Pages

Wednesday, July 30, 2008

ဒိုင်ယာရီအလွတ်ထဲကနေ့စွဲများ

ငါ့မှာဟစ်ခေါ်နေရဆဲ..

နေ့စွဲအဟောင်းတွေပြန်မလာပေမယ့်

မင်းနဲ့ငါကြား

အမြဲကွာခြားတဲ့အရာတွေမှာ

အချိန်ကာလတွေလည်းပါတယ်

ငါ့ရင်ဘတ်ပေါ်မှာက

မုန်းတိုင်းရာသီ…

မင်းနှလုံးသားပေါ်မှာက

လွန်ခဲ့တဲ့အပါတ်ကပဲ

နွေဦးပေါက်ခဲ့ပြီးပြီ…

လမ်းတွေကိုပျော်ရွှင်ခြင်းအစစ်နဲ့လျှောက်ပါ… ဖေဖော်ဝါရီ

မင်းပေးဖူးတဲ့ဒိုင်ယာရီအလွတ်ထဲမှာ

မှင်နီတားထားတဲ့နေစွဲတွေ

အတိတ်မှာသေနေတဲ့နာရီတစ်လုံး

ကျောက်ဖြစ်ရုပ်ကြွင်းတွေဆို

ငါမုန်းတာမင်းအသိပဲ…

အဲဒီလို ငါက

ချစ်ခြင်းအစအနလေးတွေကိုတူးဖော်

မင်းမရှိပေမယ့်လည်း…

ကလေးတစ်ယောက်လို

ငါပျော်ဖူးပါတယ်….

သံသရာတစ်ခုလုံးရူးသွပ်မယ့်အလွမ်းကို

အ၀ါရောင်စစ်စစ်မနက်ခင်းတွေကြားမှာ

ကံကြမ္မာကငါ့ကိုခူးဆွတ်ပေးဖူးတယ်…

အဲဒီခေတ်တုန်းက

ငါလည်းရောမဘုရင်တစ်ပါးလို့ခမ်းနားခဲ့ဖူးတယ်

နောက်တော့လည်းနိယာမတွေအတိုင်း

ငါကျဆုံးခဲ့ရပေါ့…

သေခြင်းထက်ဆိုးတဲ့

လောကအကျဉ်းတိုက်ထဲ…

အမှောင်ထဲမှာဝမ်းနည်းနေတတ်တဲ့

အရူးတစ်ယောက်လေ…

သံသရာကိုလမ်းလျှောက်ထွက်ဖို့

အဆင်သင့်ဆိုပေမယ့်

နေစွဲအလွတ်တွေထဲက

ငါ့နှလုံးသားကိုဟစ်ခေါ်မိနေဆဲ…။

မိုးလှိုင်ည

Monday, July 28, 2008

နောက်ဆုံးအခွင့်

အမေ့ရဲ့ မျက်ရည်တွေအောက်မှာ
ကျွန်တော်ကြောက်တဲ့ လောကဓံရှိတယ်....
ဆန္ဒတွေ ရင်ကြားစေ့ဖို့ ကျွန်တော် ခရီးတွေထွက်ရလိမ့်မယ်
လောဘတွေ မဆုံးနိုင်သေးတော့
၃၁-ဘုံမှာ လူးလာခေါက်ပြန်
အိပ်မက်တွေက ရိုမန်တစ်ဆန်တယ်....။
ကျွန်တော်သိတဲ့ အကြောင်းအရာများစွာထဲက
အမေ့အပေါ် ကျွန်တော်မကောင်းတဲ့အကြောင်း
ကျွန်တော့်ကိုယ် ကျွန်တော် ကောင်းကောင်းသိတယ်....
အမေ့ရဲ့ နို့ရည်စွမ်းအားနဲ့
ကမ္ဘာမြေကြီးကို ထမ်းပိုးထားတဲ့ တစ်နေ့မှာပဲ
ကြွေးဟောင်းတွေ အလီလီထပ်နေတဲ့
သားမိုက်တစ်ယောက်ရဲ့ အပြန်လမ်းဟာ
မောပန်းနေတဲ့ အမေ့အတွက်
သီတာရေကြည် မဖြစ်ထိုက်တော့
အခုသား အမေ့ရှေ့မှာ လက်ပိုက်နေပြီ
သားကို ရိုက်ပါအမေ....။

မိုးလှိုင်ည
(သောင်းပြောင်းထွေလာမဂ္ဂဇင်း ၂၀၀၅ခုနှစ် သြဂုတ်လ)

Sunday, July 27, 2008

စနေနေ့၌ မိုးခိုခြင်း

ကောင်းကင်က ….

ပင်လယ်တစ်ခုမှောက်ကျလာသလိုမျိုး

မိုးဟာ….

နေရောင်ခြည်ရွှဲစိုလောက်အောင်ရွာလို့

အသံဗလံတွေမျောပါသွားလောက်အောင်ရွာလို့

ငါကတော့…

ချောင်ကျကျလက်ဘက်ရည်ဆိုင်မှာ

မိုးခိုမိပေါ့။

ဟိုမှာ

တံစက်မြိတ်အောက်က ခိုတစ်ကောင်

အသုံးမကျတဲ့ အတောင်နဲ့

မှောင်လည်းမှောင် တိတ်လည်းတိတ်ဆိတ်

(မိုးသံကလွဲလို့ပေါ့လေ)

ဒီလိုနဲ့… မိုးကလွဲလို့

အားလုံးနဲ့လည်း လွဲခဲ့ပေါ့ ။


သစ္စာနီ

Saturday, July 26, 2008

ပင်မှည့်တေး

လူတစ်ယောက်ရဲ့ အဓိပ္ပါယ်ကို
လာ လာ မစွက်ဖက်နဲ့
ကိုယ့်အဓိပ္ပါယ်နဲ့ ကိုယ်နေ
ဆုံးရှုံးခဲ့တယ်ဆိုတာပဲ
သေချာပလေ့စေ။
လူတစ်ယောက်ယောက်ကို
လက်သီးနဲ့ ထိုးဖို့ဆိုတာ
ကိုယ့်မှာမေးရိုးရှိရတယ် တဲ့၊
ငါ့လက်သီးတွေက
မင်းဆီသက်ရောက်ဖို့
ငါ့မှာ မေးရိုးရှိတယ်။
ခုတော့ မင်းမှာ မေးရိုးမရှိဘဲ
မင့် လက်သီးတွေ
ငါ့အပေါ် လာလာသက်ရောက်နေတာ
အမှန်တရားရေ
မင်း တရားလွန်လွန်းပြီ။

လောကကြီးမှာ ငါအမုန်းဆုံးက
ကျောက်ပေါက်ခွက်တွေ ပြည့်နေအောင်
ဝဖြိုးနေတဲ့
အဲဒီ အမှန်တရားဆိုတဲ့ ငနဲကိုပဲ။

ဘ၀မှာ
လေးငါးခြောက်ခု မလိုပါဘူး
နှစ်ခုပဲ
ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ်
ဒီနှစ်ခုပဲ။

လူစိမ်းနံ့တွေနဲ့ အသက်ရှင်နေရတဲ့
သူငယ်ချင်း မောင်စမ်းအေးရေ
မြို့တွေကို မာကြူရီမဆင်ရပါဘူး
ဘာကြောင့်လဲဆိုတော့
မြို့တွေကိုယ်တိုင်ကိုက
မာကြူရီနဲ့ လုပ်ထားလို့ပဲ။

ဟောဟို စားပွဲနံပါတ်တစ်မှာ
ကိုယ့်ဘ၀ကိုယ် ကျကျနန စီရင်ချက်ချ
အခိုင်အမာထိုင်နေတဲ့
ငါ့သူငယ်ချင်း အောင်ချိမ့်ဟာ
ထွန်းကားတဲ့ မြို့ကြီးတစ်မြို့ပေါ့။

ပွန်ပီးလို
ချော်ရည်တွေအောက် ရောက်ခဲ့ရပေမယ့်လဲ
“ဖော်ဝေး” ဆိုတဲ့ ကဗျာဆရာဟာ
ထွန်းကားတဲ့ မြို့ကြီးတစ်မြို့ပေါ့။

ဘယ်သူဟာ
ကမ္ဘာမြေတစ်ခုလုံးလုံး
ဆုံးရှုံးခဲ့ဖူးသလဲ
ကမ္ဘာမြေတစ်ခုလုံး ဆုံးရှုံးသူသာ
ကမ္ဘာမြေကို ပြန်ရပေလိမ့်။

ဘောလုံးသမား မာရာဒိုနာဟာ
ဂိုးတွေကို မှော်နဲ့သွင်းခဲ့တာပေါ့ကွာ။

မောင်ချောနွယ်

Friday, July 25, 2008

စည်းအပြင်က စနေညအတွက် နှစ်ချို့ကော်ဖီတစ်ခွက်

စနေ

ငါတို့အတွက်တော့

ဦးညွှတ်ပေးရတဲ့အနုပညာ..

မင်းကြွချီလာတဲ့လမ်းမှာ

လူဗလာတွေလက်ပန်းပေါက်

ခြေကြောက်ပြောရော့မယ်...

မလိုပါဘူး….

အနုပညာစစ်စစ်ကလွဲရင်

လူ့ဘ၀မှာဘာမှမလိုဘူး

စောက်ရူးကိုဘုရားထူးပြီး

လူလူချင်းမူးရမ်းရဲယုံနဲ့တော့

ကိုယ့်စိတ်ကိုယ်လုံခြုံပြီလို့ထင်ချင်သူများအတွက်

တရားလည်းရှိတယ်….

ဓားလည်းရှိတယ်….

ရဲရင်ထွက်ခဲ့လေ…

ဝိဥာဉ်ချင်းရိုက်ခွဲ…

အသက်ချင်းလဲကြည့်ကြတာပေါ့…

သမိုင်းမရှိရင်တော့…

မင်းအပြစ်နဲ့မင်းခံ…

ငရဲလမ်းဆိုလည်းနောက်မလှည့်ကြေးလေ….။

မိုးလှိုင်ည

အိမ်ပြေး

ဒီနေ့တော့
အိမ်ပြန်ရောက်ဖို့ လမ်းပျောက်နေပြီ.....။

အမေ့အိမ်ကနေ
ရက်ပေါင်းခုနှစ်ထောင် အကွာအဝေးက
မိုင်လေးရာကျော် ကြာမြင့်လို့...။

တိုက်မြင့်မြင့်တွေများတဲ့ မြို့ကြီးကနေ
အမေ့အိမ်ရှေ့ ၀ရန်တာက
မြင်နေရတဲ့ ကြယ်တွေကိုကြည့်ရင်း
အမေရယ်
သားချင်ခြင်းတပ်ခဲ့တဲ့ အိမ်ပြန်ချိန်တွေက
လင်းတစ်လှည့် မှိန်တစ်လှည့်...။

ရာသီစာခြံထွက်တွေလို လတ်ဆတ်တဲ့ အမေ့အပြုံးထက်
ရေခဲသေတ္တာထဲက ဒိန်ခဲလို
အေးစက်ငန်ကျိတဲ့ မချိတရိ အပြုံးတွေကို
သားကိုယ်တိုင် အဓိပ္ပာယ်မသိဘဲ ကြိုက်မိတော့
ဘ၀က မြည်းရင်းစမ်းရင်း ခါးသီးလာပြီ...။

အခု
တိမ်တွေရဲ့ သတင်းစကားမှာ
အမေ ထာဝရအနားရသွားပြီတဲ့
ကျွန်တော်သိတယ်
မြို့ငယ်လေးရဲ့ တောင်ကုန်းမြင့်မြင့်တစ်ခုမှ
အမေရှိနေပေမယ့်
ကျွန်တော် ပြန်တူးဖော်မရနိုင်ဘူးဆိုတာ...။

မိုးလှိုင်ည

Sunday, July 20, 2008

ရင်ဘတ်ထဲကအမှတ်အသား....

အမှန်တရားမရှိတဲ့… မြို့မှာ
ငါ နာရီမကြည့်ဖြစ်ဘူး…
ဘယ်နေ့ဖြစ်ဖြစ်…
သခင်အောင်ဆန်းနဲ့
အာဇာနည်ရှစ်ဦးကို…
ငါတို့နှလုံးသားမှာဘယ်တော့မှမေ့မထားဘူး…။

မိုးလှိုင်ည

Tuesday, July 15, 2008

တတိယတန်းစားအသင်း

အပွဲပွဲနွဲခဲ့သလို
အပွဲပွဲလွဲခဲ့တယ်…
ရနေကျအဖြေမျိုးတွေ
(ကန်နေကျခြေမျိုးတွေနဲ့)
ဒဏ်ရာရကစားသမားတွေ
ကွင်းဘေးပတ်လည်ကငေးရသလို
လူငယ်ခြေတက်တွေလည်းခဏခဏဖြတ်ထိုးခံနေရ…
ငါတို့ဘ၀တွေ
အန္တရာယ်ဇုံက မကျွတ်လွတ်သေး
တိုင်ထိပြီးပြန်ထွက်လာတဲ့
ကန်ချက်တွေကိုပဲဂုဏ်တက်ထားရမှာလား
အိမ်ကွင်းကစားသမားတွေကပွဲကျပ်နေတယ်
အဝေးကွင်းကစားသမားတွေကခြေပျက်နေတယ်…..
အသင်းပြောင်းကစားဖို့ကလည်း
ငါတို့က ငယ်မွေးခြံပေါက်
(ညစ်ကျယ်ကျယ်ဒိုင်လူကြီးကို)
နဖူးနဲ့တိုက်ရမလား
ချွှင်းဂန်းနဲ့ ထွေးရမလား
အ၀တ်လဲခန်းထဲကဗီရိုကို
ဆဲဆိုကန်ကျောက်
နောက်တစ်ခေါက်ကွင်းထဲပြန်ရောက်ချိန်
ငါတို့ဟာအောင်ပွဲကိုပိုမိုဆာလောင်လို့….။

မိုးလှိုင်ည

Sunday, July 13, 2008

အမှောင်ထဲမှာမြင်ကြည့်ခြင်း

အခု

ဒါကိုစကားစလိုတယ်...

အခန်းတံခါကိုဆွဲပိတ်လိုက်သလိုမျိုး

ရီမုဒ်ကွန်ထရိုးကိုအသာနှိပ်လိုက်သလို

အန်းတားကိုခပ်ဆတ်ဆတ်ခေါက်လိုက်

လုပ်ဖော်ကိုင်ဖက်တွေကိုနှုတ်ဆက်တဲ့အခါ

ဒီတစ်နေ့လည်းပြီးဆုံးသွားပြီဗျာ

ဒီစကားစုမကြာမကြာအသုံးပြုဘူးတယ်

ညတွေကျရောက်လာပေမယ့်

အိပ်စက်ခြင်းကိုတောင့်တမရသလို

မျက်ဝန်းနက်နက်ထဲမှာရှိတဲ့အရာတွေကိုမြင်လာတယ်

မြင်တဲ့အရာတိုင်းရှိမှုသေချာပါ့မလား...

ဟင်းလင်းပြင်ရဲ့ရှိမှု မရှိမှုကို

တွေးဆကြည့်ဖို့ နှိုင်းရမယ့်အတိုင်းအတာ

ငါ့ဆီမှာမရှိခဲ့ပါ....

စိတ်ရဲ့ဒွိဟဖြစ်မှုထဲ

အရာရာဟာဒွေးရောယှက်တင်

တံခါးတွေသာတပ်မထားခဲ့ရင်

အစကတည်းကအဖွင့်အပိတ်မခက်ဘူး

အမှောင်နဲ့နံရံကိုထွင်းဖောက်မြင်တတ်ဖို့

မျက်လုံးတွေက

ညထဲမှာအကြိမ်ကြိမ်နစ်လို့...။

မိုးလှိုင်ည

သံလွင်အိပ်မက် အတွဲ(၂) အမှတ်(၁)

Thursday, July 10, 2008

ငှက်ကလေးရေ…


မင်းကတော့အိပ်မက်အသစ်ဆီ
ပျံသန်းသွားခဲ့ပြီ….
ငါကတော့ အရင်လိုမာနတွေနဲ့
လမ်းပေါ်မှာ ကျောပိုးအိတ်တစ်လုံးလွယ်ရင်း....

အဲဒီလွယ်အိတ်ထဲမှာ
မိုးရာသီအတိတ်တစ်ခုပါတယ်…
စိတ်လိုလက်ရ ညနေတစ်ချို့မှာ
အဲဒီမိုးရာသီကို
ငါ့နှလုံးသားပေါ်ပြန်လည်သွန်ချရင်း
ကြိုးပြတ်လာတဲ့စွန်တစ်ကောင်ကို
ကတ္တရာလမ်းပေါ်ပြေးကောက်တဲ့
ကလေးတစ်ယောက်ရဲ့စိတ်လှုပ်ရှားမှုမျိုးနဲ့
ငါမင်းကို ချစ်ခဲ့တာ….

ငှက်ကလေး
ကောင်းကင်အသစ်မှာ
မုန်တိုင်းအသစ်တွေထပ်မမိပါစေနဲ့
မင်းနားခိုဖို့နေနေသာသာ
ငါကိုယ်တိုင်လေထန်မြစ်တွေချည်း
ဆန်တက်နေရတုန်း….
တစ်ခါတစ်လေတော့
လရောင်တွေစိုစွတ်နေတဲ့လမ်းကလေးပေါ်မှာ
တိုနှစ်ယောက်သိပ်သိပ်သည်းသည်း
ချစ်ခဲ့မိတဲ့အကြောင်း…
အတိတ်လို့ဆိုခဲ့ရင်တောင်
ငါ့ရင်ဘတ်ထဲမှာဘယ်တော့မှမဟောင်းဘူး….။


မိုးလှိုင်ည

Wednesday, July 9, 2008

ပန်းချီဆွဲခြင်း

နံရံပေါ်ကအရိပ်မှာ
အပြာရောင်ထပ်မဖိတ်စေနဲ့
စိတ်ကိုအလျားလိုက်ချထားလိုက်
ထောင်လိုက်မျဉ်းမတ်တစ်ကြောင်း
ဘ၀တစ်ခုရဲ့ထောင်ကျဉ်းတစ်ခုမှာ
အစွဲအလန်းအမာရွတ်တွေကိုစုပုံထားလိုက်
မယုံကြည်တာကိုဘာကြောင့်မှမလုပ်ဘူး
မျှားဖူးတဲ့အိပ်မက်တစ်ချို့ကို
စက္ကူလှေပုံစံညှပ်
ပန်းချီကားထဲထည့်ကပ်ထားလိုက်
ကောင်းကင်ကိုပက်လက်လှန်လိုက်ရင်
ဒါပင်လယ်ပဲ
ခဏခဏမော့ကြည်နေရတာမောတယ်
ကြယ်မျောတွေလိုက်ဆယ်နေတဲ့
ကလေးတစ်သိုက်ကို
စိတ်ကူးကာအင်္ကျီတွေဝတ်မပေးပါနဲ့
ဒါပန်းချီကားပါ
လူ....
ဆိုတဲ့နာမည်ဘယ်သူမှလာမပေးနဲ့.....။


မိုးလှိုင်ည

အာရှတိုက်ရဲ့ တစ်နေရာ

(၁)
အမှန်တကယ်ဖွံဖြိုးဆဲ တိုင်းပြည်တစ်ပြည်ရဲ့ရွာ
မြို့တော်နဲ့ ကီလိုမီတာ ၆၀ ခန့်ဝေးတဲ့နေရာ
အဝေးပြေးလမ်းမကြီးရဲ့ ပခုံးပေါ်မှာ
လေးထပ်တိုက် ၈ လုံးနဲ့ ဖွဲ့စည်းထားတဲ့ရွာ
အာရှတိုက်ရဲ့ တစ်နေရာလို့ဆိုပါစို့
အဲဒီရွာရဲ့ အဌမမြောက်တိုက် အခန်းတစ်ခန်းထဲမှာ
အင်ဒိုရှားလူငယ် ၄ ယောက်
( ၂ ယောက်က ညီအစ်ကို)
ဘင်္ဂလားဒေရှ် လူရွယ်တစ်ယောက်
ပြီးတော့ ငါတို့ ၂ ယောက်
ဓါရဏ ပရိတ်၊ ကိုရ်အမ်ကျမ်း ၊ ရော့ခ်သီချင်း
ဂျင်းဘောင်းဘီ ၊ ၀ိုင်ယာကြိုးခွေများနဲ့
အမျိုးအမည်မသိ အလှမွေးငှက် ၂ ကောင်
တစ်အိုးတစ်အိမ် ထူထောင်လို့နေကြ
သူတို့ဘ၀တွေဟာ
အရှေ့တောင်အာရှကျွှန်ဆွယ်ပေါ်က
အကြမ်းထည်ပစ္စည်းပစ္စယတွေနဲ့
ခပ်ဆင်ဆင်တူနေရဲ့

(၂)
နာရီစက်သံကြောင့်
အထိတ်တလန့်နိုးထ
အိပ်ရေးမ၀တဲ့ မျက်လုံးထဲမှာ
နှင်းတွေ အတုံးအရုံးကျနေတဲ့ မနက်ခင်း
ရွာလည်လမ်းထိပ်မှာ ရေသန့်ဘူးကိုယ်စီနဲ့
အလုပ်ဆင်းဖို့အဆင်သင့်ဖြစ်နေပြိ
တစ်နေကုန်မြို့တော်ကြီးဆီကိုသွား
မြင်မားတဲ့အဆောက်အအုံခေါ်င်မိုးတွေပေါ်တက်
ဆံပင်တွေ အရည်ပျော်ကျမတတ် နေရောင်အောက်မှာ
ချွေးတွေ သံတွေနဲ့ မချိမဆန့်အလုပ်လုပ်ကြ
အဲဒီအလုပ်က အသက်အန္တနဲ့နီးပေမယ့်
ငွေမရှိတာလည်း အသက်အန္တနဲ့နီးတာပဲ လို့
ဘင်္ဂလားဒေရှ်လူရွယ်က မှတ်ချက်ချတယ်
နေ၀င်ရီတရောမှာ
ကျောပေါ်အမောတွေထမ်းပြီးပြန်လာကြ
ရေချိုးခန်းကို သူ့ထက်ငါဦးအောင် အလုအယက်တိုးခွေ့ဝင်ကြ
ဒါဟာနေ့စ္စဓူဝကိစ္စ
ညကျ
တစ်ဆိုင်တည်းသော ပင်လယ်စာဆိုင်မှာ
ဒေသရဲ့ ရိုးရာထမင်းကြော်ကိုစားရင်း
စကားစမြည်ဆိုကြ
ကျိုးပဲ့နေတဲ့ ဘာသာစကားနဲ့ပ
ပြီးတော့ ကိုကာကိုလာတစ်ပုလင်းသောက်ရင်း
လေးညင်းနံ့သင်းတဲ့ စီးကရက်ကိုဖွာရှိုက်
ဂျက်ဂွာကားတစ်စီးရဲ့ နောက်ကိုပြေးလိုက်သွားတဲ့စိတ်ကူးတွေ
သဘာဝကျပါတယ်လေ
စားသောက်ဆိုင်က အပြန်
လမ်းဘေးအများသုံးဖုန်းကနေ
ကိုယ့်တိုင်းပြည်ကို ဖုန်းဆက်သူဆက်
တိုက်ပေါ်ပြန်တက်ပြီး ရေဒီယိုနားထောင်သူနားထောင်
နေ့လည်ကတွေ့ခဲ့တဲ့ ပေါင်တံဖြူဖြူနဲ့ တရုတ်မလေးတွေကို
စိတ်ကူယဉ်သူကယဉ်
အဓမ္မကျင့်ခံလိုက်ရတဲ့ ဖိလစ်ပင်းအိမ်ဖော်မလေးအတွက်
ကရုဏာသက်သူသက်
နေရပ်ပြန်ပို့ခံ ဗီယက်နမ်တွေအတွက် စိတ်မကောင်းဖြစ်သူဖြစ်
ဘုရားဝတ်ပြုသူကပြု
သမားရိုးကျ လူ့အဖွဲ့အစည်းငယ်လေးပါပဲ

(၃)
နေ့စဉ်နဲ့အမျှ
ကျွဲလိုနွားလို အလုပ်လုပ်ရ
အခန့်မသင့်ရင် ခွေးသေ၀က်သေ သေသွားကြ
နက်ရှိုင်းလှတဲ့ ဆင်းရဲတွင်းထဲခုန်ထွက်ဖို့
အလုအယက်ကြိုးစားရင်း
အာရှတန်ဖိုးဆိုတာဘာလဲ
ကွန်ဖြူးရှပ်ယဉ်ကျေးမှုဆိုတာဘာလဲ
မေးခွန်းတွေထုတ်ရင်းကြေကွဲရပြန်
တရားမ၀င်အလုပ်သမား တဲ့
အာရှကျားတွေထွားကျိုင်းဖို့အရေးမှာ
ခိုင်းနွားတစ်ကောင်လိုလုပ်အားပေးခဲ့တာကိုပဲ
ဂုဏ်ယူရမလား
အာရှတိုက်ကြီးကတော့
အပျိုပေါက်တစ်ယောက်ခြယ်သ
ဂျပန်၊ ဥရောပနဲ့အမေရိကကို
မျက်စပစ်နေလေရဲ့
(၄)

ပြန်လည်းဆန်းစစ်ကြည့်တော့
ငါတို့ဟာ စက်ရုံတစ်ရုံမဖြစ်နိုင်ခဲ့
ငါတို့ဟာ ကုမဏ္ဏီတစ်ခုမဖြစ်နိုင်ခဲ့
ငါတို့ဟာဘဏ်တိုက်တစ်ခုမဖြစ်နိုင်ခဲ့
ငါတို့ဟာဈေးကွက်တစ်ခုကို မဖန်တီးနိုင်ခဲ့
ငါတို့ဟာဈေးပေါတဲ့ကုန်ကြမ်းတွေသာဖြစ်တယ်
အာရှတိုက်ရဲ့ တစ်နေရာမှာ စတေးခံဘ၀များစွာ
ငါတို့ဟာ ငြိမ်ချမ်းရေးမရနိုင်သေးပါဘူးကွာ
ငါတို့ရဲ့ ဘ၀ဟာ ဘာမှမသေချာလှ
အဲဒီလိုမသေချာမှုတွေထဲကပဲ
သေချာတဲ့ ဘ၀ကိုတည်ဆောက်ယူရတာ
တို့လူသားတွေရဲ့ မွေးရာပါတာဝန်ပဲ မဟုတ်လား
(၀ြ်ကြွေးလည်းဖြစ်နိုင်ရဲ့)
ခုမှ ငါ့ရဲ့ကိုယ်ပိုင်ကောင်းကင်မှာ
ကြယ်ရောင်မှိန်ပျပျ
မြင်ရရုံပဲ ရှိပါသေးတယ်
တစ်ခါတစ်လေ
နံရံပေါ်က ကမ္ဘာမြေပုံကိုကြည့်ရင်း
ငါလွမ်းမိနေရဲ့
ငါလွမ်းနေခဲ့တာ
ပီဇာနဲ့ ဟမ်ဘာဂါတွေကိုမဟုတ်ဘူး
ဟာဒ်ရောခ်ကဖေးကိုမဟုတ်ဘူး
နိုင်ငံကူလတ်မှတ်လို့ အမည်ရတဲ့
ဝီစကီပုလင်းလှလှကို မဟုတ်ဘူး။
အောင်လက်မှတ်တွေနောက်လျှောက်လိုက်နေတဲ့
ကျွန်းတစ်ကျွန်းကိုမဟုတ်ဘူး
မီရှယ်ယိုးဆိုတဲ့ ရုပ်ရှင်မင်းသမီးကိုမဟုတ်ဘူး
ငါလွမ်းနေခဲ့တာ
ကံခေပေမဲ့
ချစ်စရာကောင်းနေတဲ့ တိုင်းပြည်တစ်ပြည်ကိုပါ
လေပြင်းထန်တဲ့ကမ်းခြေက
ငါ့ရဲ့ခြေတံရှည်အိမ်လေးကိုပါ

(၅)
အမျိုးသားက နိုင်ငံခြားမှာလေ...ဆိုပြီး
ရပ်ကွက်ထဲမှာ
တချို့ဇနီးမယားတွေပါးစပ်အရသာခံကြတာမျိုးအတွက်နဲ့တော့
ဒီနေရာကို ငါဘယ်ထွက်လာပါ့မလဲ
မိအိုဖအိုတွေရှိနေစဉ်မှာ
အဆင်ပြေပြေ အကြွေးကင်းကင်းရှိနေစေချင်တာအတွက်
ငါ့ဆန္ဒတွေကို ကွက်မျက်ခဲ့ရတာပါ
မိသားစုနဲ့ အိမ်ကိုခွဲခွာခဲ့
သူငယ်ချင်းများနဲ့ တိုင်းပြည်ကိုခွဲခွာခဲ့
အဲဒီအတွက်ရမယ့် ဆုလာဘ်ဟာ
စကာင်္ပူက ကြိမ်ဒဏ်မျိုးတော့မဟုတ်တန်ရာ
အသားမာတက်နေတဲံ့ လက်နဲ့
ပြက္ခဒိန်ပေါ်က နေ့တွေကိုရေတွက်ရင်း
လေယာဉ်ပျံတွေမြင်ရင် အိမ်ပြန်ချင်တယ်လို့ညည်းမိ
ဒါပေမယ့်
သုဝဏသျှံမဟုတ်တော့.. ... ..

(၆)
ခုတော့
အာရှကျားတွေရဲ့ ပါးစပ်ထဲက
အမဲသားတစ်ဖက်
သွားကြားညှပ်ခဲ့ရင်ခွင့်လွှတ်ပါ
ဒါဟာဒဏ္ဋာရီမဟုတ်ပါဘူး
အာရှတိုက်ရဲ့တစ်နေရာက
မြုံနေတဲ့ အနာတွေပါ
ရင်းနေတဲ့အနာတွေပါ..းး


ကြည်မောင်သန်း
အောက်တိုဘာ ၂၀၀၅(နှလုံးအိမ်)

Monday, July 7, 2008

ပြန်မလာတဲ့သီချင်း

တစ်ခွန်းစနှစ်ခွန်းစ
စကားလုံးတွေနဲ့
ငါ့ကိုမုန်းဖို့
အကြောင်းပြချက်ရှာပါ...ဖေဖော်ဝါရီ။

ကမ္ဘာကြီးကမသိမှီလိုက်ဘူးတဲ့လား
ကမ္ဘာဦးကတည်းကသီချင်း
မြွေဟာပန်းသီးကို
သစ္စာတရားနဲ့ညွှန်ပြခဲ့သလိုမျိုး
အဲဒီအဆိပ်ချိုထဲမှာ
ချစ်ခြင်းဟာအကြိမ်ကြိမ်လဲကျသေးဆုံးခဲ့ပေါ့...။

မိုးလှိုင်ည

Thursday, July 3, 2008

အမှားများ

အမှတ်ပေးစည်းမျည်းအရ
ကျွန်တော်စာမေးပွဲကျတယ်
မေးခွန်းလွှာအမှားကြီးကို
ပြတ်ပြတ်သားသားကြက်ခြေခတ်ထားခဲ့တယ်
ရင်ကော့ပြီးပြန်ထွက်လာခဲ့တဲ့
ဘ၀စာသင်ခန်းတွေထဲ လေ့ကျင့်ခန်းစာအုပ်ဟာထပ်တလဲလဲ
သင်ကြားမှုတွေပြည့်နှက် အဲဒါကိုပျင်းရိတတ်လွန်းလို့

လောကရဲ့ထောင့်ကျဉ်းထဲ
စာအုပ်တွေ ဂစ်တာတစ်လက်
ပန်ချီကားတွေနဲ့ မြေစိုက်အိုးထဲမှာ
ကိုယ့်အတ္တကိုယ်အလှထိုးထားလိုက်တယ်

မိုးလှိုင်ည

Wednesday, July 2, 2008

အမြဲတမ်းတစ်ယောက်လို

ဘယ်တော့ဖြစ်ဖြစ် အမြဲတမ်းတစ်ယောက်လိုနေလို့

ဒီကဗျာကို အမြဲတမ်းတစ်ယောက်လိုလို့ခေါ်ကြတယ်

ခက်တာက အမြဲတမ်းတစ်ယောက်လိုနေခြင်းပဲ

အမှတ်စဉ်မှတ်လို့ဆိုရင်တစ်လို စအော်လိုက်တယ်

ရေတွက်လိုက်ရင် အမြဲတမ်းတစ်ယောက်လိုနေတာပါပဲ။

အမြဲတမ်းတစ်ယောက်လိုဟာ မြို့တစ်မြို့မှာရောက်နေတယ်လို့

သတင်းသဲ့သဲ့ကြားရတယ်

ဒါပေမယ့် အဲဒီမြို့က တည်ခိုခန်းမှာ အမြဲတမ်းတစ်ယောက်လိုနေလေရဲ့

လစာထုတ်ရက်ဆိုရင် အသီးသီးရောက်လာကြတယ်၊

နာမည်နှစ်မျိုးလူတွေလဲပါရဲ့

လက်မှတ်ကို အသော့နှင်ထိုးပြီး ထုတ်ယူကြလေတယ်

ဒါပေမယ့် အမြဲတမ်းတစ်ယောက်လိုနေပြန်တယ်

အမြဲတမ်းတစ်ယောက်လိုဟာ လူအုပ်ထဲမှာရှိနိုင်တယ်

ဒါမှမဟုတ် တောလမ်းကလေးပေါ်မှာလည်းရှိချင်ရှိနိုင်တယ်

ခုတ်မောင်းနေတဲ့ မီးရထားတစ်စင်းပေါ်မှာလည်း ရှိနေနိုင်သေးရဲ့

လူတစ်ယောက်ဟာ လူတစ်ယောက်ကို လိုအပ်နေသ၍

အမြဲတမ်းတစ်ယောက်လိုဟာ ကမ္ဘာကို ပတ်နေမှာပဲ

အမြဲတမ်းတစ်ယောက်လိုဟာ ရုပ်ရှင်ရုံတစ်ရုံထဲမှာ ၀င်ကြည့်နေသလား

ပိတ်ကားထက်မှာ လူရွှင်တော်တွေက ရယ်စရာတွေတင်ဆက်ကြတဲ့အခါ

ရယ်သံတစ်သံ လိုနေလေရဲ့။

ဘတ်စ်ကားစပယ်ယာက အော်တယ် တစ်ယောက်လိုသေးတယ်တဲ့

အဲဒီနေ့က အမြဲတမ်းတစ်ယောက်လိုဟာ အိတ်ကပ်ထဲ ပိုက်ဆံမှပါရဲ့လားမသိဘူး

အမြဲတမ်းတစ်ယောက်လိုဟာ မမွေးဖွားသေးဘူးတဲ့ ။

အမြဲတမ်းတစ်ယောက်လိုဟာ အစကတည်းကမရှိဘူးတဲ့

တချို့ကလည်း အမြဲတမ်းတစ်ယောက်လိုဟာ အဝေးကြီးကနေ

ငါတို့ဆီကိုလာနေတာတဲ့ ။

သတင်းစာထဲမှာ လူပျောက်ကြော်ငြာတွေပါလာတယ်

သတင်းစာထဲမှာ နာရေးကြော်ငြာတွေ ပါလာတယ်

ဒါပေမယ့် အမြဲတမ်းတစ်ယောက်လိုနေတယ်

ဒီကဗျာကို ဖတ်ပြဖို့စဉ်းစားတိုင်း အမြဲတမ်းတစ်ယောက်လိုနေတယ်

မာတိကာထဲမှာ ကလောင်နာမည်တွေ အများကြီး ရိုက်နှိပ်ထားလေရဲ့

ဒါပေမယ့် တစ်ယောက်လိုနေတယ်ကွာ

အမြဲတမ်းတစ်ယောက်လိုဟာ အပျော်တမ်းကဗျာဆရာတစ်ယောက်လား

အမြဲတမ်းတစ်ယောက်လိုဟာ စာဂျပိုးတစ်ယောက်လား

အမြဲတမ်းတစ်ယောက်လိုဟာ ကိုလံဗတ်မျိုးဆက်လား

အမြဲတမ်းတစ်ယောက်လိုဟာ တစ်ခုခုကိုကျွမ်းကျင်သူလား

အမြဲတမ်းတစ်ယောက်လိုဟာ ဂုဏ်သရေရှိလား

အမြဲတမ်းတစ်ယောက်လိုဟာ ငါတို့အိမ်မှာလား

အားလုံးကို ဆွဲစေ့လိုက်တယ်

အ အမြဲတမ်းတစ်ယောက်လိုနေတယ်

မှန်ပါတယ်

ငါတို့ဟာ အမြဲတမ်းတစ်ယောက်လိုတယ် ။


နေမျိုး

(၂၀၀၈.၃.၅ ။ ည ၁၁း ၃၀ နာရီ)

ချင်းတွင်းမဂ္ဂဇင်း၊ အမှတ် ၂၇၊ ဇွန်လ ၊ ၂၀၀၈