည၏ ၂၆ နှစ်ပြည့် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာအထိ ပျော်ရွှင်စေသော်ဝ်)

Thursday, August 7, 2008

၂၆


လောကဓံရှစ်ပါးနဲ့
လင်လိုမယားလို… ၂၆
နာကျင်မှောင်မိုက်တဲ့
ဘ၀သင်ခန်းစာတွေနဲ့…၂၆
ဆန်ဖရန်စစ္စကို ကိုမရောက်ဖူးသေးတဲ့…၂၆
ယိုင်နဲ့နေတဲ့ အိမ်ကလေးတစ်လုံးမှာ
ခိုင်မာမြဲမြံနေတဲ့အိပ်မက်တွေနဲ့…၂၆
အပြောအဆိုအနေအထိုင်မတတ်လို့
နေရင်းထိုင်ရင်းမြင်ပြင်းကပ်ခံရတဲ့….၂၆
ကဗျာစာအုပ်လေးလက်မှာကိုင်
ဂျင်းဘောင်းဘီတစ်ပါတ်နွမ်းလေးနဲ့
ပလက်ဖောင်းကဖေးတွေမှာစတည်းချခဲ့တဲ့…၂၆
လူပေါင်းစုံနဲ့ပေါင်းပြီး
အကုန်လုံးပေါ်နားလည်တတ်ခဲ့ပေမယ့်
ကိုယ့်ကိုယ်ပြန်နားမလည်နိုင်လို့
တစ်ယောက်တည်းသင်းကွဲနေခဲ့ရတဲ့… ၂၆
အမြဲတမ်းနောက်ဆုံးထိုင်ခုံမှာ
ထိုင်နေတတ်တဲ့
ကျောင်းသားဆိုးလေးပါ
ဘာကိုမှ မရိုးမသားမလုပ်ခဲ့ဖူးဘူး…
ကျရှုံးနေကြစာမေးပွဲတွေကိုလည်း
မကျေမနပ်မဖြစ်ခဲ့ဖူးဘူး…
ဒီလိုပါပဲ
မအောင်မြင်ခဲ့တဲ့ ၂၆ ကိုလည်း
ကော်ဖီခွက်ထဲနှစ်လို့
သက္ကရာဇ်တွေဟာ အခွံ့ချည်းသက်သက်လို့
လွတ်လွတ်လပ်လပ်ရယ်သံတစ်ချို့
ကိုယ့်ကို ကိုယ်လက်ဆောင်ပြန်ပေးခဲ့တယ်

မိုးလှိုင်ည

၂၆ ခါတိတိ လူပါးဝတယ်


မိုးလှိုင်ညဆိုတဲ့ကောင်
၂၆ ခါတိတိ လူပါးဝတယ်
ဘ၀ ဘ၀ သီချင်းလည်း မဆိုပါပဲ
သူ့ဘ၀ကို သူပြန်ပြန်ဆဲတတ်သေးတယ်
ငါ့ကိုက မှားတာပါ ...
ဒီလိုကောင်ကို ကဗျာဆရာဖြစ်စေခဲ့တယ်
မြုပ်ကော
ဒီကောင့်ကို မွေးမိလို့ သူ့အမေကတော့ နာရှာရော့မယ်
ငါ့သား လူဝါးမ၀တတ်ဘူး ... လူကြားမှာ လူညပ်မယ်
တူသော လက်တွေနဲ့ပဲ ကမ်းလင့်လို့ကြိုပေါ့ကွယ်
မတပ်ဘူး
သူ့နေရာဝပ်ကျင်းထဲက လူပြည်ရွာက အပ်တစ်စင်းကို
ဗြဟ္မာမင်း ဦးခေါင်းနဲ့တိုက်တဲ့ကောင်
အဲဒီကောင်ပေါ့ မိုးလှိုင်ညဆိုတဲ့ကောင်လေ
နှစ်ချို့နေတဲ့ ကော်ဖီအိုအိုတစ်ခွက်ကို
ခပ်ချောချောခပ်လှလှကောင်မလေးရဲ့ လက်တွေနဲ့တောင် လဲ .. တယ်
ပြီးတော့လည်း ပြောပြန်သေးပေါ့ မိန်းမတွေကို ငါမယုံဘူးတဲ့လေ
ယုံချင်ယုံ မယုံချင် ပုံပြင်မမှတ်ပါဘူး
လောကကို သူမျက်နှာအပျက်မခံဘူးတဲ့
ကဗျာဆရာဆိုတဲ့ နာမည် လာလာ မတပ်ကြပါနဲ့
ကလောင်သွားပျက်တယ်
အာကွာ ဒီကောင်ကလည်း မိုးထဲလေထဲမှာမှ လာပြီး မွေးရတယ်လို့
ငါ့ကို အလုပ်ရှုပ်အောင်
တော်ပြီဟေ့ကောင် ဒီလောက်ပဲ ....

ကိုဖြိုး

မျိုးဆက်ထဲ ခုန်ချခြင်း

ပူလောင်မှုက အရေးမကြီးဘူး
အလင်းရောက်ထက်

ထမင်းထည့်တဲ့ခွက်လည်းဖြစ်နိုင်
အလင်းထည့်တဲ့ခွက်လည်းဖြစ်နိုင်

တစ်ခုခုကျဆုံးလို့
တစ်ခုခုပျော်ရွှင်နေပုံမျိုး။ ။
စိုင်းလူ
စပယ်ဖြူ ၊အမှတ်-၄၊ ဇူလိုင်လ၊ ၂၀၀၈

Friday, August 1, 2008

အပေါစားအကြောင်းအရာ

ကိုယ့်စိတ်ကူး ကို

မတ်တပ်ငေးမိနေတုန်း

ခေတ်ကြီးကရွေ့လျားသွားလာပြီးပြီ…

ပြောင်းလဲနေတဲ့အရာရာနောက်မှာ

အမြဲတမ်းနောက်ကျနေမိတယ်…

လမ်းတစ်ကွေ့ချိုးတိုင်း

ငွေနောက်လိုက်နေတာလား

ကျော်ကြားမှုနောက်လိုက်နေတာလား

သြဇာအာဏာအတွက်လား…

ခင်ဗျားက ဘာမက်တာလည်းဆိုတဲ့လေသံတွေ

အနုပညာ…

ခဏခဏပြောရပေါင်းများတာတောင်

အသံထွက်မမှန်တတ်တဲ့

လူစားတွေရှေ့မှာ…

ကဗျာဆရာဆိုတဲ့ဂုဏ်ပုဒ်နဲ့

ဟောင်ဖွာဟောင်ဖွာလုပ်တာကလွဲလို့

ငါ့သမိုင်းဟာ

ဘာများထွန်းကားခဲ့ဖူးလို့လည်း…

ကဗျာတစ်ပုဒ်ထဲနဲ့မလုံလောက်ရင်

နောက်ထပ်ကဗျာတစ်ပုဒ်လာမယ်…

သေမင်းရဲ့အမည်ပေါက်စာရင်းမှာ

ငါ့နာမည်မပါမချင်း…

ကဗျာတွေအထပ်ထပ်လာမယ်…

ဒါပါပဲ

အခုငါလုပ်နေတာက

ကိုယ့်ကိုယ်ကို

အသုံးမကျတဲ့စက္ကူတစ်ရွက်ဆုတ်ဖြဲပစ်ဖို့ပေါ့…။


မိုးလှိုင်ည